"ဟျောင့်တွေ ... ငါတို့ ဆေးလိပ်သောက်မယ့် နေရာလေးတော့ ဘုံပျောက်ပါပြီကွာ။ "
ကျောင်းတက်ေပမယ့် သူတို့အခန်းက ဆရာမ မရောကိလာသေးတာကြောင့် အာနိုးက ဆရာမ ထိုင်တဲ့ခုံမှာ ထိုင်နေရင်းပြောလျှင် ကျန်တဲ့သူတွေက မျက်စပင့်ကာ မေးငေါ့လိုက်၏။
"ဘာလို့လဲ။ "
"ဟိုဘက်အခန်းကို ဆယ်တန်းrepeater(နှစ်ကျ)တွေ ရောက်လာပြီလေ။ "
"ဟုတ်လား ... စော်လေးတွေ လန်းလား။ "
ဘုန်းမင်းခန့်က ရယ်ကျဲကျဲနှင့် မေးလိုက်လျှင် အကုန်လုံး နှာခေါင်းဝိုင်းရှုံ့လိုက်ကြ၏။
"*ီး ... ဒီဖွန်ဗိုင်းကတစ်မျိုး ... နှစ်ကျပါဆိုမှာကွာ။
မနှစ်က ၁၀တန်းကျထားတဲ့ဟာတွေပဲပေါ့ကွ။ "
"မသိဘူးလေ ... အသစ်လေးတွေ ဘာတွေများပါမလားလို့ "
"အဲ့တာတော့ မသိဘူး။
မင်းကလည်းကွာ repeater ခန်းဆိုမှတော့ ဟောက်းနေပြီပေါ့ကွ "
"ဟားဟား ... ဟား ဟား "
မုန့်ကြီး ပလုတ်ပလောင်းဝါးရင်း မိန်းမကြီးလို ပြောနေတဲ့ အာနိုးကြောင့် အကုန်လုံး ဝိုင်းရယ်ကြတော့သည်။
ထိုစဉ် ကော်ရစ်တာတွင် တစ်ဖက်အခန်းမှ ကောင်မလေးနှစ်ယောက် သူတို့အခန်းဘက်သို့ လျှောက်လာသည်ကို သန့်ဇင်လင်း လှမ်းမြင်လိုက်ရကာ သန့်ဇင်လင်း ရယ်နေရာမှ တန့်သွားရသည်။
တစ်၊နှစ်၊သုံး ... သူ့နှလုံးက ခုန်ပေါက်လာရပြန်သည်။
"ညီမလေး... အစ်မတို့က ဘေးခန်း ဆယ်တန်းတွေပါ။ အခန်းသန့်ရှင်းရေးလုပ်ဖို့ တံမြက်စည်းလေး ခဏလောက် ငှားလို့ရမလား"
သူမဘေးက တစ်ယောက်က ပြောပြီး သူမက ဘာမှမပြောပဲ ပြုံးကာ တံမြက်စည်းလေးကို လှမ်းယူလိုက်ချိန်မှာတော့ သူမတ်တပ်ပင် ထရပ်မိသွားရသည်။
သူမှတ်မိတာ မမှားဘူးဆို သူ့အချစ်ဦးဖြစ်ခဲ့တဲ့
မှူးပြည့်ပြည့်ပိုင်နဲ့တုန်းကတောင် သူအဲ့လောက်ထိ ရင်မခုန်ခဲ့ဖူးပဲ။
ရည်းစားဦးမို့သာ အရူးအမူးဖြစ်ခဲ့ရတာပင်။
အခုတော့ သူမကို ပိုပြီး ရူးသွားပြီပဲ။
ထိုအသိနှင့်အတူ စိုးရိမ်စိတ်တွေကလည်း တဟုန်ထိုး ဝင်ရောက်လာတော့သည်။
ဟုတ်တယ် ... သူထပ်ပြီး သစ္စာဖောက်ခံရမှာ၊ထားခဲ့ခံရမှာ သိပ်ကြောက်ပါသည်။
ရည်းစားဦးက ပေးခဲ့တဲ့ ထရော်မာ(trauma)လို့ပဲပြောရမလား။
သူ့အချစ်တွေထုတ်ပြလိုက်ပြီးမှ ထပ်ပြီး ဈေးပေါသွားမှာလား။
_________________
တစ်ရက်က လှေကားမှာ သူ့ကို ကောင်မလေးတစ်ယောက်က လာဖွင့်ပြောချိန် သူမနှင့် ဆုံသွားရာ သူ့မှာ သူမအထင်လွဲသွားမှာစိုးတာကြောင့် ပြာယာခတ်ခဲ့ရ၏။
"ဟို... ဟိုလေ... ကိုသန့်ဇင်လင်း။"
"ဘာလဲ။"
"ဟို... ညီမ... အစ်ကို့ကို သဘောကျလို့ပါ။ အဲ့ဒါ... ဒီဟာလေး ပေးချင်လို့..."
"မလိုဘူး။"
"ဒါ... ဒါပေမယ့်..."
"ကျစ် ဖယ်စမ်းပါ... ရှုပ်ရှုပ်ယှက်ယှက်။"
ချက်ချင်းပဲ သူမအရှေ့မှာတင် ထိုကောင်မလေးကို ငြင်းပစ်လိုက်ရသည်။
________________
သူမက အသည်းယားစရာလည်းကောင်းပါသေးသည်။
သူ့ကို မြင်လျှင် အမြဲတမ်း ရှောင်ထွက်သွားတတ်တဲ့သူမကို သူ သချင်တာကြောင့် သူမ ကျောင်းမလာခင်
သူမတို့အခန်းထဲသွားပြီး သူမထိုင်တဲ့ ခုံဘေးကို သွားထိုင်ထားလိုက်၏။
ထင်တဲ့အတိုင်းပင် တစ်လမ်းလုံး စာတွေကုန်းကျက်လာပြီး သူ့ကိုမြင်လို့ ဖြစ်သွားတဲ့ပုံလေးက တကယ့်ကို အသည်းယားစရာ။
မျက်နှာလေးက မဲ့သွားကာ သူ့ကိုမြင်တော့ ပြန်ပြေးချင်နေပုံရ၏။
"ဟို... ဖယ်ပေးဦး။"
ခပ်တိုးတိုးထွက်လာတဲ့ အသံလေးကြောင့် သူ့ရင်တွေ အဆမတန်ခုန်ခဲ့ရသေးသည်။
လက်ထဲက ဆေးလိပ်ပင် မမြဲချင်တော့။
"ခင်ဗျား နေရာမို့လား။"
ပြုံးချင်ချင် ဖြစ်နေတဲ့ မျက်နှာပိုးကိုသတ်ကာ ဟောက်လိုက်တော့ လန့်သွားပုံရသည်။
ကိုယ်လေးတစ်ချက်တုန်ကာ မျက်လုံးလေးအဝိုင်းသားဖြစ်သွား၏။
"ဟင် ..."
"..."
သူက ခပ်တည်တည်နှင့်ပင် ဆက်ထိုင်နေကာ မျက်လုံးထောင့်ကနေ ကြည့်နေတော့ ဘယ်လိုလုပ်ရမလဲ စဉ်းစားရကြပ်နေပုံရတာကြောင့် ထိန်းထားသည့်ကြားမှ သူမ မမြင်အောင် ခိုးရယ်လိုက်မိသေးသည်။
သူ့ကိုကြောက်နေတာများလား။
နောက်ဆုံး ပြန်ထွက်ဖို့လည်းအဆင်မပြေတော့ ဘာမှမပြောတော့ပဲ သူမ ခုံမှာ ဝင်ထိုင်လိုက်လျှင် ဆက်စချင်နေသေးတာကြောင့် သူမ ထိုင်တဲ့ခုံပေါ် လက်တစ်ဖက်တင်လိုက်တော့ တော်တော်အနေရခက်သွားပုံရသည်။
မျက်နှာေလးက ငိုမဲ့မဲ့ဖြစ်သွားကာ နှုတ်ခမ်းပါးပါးလေးက ရှေ့သို့ရောက်လာ၏။
ထိုနေ့က သူ့ကိုမကြည့်ရဲပဲ စာအုပ်ကိုသာ စိုက်ကြည့်နေတဲ့ သူမကို သူအနီးကပ်ငေးခွင့်ရခဲ့လေသည်။
သူရှိနေတာကြောင့် မျက်တောင်ရှည်လေးတွေက ပုတ်ခတ်ပုတ်ခတ်နှင့် မငြိမ်မသက်ဖြစ်နေကာ လက်ကလေးတွေကလည်း တုန်နေတာ သေချာကြည့်လျှင် မြင်ရပါသည်။
မရှိမယ့်ရှိမယ့် နှုတ်ခမ်းပါးလေးတွေကိုတော့ သွားနှင့်ကိုက်လိုက်၊စုလုံးသွားလိုက်နှင့် ဘယ်လောက်တောင် သူ့ကိုလန့်နေလည်းမသိ။
သူမက သူ့ကို လန့်ပြီး အနေရခက်နေတာသိပေမယ့် သူကလည်း သူမနားက မထချင်တာကြောင့် ထိုနေ့က အချိန်အတော်ကြာတဲ့အထိ ထိုနေရာမှာ နေခဲ့မိ၏။
______________
ကျောင်းဆင်းချိန်တိုင်း သူ့အတွက် သူမကို ငေးရတာက အလုပ်တစ်ခုဖြစ်သွားကာ ကျောင်းတင်ချိန်လည်း သူမတို့အခန်းရှေ့ကနေ ဝေ့လည်ကြောင်ပတ်နှင့် ခဏခဏဖြတ်ဖြတ်လျှောက်ပြီး ငေးခဲ့ရသေးသည်။
ကျောင်းဆင်းချိန်တွေဆိုလည်း သူ သူမကို ကြည့်တာ သိသွားမှာစိုးတာကြောင့် ဘယ်တုန်းကမှ စာအုပ်မကိုင်တဲ့သူက သူများဆီက သရဲစာအုပ်တို့၊ ဝတ္ထုစာအုပ်တို့ငှားကာ ခိုးငေးရပြန်သည်။
"ဟျောင့် သန့်ဇင်လင်း... ဒီမှာ မင်းကို ကြိုက်တဲ့ အစ်မ မရှင်ငြိမ်းက မင်းကိုကြိုက်လို့တဲ့"
မုန့်ဝယ်ပြန်လာတဲ့ ရှင်ငြိမ်းကို သူ ခိုးငေးနေရင်း ရုတ်တရတ်ထွက်ပေါ်လာတဲ့ ဟိန်းမင်းသူရဲ့ အသံကြောင့်
သူ့မှာ ရင်တွေအခုန်မြန်သွားရကာ လူက ကျောက်ရုပ်ဖြစ်သွားရ၏။
အချိန်အတော်ကြာတဲ့အထိ သူ့အချိန်တွေက ရပ်တန့်သွားသလို ဘာမှမလုပ်နိုင်ပဲ ဖြစ်နေခဲ့ရသည်။
ဟိုကောင်က အာချောင်တာလား၊အတည်ပြောနေတာလား မသိပေမယ့် သူ့ရင်ခုန်နှုန်းတွေကတော့ မရပ်တော့။
ထိုအချိန် သူမကို ချက်ချင်း သွားဖွင့်ပြောလိုက်ချင်ပေမယ့် သူက အလွယ်ရမယ်ထင်လို့ ဖွင့်ပြောတယ်လို့ အထင်ခံရမှာလည်းကြောက်ရသေးသည်။
တကယ်ချစ်မိတော့ ဘာမဆို တွေးကြောက်နေကာနည်းနည်းလေးမှ အလွဲမခံနိုင်ခဲ့။
သူဖွင့်ပြောရမှာ ကြောက်နေတဲ့အချိန်မှာပဲ ခေါင်ကြီးက သူမကို ကြိုက်နေတယ်ဆိုတာ သူသိလိုက်ရတော့ သူ့မှာ သဝန်တွေတိုခဲ့ရကာ ခေါင်ကြီးက သူမကို ဖွင့်ပြောလိုက်ပြီး သူမကပါ စဉ်စားပေးမှာ ဆိုတဲ့အကြောင်း သိလိုက်ရချိန်မှာတော့ ထိုညက သူရင်တွေပူကာ တစ်ညလုံးအိပ်လို့မရခဲ့ပဲ မနက်မိုးလင်းလင်းချင်း ကျောင်းကို ထွက်လာခဲ့ကာ သူမကို စောင့်နေမိပြီး မြင်တာနှင့် ဆွဲနမ်းလိုက်မိတော့သည်။
"အို... လွှတ်... လွှတ်..."
"သန့်... သန့်ဇင်လင်း... နင်..."
"အွန့်... ပြွတ်..."
သူမ ရုန်းနေပေမယ့် သူအချိန်ကြာတဲ့အချိန် ရစ်မူးခဲ့မိလေသည်။
ထိုနူးညံ့တဲ့အစိတ်အပိုင်းလေးတွေကို သူလွှတ်ရမှာတောင် နှမြောနေမိခဲ့၏။
"ဆောရီး... လူမှားသွားလို့။"
သူ့ကို ကြိုက်နေတယ်ဆိုပြီး တခြားသူက ရည်းစားစကားလာပြောတဲ့ စဉ်းစားပေးမယ်လို့ပြောတဲ့ သူမကို သူစိတ်ဆိုးတာကြောင့် တမင်ပြောခဲ့လိုက်သည်။
နောက်မှ သူမ သူ့ကိုများ မုန်းသွားပြီလားလို့တွေးမိတော့ အတွေးနှင့်တင် သူ့နှလုံးသားလေးက ဆတ်ဆတ်ခါသွားရသည်။
ထိုနေ့ပြီးကတည်းက သူမက သူ့ကို မြက်လျှင် မျက်နှာကြီးစူပုတ်သွားကာ ရှောင်နေတော့ သူ့မှာ အိပ်မက်ဆိုးတွေပင် မက်သေးသည်။
ဘောလုံးပွဲမှာ အခန်းအလိုက် အောက်သပြေကမ်းချိန်မှာတော့ သူမက ခေါင်ကြီးကို ကမ်းမှာသိတာကြောင့် သူတမင်ကြားဖြတ်က သူမကမ်းတဲ့ အောင်သပြေကို သူရအောင်ယူခဲ့လိုက်သည်။
တကယ်ဆို ထိုနေ့က သူရတဲ့ ဆုတံဆိပ်ပြားကိုတောင် သူမကို ဆွဲပေးချင်ခဲ့တာ။
အပိုင်း (၄၇) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)