ရှင်ငြိမ်း ဒီနေ့ လုပ်စရာအလုပ်တွေလည်း မရှိတော့တာကြောင့် ဧည့်ခန်းထဲက ဆိုဖာပေါ်၌ ခြေဆင်းထိုင်ရင်း အာလူးကြော်စားကာ ဇာတ်လမ်းတွဲ ကြည့်နေလိုက်သည်။ သန့်ဇင်လင်းက အပေါ်ထပ်မှာ အလုပ်လုပ်နေတာကြောင့် အောက်ထပ်တွင် သူမတစ်ယောက်တည်း လွတ်လွတ်လပ်လပ်နှင့် ဇိမ်ကျနေခြင်းပင်။
ထိုစဉ် အပေါ်ထပ်မှ ဆင်းလာသော ခြေသံများနှင့်အတူ ရေချိုးဆပ်ပြာနံ့ သင်းသင်းလေးက ဧည့်ခန်းထဲသို့ ရုတ်တရက် ပျံ့လွင့်လာကာ ဆိုဖာ တစ်ဖက်စွန်းက အိခနဲ နိမ့်ဝင်သွားကာ သူမဘေးနားသို့ ရောက်လာသော ကိုယ်ငွေ့နွေးနွေးကြောင့် မျက်လွှာပင့်ကြည့်လိုက်မိသည်။
ရေချိုးပြီးခါစမို့ ဆံပင်တွေက အနည်းငယ် စိုစွတ်နေပြီး နဖူးပေါ်သို့ ဖရိုဖရဲ ကျနေကာ အိမ်နေရင်း တီရှပ်အမည်းရောင်နှင့် ဘောင်းဘီအပွကို ဝတ်ဆင်ထားတာကြောင့် သူ့ရဲ့ ကျယ်ပြန့်သော ရင်အုပ်နှင့် ပုခုံးအချိုးအစားက ပို၍ သိသာပေါ်လွင်နေ၏။
"ဟာ... ဒီလောက် ဆိုဖာအကျယ်ကြီးမှာ နေရာလွတ်တွေ အများကြီးကို ဘာလို့ ငါ့နားခွတိုးပြီး ကပ်ထိုင်နေတာလဲ"
ပခုံးချင်း ပွတ်တိုက်မိမတတ် ကပ်၍ ဝင်ထိုင်လာသော သူ့ကြောင့် ရှင်ငြိမ်း မျက်မှောင်လေး ကုတ်ကာ ကိုယ်ကို အနည်းငယ် နောက်ဆုတ်ရင်း မကျေမနပ် မေးလိုက်သည်။
ထိုအခါ သန့်ဇင်လင်းက သူမကို တစ်ချက်လှည့်ကြည့်လာကာ နှုတ်ခမ်းထောင့်ကို မသိမသာ ကွေးညွတ်လိုက်ပြီး...
"ကျုပ်အိမ်... ကျုပ်ဆိုဖာ... ကျုပ်ထိုင်ချင်တဲ့နေရာ ထိုင်မယ်လေ။ ဘာလဲ... ခင်ဗျားက ကျုပ် အနားလာထိုင်တော့ ရင်တွေ အရမ်းခုန်လာလို့လား"
"ဘာ... ဘာပြောတယ်"
"ရင်ခုန်ရအောင် နင်က ဘာမို့လို့လဲ။ ဖယ်... ဟိုဘက် နည်းနည်း တိုးထိုင်"
ရှင်ငြိမ်း နှုတ်ခမ်းကိုစူကာ လက်ဖြင့် သူ့လက်မောင်းကို တွန်းဖယ်ပစ်လိုက်သည်။ သို့သော် သူ့ကိုယ်လုံးကြီးက နည်းနည်လေးမှကို ရွေ့မသွားပေ။
သန့်ဇင်လင်းကတော့ သူ့ကိုတွန်းဖယ်နေသော ရှင်ငြိမ်းကို ဂရုမစိုက်ပဲ သူမပေါင်ပေါ်တွင် တင်ထားသော အာလူးကြော်ပန်းကန်ထဲမှ အာလူးကြော်တစ်ပြားကို ခပ်တည်တည်ဖြင့် နှိုက်ယူစားလိုက်သည်။
"ဟဲ့... အဲ့ဒါ ငါစားနေတာလေ။ ဘာလို့ လာနှိုက်စားနေတာလဲ"
"သိတယ်။ ကိုယ့်ယောက်ျားကိုယ် ကျွေးရမယ်ဆိုတဲ့ အသိလေးတော့ ခင်ဗျားမှာ ရှိသင့်တယ်လေ"
သူက ပြောပြောဆိုဆိုဖြင့် နောက်ထပ် တစ်ပြားကို ထပ်နှိုက်ယူလိုက်ပြန်လျှင် ရှင်ငြိမ်း ဒေါသထွက်သွားကာ ပန်းကန်ကို သူမဘက်သို့ အမြန် ဆွဲယူလိုက်သည်။
"မကျွေးနိုင်ဘူး... စားချင်ရင် ကိုယ့်ဟာကိုယ် သွားယူစား"
"ပေးစမ်းပါ... နည်းနည်းလေး စားတာကို ကပ်စေးနှဲမနေနဲ့"
သန့်ဇင်လင်း ပန်းကန်ကို ပြန်လုရန် လက်လှမ်းလိုက်လျှင် ရှင်ငြိမ်း ပန်းကန်ကို အပေါ်သို့ မြှောက်ကာ ရှောင်လိုက်၏။ သို့သော် အရပ်အမောင်းနှင့် လက်တံရှည်လွန်းလှသော သန့်ဇင်လင်းက အလွယ်တကူပင် ပန်းကန်ကို လှမ်းဖမ်းလိုက်နိုင်ပြီး အပေါ်သို့ မြှောက်ကိုင်ထားလိုက်သည်။
"ပေး... ပြန်ပေး သန့်ဇင်လင်း။ နင် လူပါးမဝနဲ့နော်"
ရှင်ငြိမ်း ဆိုဖာပေါ်တွင် ဒူးထောက်ရပ်လိုက်ပြီး သူ့လက်ထဲမှ ပန်းကန်ကို အတင်းလှမ်းဆွဲလျှင် သူက မပေးဘဲ လက်ကို ပိုမြှောက်လိုက်တာကြောင့် ရှင်ငြိမ်းမှာ အရှိန်လွန်ကာ ရှေ့သို့ ဟပ်ထိုး လဲကျသွားရတော့သည်။
"အို..."
ရှင်ငြိမ်း မျက်နှာလေးက သူ့ ရင်အုပ်ကြီးပေါ်သို့ အတိအကျ ကျသွားကာ သူမ လက်နှစ်ဖက်ကလည်း သူ့ပခုံးများကို ဖက်တွယ်ထားလျက်သား ဖြစ်သွားရသည်။
ထိုအခိုက်အတန့်တွင် ဘယ်သူ့ဆီက လာမှန်းမသိတဲ့ နှလုံးခုန်သံတွေကလည်း ဆူညံသွားတော့၏။ ရှင်ငြိမ်း မျက်နှာလေးမှာ ချက်ချင်းပင် နီရဲတက်လာကာ ပြာပြာသလဲဖြင့် အမြန် ရုန်းထွက်ရန် ပြင်လိုက်သော်လည်း သူ့လက်တစ်ဖက်က သူမ ခါးသိမ်သိမ်လေးကို ဆတ်ခနဲ ဆွဲဖက်ထားလိုက်ပြီး သူမကို ထွက်မသွားနိုင်အောင် ဖမ်းထားလိုက်လေသည်။
"ဟင်... လွှတ်... လွှတ်လေ "
ရှင်ငြိမ်း အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောရင်း သူ့ကို မော့ကြည့်လိုက်လျှင် သူက မျက်တောင်လေး တစ်ချက် ပုတ်ခတ်လိုက်ပြီး ရှင်ငြိမ်း မျက်နှာနားသို့ ဖြည်းဖြည်းချင်း တိုးကပ်လာကာ ...
"ဘာလဲ... မနက်က ကျုပ် ဖက်မိသွားတာကို အခု ညကျတော့ ခင်ဗျားက လက်စားပြန်ချေနေတာလား"
"ဟင် ... ဘာ... ဘာတွေ လာပြောနေတာလဲ။ ဘယ်သူက လက်စားချေရမှာလဲ။ နင် ပန်းကန်ကို လုလို့ ငါ ချော်လဲသွားတာလေ"
ရှင်ငြိမ်း နှုတ်ခမ်းကို ကိုက်ရင်း မျက်စောင်းထိုးကာ ပြန်အော်လိုက်၏။
သန့်ဇင်လင်း သူမရဲ့ နီရဲနေသော ပါးပြင်လေးများကို ကြည့်ကာ နှုတ်ခမ်းထောင့်ကို တွန့်ရုံလေး ပြုံးလိုက်ပြီး...
"ဖက်ချင်တယ်ဆိုလည်း ပွင့်ပွင့်လင်းလင်း ပြောပါဗျာ... ဒီလောက်ကြီး အတင်းအကျပ် လာလုပ်စရာ မလိုပါဘူး။ ကျုပ်က ခင်ဗျား တောင်းဆိုရင် စဉ်းစားပေးမယ်လို့ ပြောထားသားပဲ"
"ဘာတွေလာပြောနေတာလဲ ... ရွံစရာကောင်းလိုက်တာ... လွှတ်စမ်းပါ ဖယ်"
ရှင်ငြိမ်း စိတ်တိုတိုနှင့် သူ့ရင်ဘတ်ကို လက်သီးဆုပ်လေးဖြင့် ခပ်နာနာ တစ်ချက် ထုလိုက်ပြီး အတင်း ရုန်းထွက်လိုက်လေသည်။ သန့်ဇင်လင်းကလည်း ရယ်ကျဲကျဲဖြင့် သူမ ခါးကို ဖက်ထားသော လက်ကို လွှတ်ပေးလိုက်၏။
"နင့်ဟာနင် စားချင် ဝယ်စား။ ငါ့လာမနှောင့်ယှက်နဲ့"
ရှင်ငြိမ်း မျက်နှာကြီး ရဲတွတ်နေရင်းနှင့်ပင် သူ့ကို မျက်စောင်းတစ်ချက် ဝင့်ခနဲ ထိုးလိုက်ပြီး လှေကားပေါ်သို့ ခပ်သုတ်သုတ် ပြေးတက်သွားလေတော့သည်။
တဒုန်းဒုန်းနှင့် ပြေးတက်သွားသော ရှင်ငြိမ်း ကျောပြင်လေးကို ကြည့်ရင်း သန့်ဇင်လင်း ဧည့်ခန်းထဲတွင် တစ်ယောက်တည်း ကျန်ခဲ့ကာ သူ့လက်ထဲမှ အာလူးကြော် ပန်းကန်ကို ငုံ့ကြည့်လိုက်ပြီး နှုတ်ခမ်းများ ကွေးညွတ်သွားသည်အထိ အသံထွက်ကာ ရယ်လိုက်မိပြန်သည်။
____________________
ရှင်ငြိမ်း အခုတလော မနက်စာက ကော်ဖီနဲ့မုန့်ပဲစားနေရတာကြောင့် အပြောင်းအလဲလေးဖြစ်ဖို့ ကြက်ဥ half boil ကြော်လေးနဲ့ ကော်ဖီလေးနဲ့ စားရန်တွေးကာ ကြက်ဥကြော်ဖို့ပြင်လိုက်သည်။
"ဖောင်း... ရှဲ..."
"အမလေး... ပူလိုက်တာ "
ရှင်ငြိမ်း လက်ထဲမှ ဒယ်အိုးအဖုံးကိုကို ဒိုင်းကာသဖွယ် ကိုင်ထားရင်း နောက်သို့ အမြန်ဆုတ်လိုက်ရသည်။ ဒယ်အိုးထဲမှ ဆီပူတွေက နေရာအနှံ့သို့ စင်ထွက်နေပြီး ကြက်ဥကလည်း အကျက်လွန်ကာ တဖြည်းဖြည်း မည်းချင်နေပြီဖြစ်၏။
ကျစ်... ဒီကြက်ဥကလည်း တစ်လုံးတည်းကို ကြော်ရတာ ဘာလို့ ဒီလောက် ခက်နေရတာလဲ။ အိမ်မှာတုန်းက မေမေကြော်တော့ လွယ်လွယ်လေးနဲ့
ရှင်ငြိမ်း စိတ်ထဲမှ ကြိတ်ညည်းရင်း နှုတ်ခမ်းကို စူထားလိုက်မိ၏။ ထိုစဉ် မီးဖိုချောင် တံခါးဝဆီမှ ရယ်သံသဲ့သဲ့နှင့်အတူ ရိသဲ့သဲ့ စကားသံတစ်ခု ထွက်ပေါ်လာလေသည်။
"ဘာလုပ်နေတာလဲ... မီးဖိုချောင်ကို ဗုံးခွဲဖို့ ကြံနေတာလား"
ရှင်ငြိမ်း လှည့်ကြည့်လိုက်တော့ တံခါးဘောင်ကို မှီကာ လက်ပိုက်ရပ်နေသော သန့်ဇင်လင်း။ သူက ကော်ဖီခွက်ကို ကိုင်ထားရင်း သူမကို မျက်ခုံးတစ်ဖက် ပင့်ကာ ကြည့်နေလေသည်။ သူ့နှုတ်ခမ်းထောင့်တွင်တော့ မခိုးမခန့် အပြုံးတစ်ခုက ချိတ်ဆွဲလျက်။
" ကြက်ဥကြော်နေတာ မမြင်ဘူးလား။ နင့်ဘာသာနင် အသာသွားနေစမ်းပါ"
ရှင်ငြိမ်း မျက်စောင်းတစ်ချက် ဝင့်ခနဲ ထိုးလိုက်ပြီး မီးဖိုဘက်သို့ ပြန်လှည့်လိုက်သည်။
"မြင်ပါတယ်... ကြက်ဥကြော်နေတာမဟုတ်ဘဲ ကြက်ဥနဲ့ ရန်ဖြစ်နေတာနဲ့ ပိုတူနေလို့ပါ"
သန့်ဇင်လင်းက ပြောပြောဆိုဆိုဖြင့် သူမအနားသို့ ဖြည်းဖြည်းချင်း လျှောက်လာလေသည်။
"ဟာ... လာမရှုပ်နဲ့လို့ ပြောနေတယ်လေ"
"ဖောင်း..."
ရှင်ငြိမ်း စကားပင် ဆုံးအောင် မပြောလိုက်ရ ဒယ်အိုးထဲမှ ဆီပေါက်သံ အကျယ်ကြီး ထွက်လာသဖြင့် သူမ မျက်လုံးလေး မှိတ်ကာ နောက်သို့ အလန့်တကြား ဆုတ်လိုက်မိ၏။
သို့သော် သူမ ကျောပြင်က သူ့ရင်ဘတ်နှင့် အရှိန်ပြင်းပြင်း သွားဆောင့်မိလေတော့သည်။
သန့်ဇင်လင်း သူမခါးလေးကို လက်တစ်ဖက်ဖြင့် ဆတ်ခနဲ လှမ်းဖက်ထိန်းလိုက်ပြီး ကျန်လက်တစ်ဖက်က ရှင်ငြိမ်းရဲ့ သံယောင်းမကိုင်ထားသော လက်လေးပေါ်သို့ အုပ်ကိုင်ကာ မီးဖိုခလုတ်ကို လှမ်းပိတ်လိုက်၏။
သူ့ လှုပ်ရှားမှုက မြန်ဆန်လွန်းလှသဖြင့် ရှင်ငြိမ်းမှာ အသိစိတ်ပင် မကပ်နိုင်ဘဲ မှင်သက်သွားရသည်။
"ကြက်ဥတစ်လုံး ကြော်တာလေးကိုများ... အသေအလဲ တိုက်ပွဲဝင်နေရတယ်လို့ "
သူ့အသံက ရှင်ငြိမ်း နားရွက်ဖျားလေးနားမှ ကပ်ထွက်လာခြင်းလျှင် ရှင်ငြိမ်း ရင်ဘတ်ထဲမှ အကောင်လေးက ဒိန်းခနဲ ခုန်တက်သွားကာ ပါးပြင်နှစ်ဖက်ကလည်း ပူနွေးလာတော့သည်။
"ဖယ်... ဖယ်စမ်းပါ... ငါ့ဘာသာ လုပ်တတ်တယ်"
ရှင်ငြိမ်း အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ပြောရင်း
သူ့ရင်ခွင်ထဲမှ ရုန်းထွက်ရန် ကြိုးစားလိုက်လျှင် သန့်ဇင်လင်းက မဖယ်ပေးသေးဘဲ သူမ လက်ကို အုပ်ကိုင်ထားလျက်နှင့်ပင် ဒယ်အိုးထဲမှ အနည်းငယ် တူးနေသော ကြက်ဥကြော်ကို ပန်းကန်ထဲသို့ ပြောင်းထည့်ပေးလိုက်၏။
ထို့နောက် ရှင်ငြိမ်း မျက်နှာဘေးနားသို့ တိုးကပ်လာကာ...
"ခင်ဗျားကလေ... ကြည့်တော့ အိမ်မှုကိစ္စနိုင်မယ့်ပုံနဲ့ တကယ်တမ်းကျ ဘာမှလည်း သေချာ မလုပ်တတ်ဘူး။ ဒီပုံစံနဲ့ဆို... ကျုပ်မိန်းမကို ကျုပ်ပဲ တစ်သက်လုံး ထမင်းချက်ကျွေးရတော့မယ့်ကိန်းပဲ"
"ဘယ်သူက နင့်ကို ချက်ကျွေးခိုင်းလို့လဲ။ ပြီးတော့... ဘယ်သူက နင့်မိန်းမလဲ။ ဖယ်စမ်းပါ... အသက်ရှူကြပ်တယ် "
ရှင်ငြိမ်း ဒေါသတကြီးဖြင့် သူ့ခြေထောက်ကို နောက်ပြန် ခပ်ဆတ်ဆတ်လေး တစ်ချက် တက်နင်းပစ်လိုက်သည်။
"အ... ခင်ဗျား"
သန့်ဇင်လင်း နာသွားသဖြင့် သူမကို ဖက်ထားသော လက်ကို ရုတ်တရက် လွှတ်ပေးလိုက်ရသည်။ ရှင်ငြိမ်းကလည်း အခွင့်ကောင်းယူကာ သူ့အနားမှ ခပ်မြန်မြန် ခွာလိုက်ပြီး နှုတ်ခမ်းကို စူကာ စိုက်ကြည့်ပစ်လိုက်၏။
သန့်ဇင်လင်း သူ့ခြေထောက်ကို တစ်ချက် ငုံ့ကြည့်လိုက်ပြီး ပန်းကန်ထဲမှ သူမ ကြော်ထားသော တူးလုနီးပါး ကြက်ဥကြော်ကို ခက်ရင်းဖြင့် ခပ်တည်တည်ပင် ထိုးယူလိုက်သည်။
"ဟဲ့... အဲ့ဒါ ငါစားမလို့ ကြော်ထားတာလေ။ နင် ဘာလုပ်မလို့လဲ"
"ခင်ဗျားလို ကြက်ဥကြော်တာတောင် လက်ကားယား ခြေကားယား ဖြစ်နေတဲ့သူက ဒါမျိုး စားရင် အစာမကြေဖြစ်လိမ့်မယ်။ ကျုပ်ပဲ ကိုယ်ကျိုးစွန့်ပြီး စားပေးလိုက်ပါ့မယ်"
ပြောပြောဆိုဆိုဖြင့် သန့်ဇင်လင်း ကြက်ဥကြော်ကို ပါးစပ်ထဲသို့ တစ်ချိုးတည်း ထည့်ဝါးလိုက်လေသည်။ ထို့နောက် မျက်ခုံးတစ်ချက် ပင့်ကာ အရသာခံပြရင်း...
"အင်း... မဆိုးပါဘူး။ ကျွမ်းသွားတဲ့ အရသာလေးနဲ့မို့ စားလို့ရသားပဲ။ နောက်ရက်တွေလည်း ဆက်ကြိုးစားပါဦး။ "
သူက လှောင်ပြုံးလေး တစ်ချက် ပြုံးပြကာ ကော်ဖီခွက်ကို ကိုင်ရင်း မီးဖိုချောင်ထဲမှ အေးအေးလူလူ လှည့်ထွက်သွားလေတော့သည်။
"သန့်ဇင်လင်း နင်... နင် လူယုတ်မာကြီး"
အပိုင်း (၃၅) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)