Bububai ဝတ္ထု သခင့်စံအိမ် အခန်းစာရင်း

အပိုင်း(၆)

Royal Lotus ကုမ္ပဏီ၏ အော်တိုမက်တစ် မှန်တံခါးကြီး ပွင့်သွားသည်နှင့် တစ်ပြိုင်နက် ရုံးခန်းမကျယ်ကြီးအတွင်းရှိ ဝန်ထမ်းများ၏ အကြည့်အားလုံးသည် ဝင်လာသူနှစ်ဦးထံသို့ စုပြုံရောက်ရှိသွားကြသည်။

ရှေ့ဆုံးမှ ဝင်လာသူက ကုမ္ပဏီ၏ CEO နေမင်းသခင် နှင့် သူ့ဘေးတွင် ယှဉ်တွဲပါလာသူက အတွင်းရေးမှူးက‌ေန CEO ကတော် ဖြစ်သွားသည့် စံအိမ်။

"ပြုံးထား ... လူတွေ ကြည့်နေတယ်"

သခင်က စံအိမ့် ခါးသိမ်သိမ်လေးကို ဆွဲဖက်ထားရင်း သွားကြားထဲမှ လေသံတိုးတိုးဖြင့် အမိန့်ပေးလိုက်သည်။ စံအိမ် မတတ်သာဘဲ နှုတ်ခမ်းပါးလေးကို ဟန်ဆောင်ကာ ကွေးညွှတ်လိုက်ရ၏။

ဝန်ထမ်းများကတော့ သူတို့စုံတွဲကိုကြည့်ပြီး အားကျသည့်မျက်လုံးများ၊ မနာလိုသည့်မျက်လုံးများဖြင့် တီးတိုးပြောဆိုနေကြသည်။

"CEO တို့ လင်မယားက လိုက်ဖက်လိုက်တာနော်"

"ဟုတ်ပ မစံအိမ်က ကံကောင်းလိုက်တာ ... အားကျလိုက်တာဟယ်။ "

"အားကျမနေနဲ့ သူများကချောလို့ CEO ကတော်ဖြစ်တာ။

နင်ရုပ်နဲ့ဆိုရင်တော့ CEO ရဲ့ မယားငယ်တောင်ဖြစ်မှာမဟုတ်ဘူး။ "

"ဘာ ... နင်နော်

ငါက အားကျတယ်ပဲပြောတာ။

နင့်လိုမနာလိုနေတာမဟုတ်ဘူး "

"ဘာ ... နင် "

"ဘာလဲ မဟုတ်လို့လား။ "

သခင်နဲ့ စံအိမ်က CEO ရုံးခန်းထဲ ရောက်သွားပြီဖြစ်ပေမယ့် အရှေ့မှ ဝန်ထမ်းနှစ်ယောက်ကတော့ အငြင်းပွားရင်း ရန်များကျန်ခဲ့တော့သည်။

ရုံးခန်းတံခါး ပိတ်လိုက်သည်နှင့် တပြိုင်နက် သခင်က စံအိမ့် ခါးကို ဖက်ထားသောလက်ကို ရုတ်ချည်း တွန်းထုတ်ပစ်လိုက်ရာ

စံအိမ် အရှိန်မထိန်းနိုင်ဘဲ ဆိုဖာခုံစွန်းနှင့် တိုက်မိပြီး ခါးလေးကို ကိုင်ကာ မျက်နှာရှုံ့မဲ့သွားရသည်။

"အ..."

သူမအားကြည့်ကာ သခင်က မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး

သူ့ကုတ်အင်္ကျီကို ချွတ်ပြီး ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။

ပြီးတာနှင့် သူ့အလုပ်စားပွဲခုံကြီးဆီသို့ လျှောက်သွားပြီး ထိုင်ခုံတွင် ခြေချိတ်ထိုင်လိုက်သည်။

"ကော်ဖီ ဖျော်ခဲ့... အချိုမပါစေနဲ့"

"ဟင် ..."

"နားမပါဘူးလား "

သခင်က စားပွဲပေါ်ရှိ ဖိုင်တွဲတစ်ခုကို ပစ်ချကာ အော်ဟစ်လိုက်လျှင် စံအိမ် လန့်ဖြတ်ပြီး ကော်ဖီဖျော်စက်ရှိရာ ထောင့်စွန်းသို့ အမြန်သွားလိုက်ရသည်။ ကော်ဖီမှုန့်ထည့် ရေနွေးနှိပ်ပြီး ခွက်တစ်ခုထဲသို့ ထည့်ကာ သခင့်ရှေ့သို့ သွားချပေးလိုက်၏။

"ရ... ရပြီ"

သခင်က ကော်ဖီခွက်ကို ယူလိုက်ပြီး တစ်ငုံမြည်းကြည့်ကာ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားပြီး...

"ခွမ်း..."

ပူလောင်နေသော ကော်ဖီခွက်ကို စံအိမ့် ခြေထောက်နားသို့ လွှင့်ပစ်လိုက်ရာ ကြွေခွက်ကွဲသံနှင့်အတူ ပူစပ်သော ကော်ဖီရည်များက စံအိမ့် ခြေသလုံးသားဖွေးဖွေးပေါ်သို့ စင်သွားသည်။

"အား... ပူတယ်..."

စံအိမ် နောက်သို့ ခြေလှမ်းဆုတ်ရင်း ညည်းညူလိုက်မိကာ ခြေသလုံးတွင် အနီကွက်များ ထသွား၏။

"ဒါ ကော်ဖီလား... ရေနွေးအတိုင်းပဲ...ဘာ အရသာမှ မရှိဘူး။

မင်းက ယောကျာ်းတွေကို မြှူဆွယ်တဲ့နေရာမှာပဲ တော်ပြီး ကျန်တဲ့ကိစ္စတွေကျတော့ ဘာမှ သောက်သုံးမကျပါလား"

သခင်က ထိုင်ရာမှ ထလာပြီး စံအိမ့် ရှေ့တည့်တည့်တွင် ရပ်လိုက်ကာ သူ့ဖိနပ်ထိပ်ဦးက စံအိမ့် ခြေထောက်ကို ထိလုမတတ်။

"ပြန်ဖျော်ခဲ့... ငါမကြိုက်မချင်း ပြန်ဖျော်ရမယ်။

ပြီးရင် ဒီကြမ်းပြင်ပေါ်က အကွဲအစတွေ၊ကော်ဖီရည်တွေကို မင်းဘာသာမင်း လက်နဲ့ပဲ ပြောင်အောင် ပြန်သုတ်ရမယ်။ သန့်ရှင်းရေးဝန်ထမ်း ခေါ်ခွင့်မရှိဘူး"

"သခင်... ရှင် သိပ်လွန်လွန်းနေပြီ... ကျွန်မက ရှင့်ကုမ္ပဏီက ဝန်ထမ်းပါ... ရှင့်အိမ်ဖော် မဟုတ်ဘူး"

စံအိမ် မခံနိုင်တော့ဘဲ ပြန်ပြောလိုက်လျှင် သခင့်မျက်လုံးများ အရောင်လက်သွားကာ ...

"အိမ်ဖော် ဟုတ်လား... မင်းကိုယ်မင်း အထင်ကြီးမနေနဲ့ စံအိမ်။ မင်းက အိမ်ဖော်အဆင့်တောင် မရှိဘူး။ မင်းက ငါ့အစ်မ အသက်ကို သတ်ခဲ့တဲ့ တရားခံပဲ။ တရားခံကို ငါက ဒီလောက်ထားတာပဲ ကျေးဇူးတင်ရမယ်"

ပြောပြောဆိုဆို သခင်က စံအိမ့် ဆံပင်တွေကို စုကိုင်ပြီး နောက်သို့ ဆွဲလှန်လိုက်ရာ သူမ မျက်နှာ မော့တက်သွားပြီး သခင့်မျက်နှာနှင့် အနီးကပ် ဖြစ်သွားသည်။

"မင်းက ငါ့ကို ပြန်ပြောရဲသေးတယ်ပေါ့လေ... ဟမ်"

"လွှတ်... အ... နာတယ် သခင်..."

"ဒေါက်... ဒေါက်..."

ရုံးခန်းတံခါးခေါက်သံကြောင့် သခင်က စံအိမ်ကို တွန်းလွှတ်လိုက်ကာ ...

"ဝင်ခဲ့"

တံခါးပွင့်လာပြီး HR မန်နေဂျာ ဦးရဲဝင်လာသည်။ သူက ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော ကော်ဖီခွက်ကွဲများနှင့် မျက်ရည်ဝဲနေသော စံအိမ်ကို မြင်တော့ မျက်လုံးပြူးသွားသည်။

"CEO... ဟို... ဘာဖြစ်တာလဲ ခင်ဗျာ"

"ဘာမှမဖြစ်ဘူး ... ကျွန်တော့်မိန်းမက လက်မငြိမ်တော့ ကော်ဖီခွက် လွတ်ကျသွားတာ။ ဦးရဲ... သူ့ကို အသစ်ရောက်လာတဲ့ Project file တွေ အကုန်ပေးလိုက်။

ဒီနေ့ နေ့လယ်မတိုင်ခင် အကုန်ပြီးအောင် စာရင်းသွင်းခိုင်းလိုက်"

"ဗျာ... CEO... အဲ့ဒီ ဖိုင်တွေက အများကြီးလေ... တစ်ယောက်တည်း လုပ်မယ်ဆိုရင် ညအထိတောင် ပြီးမှာ မဟုတ်..."

"ဦးရဲ"

တစ်ဖက်မှစကားမဆုံးခင် သခင့်အသံက ဟိန်းထွက်သွား၏။

"သူ လုပ်နိုင်တယ် ... "

သခင်က စံအိမ်ဘက်သို့ လှည့်ကာ မဲ့ပြုံးပြုံးရင်း ပြောလိုက်သည်။

စံအိမ် ခေါင်းငိုက်စိုက်ကျသွားလျှင် ဦးရဲလည်း ဘာမှ ဆက်မပြောရဲတော့ဘဲ ဖိုင်တွဲအထပ်လိုက်ကို စံအိမ့် စားပွဲပေါ်သို့ လာတင်ပေးကာ ထွက်သွားတော့သည်။

"လုပ်လေ စံအိမ်... မင်းက တော်ပါတယ်... သူများ ယောက်ျားကိုတောင် မြူစွယ်နိုင်သေးတာပဲ... ဖိုင်တွဲလောက်ကတော့

မင်းအတွက် အပျော့ပေါ့"

"ကဲ... စလုပ်တော့လေ... ဘာရပ်ကြည့်နေတာလဲ။

အောက်က အကွဲအစတွေကို အရင်ရှင်းဦး"

သခင်က သူ့ထိုင်ခုံသို့ ပြန်သွားပြီး ခြေချိတ်ထိုင်ကာ စံအိမ်ဒုက္ခရောက်နေပုံကို အရသာခံ ကြည့်ရှုနေတော့သည်။ စံအိမ် မျက်ရည်များကို ခိုးသုတ်ရင်း ကြမ်းပြင်ပေါ်က ဖန်ကွဲစများကို လက်ဖြင့် လိုက်ကောက်နေရင်း ဖန်ကွဲစတစ်ခုက သူမ လက်ညှိုးကို ရှသွားပြီး သွေးစက်ကလေးများ စီးကျလာသော်လည်း နာကျင်မှုကို ဂရုမစိုက်အား။ သူမ ရင်ထဲက ဒဏ်ရာက ဒီထက်ပိုပြီး နက်ရှိုင်းနေပြီ မဟုတ်ပါလား။

____________

သခင်လုပ်ခိုင်းထားတဲ့ ဖိုင်တွဲတွေကများတာကြောင့် စံအိမ် ရုံးမှာ တစ်နေကုန်လုပ်တာတောင်မပြီးနိုင်ပဲ အိမ်အထိသယ်လာရ၏။

အိမ်ရောက်တော့လည်း အခုည ၁၂နာရီထိုးသည်အထိ မပြီးနိုင်သေး။

"အင်း..."

စံအိမ် ညောင်းညာကိုက်ခဲနေသော ခါးကို ဆန့်ထုတ်ရင်း သက်ပြင်းချလိုက်မိသည်။ မျက်လုံးအိမ်တို့က လေးလံလွန်းလှသဖြင့် ခဲဆွဲထားသလို ခံစားနေရကာ စာလုံးများကို ဝါးတားတားသာ မြင်ရတော့၏။

ခုတင်ပေါ်သို့ အကြည့်ရောက်မိတော့ သခင်က အိပ်မောကျနေကာ

တုပ်တုပ်မျှပင်မလှုပ်။

အတန်ကြာစိုက်ကြည့်နေမိပြီးမှ ခေါင်းကိုခါယမ်းပြီး အကြည့်လွှဲလိုက်ကာ အလုပ်ဆက်လုပ်လိုက်တော့သည်။

"ပြီးပါတော့မယ်... နည်းနည်းပဲ လိုတော့တာပါ"

ကိုယ့်ကိုယ်ကိုယ် အားပေးရင်း လက်ကျန်စာရင်းများကို ကွန်ပျူတာထဲ အတင်းထည့်သွင်းလိုက်သည်။ နောက်ဆုံး Enter ခလုတ်ကို နှိပ်လိုက်ချိန်တွင် နာရီက မနက် ၃ နာရီတိတိ ထိုးနေလေပြီ။

"ဟူး... ပြီးသွားပြီ"

စံအိမ် ကွန်ပျူတာကို ပိတ်လိုက်ပြီး ဖိုင်များကို စီစီရီရီ ပြန်ထပ်လိုက်ကာ ဆိုဖာပေါ်တွင် ခဏမျှ မှီချလိုက်သည်။ လူက နှုန်းခွေနေသဖြင့် ကုတင်ပေါ်ကိုပင် တက်ဖို့ အားမရှိတော့။ ခဏလေး... ခဏလေးလောက် မှေးလိုက်မယ်ဆိုပြီး ဆိုဖာပေါ်တွင် ခေါင်းချလိုက်တာနှင့် တန်းပြီးအိပ်ပျော်သွားလိုက်တာက မှေးခနဲ။

"စံအိမ် ... ဟေ့ မင်း ထစမ်း "

အိပ်ပျော်သွားသည်မှာ ဘယ်လောက်ကြာသွားမှန်း မသိ။ နားထဲသို့ အိပ်မက်လိုလို အပြင်မှာလိုလိုနှင့် စူးရှသော အသံတစ်ခု ဝင်ရောက်လာပြီး ပခုံးကို ကြမ်းတမ်းစွာ လှုပ်ခါခံလိုက်ရသည်။

"စံအိမ် ... စံအိမ် "

"အ... ဟင်..."

စံအိမ် လန့်ဖြတ်ပြီး နိုးလာကာ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူမ ရှေ့တွင် မတ်တတ်ရပ်နေသူက နေမင်းသခင်။ သူ့မျက်နှာက တည်တင်းခက်ထန်နေကာ နံရံကပ်နာရီကို လှမ်းကြည့်လိုက်တော့ မနက် ၅ နာရီ။

တကယ် ... သခင်ပဲ မှောင်ရီမှောင်ဝေနှင့် အလင်းရောင်ခပ်မှိန်မှိန်မှာ စံအိမ့်အား ဒေါသတကြီးကြည့်နေတဲ့ သခင့်မျက်ဝန်းတောက်တောက်တွေ။

ဒေါသထွက်နေပုံရတဲ့ သခင့်မျက်နှာအား မြင်လိုက်ရတာကြောင့်

စံအိမ့် ရင်ထဲထိတ်ခနဲဖြစ်သွားကာ အိပ်ချင်ပင်ပြေသွားရပြီး ကမန်းကတန်းထထိုင်လိုက်၏။

"သခင်... ဘာ... ဘာဖြစ်လို့လဲဟင်"

"ကျစ် ... မင်း တော်တော်စိတ်ပျက်ဖို့ကောင်းတဲ့မိန်းမပဲ။

မိန်းမတစ်ယောက်ဖြစ်ပြီး ဒီလောက်အိပ်ရသလား။ "

"ဟင် ..."

"ကျစ် ... ဘာကြောင်ကြည့်နေတာလဲ။

အမြန်ထပြီး မနက်စာသွားပြင် "

" စံအိမ် ခုနကမှ အိပ် ..."

စံအိမ် အိပ်တာ အခုမှ နှစ်နာရီပဲရှိသးတာပဲ။

"ကျစ် ... ၆နာရီထိုးလို့မှ မနက်စာ အတင်သင့်မဖြစ်ရင် မင်းနဲ့ငါတွေ့မယ်... မြန်မြန်ထ "

သခင်က စံအိမ့် မေးဖျားကို ဆွဲမော့ကာ ခြိမ်းခြောက်လိုက်ပြီး ခြေသံပြင်းပြင်းဖြင့် ရေချိုးခန်းထဲသို့ ဝင်သွားလေသည်။

စံအိမ် ၂ နာရီလောက်သာ အိပ်လိုက်ရသဖြင့် ခေါင်းတစ်ခုလုံး မူးဝေနောက်ကျိနေကာ ခြေလှမ်းတွေက မမှန်ချင်ဖြစ်နေပေမယ့် မီးဖိုချောင်ထဲသို့ အမြန်ပြေးဝင်ရ၏။

"ဒုတ်... ဒုတ်... ဒုတ်..."

ကြက်သွန်လှီးနေရင်း စံအိမ် မျက်လုံးတွေက ပွင့်တစ်ချက် ပိတ်တစ်ချက်နှင့် ရေနွေးအိုး တည်ထားရင်းက ငိုက်မြည်းသွားရသည်။

"ရှဲ..."

"အား... ပူလိုက်တာ..."

ရေနွေးအိုးဆူပြီး ရေပွက်သံကြားမှ လန့်နိုးကာ အိုးကို ကမန်းကတန်း မလိုက်ရာ လက်ချောင်းလေးများ အပူလောင်သွားကာ ချက်ချင်း နီရဲသွားသော လက်ချောင်းလေးများကို ရေအေးအောက်တွင် ခံရင်း စံအိမ် ရှိုက်ငိုလိုက်မိသည်။ ပင်ပန်းလိုက်တာ...ဒီဘဝကြီးကို မုန်းလိုက်တာ။

ဒါပေမယ့် ငိုနေလို့မရ။ ၆ နာရီထိုးဖို့ နာရီဝက်သာ လိုတော့တာကြောင့် မျက်ရည်ကို လက်ခုံဖြင့် သုတ်ပစ်လိုက်ပြီး မနက်စာကို အချိန်မီ ပြီးစီးအောင် လက်မလည်အောင် ပြင်ဆင်လိုက်သည်။

စံအိမ် မနက်စာပြင်အပြီး မကြာမီ သခင်ကစမတ်ကျသော ရုံးဝတ်စုံနှင့် သင်းပျံ့သော ရေမွှေးနံ့နှင့်အတူ အပေါ်ထပ်မှဆင်းလာ၏။

သူ့ပုံစံက လန်းဆန်းတက်ကြွနေကာ တညလုံး မအိပ်ရသည့် စံအိမ်နှင့် တခြားစီ။

သခင်က ထမင်းစားပွဲရှေ့သို့ ရောက်လာပြီး လက်ပတ်နာရီကို တစ်ချက်ငုံ့ကြည့်လိုက်တော့ ၆ နာရီ တိတိ။

ထို့နောက် စားပွဲပေါ်ရှိ ဟင်းပွဲများကို တစ်ချက်ဝေ့ကြည့်လိုက်တော့ ကြက်ဥ၊ ဝက်အူချောင်း၊ ထမင်းကြော်၊ ကော်ဖီနှင့် ပေါင်မုန့်ကြက်ဥကြော်... အားလုံးက စားချင်စဖွယ် ။

" မနက်စာ အဆင်သင့်ဖြစ်ပြီ"

စံအိမ် သခင့်အားလှမ်းကြည့်ကာ မတိုးမကျယ်အသံနှင့်ပြောလိုက်လျှင် သခင်က သူမကို ခြေဆုံးခေါင်းဆုံး တစ်ချက်ကြည့်လိုက်ပြီးနှုတ်ခမ်းကို တွန့်ရုံ မဲ့ပြုံးတစ်ချက် ပြုံးလိုက်ကာ ...

"အင်း... ကြည့်ရတာတော့ မဆိုးဘူးပဲ"

ပြောပြီးသည်နှင့် သခင်က စားပွဲကို ကျောခိုင်းလိုက်ပြီး အိမ်ပေါက်ဝဆီသို့ လျှောက်သွားတော့သည်။

"ဟင်... သခင်... မစားတော့ဘူးလား..."

စံအိမ် နောက်ကနေ ပြေးလိုက်သွားပြီး မေးလိုက်လျှင် သခင်က ဖိနပ်စီးနေရင်း မော့ကြည့်ကာ ...

"အင်း မစားတော့ဘူး ... အပြင်မှာပဲ စားတော့မယ်။

မင်း ပြင်ထားတဲ့ မနက်စာက အနံ့ရတာနဲ့တင် အော့အန်ချင်လာလို့ "

"ရှင်... ရှင်... ဒါဆို ဘာလို့ မနက်အစောကြီးထပြီး ပြင်ခိုင်းရတာလဲ။ ကျွန်မ ညကလည်း မအိပ်ရဘူး... အခုလည်း..."

"ဒါ မင်းအလုပ်လေ ... မိန်းမတစ်ယောက်က ယောက်ျားစားသည်ဖြစ်စေ၊ မစားသည်ဖြစ်စေ မနက်စာ ပြင်ထားရမှာပဲ ...

စားတာ မစားတာက ငါ့အပိုင်း လုပ်ပေးရမှာက မင်းတာဝန်ပဲ။

နောက်နေ့လည်း နေ့တိုင်း ဒီအချိန်ထပြီး မနက်စာပြင်"

သခင်က ကားသော့ကို လက်ညှိုးတွင် လှည့်ရင်း အေးစက်စွာ ပြောလိုက်သည်။

"ဒါ‌တွေကို မင်းဘာသာ စားချင်စား မစားချင်ရင်လွှင့်ပစ်လိုက်။

ရုံးကို မင်းဟာမင်း taxi နဲ့လာခဲ့။ "

ပြောချင်တာတွေပြောပြီး ကားစက်နှိုးသံနှင့်အတူ ခြံဝင်းထဲမှ မောင်းထွက်သွားသော ကားလေးကို ကြည့်ရင်း စံအိမ် အံကိုတင်းတင်းကြိတ်လိုက်မိ၏။

ထို့နောက် မဖိတ်ခေါ်ထားသော မျက်ရည်ပူတချို့ကလည်း ပါးပြင်ပေါ်သို့အလုအယက် စီးဆင်းလာတော့သည်။

စားပွဲပေါ်တွင်တော့ အငွေ့တထောင်းထောင်းထနေသော မနက်စာများက စံအိမ့်ကို လှောင်ပြောင်နေသယောင်။

အပိုင်း (၇) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၅) နောက်အခန်း - အပိုင်း (၇) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ