Bububai ဝတ္ထု ခင်ဗျားမသိပါဘူး (You don't know) အခန်းစာရင်း

အပိုင်း (၂၇)

အချိန်တွေ တရွေ့ရွေ့နှင့် တစ်နှစ်ပြီးတစ်နှစ် ကုန်သွားခဲ့ရာ သူတို့တွေ ကျောင်းပြီး ဘွဲ့ရနေပြီဖြစ်၏။

ဘာတွေပြောင်းလဲ သွားလဲဆို ဘယ်တော့မှ အချစ်ကို အယုံအကြည်မရှိဘူးဆိုပြီး ရည်းစားတောင် အတည်တကျ ရမယ်မထင်မထားခဲ့တဲ့ ဘုန်းမင်းခန့်က မိန်းမရသွားလေသည်။

သူတကယ်ချစ်တဲ့ ကောင်မလေးကျမှ ကောင်မလေးက အထင်တွေလွဲပြီး လမ်းခွဲမယ်လုပ်တော့

သကောင့်သားက မနေနိုင်၊မထိုင်နိုင်တွေဖြစ်သွားကာ ကောင်မလေးကို ကားတင်ပြေးသွားလေသည်။

လင်းခနဲ့ ရတီကတော့ အရင်လို တကျက်ကျက်။

သန့်ဇင်လင်းကလည်း ကောင်မလေးတွေထည်လဲတွဲ၊အင်း ... တွဲဆို အခုတော့ ငြိမ်သွားပါပြီ။

ဘုန်းမင်းခန့်ကတော့ မိန်းမရနေပြီဆိုတော့ အလုပ်ဝင်ပြီဖြစ်ပေမယ့် လင်းခနှင့် သန့်ဇင်လင်းကတော့ အရင်လို ဝေလေလေ၊ယောင်ဝါးဝါးပင်။

သန့်ဇင်လင်းကို သူ့အဖေက သူ့ကုမ္ပဏီမှာ ဝင်လုပ်ဖို့ပြောပေမယ့် သူက အရင်ကတည်းက သူ့အဖေနှင့် ဓာတ်မတည့်သူဆိုတော့ အရွဲ့တိုက်ပြီး ဘာမှ မလုပ်ပေ။ အဲ့တော့ အိမ်တွင်းစစ်ကလည်း အမြဲဖြစ်၏။

ကြားထဲက သူ့အမေကတော့ ယောက်ျားကိုရော၊သားကိုပါ ဝင်ဖြန်ဖြေပေးရလေသည်။

အမေ့ကိုတော့ သနားမိပါသည်။

ဒါပေမယ့် မတတ်နိုင်ပါ။

"ဟာ ... ဟိုဟာ မရှင်ငြိမ်းမလား။ "

ဘုန်းမင်းခန့် အားတဲ့အချိန် သူတို့ သုံးယောက် ဆိုင်မှာ ဆုံကြရင်း လင်းခက တစ်ဖက်က ကုန်တိုက်ထဲက ထွက်လာတဲ့ အတွဲကို မေးငေါ့ပြတာမို့ ကြည့်လိုက်တော့ ရှင်ငြိမ်းက ဘေးမှာ လူတစ်ယောက်နှင့်အတူ ဖြစ်နေလေသည်။

"အေးကွ ... ဘေးမှာလည်း ဘဲကြီးနဲ့။

သူ့ဘဲများလား။ "

"ဟျောင့် ... ငသန့်ရေ မင်းမမတော့ ပါသွားပြီနေမှာ။

ငါ့ကောင်ကြီး အမူလွန်သွားပြီ။ "

ဘုန်းမင်းခန့် ငြိမ်နေတဲ့ သန့်ဇင်လင်း ပခုံးကို လှမ်းဖက်ကာ ပြောလိုက်၏။

"ငသန့် ... မင်း မရှင်ငြိမ်းကို တကယ်မကြိုက်ဘူးလား။

မရှင်ငြိမ်းကို ကြိုက်တဲ့ဘဲတွေမှ အများကြီးပဲနော်။ "

"အဲ့တာ ငါဘာလုပ်ရမှာလဲကွာ။

အာရုံပဲ ... ကျစ် "

"အေးပါကွာ ... မင်းမကြိုက်ဘူးဆိုရင်လည်း ပြီးတာပါပဲ။

ငါတို့က နောက်မှ မင်းကျန်ရစ်ကြီးဖြစ်ပြီး ခံစားနေရမှာစိုးလို့။ "

"ငါက ဘာကိစ္စ ကျန်ရစ်ဖြစ်ပြီး ခံစားရမှာလဲ။ "

"အေးပါ ... အေးပါ။

အခု သူလည်း မင်းကို မကြိုက်တော့ဘူး ထင်ပါတယ်။ ဘေးမှာတောင် ဘဲကြီးနဲ့။ "

လင်းခက အခုထိကို ရှင်ငြိမ်းတို့ကို လှမ်းကြည့်ပြီး ပြောနေသေး၏။

_____________________

"လူယုတ်မာ... အီးဟီး... ငါနင်နဲ့လမ်းခွဲမယ်။"

ရတီ့၏ ရှိုက်ကြီးတငင် အော်ဟစ်ငိုယိုသံကြောင့် လင်းခ အိပ်ရာမှ လန့်နိုးသွားရကာ မျက်လုံးဖွင့်ဖွင့်ချင်း ကုတင်ဘေးတွင် ငိုယိုကာ ဒေါသတကြီး ရပ်နေသော ရတီ့ကို မြင်လိုက်ရသဖြင့် သူ ချက်ချင်း ထထိုင်လိုက်မိသည်။ မနေ့ညက သူစိတ်ရိုင်းများကို မထိန်းနိုင်ပဲ ဖြစ်သွားတာ။

ဒါပေမယ့် လမ်းခွဲမယ် ဆိုတာကြီးကျ ...

"ရတီ..."

သူမှားတာသိပေမယ့် လမ်းခွဲမယ်ပြောလာတာကြောင့် သူ့အသံက နည်းနည်းမာသွားလျှင် ရတီက သူ့အား စူးစူးရဲရဲကြည့်ကာ ပြန်အော်လာ၏။

"နင်ငါ့ကို လာမအော်နဲ့ စောက်ကောင်ရဲ့... "

သူမ မျက်ဝန်းဝိုင်းဝိုင်းလေးများထဲတွင် မျက်ရည်များ ပြည့်လျှံနေပြီး သူ့ကို နာကြည်းမုန်းတီးစွာ စိုက်ကြည့်နေ၏။

"နင့်မှာ အခုလို အောက်တန်းကျတဲ့ စိတ်ဓာတ်ရှိမှန်းသိရင် ငါနင်နဲ့ လုံးဝ မတွဲခဲ့ဘူးသိလား။"

ရတီ ဒေါသဖြစ်လွန်းလို့ လက်သီးကိုသာ တင်းတင်းဆုပ်ထားမိသည်။ လင်းခကတော့ သူမ စကားလုံးများကြောင့် မျက်နှာပျက်သွားရပြီး အပြစ်ရှိသလို ခေါင်းငုံ့သွားကာ သူမ အနားသို့ တိုးသွားဖို့ ထပ်ကြိုးစားလိုက်၏။

"ရတီ... ငါတောင်းပန်ပါတယ်ဟာ..."

"မတောင်းပန်နဲ့... "

"ငါနင်နဲ့ လုံးဝ ဆက်မတွဲနိုင်ဘူး။ နင်နဲ့ငါ ပြတ်ပြီ။"

ခပ်ပြတ်ပြတ် ထွက်ပေါ်လာသော ရတီ့ စကားကြောင့် လင်းခ မျက်လုံးများ ပြူးကျယ်သွားရသည်။

သူ လွန်သွားခဲ့တာ မှန်သော်လည်း သူမကို ဆုံးရှုံးရမယ်လို့တော့ သူတစ်ခါမှ မတွေးဖူးခဲ့ပေ။

တွေးကို မတွေးရဲတာပါ။

လင်းခ ရတီ့ ပခုံးနှစ်ဖက်ကို အတင်း ဖမ်းဆုပ်လိုက်ကာ ...

"ရတီ နင်အဲ့လိုလုပ်လို့မရဘူးလေ။ နင်နဲ့ငါ အခု လင်မယားဖြစ်နေပြီ။"

လင်းခ စကားကြောင့် ရတီ့ မျက်နှာက ပိုပြီး ဒေါသထွက်သွားကာ သူ့အား ရွံရှာသလို အကြည့်များဖြင့် လင်းခကို မော့ကြည့်လာကာ ...

"အဲ့တာ နင်ယုတ်မာလို့လေ... အောက်တန်းစားကောင်။"

ရတီ အံကိုကြိတ်ကာ လင်းခ ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် အားကုန် တွန်းထုတ်ပစ်လိုက်သည်။ သို့သော် လင်းခ သူမကို အလွတ်မပေးဘဲ ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်ပြီး...

"ငါနင့်ကို ချစ်လို့ပါဟာ... ငါနင့်ကိုပဲ ယူမှာပါ။ ငါတို့... ငါတို့ အခု လက်ထပ်ကြမလား။ သွားမယ် လာ... တရားရုံးမှာ လက်မှတ် သွားထိုးမယ်။"

လင်းခက ကတုန်ကယင်ဖြင့် သူမကို အတင်းဆွဲခေါ်ရန် ပြင်လေသည်။ သို့သော် ရတီက သူ့လက်ကို ရုန်းထွက်ရင်း ခနဲ့တဲ့တဲ့ ပြုံးလိုက်ကာ...

"ငါက ဘာကိစ္စနဲ့ နင့်လိုကောင်နဲ့ လက်ထပ်ရမှာလဲ။"

"ဟ... နင်ငါ့ကို အဲ့လို ဖြတ်လို့မရဘူးနော်။ ငါလုံးဝ လက်မခံဘူး။"

"လွှတ်... ငါ့လက်ကို အခုလွှတ်လိုက် လင်းခ..."

ရတီ အံကြိတ်ကာ ရုန်းနေပေမယ့် လင်းခက သူမကို လွှတ်မပေးဘဲ မျက်ဝန်းရဲရဲများဖြင့် စိုက်ကြည့်နေလျှင် ရတီဒေါသတို့ ပိုထွက်လာရကာ လွတ်နေသော လက်တစ်ဖက်ဖြင့် သူ့ ပါးကို အားကုန် လွှဲရိုက်ချလိုက်တော့သည်။

"ဖြန်း... "

အခန်းတွင်း ကျယ်လောင်သော ပါးရိုက်သံနှင့်အတူ လင်းခ၏ ခေါင်းက တစ်ဖက်သို့ လည်ထွက်သွားလေသည်။ ထိုအခါမှသာ သူမလက်ကို ဆုပ်ကိုင်ထားတဲ့ သူ့လက်က လျော့ကျသွား၏။

"နင် ငါ့ကို ချစ်တယ်ဆိုတဲ့ စကားကို နောက်တစ်ခါ ထပ်မပြောနဲ့ လင်းခ။"

"နင်ချစ်တာ နင့်ကိုယ်နင်ပဲ။ နင်လိုချင်တဲ့ အရာကို ရဖို့အတွက် ငါ့တန်ဖိုးတွေကို နင်းခြေခဲ့တာလေ။ အဲ့ဒါ အချစ်မဟုတ်ဘူး... ရွံစရာကောင်းတဲ့ အတ္တပဲ။"

"..."

ပါးပြင်မှ ပူထူသွားသော နာကျင်မှုထက် ရတီ့ နှုတ်ခမ်းဖျားမှ ထွက်ကျလာသော စကားလုံးများက လင်းခကို ပို၍ နာကျင်စေသည်။

သူ သူမကို တကယ်ဆုံးရှုံးရတော့မှာလား။

လင်းခ ကယောင်ကတမ်း တွေးရင်း ရတီ့ရှေ့တွင် ဒူးထောက်ချလိုက်လေသည်။ ထို့နောက် သူမ ခြေသလုံးလေးများကို လှမ်းဖက်ကာ...

"ရတီ... ငါတောင်းပန်ပါတယ်ဟာ... နော်။ ငါ တကယ် တောင်းပန်ပါတယ်။ နင် ကျေနပ်တဲ့အထိ ငါ့ကို ရိုက်ပါ။ ငါ့ကို သတ်ချင်လည်း သတ်ပါ... ဒါပေမယ့် ငါ့ကို ထားသွားဖို့တော့ မစဉ်းစားပါနဲ့။ ငါ နင်မရှိဘဲ မနေနိုင်လို့ပါ..."

"ဖယ်... ငါ့ကို လာမထိနဲ့။"

ရတီ လင်းခ ပခုံးကို အကြမ်းပတမ်း တွန်းဖယ်လိုက်ပြီး နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်သည်။ ထို့နောက် ကုတင်ဘေးရှိ ခုံပေါ်တွင် တင်ထားသော သူမ အိတ်ကို ကမန်းကတန်း ကောက်ယူလိုက်ပြီး...

"နင့်မျက်နှာကို ငါ ထပ်မမြင်ချင်တော့ဘူး။ "

ပြောပြောဆိုဆိုနှင့် ရတီ သူ့ကို ကျောခိုင်းကာ အခန်းတံခါးဆီသို့ ခပ်သွက်သွက် ပြေးထွက်သွားလေတော့သည်။

"ရတီ... "

လင်းခ ကပျာကယာ ထရပ်ကာ လိုက်ရန် ပြင်လိုက်သော်လည်း သူ့ကို လှည့်ကြည့်တဲ့ သူမအကြည့်တစ်ချက်နှင့်တင် သူ့အားတွေ လျှော့သွားရပြန်သည်။

"အားးးး... စောက်ရူး... ငါ တကယ့် စောက်ရူးပဲ..."

လင်းခ အသံကုန် အော်ဟစ်လိုက်ပြီး နံရံကို လက်သီးဖြင့် အားကုန် ထိုးချပစ်လိုက်သည်။ လက်ဆစ်များ ပေါက်ပြဲကာ သွေးများ စီးကျလာသော်လည်း ရင်ထဲမှ နာကျင်မှုလောက်တော့ မပြင်းထန်နိုင်ခဲ့ပေ။

ဆံပင်ကို ခပ်ကြမ်းကြမ်း ထိုးဖွရင်း ကြမ်းပြင်ပေါ်သို့ ပုံကျသွားရတော့သည်။

_______________

အပိုင်း (၂၈) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၂၆) နောက်အခန်း - အပိုင်း (၂၈) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ