သူ့ရဲ့ စူးရှသော အကြည့်များနှင့် ဆုံမိချိန်တွင် ရှင်ငြိမ်း အသက်ရှူသံများပင် ခေတ္တမျှ ရပ်တန့်သွားရတော့သည်။
သူ့အကြည့်တွေက ဘာကိုဆိုလိုနေမှန်း မခန့်မှန်းတတ်တာကြောင့် ရှင်ငြိမ်း ရင်ထဲတွင် တဒုန်းဒုန်း ခုန်နေရ၏။
ဘာလုပ်ရမလဲ ... သူက ရှင်ငြိမ်းကို ... ဟင့်အင်း
မဖြစ်ဘူး။ ရှင်းရှင်းလင်းလင်း ကြိုပြောထားမှ ရမယ်။
"ငါတို့... ငါတို့ အိပ်ယာခွဲအိပ်ကြမယ်နော် "
"..."
သူမစကားကြောင့် နက်ခ်တိုင်ကို ဆွဲချွတ်နေသော သန့်ဇင်လင်း လက်များ ရပ်တန့်သွားကာ မျက်မှောင်ကို ခပ်ပြေပြေလေး တွန့်လိုက်ပြီး ရှင်ငြိမ်းကို အကဲခတ်သလို မျက်လုံးမှေးကာ စိုက်ကြည့်လာလေသည်။
"ဘာ... မရပါဘူး "
ပြတ်သားလွန်းသော သူ့အငြင်းစကားကြောင့် ရှင်ငြိမ်း ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရကာ မျက်လုံးလေး ပြူးသွားရသည်။
"ဟင်... ဘာလို့လဲ "
"..."
သန့်ဇင်လင်း သူ့လက်ထဲမှ နက်ခ်တိုင်ကို ဆိုဖာပေါ်သို့ ပစ်ချလိုက်ပြီး ရှင်ငြိမ်းအနားသို့ တိုးလာကာ ...
"ဟို... တကယ်လို့ လူကြီးတွေ လာလို့ တွေ့သွားရင် ဘယ်လိုလုပ်မလဲ "
သူ့စကားကြောင့် ရှင်ငြိမ်း စိတ်ညစ်သွားရသည်။
ရှင်ငြိမ်း သူ့ကို မျက်စောင်းတစ်ချက် ထိုးကာ အကဲခတ်သလို စိုက်ကြည့်လိုက်လျှင် သူမ အကြည့်ကြောင့် သန့်ဇင်လင်းက ပုခုံးတစ်ချက် တွန့်လိုက်ပြီး ခပ်တည်တည်မျက်နှာနှင့် မေးငေါ့ကာ ...
"ဘာကြည့်တာလဲ... စိတ်ချစမ်းပါ။ ကျုပ်ကလည်း ကျုပ်သိက္ခာကျမှာ စိုးလို့သာ ခင်ဗျားကို လက်ထပ်ထားရတာ။ ခင်ဗျားကို လက်ဖျားနဲ့တောင် မထိဘူး စိတ်ချ "
ထို့နောက် သန့်ဇင်လင်းက သူမ မျက်နှာနားသို့ ခပ်ငေါ့ငေါ့လေး ထပ်တိုးလာကာ နှုတ်ခမ်းထောင့်ကို တွန့်ရုံ ပြုံးလိုက်ပြီး မထိတထိ လေသံဖြင့်...
"ခင်ဗျားက တောင်းဆိုရင်တော့ စဉ်းစားပေးမယ်လေ "
"နင်... "
ရှင်ငြိမ်း ဒေါသထွက်လွန်း၍ မျက်နှာလေးမှာ နီရဲတက်သွားကာ စကားပင် ဆက်မပြောနိုင်တော့ပဲ သူ့ကို လက်ညှိုးနှင့် ထိုးထားမိလေသည်။
"ဘာလဲ... မှားလို့လား "
သူက မျက်ခုံးတစ်ဖက်ကို ပင့်ကာ ရိသဲ့သဲ့ ထပ်မေးလာလျှင် ရှင်ငြိမ်း အံကို တင်းတင်းကြိတ်လိုက်ပြီး သူ့ကို အမြင်ကပ်စွာ စိုက်ကြည့်လိုက်ရင်း...
"တော်ပြီ... နင့်ကို ပြောနေလည်း အပိုပဲ။
ဖယ်... ရေချိုးတော့မယ် "
ရှင်ငြိမ်း သူ့ရင်ဘတ်ကို လက်ဖြင့် ခပ်ကြမ်းကြမ်း တွန်းဖယ်လိုက်ပြီး အဝတ်အစားတွေကို ကမန်းကတန်း ဆွဲထုတ်ကာ ရေချိုးခန်းထဲသို့ ခြေဆောင့်၍ ဝင်ပြေးသွားလေတော့သည်။
ဒုန်းခနဲ မြည်အောင် ပိတ်သွားသော ရေချိုးခန်း တံခါးကို ကြည့်ရင်း သန့်ဇင်လင်း နှုတ်ခမ်းထက်တွင်တော့ အောင်နိုင်သူတစ်ယောက်လို အပြုံးတစ်ခုက အထင်းသား နေရာယူသွားလေတော့သည်။
_________________
အိမ်ရှေ့ စိန်ပန်းပင်ပေါ်မှ ငှက်ကလေးတွေရဲ့ တကျီကျီ အော်သံနှင့်အတူ ရှင်ငြိမ်း အိပ်မက်လှလှလေးထဲမှ နိုးထလာချိန်တွင်တော့ သူမ ခန္ဓာကိုယ်ပေါ်၌ လေးလံနေသော အရာတစ်ခုကို ခံစားလိုက်ရသည်။ ထို့ပြင် သူမ လည်တိုင်နောက်ဘက်ဆီမှ နွေးထွေးသော ဝင်သက်ထွက်သက် အငွေ့အသက်များကိုပါ ရုတ်တရက် သတိထားမိလိုက်၏။
ရှင်ငြိမ်း မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ငုံ့ကြည့်လိုက်မိလျှင် ...
"ဟင်..."
ရှင်ငြိမ်း ပါးစပ်မှ အာမေဍိတ်သံ တိုးတိုးလေး ထွက်သွားကာ မျက်လုံးများ ပြူးကျယ်သွားရသည်။ အခြားမဟုတ်... သန့်ဇင်လင်းရဲ့ လက်မောင်းကြီး တစ်ဖက်က သူမခါးကို တင်းကျပ်စွာ သိုင်းဖက်ထားခြင်းပင်။ သူ့ ခြေထောက်တစ်ဖက်ကပါ သူမ ခြေထောက်များပေါ်သို့ ခွတင်ထားသေးကာ သူမ ကျောပြင်နှင့် သူ့ ရင်အုပ်ကျယ်ကြီးကလည်း ပူးကပ်နေလေသည်။
ရှင်ငြိမ်း ဒေါသနှင့်အတူ ရှက်ရွံ့မှုတို့ ရောထွေးလာကာ သူမ ကိုယ်လုံးလေးကို အသာ လှုပ်ရုန်းကြည့်သော်လည်း သူ့လက်တွေက မလွှတ်တဲ့အပြင် ပိုပြီး တင်းကျပ်လာသလိုပင်။
နောက်ဆုံးတော့ ရှင်ငြိမ်း သည်းမခံနိုင်တော့ပဲ သူ့ဘက်သို့ ဖြည်းဖြည်းချင်း လှည့်ကာ ပုခုံးကို လှမ်းလှုပ်နှိုးလိုက်သည်။
"သန့်ဇင်လင်း ... သန့်ဇင်လင်း ထဦး "
ထိုအခါမှ သန့်ဇင်လင်းက မျက်မှောင် ကြုံ့ကာ ညည်းတွားသံတိုးတိုးလေး ပြုရင်း မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လာလေသည်။ အိပ်ချင်မူးတူး မျက်လုံးများနှင့် ရှင်ငြိမ်းကို အနီးကပ် မြင်လိုက်ရလျှငါ သူ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားပုံရကာ ရှင်ငြိမ်း သူ့ကို စူးစူးဝါးဝါး မျက်စောင်းထိုး၏။
"နင် ဘာလို့ ငါ့ကို ဖက်ထားလဲ "
ထိုအခါမှ သန့်ဇင်လင်းလည်း အခြေအနေကို သဘောပေါက်သွားကာ ရှင်ငြိမ်း ခါးကို ဖက်ထားသော သူ့လက်ကို ဆတ်ခနဲ ရုတ်တရက် ရုပ်လိုက်လေသည်။
ထို့နောက် ကုတင်ပေါ်မှ ငေါက်ခနဲ ထိုင်လျက်သား ဖြစ်သွားပြီး ဆံပင်တွေကို လက်ဖြင့် တစ်ချက် သပ်တင်လိုက်ကာ...
"ဟာ... ဖက်မိထားတာလား။ ဆောရီး... ဖက်လုံးနဲ့ မှားသွားတာ "
"ဘာ ..."
"နင်... နင် နောက်တစ်ခါ ငါ့အနားကို ကပ်ကြည့်...
ကုတင်ပေါ်ကနေ ကန်ချပစ်မယ် "
ရှင်ငြိမ်း ဒေါသတကြီး အော်ပြောရင်း စောင်ကို ဆွဲဖယ်ကာ ကုတင်ပေါ်မှ အမြန်ဆင်း၍ ရေချိုးခန်းထဲသို့သာ ဝင်လာခဲ့တော့သည်။
_____________
ရှင်ငြိမ်းနဲ့ သူနဲ့ လက်ထပ်ထားတာ ကအနည်းငယ်ကြာလာပြီး တစ်အိမ်တည်းအတူနေပေမယ့်
တစ်ယောက်နှင့်တစ်ယောက် သူစိမ်းတွေလိုပင်။
သူကလည်း သူ့အလုပ်သူလုပ်ကာ ရှင်ငိ့မ်းကလည်း အရင်ကအတိုင်း ရှင်ငြိမ်းအလုပ် ရှင်ငြိမ်းလုပ်လေသည်။
မနက်ကတည်းက နှစ်ယောက်လုံး ရုံးသွားပြီး ညနေမှပြန်လာကြရကာ ဆုံချိန်သိပ်မရှိကြသလို မလွှဲသာမရှောင်သာ ဆုံမိသည့် အချိန်မျိုးတွင်လည်း လိုအပ်သည့် စကားတစ်ခွန်း နှစ်ခွန်းမှလွဲ၍ ပိုမပြောဖြစ်ကြ။
မနက်ပိုင်း အိပ်ရာထလျှင် မျက်နှာချင်းဆိုင် မဆုံမိအောင် ရှင်ငြိမ်းက အစောကြီးထကာ အောက်ထပ်သို့ ဆင်းတတ်သလို ညဘက်ဆိုလျှင်လည်း သူအခန်းထဲ ဝင်မလာခင်ကတည်းက အခန်းထဲဝင်ပြီး အိပ်ယာဝင်နေလိုက်သည်။
"ဒီနေ့ ညနေ အိမ်ပြန်နောက်ကျမယ်။ ညစာ စောင့်မနေနဲ့"
သန့်ဇင်လင်းက တက်ဘလက်မှ မျက်လုံးမခွာပဲ ပြောလာလျှင် ရှင်ငြိမ်းလည်း ကော်ဖီသောက်ရင်း ခေါင်းညိတ်လိုက်ကာ...
"အင်း... သိပြီ။ ငါလည်း ဒီနေ့ သူငယ်ချင်းတွေနဲ့ အပြင်သွားစရာရှိတယ်"
ထိုအခါ သန့်ဇင်လင်း လက်ချောင်းများက တက်ဘလက်ပေါ်တွင် ရပ်တန့်သွားပြီး ရှင်ငြိမ်းဆီသို့ မျက်လုံးများ ရွေ့လျားလာကာ ...
"ဘယ်သူတွေနဲ့လဲ"
သူ့အမေးကြောင့် ရှင်ငြိမ်း မျက်ခုံးတစ်ချက် ပင့်လိုက်ကာ ...
"ဖြူစင်တို့ ချိုသဲတို့နဲ့လေ။
ဘာဖြစ်လို့လဲ... သွားခွင့်မရှိဘူးလား"
ရှင်ငြိမ်း ခပ်ရွဲ့ရွဲ့လေးပြန်မေးလိုက်လျှင် သးက စိုက်ကြည့်လာပြီးမှ နှုတ်ခမ်းထောင့်ကို မသိမသာ တွန့်ချိုးလိုက်ကာ...
"ခင်ဗျားဘာသာ ဘယ်သွားသွား ကျုပ်နဲ့ မဆိုင်ပါဘူး။ ဒါပေမယ့်... မလိုအပ်တဲ့ ပြဿနာတွေတော့ အိမ်ကို သယ်မလာနဲ့"
ပြောပြီးသည်နှင့် သူက နေရာမှထကာ ထမင်းစားခန်းထဲမှ ခပ်သုတ်သုတ် ထွက်သွားလေတော့သည်။
ကျောခိုင်းထွက်သွားသော သူ့ကျောပြင်ကျယ်ကြီးကို ကြည့်ရင်း ရှင်ငြိမ်း လက်ထဲက ခက်ရင်းကို ပန်းကန်ပေါ်သို့ အသံမည်အောင် ပစ်ချလိုက်မိသည်။
ဒေါသကြောင့် ရင်ဘတ်လေးက နိမ့်ချည်မြင့်ချည် ဖြစ်လာရ၏။
လူပါးဝလိုက်တာ... ပြဿနာရှာတတ်တာက ဘယ်သူမို့လို့လဲ။
အပိုင်း (၃၄) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)