Bububai ဝတ္ထု ခင်ဗျားမသိပါဘူး (You don't know) အခန်းစာရင်း

အပိုင်း (၃၆)

မနေ့က ရှင်ငြိမ်း မေမေတို့ဆီသွားလည်ရင်း သူ့သမီးအကြောင်းသိတာကြောင့် ဟင်းတွေအများကြီး ချက်ထည့်ပေးလိုက်၏။

ရှင်ငြိမ်းလည်း မေမေ့ဆီက ဟင်းချက်နည်းလေးသင်ထားဦးမှပါ။

အရင်က မေမေတို့နဲ့အတူနေတုန်းက သိပ်မသိသာလှပေမယ့် အခု ကိုယ့်ဟာကိုယ်ခွဲနေတာတော့ သိပ်သိသာလှသည်။

ကိုယ်စားချင်တာလေးကိုယ်တောင် မချက်တတ်တော့ ဆိုင်ကနေဝယ်စားတာတွေကလည်း ခံတွင်းမတွေ့လှပါ။

ရှင်ငြိမ်းက ကိုယ့်ဟာကိုယ်သာ ဘာမှမချက်တတ်တာ အစားတော့ သိပ်ဂျီးများ၏။

မေမေက ဟင်းချက်ကောင်းသူဖြစ်ကာ ရှင်ငြိမ်းကလည်း ငယ်ငယ်ကတည်းက မေမေ့လက်ရာတွေပဲ တစ်သက်လုံးစားလာရတာဆိုတော့ တခြားသူချက်ထားတာတွေဆို ပါးစပ်က သိပ်မလိုက်ချင်တော့ပါ။အခုတော့ ရှင်ငြိမ်း မေမေ ပေးလိုက်တဲ့ဟင်းတွေကို နွေးပြီး အရင်ကထည့်ထားတဲ့ပန်းကန်တွေကို ဆေးဖို့လုပ်ကာ ပန်းကန်အသစ်ထုတ်ရန် အပေါ်ဆုံးစင်တွင် တင်ထားသော ပန်းကန်ကို လှမ်းယူရန် ခြေဖျားလေး ထောက်ကာ ကြိုးစားနေမိသည်။ သို့သော် သူမ အရပ်လေးနှင့်က လက်တစ်ကမ်းလောက် လိုနေသေးတာကြောင့် ခုံအသေးလေးတစ်လုံးကို ယူရန် အနောက်သို့ လှည့်လိုက်စဉ်...

"အို..."

ရုတ်တရက် အနောက်တွင် ရပ်နေသော ရင်ခွင်ကျယ်ကြီးထဲသို့ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိသွားတော့သည်။

သန့်ဇင်လင်း သူမ လဲမကျသွားအောင် လက်တစ်ဖက်ဖြင့် သူမ ခါးလေးကို အသာဆွဲဖက်ထားလိုက်ပြီး ကျန်လက်တစ်ဖက်ကတော့ သူမ ခေါင်းပေါ်ရှိ စင်ဆီသို့ လှမ်းယူလိုက်၏။ ထိုအခြေအနေတွင် သူ့ မေးဖျားက ရှင်ငြိမ်း ပခုံးစွန်းလေးကို မတော်တဆဆိုသလို လာရောက် ထိခတ်သွားကာ

ရှင်ငြိမ်း တစ်ကိုယ်လုံးရှိ သွေးများက မျက်နှာဆီသို့ စုပြုံတက်လာသလို ခံစားလိုက်ရပြီး အသက်ရှူပင် မှားသွားရသည်။

"အရပ်က ပုသလောက်... ဉာဏ်ကလည်း မရှိဘူး။ ခုံယူပြီး တက်ယူဖို့ကို မသိဘူးလား"

သူ့ရဲ့ ခပ်ငေါ့ငေါ့ အသံလေးက ရှင်ငြိမ်းနားသယ်စပ်နားမှ ထွက်ပေါ်လာကာ ဝင်သက်ထွက်သက် ပူနွေးနွေးလေးက သူမ လည်တိုင်ကို လာရောက် ရိုက်ခတ်လျှင် ရှင်ငြိမ်းမှာ ကြက်သီးလေးများပင် ဖြန်းခနဲ ထသွားရ၏။

သန့်ဇင်လင်းက သူမ ခါးကို ဖက်ထားသော လက်ကို ချက်ချင်း လွှတ်မပေးသေးပဲ ပို၍ တင်းကျပ်လာသလို ခံစားလိုက်ရကာ ပန်းကန်ယူပေးပြီး နောက် ဆုတ်မသွားပဲ အနောက်တွင် ဆက်ရပ်နေသေး၏။

"ဖယ်... ငါ့ဘာသာ ယူတတ်တယ်။ နင်က ဘာလို့ အသံမပေးပဲ အနောက်ကနေ ကပ်ရပ်နေရတာလဲ"

ရှင်ငြိမ်း ရှက်ကိုးရှက်ကန်းဖြင့် ရုန်းထွက်ရန် အနောက်သို့ လှည့်လိုက်စဉ်မှာပင်...

"ပြွတ်စ်..."

မထင်မှတ်ထားသော အဖြစ်အပျက်တစ်ခုကြောင့် နှစ်ယောက်သားလုံး ကျောက်ရုပ်လို ငြိမ်သက်သွားကြသည်။ ရှင်ငြိမ်း ရုတ်တရက် လှည့်လိုက်ချိန်တွင် သူမရဲ့ နှုတ်ခမ်းဖူးဖူးလေးက အနောက်ကနေ သူမကို ငုံ့ကြည့်နေသော သန့်ဇင်လင်းရဲ့ နှုတ်ခမ်းများနှင့် ထိကပ်သွားပြန်သည်။

ရှက်ဖို့ကောင်းလိုက်တာ။

ဘာလို့ အဲ့လိုတွေ ခဏခဏဖြစ်နေရတာလဲ။

မဟုတ်ရင်တော့ သူက ရှင်ငြိမ်းကို အထင်သေးနေပါတယ်ဆို။

ရှင်ငြိမ်း၏ မျက်လုံးလေးများ ပြူးကျယ်သွားပြီး ဘာလုပ်ရမှန်း မသိအောင် မှင်သက်နေမိလျှင်

သန့်ဇင်လင်း သူမ နှုတ်ခမ်းလေးကို သူ့ နှုတ်ခမ်းဖြင့် ခပ်ဖိဖိလေး တစ်ချက် ပြန်လည် ဖိကပ်လိုက်သည်။ စက္ကန့်ပိုင်းမျှသာ ကြာသော ထိုအထိအတွေ့လေးကြောင့် ရှင်ငြိမ်းရင်ထဲ ဖျင်းခနဲ ဖြစ်သွားရ၏။

ထို့နောက်မှ သန့်ဇင်လင်း ခေါင်းကို အသာလေး မော့လိုက်ပြီး ရှင်ငြိမ်းကို စိုက်ကြည့်ကာ...

"ခင်ဗျား ဘယ်လို လှည့်လိုက်တာလဲ။ လူကိုများ အခွင့်အရေး လာယူနေသေးတယ်"

မျက်ခုံးတစ်ဖက် ပင့်ပြရင်း ခပ်တည်တည်ဖြင့် ပြောလိုက်၏။

"ဟင်... ဘယ်သူက အခွင့်အရေး ယူလို့လဲ။ နင်... နင်ကသာ နောက်ကနေ လာရပ်နေတာလေ..."

ရှင်ငြိမ်း မျက်နှာတစ်ခုလုံး နီရဲသွားကာ စကားတွေပင် ထစ်ငေါ့သွားရသည်။ သူကလည်း သူမနှုတ်ခမ်းကို ပြန်ထိလိုက်သေးတယ် မဟုတ်ဘူးလား။

အခုတော့ သူမကိုပဲ ပြန်အပြစ်တင်နေသေးသည်။

ရှင်ငြိမ်းပဲ အထင်မှားတာလား။

ရှင်ငြိမ်း နှုတ်ခမ်းလေးကို အသာကိုက်လိုက်ရင်း သန့်ဇင်လင်း လက်ထဲမှ ပန်းကန်ကို အမြန်ဆွဲယူရန် ပြင်လိုက်သည်။ သို့သော် သူက ပန်းကန်ကို ချက်ချင်း မလွှတ်ပေးပဲ ရှင်ငြိမ်း လက်ချောင်းသွယ်သွယ်လေးများကို သူ့လက်ဖဝါးဖြင့် ခပ်ဖွဖွလေး ပွတ်ဆွဲသွားပြန်သည်။

ရှင်ငြိမ်း လက်ဖျားလေးများ တုန်ယင်သွားကာ ပန်းကန်ကို ဆွဲယူပြီး ဟင်းအိုးဘက်သို့ ကမန်းကတန်း ပြန်လှည့်လိုက်ရတော့သည်။ သူမ ရင်ဘတ်ထဲမှ နှလုံးသားလေးမှာလည်း အပြင်သို့ ခုန်ထွက်တော့မတတ် တဒိတ်ဒိတ် ခုန်လှုပ်နေတော့၏။

သန့်ဇင်လင်းကတော့ သူမ ပုံစံလေးကို ကြည့်ကာ နှုတ်ခမ်းထောင့်တွင် အဓိပ္ပာယ်ပါပါ အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။ ရေခဲသေတ္တာထဲမှ ရေဘူးကို ဆွဲထုတ်လိုက်ပြီး သူမဘေးနားမှ ဖြတ်သွားရင်း...

"ဟင်းအိုး တူးနေပြီ... သတိထားဦး။ ရင်ခုန်ပြီး အတွေးလွန်မနေနဲ့"

ခပ်ရွဲ့ရွဲ့ လေသံလေးဖြင့် စနောက်ကာ မီးဖိုချောင်ထဲမှ ထွက်သွားလေတော့သည်။ ရှင်ငြိမ်းမှာတော့ ဟင်းမွှေနေသော ဇွန်းလေးကို ကိုင်လျက် နှုတ်ခမ်းလေးကို လက်ခုံဖြင့် အသာ ဖိကပ်ရင်း ရင်ခုန်သံတွေကို မနည်း ငြိမ်သက်အောင် ထိန်းနေရလေတော့သည်။

_______________

သူငယ်ချင်းတွေ မဆုံဖြစ်တာ ကြာတာကြောင့် ဘားမှာ ချိန်းပြီး တွေ့နေကြခြင်းဖြစ်ကာ ဟိုကောင်တွေက အရည်လေးဝင်လာတော့ သူ့ဘက်လှည့်လာလေသည်။

"ဟျောင့်... ငသန့် မင်းကလည်းကွာ... ရောက်ကတည်းက စကားလည်း မပြောဘူး။

လက်ကလည်း နာရီကိုပဲ ခဏခဏ ကြည့်နေတယ်။ ဘာလဲ... အိမ်က မိန်းမ ဆူမှာကြောက်လို့ ပြန်ဖို့ အချိန်တွက်နေတာလား"

အောင်သူက သန့်ဇင်လင်း ပခုံးကို လှမ်းပုတ်ကာ မျက်စပစ်ပြရင်း စလိုက်လေသည်။ ထိုအခါ ဘေးတွင်ထိုင်နေသော အာနိုးကပါ ဝီစကီကို တစ်ငုံသောက်လိုက်ပြီး...

"အေးလေ... အရင်တုန်းက ဒီကောင်က မိုးမလင်းမချင်း ပြန်တဲ့ကောင် မဟုတ်ဘူး။ အခုများတော့... အိမ်ထောင်သည်ကြီး ဖြစ်သွားတော့ လိမ္မာသွားတာလား မယားကြောက်သွားတာလား ... ဟား ဟား"

"မင်းတို့ ပါးစပ်တွေကလည်းကွာ... သောက်စရာရှိတာ သောက်စမ်းပါ။ ငါက ဘယ်သူ့ကို ကြောက်ရမှာလဲ။ ကိုယ့်အိမ် ကိုယ်ပြန်ချင်တဲ့အချိန် ပြန်မှာပေါ့"

သန့်ဇင်လင်း မျက်မှောင်ကို ခပ်ပြေပြေလေး တွန့်လိုက်ကာ အသံကို ခပ်တည်တည် လုပ်ရင်း ပြန်ပက်လိုက်သည်။ဘယ်သူက သူ့ကို ကြောက်ရမှာလဲ။

သူ့အတွေးနှင့်သူ ကျေနပ်ကာ နှုတ်ခမ်းထောင့်က အလိုလို ကွေးတက်သွားသည်ကို သန့်ဇင်လင်း ကိုယ်တိုင်ပင် သတိမထားမိလိုက်။ သို့သော် ထိုအပြုံးကို မျက်စိလျှင်သော ဟိန်းမင်းသူက မြင်သွားကာ...

"ဟေ့ကောင်တွေ... ဟိုမှာ ကြည့်စမ်း။ ဒီကောင် ပြုံးနေတယ်။ သေချာပြီ... မိန်းမကို လွမ်းနေတာပဲ"

"ဟားဟား ... ရှက်မနေပါနဲ့ကွာ။ အချင်းချင်းတွေပဲဟာကို... ပြောစမ်းပါဦး အိမ်ထောင်သည်ဘဝက ဘယ်လိုလဲ။ ညဘက်တွေ ကောင်းကောင်း အိပ်ရရဲ့လား... ဒါမှမဟုတ် ညပွဲ‌ေတွဆက်နေလို့ မင်း မျက်ကွင်းတွေ ညိုနေတာလား။"

အာနိုးက သူ့အနားသို့ တိုးထိုင်လာရင်း မျက်ခုံးနှစ်ဖက်ကို ပင့်ကာ ရိသဲ့သဲ့ လေသံဖြင့် မေးလာလေသည်။

"ဖူး... အဟွတ် အဟွတ်..."

သန့်ဇင်လင်း သောက်လက်စ ဝီစကီတွေပင် သီးသွားကာ အဆက်မပြတ် ချောင်းဆိုးသွားရတော့သည်။ ကျန်တဲ့သူတွေကတော့ သူ့ပုံစံကို ကြည့်ပြီး သဘောကျစွာ ဝိုင်းရယ်ကြတော့၏။

"မင်းတို့ကောင်တွေ... စကားကို ဆင်ခြင်ပြောနော်။ ဘာ... ဘာတွေ လာမေးနေတာလဲ"

သန့်ဇင်လင်း စားပွဲပေါ်ရှိ တစ်ရှူးကို အမြန်ဆွဲယူကာ ပါးစပ်ကို သုတ်လိုက်ရင်း ဒေါသတကြီး ပြန်အော်လိုက်သည်။

ထိုအခါ တစ်ချိန်လုံး ပြုံးစိစိဖြင့် နားထောင်နေသော ဘုန်းမင်းခန့်က သန့်ဇင်လင်းကို စိုက်ကြည့်ရင်း...

"ဒါနဲ့ မင်း လည်ပင်းအောက်နားက အနီကွက်လေးက ခြင်ကိုက်ထားတာတော့ မဟုတ်ဘူးမလား သန့်ဇင်လင်း။ အင်းလေ... အိမ်ထောင်ကျခါစဆိုတော့လည်း... အဟမ်း"

ဘုန်းမင်းခန့်၏ စကားကြောင့် သန့်ဇင်လင်း လက်တစ်ဖက်က သူ့လည်ပင်းဆီသို့ အလိုလို ရောက်သွားကာ ဆတ်ခနဲ စမ်းကြည့်လိုက်မိသည်။ တကယ်တော့ အဲ့ဒီဒဏ်ရာက သူ့ဟာသူတောင် ဘယ်လိုရခဲ့မှန်းမသိပါ။

နောက်ပြီး သူတို့ထင်သလို Love bite လည်းမဟုတ်ပါ။

လက်သည်းနှင့်ခြစ်မိထားတဲ့အရာလေးဖြစ်၏။

ဒီကောင်တွေကတော့ သူ့ကို အထင်တွေစွတ်ကြီးနေပြန်ပြီ။

"ဟေ့ကောင်... ဘာမှ မဟုတ်ဘူး... ဒီအတိုင်း ကုတ်မိထားတာ လျှောက်တွေးနေပြန်ပြီ"

သန့်ဇင်လင်းက အင်္ကျီကော်လာကို အမြန်ဆွဲစေ့လိုက်ရင်း ရှက်ကိုးရှက်ကန်းဖြင့် ငြင်းလိုက်လေသည်။ သို့သော် သူရဲ့ ပြာယာခတ်သွားသော ပုံစံကိုပဲ ပိုအထင်လွဲသွားကြကာ ...

"ဟား ဟား... အေးပါကွာ။ ကုတ်မိတယ်ပဲ ထားလိုက်ပါတော့မယ်။ မင်းမိန်းမ အိပ်ကော အိပ်ရရဲ့လားကွာ။ "

"ကျစ် ... ငါထိုးမိတော့မယ်နော်။ "

သန့်ဇင်လင်း မှုန်ကြုတ်ကြုတ်နှင့်ပြောရင်း လက်ထဲမှ အရည်များကို တစ်ကြိုက်တည်း မော့သောက်လိုက်‌တော့သည်။

အပိုင်း (၃၇) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၃၅) နောက်အခန်း - အပိုင်း (၃၇) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ