Bububai ဝတ္ထု ခင်ဗျားမသိပါဘူး (You don't know) အခန်းစာရင်း

အပိုင်း (၂၉)

ရှင်ငြိမ်းက ဘွဲ့ရပြီးကတည်းက ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်နေပြီဖြစ်ကာ အလုပ် အတည်တကျဖြစ်နေပြီဖြစ်၏။

သူများတွေက ကျောင်းပြီးတာနှင့် မိဘလုပ်ငန်းတွေကို ဆက်ခံကြပေမယ့် ရှင်ငြိမ်းဖေဖေက ဆရာဝန်တစ်ယောက်ဖြစ်တာကြောင့် ရှင်ငြိမ်းရတဲ့ဘွဲ့နှင့်လိုက်ဖက်တဲ့ စီးပွားရေးကုမ္ပဏီတစ်ခုမှာသာ အလုပ်ဝင်လျှောက်လိုက်သည်။

အခုဆို သူမက ကုမ္ပဏီမှာလည်း ရာထူးကောင်းကောင်းရနေပြီဖြစ်၏။

ညစာစားပြီးချိန် ဧည့်ခန်းထဲတွင် မိသားစုသုံးယောက် စုံစုံလင်လင် ရှိနေကြရာ ဖေဖေက သတင်း ကြည့်နေရင်းမှ တီဗွီအသံကို အနည်းငယ် တိုးလိုက်ကာ ဆိုဖာပေါ်တွင် မှီထိုင်နေသည့် ရှင်ငြိမ်းဘက်သို့ လှည့်လာကယ နေမေကလည်း အသီးပန်းကန်ကို စားပွဲပေါ်ချရင်း ရှင်ငြိမ်းဘေးတွင် ဝင်ထိုင်လာတာကြောင့် ရှင်ငြိမ်း လက်ထဲက ဖုန်းကိုချကာ မော့ကြည့်လိုက်မိသည်။

"သမီး... ရှင်ငြိမ်း "

"ရှင်... ဖေဖေ "

"သမီး အခုဆို ကျောင်းလည်း ပြီးပြီ ဘွဲ့လည်း ရသွားပြီဆိုတော့လေ... ဖေဖေတို့က သမီးရဲ့ ရှေ့ရေးအတွက် စဉ်းစားရတော့မယ်။

ဒါနဲ့... သမီးမှာ ရည်းစားဖြစ်ဖြစ် စိတ်ဝင်စားနေတဲ့သူဖြစ်ဖြစ် ရှိနေပြီလား။ ရှိရင်လည်း ဖေဖေတို့ကို

ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်နော် "

"မရှိပါဘူး ‌ဖေဖေ။ "

ရှင်ငြိမ်း အဖြေကြောင့် ဖေဖေက ကျေနပ်သွားသလို ခေါင်းညိတ်လိုက်ပြီး တစ်ချက်ကြည့်ကာ စကားဆက်လေသည်။

"အေး... အဲ့ဒါဆိုရင်တော့ ကောင်းတာပေါ့ကွယ်။

ဖေဖေ့ မိတ်ဆွေတစ်ယောက်က ဖေဖေ့ဆီမှာ သမီးကို လာတောင်ထားတယ်။

သူ့သားနဲ့ သမီးကို လက်ထပ်ပေးချင်တယ်တဲ့။

ဖေဖေတို့က... သမီးကို အသက်ရှိစဉ်မှာ စိတ်ချရတဲ့သူလက်ထဲ ထည့်ပေးခဲ့ချင်လို့။ "

"ရှင်... "

ရှင်ငြိမ်း မျက်လုံးလေး ပြူးသွားကာ အဖေ့ကို နားမလည်သလို ကြည့်လိုက်မိသည်။ တစ်ခါမှ မမြင်ဖူး

မသိဖူးတဲ့ သူစိမ်းတစ်ယောက်နဲ့ လက်ထပ်ရမယ်တဲ့လား။

ထိုစဉ် မေမေက ရှင်ငြိမ်း လက်လေးကို နွေးထွေးစွာ ဆုပ်ကိုင်လာပြီး...

"ဟုတ်တယ် သမီး။ မေမေတို့က သမီးကို စိတ်ချမ်းသာစေချင်လို့ပါ။ မေမေ့သမီအလိမ္မာလေးကို မတော်တရော်တွေနဲ့ တွေ့သွားမှာစိုးတယ်ကွယ်။

အခုက မိဘချင်းကလည်း သိကျွမ်းပြီးသားဆိုတော့ သမီးအတွက် ဘက်စုံကနေ အကောင်းဆုံး ဖြစ်မှာပါ သမီးရယ် "

"..."

ရှင်ငြိမ်း ဘာပြောရမှန်းပင်မသိအောင် ဆွံ့အသွားရသည်။

သို့သော် သူမက ငယ်ငယ်ကတည်းက မိဘစကားကို တစ်သွေမတိမ်း နားထောင်ခဲ့သူဖြစ်ပြီး သူမ မိဘတွေကလည်း သူမကို အလိုလိုက် အကြိုက်ဆောင်ပြီး ချစ်ခဲ့ကြသူများဖြစ်တာကြောင့် ငြင်းပယ်ဖို့ဆိုတာလည်း မဖြစ်နိုင်ပါ။

" ဖေဖေတို့ သဘောပါပဲ... ဖေဖေနဲ့ မေမေ ကောင်းတယ်ထင်လို့ စီစဉ်တာပဲ ... သမီး လက်ခံပါတယ် "

သူမရဲ့ ခပ်အေးအေး စကားသံအဆုံးတွင်တော့ သူမ အဖေရော အမေပါ မျက်နှာတွေ ဝင်းလက်သွားကြကာ ကျေနပ်စွာ ပြုံးလိုက်ကြ၏။

"အေးပါ သမီးရယ်... သမီးက လိမ္မာပါတယ်။ ဒါဆို ဖေဖေ ဟိုဘက်ကို အကြောင်းပြန်လိုက်တော့မယ်။

မကြာခင် လူချင်းတွေ့ဖို့ကိုလည်း အမြန်ဆုံး စီစဉ်လိုက်မယ်နော် "

ဝမ်းသာအားရ ပြောနေသော ဖေဖေ့ကို ကြည့်ပြီး ရှင်ငြိမ်း နှုတ်ခမ်းလေး တွန့်ရုံသာ ပြုံးပြလိုက်မိ၏။

"ဟုတ်ကဲ့ပါ ဖေဖေ။ "

_____________

ရှင်ငြိမ်းလက်ခံပြီး တစ်ပတ်အကြာမှာတော့ ရှင်ငြိမ်းနဲ့ လက်ထပ်ရမယ့်မိသားစုက အိမ်ကို ရောက်လာကြလေသည်။

"ရှင်ငြိမ်း... ဧည့်သည်တွေ လာပြီ သမီး။ အချိုပွဲလေးတွေ ယူခဲ့ပါဦးကွယ် "

မေမေ့ လှမ်းခေါ်သံကြောင့် ရှင်ငြိမ်း မှန်တင်ခုံရှေ့မှ ထလိုက်သည်။ မေမေကိုယ်တိုင် ရွေးချယ်ပေးထားသော ပန်းနုရောင် မြန်မာဝတ်စုံလေးက သူမရဲ့ အသားအရည် ကြည်ကြည်လေးနှင့် လိုက်ဖက်စွာ ကျက်သရေရှိလှသည်။

အင်္ကျီလေးကို တစ်ချက်ပြင်ပြီး မီးဖိုချောင်ထဲမှ အချိုပွဲဗန်းလေးကို ကိုင်၍ ဧည့်ခန်းဘက်သို့ ထွက်လာခဲ့လိုက်သည်။

"လာ... သမီး ရှင်ငြိမ်း။ ဒီမှာ ဖေဖေ့သူငယ်ချင်း "

ဖေဖေ့စကားကြောင့် ရှင်ငြိမ်း ခေါင်းငုံ့ထားရာမှ ဧည့်သည်များထိုင်နေသော ဆိုဖာဘက်သို့ အကြည့်ပို့လိုက်လျှင် ထိုဦးလေးကြီးဘေးမှာ ထိုင်နေတဲ့ လူကြောင့် ရှင်ငြိမ်း မျက်လုံးလေးများ ဝိုင်းစက်သွားရသည်။

"သန့်ဇင်လင်း... "

ရှင်ငြိမ်း နှုတ်ဖျားမှ တိုးတိုးလေး ရေရွတ်မိသွားကာ

သူနှင့်လည်း အကြည့်ချင်းဆုံသွားရ၏။

ဒါက ဘယ်လိုဖြစ်ရတာလဲ။ ဖေဖေ့သူငယ်ချင်းရဲ့သား ... ရှင်ငြိမ်း လက်ထပ်ရမယ့်သူက သန့်ဇင်လင်းပေါ့... မဖြစ်နိုင်တာ...

ရှင်ငြိမ်း ရင်တွေ တဒုန်းဒုန်း ခုန်ပေါက်လာကာ မျက်လုံးအဝိုင်းသားဖြင့် သူ့ကို စိုက်ကြည့်နေမိသည်။ သန့်ဇင်လင်းကလည်း သူမကို မြင်တော့ မျက်ခုံးတစ်ချက် တွန့်သွားကာ အံ့သြသွားဟန်ရှိသော်လည်း ချက်ချင်းပင် သူ့ရဲ့ ပုံမှန် ခပ်တည်တည် မျက်နှာထားပြန်ပြောင်းသွား၏။ ထို့နောက် သူမကို စိတ်မဝင်စားသလိုဖြင့် အကြည့်လွှဲသွားလေသည်။

"သမီးက အချောလေးပဲကွယ့်။

ဒါက ဦးလေးသား သန့်ဇင်လင်း တဲ့။ "

"ဟုတ်ကဲ့ ..."

ရှင်ငြိမ်း ခပ်ဖွဖွပြုံးကာ ခပ်တိုးတိုးလေးဖြေလိုက်ပြီးအချိုပွဲဗန်းကို စားပွဲပေါ်ချကာ မေမေ့ဘေးတွင် ဝင်ထိုင်လိုက်ချိန်မှာတော့ သူမ နှလုံးသားတစ်ခုလုံး ကမောက်ကမတွေ ဖြစ်နေပြီဖြစ်သည်။

သူမှန်းသိရင်တော့ ရှင်ငြိမ်းလုံးဝ လက်ခံခဲ့မှာ မဟုတ်ပါဘူး။

"သူငယ်ချင်းရေ ငါကတော့ ကလေးတွေကို အိမ်ထောင်မြန်မြန်ချပေးချင်တယ်ကွာ။

မင်းသဘောကရော။ "

သန့်ဇင်လင်း အဖေ ဦးဇေယျာလင်းက စကားစလိုက်လျှင် ရှင်ငြိမ်းအဖေကလည်း ခေါင်း တညိတ်ညိတ်လုပ်ကာ...

"ငါလည်း သဘောတူပါတယ်ကွာ။ သမီးလေးကလည်း အရွယ်ရောက်နေပြီဆိုတော့ စိတ်ချရတဲ့သူ လက်ထဲ ထည့်ပေးချင်တာပါ။ မင်းရဲ့သားဆိုတော့ ငါယုံကြည်ပါတယ်။ "

ထိုစကားကြောင့် သန့်ဇင်လင်းက နှုတ်ခမ်းတစ်ဖက် တွန့်ရုံ ပြုံးလိုက်သည်ကို ရှင်ငြိမ်း မြင်လိုက်ရသည်။ လှောင်ပြုံးတစ်ခုလား...

"ဒါဆို... လာမယ့် အပတ်ထဲမှာပဲ စေ့စပ်ပွဲကို အကျဉ်းချုံးလုပ်ပြီး တစ်လလောက်နေရင် မင်္ဂလာဆောင်ကြတာပေါ့။ ကလေးတွေလည်း သဘောတူနေကြပြီပဲ။ "

"အေး ... နေ့ကောင်းရက်သာရွေးကြတာပေါ့ကွာ။ "

လူကြီးတွေကတော့ အပြန်အလှန်စကားပြောကြကာ ရယ်မောနေပေမယ့် ဟန်ဆောင်လို့တောင် မပြုံးနိုင်သူကတော့ ရှင်ငြိမ်းပင်။

သူမကို ခပ်တည်တည်နှင့် မမှိတ်မသုန်စိုက်ကြည့်နေတဲ့ သန့်ဇင်လင်းကြောင့် မျက်နှာတွေလည်းပူနေမိ၏။

သူဘယ်လိုထင်နေပြီလဲ။

မိဘတွေ စီစဉ်တာမဟုတ်ပဲ ရှင်ငြိမ်းဘက်က တောင်းဆိုတယ်လို့များထင်ပြီး ရှင်ငြိမ်းကိုများ အထင်သေးနေပြီလား။

အို ...သူနဲ့ဆိုရင်တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ဟုတ်တယ် ... ရှင်ငြိမ်း သူ့ကိုတော့ လက်ထပ်လို့မဖြစ်ပါ။

အချိန်အတော်ကြာမှ နှစ်ဘက်မိဘ စကားဝိုင်းလေးက ပြီးသွားလျှင် ရှင်ငြိမ်းတို့ မိသားစုက သူတို့ကို လိုက်ပိုဖို့ ပြင်ကြ၏။

သန့်ဇင်လင်းအမေက ပြန်ခါနီးမှာတော့ ရှင်ငြိမ်းလက်ကလေးအား လာဆုပ်ကိုင်ကာ နှစ်လိုဖွယ်ပြုံးပြပြီး ...

" လူကြီးတွေ စီစဉ်လို့ လက်ထပ်ကြရတယ်ဆိုပေမယ့် သမီးတို့ လူငယ်ချင်းလည်းရင်နှီးအောင် သားတို့ သမီးတို့ လူငယ်ချင်း လွတ်လွတ်လပ်လပ်တွေ့ကြည့်ကြပေါ့။

အန်တီ သားကို မနက်ဖြန်ကျရင် သမီးဆီ လွှတ်လိုက်မယ်နော်။ "

"ဟုတ်ကဲ့ပါ အန်တီ။ "

ရှင်ငြိမ်း ပြန်ပြုံးပြကာ ခေါင်းညိတ်ပြလိုက်၏။

ခဏလေးတွေ့ရတာ်ဆိုပေမယ့် သန့်ဇင်လင်းအမေကတော့ တော်တော်သဘောကောင်းတဲ့ အမျိုးသမီးဖြစ်ကာ ရှင်ငြိမ်းလည်း သဘောကျမိပါသည်။

အပိုင်း (၃၀) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၂၈) နောက်အခန်း - အပိုင်း (၃၀) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ