သန့်ဇင်လင်းအမေ ချိန်းပေးလိုက်သည့်အတိုင်း နောက်တစ်နေ့ ညနေတွင် သန့်ဇင်လင်းက ရှင်ငြိမ်းတို့အိမ်ရောက်လာကာ ကော်ဖီဆိုင်လေးတစ်ခု၌ သူတို့နှစ်ယောက် တွေ့ဖြစ်ကြလေသည်။
ဆိုင်ကိုရောက်ပြီး အတန်ကြာသည်အထိ နှစ်ယောက်လုံး ဘာစကားမှ မပြောဖြစ်ကြပဲ တိတ်ဆိတ်နေကြ၏။
အေးလေ ... သူတို့နှသ်ယောက်က ဘာပြောစရာရှရမှာလဲ။
မဟုတ်ဘူး ... ရှင်ငြိမ်းကတော့ရှိတယ်။
ထို့ကြောင့် ရှင်ငြိမ်းဘက်ပဲ စကားစဖို့ပြင်လိုက်သည်။
ရှင်ငြိမ်း လက်ထဲက ကော်ဖီခွက်ကို တင်းတင်းဆုပ်ထားရင်း အားယူကာ စကားစလိုက်၏။
"သန့်ဇင်လင်း... ငါ ပြောစရာရှိလို့ "
"ပြောလေ... ဘာပြောမလို့လဲ "
"လူကြီးတွေ စီစဉ်ထားတဲ့ လက်ထပ်ဖို့ကိစ္စလေ... အဲ့ဒါကို နင့်ဘက်ကနေ အရင်စပြီး ဖြတ်ပေးလို့ ရမလား "
ရှင်ငြိမ်း စကားကြောင့် သန့်ဇင်လင်းရဲ့ နှုတ်ခမ်းအစုံက လှောင်ပြုံးတစ်ခုအဖြစ် တွန့်ချိုးသွားပြီး သူက ဆိုဖာကို ကျောမှီလိုက်ကာ ရှင်ငြိမ်းကို မမှိတ်မသုန် စိုက်ကြည့်လိုက်ရင်း...
"Why?(ဘာလို့လဲ) "
"ဟို ..."
ရှင်ငြိမ်းဖြေကြပ်နေလျှင် သူ့ထံမှ နောက်တစ်ခွန်း ထပ်ထွက်လာ၏။
"အဟက်... ခင်ဗျားလည်း ကျွန်တော့်ကို ကြိုက်တာပဲဟာ။ ဘာလို့ ဖြတ်ချင်ရတာလဲ "
အို ... သူ့စကားကဘာလဲ။
သူ့စကားကြောင့် ရှင်ငြိမ်း မျက်နှာလေး ပူထူသွားရသလို မကျေမနပ်လည်းဖြစ်သွားရသည်။
ရှင်ငြိမ်း သူ့ကို ချစ်ခဲ့တာမှန်ပေမယ့် ထိုအချစ်က သူ့ဆီက အထင်သေးတာတွေကို ခံရဖို့အထိတော့ မရူးမိုက်ပါဘူး။
ရှင်ငြိမ်း စိတ်ထဲမှ ကြိတ်ပြောရင်း မျက်နှာကို တည်ထားလိုက်ကာ...
"အို... ငါ နင့်ကို မကြိုက်တော့ပါဘူး။ "
တကယ်လည်း သူ့ကို ရှင်ငြိမ်း မုအွန် (Move on) လို့ ရနေပါပြီ။ ပြောင်းလဲပစ်ဖို့လည်း လုံလောက်ခဲ့ပြီမလား။
"ဘာ ... ခင်ဗျားအချစ်က အဲ့ဒီလောက်တောင် ပြောင်းလဲဖို့ လွယ်တယ်ပေါ့။ ဒါဆို အစတုန်းက ဘာလို့ ခေါင်းညိတ်ခဲ့တာလဲ "
"ငြင်းလို့မရလို့ပေါ့။ နောက်ပြီး... အဲ့ဒီတုန်းက နင်မှန်း ငါမသိခဲ့လို့ "
ရှင်ငြိမ်းရဲ့ စကားကြောင့် သန့်ဇင်လင်း မျက်လုံးတွေက ပိုပြီး စူးရဲလာကာ ...
"ဘာ... အခု ကျွန်တော်ဖြစ်နေလို့ ငြင်းတာပေါ့။ တခြားသူသာဆိုရင် မငြင်းဘူးဆိုတဲ့ သဘောလား "
"ဟို... အဲ့တာက... အဲ့ဒါကြောင့်ပဲ မိဘတွေ အတင်းစီစဉ်တဲ့ ဒီကိစ္စကို နင့်ဘက်ကနေ ငြင်းလိုက်ပါလို့ ငါပြောနေတာလေ "
"ခင်ဗျားဟာ ခင်ဗျား ငြင်းပါလား "
"ငါ ငြင်းလို့မရလို့ပါဆို။ "
"ကျုပ်လည်း ငြင်းလို့မရဘူး။ ကျစ် ... အာရုံနောက်တယ်... ဂိုးပြီ။ ခင်ဗျားဟာ ခင်ဗျား ကြိုက်သလိုသာ လုပ်တော့ "
သန့်ဇင်လင်းက ပြောပြောဆိုဆိုနှင့် ထိုင်နေရာမှ ထရပ်လိုက်လျှင် ရှင်ငြိမ်းမှာ သူ့ကို ဘာဆက်ပြောရမှန်လည်းမသိတော့ပဲ ကြောင်ကြည့်နေမိ၏။ သူက ဆိုင်ထဲက ထွက်မသွားခင် ရှင်ငြိမ်းဘက်သို့ ပြန်လှည့်လာကာ...
"ဪ... ပြောရဦးမယ်။ ကျုပ် မငြင်းဘူးဆိုတိုင်း ခင်ဗျားကို ကြိုက်နေတယ်လို့တော့ မထင်နဲ့ဦးနော် "
"သိပါတယ်။"
ရှင်ငြိမ်း သူ့ကို မော့ကြည့်ရင်း အံကို တင်းတင်းကြိတ်ကာ ပြန်ဖြေလိုက်သည်။
သူမရဲ့ အဖြေကို သန့်ဇင်လင်းက ဂရုမစိုက်သလို နှာခေါင်းတစ်ချက် ရှုံ့ပြပြီး ဆိုင်ထဲမှ ထွက်သွားလေတော့သည်။ ကျန်ရစ်ခဲ့တဲ့ ရှင်ငြိမ်းမှာတော့ ရှေ့လျှောက် ဘယ်လို ဆက်ဖြစ်မလဲဆိုတာကို တွေးကြည့်ရုံနှင့် ရင်တွေ လေးလာရတော့သည်။
အရင်တုန်းက သူ့လိုလူမျိုးကိုမှ ဘာလို့ကြိုက်ခဲ့မိပါလိမ့် ...
________________
ညဉ့်နက်နေပြီဖြစ်သော်လည်း ရှင်ငြိမ်းအခန်းထဲ၌ မီးရောင်က လင်းထိန်နေဆဲဖြစ်ကာ တစ်အိမ်လုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ သို့သော် ရှင်ငြိမ်း ရင်ထဲတွင်တော့ ကမောက်ကမတွေ ဖြစ်နေရသည်။
"ငါ... ငါ ဘာလုပ်ရမလဲ "
ကုတင်စွန်းတွင် ထိုင်နေရင်း ရှင်ငြိမ်း ကဏာမငြိမ်ဖြစ်နေရသည်။ မနက်ဖြန်ဆိုလျှင်ပဲ နှစ်ဖက်မိဘတွေက စေ့စပ်ပွဲအတွက် နေ့ကောင်းရက်သာ ရွေးကြတော့မည်ဖြစ်ပြီး အချိန်တွေက သိပ်ကို နီးကပ်လာပြီဖြစ်သည်။
သန့်ဇင်လင်းနဲ့ ညှိဖို့ကလည်း လုံးဝမဖြစ်နိုင်တော့။
ရှင်ငြိမ်း သက်ပြင်းကို ခပ်ပြင်းပြင်း ချလိုက်မိသည်။
ဒီထိမ်းမြားမှုအတွက် ဖေဖေရော မေမေပါ ပျော်နေခဲ့ကြတာ။
အဲ့ဒီလို ပျော်နေကြတဲ့ မိဘနှစ်ပါးကို သူမ ဘယ်လိုလုပ် မျက်နှာပျက်အောင် ပြောထွက်နိုင်မှာလဲ။ သူမ ငြင်းလိုက်လျှင် ဖေဖေ့သူငယ်ချင်းနဲ့လည်း အဆင်မပြေဖြစ်ကာ ဖေဖေ့ သိက္ခာတွေလည်း ကျဆင်းရလိမ့်မည်။ ထိုအရာတွေကို သူမ မလုပ်ရဲပါ။
ဒါပေမယ့်... ရှင်ငြိမ်း သူ့ကိုတော့ လက်မထပ်နိုင်ဘူး
ရှင်ငြိမ်း နှုတ်ခမ်းကို တင်းတင်းကိုက်ထားရင်း မျက်ရည်တွေ ဝဲတက်လာရသည်။ ကိုယ့်ကို အထင်သေးနေပြီး တစ်စက်လေးမှ တန်ဖိုးမထားတဲ့ ယောကျ်ားတစ်ယောက်နဲ့ တစ်သက်လုံး လက်တွဲရမယ့် ဘဝကြီးကို တွေးကြည့်ရုံနဲ့တင် ရှင်ငြိမ်း ရင်ဘတ်တွေ အောင့်တက်လာရသည်။
ဟုတ်တယ်... ဒီအတိုင်း နေနေလို့တော့ မဖြစ်ဘူး။
သူမ ဒီကနေ ထွက်သွားမှ ရမယ် ။
ရုတ်တရက် ခေါင်းထဲ ဝင်လာသော အတွေးကြောင့် ရှင်ငြိမ်း မျက်လုံးလေးတွေ ဝိုင်းသွားရသည်။ ထွက်ပြေးမယ် ... ဟုတ်တယ်... အိမ်ကနေ ထွက်ပြေးတာကလွဲပြီး တခြား ဘာရွေးချယ်စရာမှ မရှိတော့ဘူး။ အချိန်တန်ရင်တော့ ဖေဖေတို့လည်း နားလည်ပေးလာမှာပါ။
ဆုံးဖြတ်ချက် ချလိုက်ပြီးသည်နှင့် ရှင်ငြိမ်း ကုတင်ပေါ်မှ ပြာပြာသလဲ ထရပ်လိုက်ကာ
ဗီရိုထဲမှ ခရီးဆောင်အိတ် တစ်လုံးကို ဆွဲထုတ်လိုက်ပြီး အိပ်ယာပေါ်သို့ တင်လိုက်ပြီး ဗီရိုထဲရှိ အဝတ်အစား တချို့ကို ကမန်းကတန်း ဆွဲယူကာ အိတ်ထဲသို့ ထည့်လိုက်၏။ စိတ်လှုပ်ရှားမှုကြောင့် လက်ချောင်းလေးတွေပင် တဆက်ဆက် တုန်ယင်နေ၏။
အိမ်က ထွက်ပြေးတယ်ဆိုတာ ရှင်ငိ့မ်းဘဝမှာ တစ်ခါမှမလုပ်ဖို့သလို မိဘအရိပ်အောက်ကနေလည်း တစ်ခါမှ ထွက်မသွားဖူးပါ။
ဖေဖေ... မေမေ... သမီးကို ခွင့်လွှတ်ပါနော်။
အဝတ်တွေ ခေါက်ထည့်နေရင်းမှ ပါးပြင်ပေါ်သို့ မျက်ရည်တွေက ကျဆင်းလာလျှင် ရှင်ငြိမ်း မျက်ရည်တွေကို သုတ်ပစ်လိုက်ပြီး လိုအပ်မည့် ပိုက်ဆံတချို့နှင့် မှတ်ပုံတင်တို့ကို လက်ကိုင်အိတ်ထဲသို့ အမြန် ကောက်ထည့်လိုက်၏။
ထို့နောက် ခြေလှမ်းခပ်ဖွဖွလှမ်းကာ ခြံပြင်သို့ ထွက်ခဲ့လိုက်တော့သည်။
ညအမှောင်ထဲတွင် ရှင်ငြိမ်း တစ်ယောက်တည်း ခရီးဆောင်အိတ်လေးကို ဆွဲကာ ခြံပြင်သို့ ထွက်လာခဲ့၏။
လမ်းမပေါ်ရောက်သည်နှင့် ခြံတံခါးကို ဖြည်းဖြည်းချင်း ပြန်စေ့ပိတ်လိုက်ပြီး သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း ချလိုက်မိပြန်သည်။
ဘယ်သွားရမှန်း ရေရေရာရာ မသိသေးသော်လည်း ဒီအိမ်ကနေ ဝေးရာကို ထွက်သွားဖို့သာ သူမ ခေါင်းထဲတွင် ရှိနေသည်။
သို့သော် လမ်းထိပ်သို့ပင် မရောက်သေး ရုတ်တရက် အနောက်ဘက်မှ ထိုးကျလာသော ကားမီးရောင်စူးစူးကြောင့် ရှင်ငြိမ်း လန့်သွားကာ မျက်လုံးများကို လက်ခုံဖြင့် ကာလိုက်မိသည်။ ထို့နောက် တပြိုင်နက်တည်းမှာပင် ကားအနက်ရောင်လေးက သူမရှေ့တွင် ဘရိတ်အုပ်သံ အကျယ်ကြီးနှင့်အတူ ထိုးရပ်သွားပြီး ကားတံခါးပွင့်လာကာ ဆင်းလာသူကြောင့် ရှင်ငြိမ်း အသည်းလေး အေးခနဲဖြစ်သွားရသည်။
"သန့်ဇင်လင်း... "
ရှင်ငြိမ်း နှုတ်ဖျားမှ တိုးတိုးလေး ရေရွတ်မိသွား၏။ သူက ဒီအချိန်ကြီး ဒီကို ဘယ်လိုလုပ် ရောက်လာရတာလဲ။ သန့်ဇင်လင်းက ဘောင်းဘီအိတ်ကပ်ထဲ လက်နှိုက်ထားရင်း သူမနှင့် သူမဆွဲလာသော ခရီးဆောင်အိတ်ကို အကဲခတ်သလို အထက်အောက် စိုက်ကြည့်လာလေသည်။ သူ့ အကြည့်တွေအောက်တွင် ရှင်ငြိမ်း ဘာလုပ်ရမှန်းမသိအောင် ပြာယာခတ်သွားရ၏။
"နင်... နင် ဘာလုပ်တာလဲ "
ရှင်ငြိမ်း လန့်သွားကာ နောက်ကို ခြေတစ်လှမ်း ဆုတ်ရင်း အလောတကြီး မေးလိုက်မိသည်။ ထိုအခါ သန့်ဇင်လင်းက ခနဲ့တဲ့တဲ့ အပြုံးတစ်ခုဖြင့် သူမ ရှေ့သို့ တိုးလာကာ...
"ခင်ဗျားကမှ ဘာလုပ်တာလဲ "
သူ့အမေးကြောင့် ရှင်ငြိမ်း အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားရသည်။ သို့သော် အခုမှတော့ နောက်ဆုတ်လို့ မရတော့တာကြောင့် မေးကို ခပ်မော့မော့လုပ်ပြီး အားတင်းကာ ဖြေလိုက်သည်။
"နင်နဲ့ လက်မထပ်ချင်လို့ ထွက်ပြေးတာလေ "
"ဟ "
သူမစကားကြောင့် သန့်ဇင်လင်း မျက်နှာကြီးက ပို၍ တင်းမာသွားသလိုပင်။
ရှင်ငြိမ်းက လက်သီးကို တင်းတင်းဆုပ်ကာ မျက်လွှာချရင်း စကားဆက်လိုက်သည်။
"ဟို... ဟို... နင်လည်း ငါ့ကို မချစ် ... ငါလည်း နင့်ကိုမှ မချစ်တာ။ အဆင်ပြေမှာလည်း မဟုတ်ဘူးလေ... အဲ့ဒါကြောင့်... "
ရှင်ငြိမ်း စကားပင် မဆုံးသေး သန့်ဇင်လင်း သူမ လက်ထဲက ခရီးဆောင်အိတ် လက်ကိုင်ကို ဆတ်ခနဲ လာဆွဲယူလိုက်ပြီး...
"အခု ပြန်မယ် "
"ဟင်... ဘယ်ကိုလဲ "
ရှင်ငြိမ်း မျက်လုံးလေး ပြူးသွားကာ အလန့်တကြား မေးလိုက်မိ၏။
"ခင်ဗျားအိမ်ကိုပေါ့ "
"ဟာ... ထွက်ပြေးလာပါတယ်ဆို... ဘာလို့ ပြန်ရမှာလဲ "
ရှင်ငြိမ်း သူမအိတ်ကို ပြန်လုရန် ကြိုးစားရင်း အော်ပြောလိုက်သည်။ သို့သော် သန့်ဇင်လင်းက အိတ်ကို လွှတ်မပေးဘဲ ရှင်ငြိမ်းကို စူးရဲစွာ စိုက်ကြည့်လာ၏။ထို့နောက် နှုတ်ခမ်းတစ်ဖက်ကို တွန့်ရုံ ပြုံးလိုက်ရင်း...
"ဒီမှာ... ခင်ဗျားက အဲ့လို ထွက်ပြေးတော့ ကျုပ် သိက္ခာကျတာပေါ့ဗျ။ သန့်ဇင်လင်း လက်ထပ်ရမယ့် မိန်းမက သန့်ဇင်လင်းကို မလိုချင်လို့ ထွက်ပြေးတယ်ဆိုတော့... ကျုပ်မှာ တစ်ခုခု ချို့ယွင်းချက် ရှိနေတယ်ဆိုပြီး ကျုပ်စန်းတွေ ကျကုန်မှာပေါ့ "
သူ့စကားကြောင့် ရှင်ငြိမ်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် သိပ်ချစ်တဲ့ လူ့အတ္တသမားကြီး
ရှင်ငြိမ်း ဒေါသထွက်လာကာ သူ့ကို မျက်ထောင့်နီဖြင့် ကြည့်လိုက်ပြီး ခေါင်းကို သွက်သွက်ခါယမ်းလိုက်သည်။
"ဟင့်အင်း... ဘယ်လိုနေနေ ငါ နင်နဲ့ လက်မထပ်နိုင်ဘူး "
"ကျစ် "
ပြတ်သားလှသော သူမ အငြင်းစကားကြောင့် သန့်ဇင်လင်း မျက်မှောင်တွေ တွန့်ချိုးသွားကာ စိတ်မရှည်တော့သည့်ဟန်ဖြင့် စုတ်သပ်လိုက်ပြီး ရှင်ငြိမ်း မျက်နှာနားသို့ ခပ်ငေါ့ငေါ့လေး ကပ်လာပြီး အေးစက်စက် လေသံဖြင့်...
" ကျုပ်ကရော ခင်ဗျားကို အရမ်းလိုချင်နေတယ် ထင်လို့လား။ ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးနေတယ် "
"..."
သူ့ စကားလုံးတွေက ရှင်ငြိမ်း ရင်ဘတ်ထဲကို ဓားနဲ့ ထိုးစိုက်လိုက်သလိုပင် နာကျင်သွားရသည်။ ရှင်ငြိမ်း အံကို တင်းတင်းကြိတ်ထားမိသော်လည်း မျက်ရည်ပူတွေက မျက်ဝန်းအိမ်ထဲသို့ တရိပ်ရိပ် ဝဲတက်လာပြန်သည်။
ရှင်ငြိမ်း... နင် ငိုလို့မဖြစ်ဘူး။ သူ့ရှေ့မှာ အားနည်းတဲ့ပုံ မပြနဲ့
ကိုယ့်ကိုယ်ကိုယ် သတိပေးရင်း မျက်တောင်ကို ခပ်မြန်မြန် ပုတ်ခတ်ကာ သူ့ကို မကျေမချမ်း စိုက်ကြည့်နေမိလေတော့သည်။
အပိုင်း (၃၁) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)