Bububai ဝတ္ထု သခင့်စံအိမ် အခန်းစာရင်း

အပိုင်း (၅)

စံအိမ်နဲ့ ထက်အာကာက တစ်ရုံးတည်းအလုပ်လုပ်နေရပေမယ့်

သူမက အလုပ်ကိစ္စမှလွဲ၍ ထက်အာကာနှင့် မပတ်သတ်မိအောင်ရှောင်လေသည်။

အလုပ်ထွက်ချင်သော်လည်း ဘဝရပ်တည်ရေးအတွက် လစာကောင်းသော အလုပ်ကို စွန့်လွှတ်ရန် မဖြစ်နိုင်သေးတာကြောင့် ထက်အာကာနှင့် မျက်နှာချင်းမဆိုင်မိအောင် အတတ်နိုင်ဆုံး ရှောင်ဖယ်နေခဲ့၏။

ထက်အာကာကလည်း သူမဆီက ဥပေက္ခာတွေကြောင့် နွေအရိပ်ပေါ် ဒေါသမီးပုံကျကာ နှိပ်စက်လေသည်။

ထိုအခါ နွေအရိပ်ရဲ့အမုန်းတွေက စံအိမ့်ဆီသို့ ...

တစ်နေ့ စံအိမ်ရှိတဲ့ ကုမ္ပဏီအထိ နွေအရိပ်က ရောက်လာခဲ့၏။

ကုမ္ပဏီ၏ ရုံးခန်းကျယ်ကြီးအတွင်းတွင်တော့ ဝန်ထမ်းများ၏ ကွန်ပျူတာခလုတ်နှိပ်သံများ၊ ဖုန်းပြောသံများဖြင့် ရှုပ်ထွေးနေကာ စံအိမ်သည် စားပွဲထောင့်လေးတွင် အလုပ်များကိုသာ အာရုံစိုက်လုပ်ကိုင်နေမိသည်။

ထိုအချိန် ရုံးခန်းထဲသို့ တန်းတန်းမတ်မတ်ဝင်လာသော နွေအရိပ်ရဲ့

မျက်လုံးများက ရုံးခန်းတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် ထောင့်စွန်းတွင် ထိုင်နေသော စံအိမ်ကို တွေ့သွားကာ စံအိမ့်ရှေ့သို့ တန်းတန်းမတ်မတ်လျှောက်လာပြီး ...

"စံအိမ် ဆိုတာ မင်းလား"

"ဟုတ်... ဟုတ်ပါတယ်... ကျွန်မ..."

"ဖြောင်း..."

စံအိမ့် စကားပင် မဆုံးလိုက် ... စံအိမ့်ပါးပြင်တစ်ခုလုံး ပူခနဲ ဖြစ်သွားကာ ဘေးပတ်ဝန်းကျင်မှ ဝန်ထမ်းများ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။

"ရှင် ... ရှင် ဘာလုပ်တာလဲ"

စံအိမ် ပါးကိုအုပ်ရင်း တုန်ရီစွာ မေးလိုက်လျှင် နွေအရိပ်က မျက်ရည်များဝဲနေသော မျက်လုံးများဖြင့် စံအိမ်ကို လက်ညှိုးထိုးကာ အော်ဟစ်တော့သည်။

"ဘာလုပ်တာလဲ ဟုတ်လား... တို့က ထက်အာကာရဲ့ တရားဝင်မိန်းမ နွေအရိပ်ပဲ ... မင်းက ငါ့ယောက်ျားကို အခုထိ မပြတ်နိုင်သေးဘဲ ကုမ္ပဏီတစ်ခုတည်းမှာ အတူလုပ်ပြီး မြှူဆွယ်နေတာမလား "

"ဘာ ...မဟုတ်ဘူး... ရှင် အထင်လွဲနေပြီ..."

"ဘာကို အထင်လွဲရမှာလဲ ... အားလုံး မင်းကြောင့်

မင်းက ငါတို့ လင်မယားကြားထဲ ဝင်ရှုပ်နေတဲ့ မယားငယ်မပဲ"

နွေအရိပ်ရဲ့စကားလုံးများကြောင့် စံအိမ့် မျက်နှာတစ်ခုလုံး ထူပူသွားကာ ရုံးဝန်ထမ်းအားလုံးရဲ့ အကြည့်များက သူမအပေါ် ကျရောက်လာ၏။ အထင်သေးရွံရှာသော အကြည့်များနှင့် တီးတိုးပြောဆိုသံများကြောင့် ခန္ဓာကိုယ့်တစ်ခုလုံး သေးကျုံ့သွားရကာ ရှက်စိတ်ကနေ ဒေါသအဖြစ် ကူးပြောင်းသွားတော့သည်။

"ရှင် တော်သင့်ပြီ မနွေအရိပ်"

စံအိမ် သူမအား စူးစိုက်ကြည့်ကာ ပြန်အော်လိုက်သည်။ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီဖြစ်၏။

"ကျွန်မ ရှင့်ယောက်ျားနဲ့ ပြတ်တာ ကြာနေပြီ။

ရှင်နဲ့လက်ထပ်ပြီးကတည်းက ကျွန်မ ရှင့်‌‌ေယာကျ်ားကို စိတ်နဲ့တောင် မပစ်မှာခဲ့ဘူး။

ဒီမှာ အလုပ်လုပ်နေတာကလည်း ကျွန်မရဲ့ ဝမ်းရေးအတွက်ပဲ။ ကိုယ့်ယောက်ျားကို ကိုယ်မနိုင်ဘဲနဲ့ သူများအပေါ် လာပုံမချပါနဲ့"

"ဘာ... မင်း... မင်း မယားငယ်မကများ။ "

"ဒီမှာ ရှင်လွန်မလာနဲ့ ... ကျွန်မရဲ့သည်းခံနိုင်မှုကလည်း အတိုင်းအတာတစ်ခုအထိပဲ။

သူများကို အခုလို အရှက်လာမခွဲခင် ကိုယ့်ယောက်ျားကို နိုင်အောင်ထိန်းပါဦး။

ရှင့်ယောက်ျားကသာ ကျွန်မနောက် တကောက်ကောက် လိုက်နေတာ... ရှင်းလား "

စံအိမ် ပြောပြီးပြီးချင်း စားပွဲပေါ်က ပစ္စည်းများကို ကောက်ယူကာ ရုံးခန်းပြင်သို့ ပြေးထွက်ခဲ့သည်။ နောက်ကွယ်တွင် ကျန်ရစ်ခဲ့သော နွေအရိပ်မှာ ဒေါသနှင့် ဝမ်းနည်းမှု ရောယှက်ကာ ငိုကြွေးကျန်ရစ်ခဲ့၏။ ထိုနေ့က စံအိမ်နှင့် ထက်အာကာတို့ရဲ့ ဇာတ်လမ်းသည်

ရုံးတစ်ခုလုံးတွင် ပွက်လောရိုက်သွားခဲ့သည်။

ထိုအကြောင်းက ရုံးခန်းချင်းမတူပေမယ့် ကုမ္ပဏီတစ်ခုတည်းမှာ အလုပ်လုပ်နေတဲ့ ထက်အာကာရဲ့ နားထဲသို့ပါ ရောက်ရှိသွားတော့သည်။

"တောက် "

ထက်အာကာ ဒေါသတကြီးနှင့် ကားကို အရှိန်ပြင်းပြင်းမောင်းကာ အိမ်သို့ ပြန်ရောက်လာခဲ့သည်။ အိမ်ထဲသို့ ဝင်ဝင်ချင်း ဆိုဖာပေါ်တွင် မျက်နှာငယ်လေးဖြင့် ထိုင်နေသော နွေအရိပ်ကို တွေ့လိုက်ရ၏။

"မောင်... ပြန်လာပြီလား... "

"ဖြောင်း..."

နွေအရိပ် စကားမဆုံးခင်မှာပင် ထက်အာကာရဲ့ လက်ဝါးကြမ်းကြီးက သူမ ပါးပြင်ပေါ်သို့ ကျရောက်လာကာ နွေအရိပ် ဆိုဖာပေါ်သို့ လဲကျသွားတော့သည်။

"မောင်... နွေ့ကို ရိုက်တယ်..."

"ရိုက်တယ် ... မင်း ဘာလုပ်ခဲ့လဲ မင်းသိလား ..."

ထက်အာကာက နွေအရိပ်၏ ပခုံးနှစ်ဖက်ကို ဆွဲထူပြီး လှုပ်ခါလိုက်သည်။ သူ့မျက်လုံးများက နီရဲနေကာသူ့အရှေ့မှ နွေအရိပ်က သတ်မတတ်ဖြတ်မတတ်။

"အခုကိစ္စမှာ မင်းဘယ်လောက်လွန်သလဲ မင်းသိလား။

သူက ဘာမှ မသိတဲ့ မိန်းကလေးကွ ငါကသာ သူ့နောက်လိုက်နေတာ... မင်း မင်းဘာလို့ စံအိမ့်ကို အခုလိုသွားလုပ်ရတာလဲ။ တောက် "

" မောင်ရယ်... နွေက မောင့် မိန်းမပါ... "

"မင်းက ငါ့မိန်းမ ဖြစ်ရုံပဲ ရှိတာ... ငါ့နှလုံးသားထဲမှာ ရှိတာက

စံအိမ် တစ်ယောက်တည်းပဲ ... မင်းကို ငါဘယ်တော့မှ ချစ်လာမှာ မဟုတ်ဘူး နွေအရိပ် မင်းကြောင့်... မင်း ကြားထဲက ဝင်ရှုပ်လို့ ငါနဲ့ စံအိမ် ဝေးခဲ့ရတာ "

"အဟင့်... ဟင့်... ရက်စက်လိုက်တာ မောင်ရယ် "

"ဒီထက်ပိုပြီး ရက်စက်ပြမယ်... နောက်တစ်ခါ စံအိမ်ကို သွားထိရင် မင်း ငါနဲ့ ထပ်တွေ့မယ် မှတ်ထား"

ထက်အာကာက နွေအရိပ်ကို ကြမ်းပြင်ပေါ်သို့ တွန်းပစ်လိုက်ပြီး အပေါ်ထပ်သို့ တက်သွားလေသည်။ ကြမ်းပြင်ပေါ်တွင် လဲလျောင်းကျန်ရစ်ခဲ့သော နွေအရိပ်မှာတော့ ကြေကွဲဝမ်းနည်းခြင်းများစွာဖြင့် ရင်ဘတ်ကို ဖိကာ ငိုကြွေးနေ၏။

ထိုအဖြစ်အပျက်များသည်... နွေအရိပ်ဆိုသော မိန်းမလှလေးတစ်ယောက်၏ ဘဝကို အဆုံးသတ်ဖို့ တွန်းပို့လိုက်သော လက်သည်များ ဖြစ်လာခဲ့တော့သည်။

ထိုကိစ္စဖြစ်ပြီး သိပ်မကြာမီ နွေအရိပ်က သတ်သေသွားပြီး

အကြောင်းအရင်းကတော့ ထက်အာကာနှင့် စံအိမ်တို့ဖောက်ပြန်လို့ဆိုပြီး ကုမ္ပဏီတစ်ခုလုံး ပျံ့သွားကာ လူတိုင်းရဲ့ ကွယ်ရာရော ပေါ်တင်ပါ ပြောဆိုမှုတွေကို ခံရတော့သည်။

နောက်ဆုံး စံအိမ်က ထိုဒဏ်တွေကို မခံနိုင်သည့်အဆုံး အလုပ်ထွက်ပစ်လိုက်၏။

ထို့နောက် အလုပ်အသစ်ရှာရင်း တိုက်ဆိုင်တာလား၊ကြိုတင်ကြံစည်မှုလားတော့မသိပဲ သခင့်ကုမ္ပဏီမှာ အတွင်းရေးမှူးရာထူးကိုရခဲ့ပြီး သခင်နှင့် စတင်တွေ့ဆုံခဲ့ရလေသည်။

"သမီး ... စံအိမ် သမီး သမီး "

"ရှင် ... ရှင် "

စံအိမ့်ပခုံးအား လှုပ်ကိုင်ကာ ခေါ်သံ ထွက်ပေါ်လာတော့မှ စံအိမ် အတိတ်မှ လန့်နိုးလာတော့သည်။

"စားလေ... သမီး... ဘာတွေ တွေးနေတာလဲ။"

"ရှင် ... ဟုတ် "

"ဒါနဲ့ သားတို့ ဟန်းနီးမွန်းကို ဘယ်သွားဖို့စီစဉ်ထားလဲ။ "

"မသွားတော့ပါဘူး။ "

နေမင်းသခင်က တုံ့ဆိုင်းခြင်းမရှိပဲ ဖြေလိုက်၏။

"ဟယ် ... ဘာလို့လဲ သားရယ် "

"ကျွန်တော် အလုပ်မအားလို့ပါ "

"ဟင်း ... မင်းနဲ့တော့ကွယ်။

သားမသွားချင်လည်း သမီးက သွားချင်ရှာမှာပေါ့။

ဘယ်သွားချင်လဲ သမီး မာမီ့ကိုပြော "

"စံအိမ်လည်း ဘယ်မှ မသွားချင်ပါဘူးရှင့် "

"ကဲ ... ဒီလင်မယားနှစ်ယောက်ကတော့ ... တော်တော်ကို အတိုင်အဖောက်ညီနေကြတာပဲ။ မေမေကတော့ မြေးချီချင်ပြီနော်။ "

ဒေါ်မြတ်သွင်၏ စကားအဆုံးတွင် စံအိမ် ထမင်းစားနေရင်း သီးမလိုပင် ဖြစ်သွားရသည်။ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားရသော်လည်း ဘေးနားမှ နေမင်းသခင်ကတော့ ကျယ်လောင်စွာ ရယ်မောလိုက်၏။

"ဟား... ဟား... မေမေကလည်းဗျာ... စိတ်မပူပါနဲ့။ မေမေ မြေးချီရအောင် သားတို့ လင်မယားနှစ်ယောက် အကောင်းဆုံး ကြိုးစားပေးပါ့မယ်... ဟုတ်တယ်မလား မိန်းမ"

သခင်က ပြောပြောဆိုဆို စံအိမ့် ပခုံးလေးကို ဆွဲဖက်ကာ ပါးပြင်ကို ရွှတ်ခနဲ နမ်းလိုက်သေးသည်။

ရုတ်တရတ်ဆန်တဲ့ သူ့အနမ်းက ရင်ခုန်စရာမကောင်းပဲ ရွံရှာစရာကောင်းမှန်း စံအိမ်သာ ခံစားမိသည်။ သို့သော် သူ့အမေရှေ့မို့ ဘာမှ ပြန်မပြောပဲ မျက်နှာလွှဲထားလိုက်ရသည်။

"ကဲပါ... တော်ပါတော့... မျက်နှာပူစရာကြီးကွယ်... စားစရာရှိတာ ဆက်စားကြ"

ဒေါ်မြတ်သွင်က ပြုံးပျော်ကာ ပြောလိုက်ပြီး သူမစိတ်ထဲတွင်တော့ သားနှင့်ချွေးမ အဆင်ပြေနေသည်ကို ကြည့်ကာ ကျေနပ်နေရှာသည်။

"ကဲ... မာမီ... ကျွန်တော်တို့ ရုံးသွားတော့မယ်။

စံအိမ်... လာလေ... ကိုယ်တို့ ရုံးသွားရအောင်"

"ဟယ် ... ဒီနေ့ အလုပ်မနားဘူးလား။ "

ဒေါ်မြတ်သွင်က အလိုမကျစွာ ပြောလျှင် သခင်က ခေါင်းကိုခါယမ်းလိုက်ကာ ...

"အလုပ်တွေ လက်စသတ်စရာရှိသေးလို့ပါ မာမီ ... "

"အဲ့တာဆိုလည်း သမီးလေးကိုတော့ နားခိုင်းပါတော့ကွယ် "

"သူက ကျွန်တော့ရဲ့ ကိုယ်ရေးအတွင်းရေးမှူးလေ...

နေရာတကာမှာ သူ ကျွန်တော့်အနား ရှိနေမှဖြစ်မှာ ကျွန်တော့်အတွက်မရှိမဖြစ်လေး...အဟွန်း လာ သွားကြစို့"

သခင်က စံအိမ့် လက်ကောက်ဝတ်ကို ဆွဲကာ အိမ်ရှေ့သို့ ခေါ်ထုတ်သွားတော့၏။ ဒေါ်မြတ်သွင်ကို နှုတ်ဆက်ပြီးသည်နှင့် ကားပေါ်သို့ အတင်းတွန်းတင်လိုက်သည်။

ကားတံခါး ပိတ်လိုက်သည်နှင့် တပြိုင်နက် ခုနက ပြုံးရွှင်နေသော

သခင့်မျက်နှာက ရာသီဥတု ပြောင်းသွားသလို ချက်ချင်း မဲမှောင်သွားတော့သည်။

"ဝူး..."

ကားကို အရှိန်ပြင်းပြင်း မောင်းထွက်လိုက်သဖြင့် စံအိမ် ထိုင်ခုံနှင့် ကျော ကပ်သွားရသည်။

"ရှင်... ရှင် ဘာလို့ ရှင့်အမေရှေ့မှာ အဲ့လိုတွေ ပြောရတာလဲ"

"ဘာကိုလဲ"

"ဟို... ဟို... ကလေးကိစ္စလေ... ပြီးတော့ ကျွန်မတို့က အဆင်ပြေနေသလိုမျိုး ဟန်ဆောင်နေတာတွေက..."

"အဟက် "

သခင်က စတီယာရင်ကို လက်တစ်ဖက်တည်းဖြင့် ထိန်းမောင်းရင်း လှောင်ရယ်လိုက်သည်။

"မင်းက ငါ့ကလေးကို တကယ် မွေးပေးချင်နေတာလား ...

စိတ်ကူးမယဉ်စမ်းပါနဲ့ ငါ့အစ်မကို သတ်တဲ့ မိန်းမယုတ်တစ်ယောက်ရဲ့ ဗိုက်ထဲမှာ ငါ့သွေးသားကို ဘယ်တော့မှ ရှင်သန်ခွင့်မပေးနိုင်ဘူး။ ငါပြောလိုက်တာက မာမီ စိတ်ချမ်းသာအောင် ပြောလိုက်တာ... သဘောပေါက်လား"

စံအိမ် နှုတ်ခမ်းကို တင်းတင်းကိုက်ထားလိုက်မိသည်။

ဟုတ်ပါရဲ့... သူက သူမကို လူလိုမှ မသတ်မှတ်တာပဲလေ။

"ဪ ... မင်းရဲ့ အဆက်ဟောင်းကြီးနဲ့ ထပ်ဖောက်ပြန်ဖို့လည်း စိတ်မကူးနဲ့နော် ငါငြိမ်နေမှာမဟုတ်ဘူး။ "

"သခင်... ရှင်..."

"ဘာလဲ... အမှန်တွေပြောနေလို့ နာနေတာလား။

ခြံခုန်ဖူးတဲ့နွားက ထပ်ခုန်ဖို့လည်းဝန်မဝေးဘူး။ "

"ရှင်မရိုင်းနဲ့... "

"ငါ့ကိုလာမအော်နဲ့ "

"ကျွန်မနဲ့သူနဲ့ မပတ်တော့တာ ကြာနေပြီ။

ရှင်သာ ရှင့်စိတ်က မသန့်ရှင်းလို့ အရာရာကို ညစ်ပတ်နေတယ်လို့ မြင်နေတာ"

"ကျွီ..."

သခင်က ဘရိတ်ကို ဆောင့်နင်းလိုက်သဖြင့် ကားက လမ်းဘေးသို့ ထိုးရပ်သွားကာ စံအိမ် ရှေ့သို့ ဟပ်ထိုးလဲမတတ် ဖြစ်သွားရသည်။ သခင်က စံအိမ်ရဲ့ မေးဖျားကို ကြမ်းတမ်းစွာ ဆွဲမော့လိုက်ပြီး ...

"မင်း ပါးစပ်ပိတ်ထား ... မင်း ပါးစပ်က ထွက်သမျှ စကားလုံးတိုင်းက ငါ့ကို ဒေါသထွက်စေတယ်။ ငါ့စိတ်ကို မသန့်ရှင်းဘူးလို့ ပြောရအောင် မင်းကရော ဘယ်လောက်များ သန့်ရှင်းနေလို့လဲ။ "

"ကျွန်မကိုလွှတ် "

မေးဖျားကို မညှာမတာဆွဲညှစ်ထားမှုကြောင့် နာကျင်လာရ၏။

ဒါပေမယ့် သခင်ကတော့ သူမစကားအား ဂရုမစိုက်စွာ အံကိုကြိတ်လျက် ခပ်စူးစူးစိုက်ကြည့်နေလေသည်။

"..."

"နာတယ် ... လွှတ်ပေးလို့ "

မျက်ရည်တွေဝေ့ဝဲလာပြီး ငိုသံလေးအဖျားခတ်ကာ ပြောတော့မှ သခင်က တောက်ပြင်းပြင်းတစ်ချက်ခေါက်ကာ ဆုပ်ကိုင်ထားတဲ့ သူမမေးဖျားလေးအား အကြမ်းပတမ်းတွန်းလွှတ်လိုက်၏။

"အာ့ "

ဖြူအုနေတဲ့ မေးဖျားလေးမှာ ဆွဲညှစ်ထားတဲ့လက်အရာကြီးက ရဲခနဲ။

အပိုင်း (၆) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၄) နောက်အခန်း - အပိုင်း(၆) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ