လင်းခ လုပ်ချင်တာလုပ်ပြီး နောက်နေ့မှာတော့ ရတီ့ကို အသည်းအသန်လိုက်ချော့ရတော့သည်။
အဲ့တုန်းက သွေးပူတုန်းမို့ သေချာမစဉ်းစာစခဲ့မိပေမယ့် အခုမှ နောင်တရချင်လာမိ၏။
မနေ့ညက တစ်ညလုံး ဖုန်းဆက်တာလည်း မကိုင်၊ စာပို့တာလည်း seenသာ ပြပြီး စာမပြန်တာကြောင့် လင်းခမှာ တစ်ညလုံး မအိပ်နိုင်ခဲ့ပေ။
ထိုစဉ် အဝေးမှ လျှောက်လာသော ရတီ့ကို လှမ်းမြင်လိုက်ရလေသည်။ တစ်ပြိုင်နက်တည်းမှာပင် သူမကလည်း သူ့ကိုမြင်သွားကာ ချက်ချင်းပဲ သူမခြေလှမ်းတွေက မြန်သွားကာ သူ့ကို မမြင်ချင်ယောင်ဆောင်ပြီး တစ်ဖက်သို့ ကွေ့ရှောင်သွားရန် ပြင်တော့၏။
"ရတီ... ခဏ... ခဏလေးပါ "
လင်းခက အမြန် ပြေးသွားပြီး ရတီ့ ရှေ့ကနေ ပိတ်ရပ်လိုက်လျှင် ရတီက ခြေလှမ်းကို ရပ်တန့်လိုက်ပြီး သူ့ကို မော့ကြည့်လာလေသည်။ သူမ၏ မျက်ဝန်းဝိုင်းဝိုင်းလေးတွေထဲတွင် ဒေါသတွေရိပ်လေးတွေက အထင်းသား ပေါ်လွင်နေ၏။
"ဖယ်... ငါ နင်နဲ့ စကားမပြောချင်ဘူး။"
လူယုတ်မာ... အခွင့်အရေးယူဖို့လောက်ပဲ သိတဲ့ ကောင်ကြီး။
ရတီ စိတ်ထဲမှ တွေးရင်း မျက်နှာကို တစ်ဖက်သို့ လွှဲထားလိုက်သည်။
"ငါတောင်းပန်ပါတယ်ဟာ ... မနေ့က ငါအမှားလုပ်မိသွားတယ်။ ငါစိတ်မထိန်းနိုင်ဖြစ်သွားလို့ပါ... နော်... ငါ့ကို စိတ်ဆိုးပြေပါတော့။ ရတီ အကြိုက်ဆုံး မစ်ရှိတ်လေး ငါဝယ်လာတယ်လေ... နော်။"
လင်းခ ကမန်းကတန်းနှင့် သူ့လက်ထဲမှ မစ်ရှိတ်လေးအား သူမကို လှမ်းပေးလိုက်ပေမယ့် ရတီက မစ်ရှိတ်ခွက်ကို လှမ်းမယူဘဲ လင်းခ မျက်နှာကိုသာ စူးစူးရဲရဲ ပြန်စိုက်ကြည့်လိုက်၏။
"စိတ်မထိန်းနိုင်ဘူး ... အဟက်... အဲ့ဒီ စကားနဲ့တင် အရာအားလုံး ပြီးသွားရောလား ။ နင် ငါ့ကို ဘယ်လိုများ သဘောထားနေလဲ။ ရည်းစားဆိုတာနဲ့ နင် လုပ်ချင်တိုင်း လုပ်လို့ရတဲ့ အရုပ်များ မှတ်နေလား။
ငါ့ကို တန်ဖိုးမထားတာ။
နင့်ကိုယ်ဒိုကိုလိုက်လာတယ်ဆိုပြီး ငါ့ကို ဘယ်လိုအတန်းစားများအောက်မေ့နေလဲ။
ငါတားတာတောင် နင် အတင်းအကြပ် လုပ်ခဲ့တာ "
"မဟုတ်ပါဘူး ရတီရယ်... ငါကနင့်ကို ဘာလို့ တန်ဖိုးမထားရမှာလဲဟ။ မနေ့က ငါတကယ်ကို လွန်သွားမှန်း သိလို့ အခုလို လာတောင်းပန်နေတာလေ။ ငါ့ကို တစ်ခါလောက်ပဲ ခွင့်လွှတ်ပေးပါနော်။ နောက်တစ်ခါ အဲ့လို လုံးဝ... လုံးဝ မဖြစ်စေရဘူးလို့ ငါကတိပေးပါတယ်။"
လင်းခ တတွတ်တွတ်တောင်းပန်ရင်း သူမ လက်ကလေးတစ်ဖက်ကို လှမ်းကိုင်ရန် ကြိုးစားလိုက်သော်လည်း ရတီက ရုတ်တရက် ရှောင်ဖယ်လိုက် လေသည်။
"နင့်စကားတွေ ငါနားမထောင်ချင်တော့ဘူး။
အခု ချက်ချင်း ငါ့ရှေ့က ဖယ်ပေး... ငါ အတန်းသွားတက်ရတော့မယ်။ နောက်ထပ်လည်း ငါ့နောက်ကို လိုက်မလာနဲ့။ လိုက်လာရင် နင်နဲ့ ငါ တကယ် အပြတ်ပဲ။"
ရတီက အံကြိတ်ကာ ပြောလိုက်ပြီး လင်းခကို ပခုံးဖြင့် ခပ်ကြမ်းကြမ်း ဝင်တိုက်ကာ ရှေ့သို့ ဆက်လျှောက်သွားလေတော့သည်။ လင်းခမှာ သူမကို တားရန်ပင် မဝံ့ရဲတော့ဘဲ လက်ထဲက မစ်ရှိတ်ခွက်လေးကို ကိုင်ရင်း ငိုင်ကျန်ခဲ့ရ၏။
_______________
" လင်းခ... မင်းကလည်းကွာ စောက်ရုပ်ကြီးကလည်း ဘာဖြစ်နေတာလဲ။ လောကကြီးနဲ့ အဆက်အသွယ် ပြတ်နေတဲ့ ရုပ်ကြီးနဲ့။ စော်နဲ့ အဆင်မပြေပြန်ဘူးလား။"
ခုံကို မှီထိုင်ရင်း အရှေ့က အအေးခွက်ကို ပိုက်ဖြင့်သာ လှည့်မွှေနေပြီး မျက်နှာက သိသိသာသာကို မှုန်သုန်နေတဲ့ လင်းခပုံစံကို ကြည့်ပြီး ဘုန်းမင်းခန့်က လင်းခပခုံးကို လှမ်းပုတ်ကာ မေးလိုက်၏။
ဘုန်းမင်းခန့် အမေးကြောင့် လင်းခ သက်ပြင်း ချလိုက်ပြီး ခေါင်းကို တဗြင်းဗြင်း ကုတ်ကာ ...
"အေးကွာ... ရတီ ငါ့ကို တအား စိတ်ဆိုးသွားတယ်။ မနေ့က ငါ နည်းနည်း လွန်သွားတာ။ ဒီမနက် သွားချော့တာတောင် အဖက်ကို မလုပ်ဘူးကွာ။"
လင်းခ စကားကြောင့် ဘုန်းမင်းခန့်က သဘောတကျ ရယ်လိုက်ပြီး သူ့ဆံပင်ကို လက်ဖြင့် အသာသပ်တင်ကာ မြှောက်ကြွကြွဖြင့် ဝင်ပြောလေသည်။
"ဟားဟား... မင်းကလည်း ညံ့လိုက်တာကွာ။ မိန်းကလေးတွေကို ဘယ်လို ယုယရမလဲ၊ ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ငါ့ဆီက လာသင်စမ်းပါ။ "
"မင်းကလည်း လေလုံးကို ထွားနေတာပဲ။ "
သန့်ဇင်လင်းက ဘုန်းမင်းခန့်ကို ခပ်ရွဲ့ရွဲ့လေး ပြန်ပက်လိုက်ရင်း အရှေ့က ကော်ဖီခွက်ကို ကောက်ကိုင်ကာ တစ်ငုံ သောက်လိုက်သည်။ ဘုန်းမင်းခန့်ကတော့ ဘာမှမပြောဘဲ ပခုံးတွန့်ပြကာ ကျေနပ်နေပုံရ၏။
ထိုစဉ် သူတို့ဝိုင်းသို့ ကန်တင်းထဲ အခုမှဝင်လာတဲ့ ခေါင်ကြီးက ရောက်လာလေသည်။
"ဟာ ... ဟျောင့်တွေ ... မင်းတို့က ဒီမှာ လာနှပ်နေကြတယ်ပေါ့။ အတန်းမတက်ကြဘူးလား။ "
"မတက်ဘူး ... မင်းကရော။ "
"ငါက အတန်းပြီးလို့ ထွက်ခဲ့တာကွ။
ဒါနဲ့ မင်းတို့ကောင်ကြီးက ဘာဖြစ်နေတာလဲ။ "
ရေနွေးကြမ်းတစ်ခွက်ငှဲ့သောက်ကာ လင်းခအား
မေးငေါ့ပြီး မေးလိုက်၏။
"ဘာဖြစ်ရမှာလဲ ... မယားက စိတ်ကောက်လို့ ဘူနေတာတဲ့။ "
"ဪ ... အေးပါကွာ။ "
"ဟာ ... ရှင်ငြိမ်း ကန်တင်းလာတာလား။ "
"အွန်း "
ခေါင်ကြီး အကြည့်များက ကန်တင်းထဲဝင်လာကြတဲ့ ရှင်ငြိမ်းနှင့် မိုးပွင့်ဖြူဆီသို့ ရောက်သွားကာ လှမ်းနှုတ်ဆက်လိုက်၏။
သူမတို့က တစ်ဖက်ဝိုင်းမှာ ဝင်ထိုင်လိုက်ကြလျှင် သူလည်း နေရာမှ ချက်ချင်း ထ ရပ်ပြီးသားဖြစ်သွားလေသည်။
"ဟေ့ကောင်တွေ... ငါ ဟိုဘက်ဝိုင်း ခဏ သွားလိုက်ဦးမယ်။"
"ဟ... ဘယ်ကိုလဲကွ။"
"ဟိုဘက် ... ဟဲ ဟဲ "
ပြီတီတီမျက်နှာနှင့် ချက်ချင်းထသွားလျှင် သူတို့အားလုံး လှမ်းကြည့်ကာ နှာခေါင်းရှုံ့လိုက်ကြ၏။
ဒီကောင်လည်း ဖွန်ပဲ။
_______________
တစ်နေ့ထက်တစ်နေ့ လှသွေးကြွယ်လာတဲ့ ရှင်ငြိမ်းက တက္ကသိုလ်က ယောက်ျားလေးတွေကြားတွင် တဖြည်းဖြည်းရေပမ်းစားလာလေသည်။
ရ်ုးရိုးယဉ်ယဉ်၊အေးအေးဆေးဆေးနှင့် သူမပုံစံလေးက အမျိုးသားထုကြီးကို လှုပ်ခတ်စေ၏။
"ဟေ့ကောင်တွေ... ဟိုမှာ ရှင်ငြိမ်း လာနေပြီ။ "
ကျောင်းဝသို့ ရှင်ငြိမ်းနှင့် မိုးပွင့်ဖြူဝင်လာသည်နှင့် တပြိုင်နက် ဟိုတစ်စု ဒီတစ်စု နေတေကြတဲ့ ယောက်ျားလေးတွေဆီမှ အသံတွေ ထွက်ကြ၏။
"လုံးဝ ငါ့type လေးပဲ သားကြီးရာ။ "
"ဟေ့ကောင် ... ဒါလေးတော့ ချမ်းသာပေးပါကွာ။"
"မင်းသာ လက်လျှော့လိုက် ဟျောင့်။ "
တစ်ယောက်တစ်ပေါက်နှင့် ထိုစကားသံများကို ရှင်ငြိမ်း ကြားသော်လည်း မကြားချင်ယောင်ဆောင်ကာ ခြေလှမ်းများကိုသာ ခပ်မှန်မှန် လျှောက်နေလိုက်သည်။
ထိုစဉ် အရှေ့မှ ရုတ်တရက် ပိတ်ရပ်လိုက်သော လူရိပ်တစ်ခုကြောင့် ရှင်ငြိမ်း ခြေလှမ်းများကို ရပ်တန့်လိုက်ရသည်။ မော့ကြည့်လိုက်တော့ တတိယနှစ်မှ နာမည်ကြီးသည့် စီနီယာ အကိုကြီး ကိုဇာနည်ပင်။ သူက ရုပ်ချောသလောက် မိန်းကလေးတွေကြားမှာလည်း နာမည်ကြီးသူ တစ်ယောက်ဖြစ်၏။
ကိုဇာနည်က ရှင်ငြိမ်းကို ကြည့်ကာ ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုဖြင့် ပြုံးပြလိုက်ကာ ...
"ညီမလေး ... အတန်းသွားမလို့လား။"
"ဟုတ်ကဲ့... "
"ညီမလေးကို အကိုပြောစရာရှိလို့ပါ။
အဲ့တာ ရှင်ငြိမ်း ခဏလောက် အချိန်ရမလား။ "
"ရှင်ငြိမ်း အတန်းသွားတက်ရတော့မှာပါ။ "
"အာ ... ဟုတ်သားပဲ။
အဲ့ဒါဆို နေ့လည်ဖြစ်ဖြစ် "
"အတန်းပြီးတာနဲ့ ရှင်ငြိမ်း အိမ်က လာကြိုမှာပါ။ "
"ဟင် ... ဟုတ်လား။
အွန်း ... အဲ့ဒါဆို ဘယ်အချိန်များ အားမလဲဟင်။ "
"အမှန်အတိုင်းပြောရရင် ရှင်ငြိမ်းမှာ ဘာလုပ်ဖို့မှ အချိန်ပိုမရှိပါဘူး။ "
"ဟို ... ကိုယ် ..."
ထိုအချိန် သူတို့အနားသို့ ခေါင်ကြီး ရောက်လာကာ ...
"ရှင်ငြိမ်း ... အတန်းချိန် နီးနေပြီလေ... ဘာရပ်လုပ်နေတာလဲ။ ဆရာမ ဝင်တော့မယ် သွားရအောင်။ "
ခေါင်ကြီးက ပြောပြောဆိုဆိုနှင့် ရှင်ငြိမ်း လွယ်အိတ်ကြိုးကို အသာဆွဲကာ အတင်း ခေါ်ထုတ်သွားလေတော့သည်။ ကိုဇာနည်မှာတော့ ရုတ်တရက် ဝင်လာသော ခေါင်ကြီးကြောင့် ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့ကာ ခေါင်ကြီးကိုလည်း မကျေမနပ်ကြည့်လိုက်၏။
သပ်သပ် ဝင်ရှုပ်သွားတာ။
ဒီကောင်လည်း ရှင်ငြိမ်းကို ကြိုက်နေတဲ့ ကောင်ပဲဆိုတာ မြွေမြွေချင်းခြေမြင်ပြီးသားပါ။
သူငယ်ချင်းဆိုပြီး အနားမှာ အမြဲကပ်နေတာ။
______________
"ဟျောင့် ... ခေါင်ကြီး ...ဟိုနေ့က တစ်ယောက်က မင်း ၁၀တန်းတုန်းက ကြိုက်တဲ့ တစ်ယောက်မလား။"
ကန်တင်းတွင် ထိုင်နေကြရင်း လင်းခက ခေါင်ကြီးကို တစ်ချက် စိုက်ကြည့်လိုက်ပြီး စကားစလိုက်လျှင် ခေါင်ကြီးမျက်နှာက ချက်ချင်း ပြုံးဖြီးသွားကာ ခေါင်းကို ဆတ်ခနဲ ညိတ်လိုက်၏။
"အွန်း ... ဟုတ်တယ်လေ။"
ထိုအခါ ဖုန်းပွတ်နေသော ဘုန်းမင်းခန့်က မော့ကြည့်လာပြီး မျက်ခုံးတစ်ဖက်ကို ပင့်ကာ ထပ်မေးလိုက်သည်။
"အခုထိ ကြိုက်နေသေးတာလား။"
"ဟ... ငါက မင်းတို့လို မဟုတ်ဘူးကွ။ တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို ပိတောက်ပဲ။"
ထိုအခါ ဘုန်းမင်းခန့်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ခပ်ရွဲ့ရွဲ့ဖြင့်...
"မစွံရင် မစွံဘူးပေါ့... ဘာလဲ။"
"ဟ... ငါက ရှင်ငြိမ်းကလွဲပြီး ဘယ်မိန်းကလေးမှ စိတ်ထဲမှာ မရှိတာကွ။"
"အဲ့တာလည်း ငြင်းခံရတာပဲမလား... ဟားဟား။"
ထိုစကားကြောင့် အကုန်လုံး ဝိုင်းရယ်လိုက်ကြလျှင် ခေါင်ကြီး မျက်နှာက သိသိသာသာ ပျက်ယွင်းသွားလေသည်။
"ဘယ်တုန်းက အငြင်းခံရလို့လဲ။ ရှင်ငြိမ်းက ငါ့ကို စဉ်းစားပေးနေတာကွ။ အခု အဖြေပေးတော့မှာ။"
မခံချင်လို့ရော သန့်ဇင်လင်း ရှိနေတာကြောင့်ပါ တမင်ပြောလိုက်ခြင်းဖြစ်၏။
ပြောရမယ်ဆို သူ သန့်ဇင်လင်းကို မနာလိုဖြစ်မိပါသည်။
ရှင်ငြိမ်းက အဲ့လိုကောင်ကို သဘောကျတယ်တဲ့။
သူလုံးဝ လက်မခံနိုင်ပါ။
ခေါင်ကြီး စကားကြောင့် ရယ်နေကြသော ဘုန်းမင်းခန့်တို့ ရုတ်တရက် အသံတိတ်သွားကြလေသည်။
"ဟ ... ဟုတ်ရော ဟုတ်လို့လားကွ။"
ရှင်ငြိမ်းက သန့်ဇင်လင်းကို ကြိုက်နေတယ်ဆိုတာ သူတို့အကုန်လုံးသိနေတာပဲမလား။
ဒါမှမဟုတ် အခုမကြိုက်တော့တာများလား။
"ငါက မဟုတ်ဘဲ ပြောပါ့မလား။ သွားတော့မယ်ကွာ။ ရှင်ငြိမ်းတို့နဲ့ ချိန်းထားတယ်။"
ပြောပြောဆိုဆိုနှင့် ခေါင်ကြီး ထိုဝိုင်းမှ ထွက်ခဲ့လိုက်ကာ ရှင်ငြိမ်းဆီက အဖြေမြန်မြန်တောင်းဖို့လည်း ပြင်လိုက်လေသည်။
သို့သော် ခေါင်ကြီး နောက်တစ်ကြိမ်အဖြေတောင်းချိန်မှာတော့ ရှင်ငြိမ်းဆီမှ အပြတ်အငြင်းခံလိုက်ရလေသည်။
အပိုင်း (၂၇) ဆက်ရန် ...(ဇာတ်ကလေ အခုထိ မစသေးပါဘူးနော် ... ၂၀တောင်ကျောပြီ မစသေးဘူးလားလို့ မေးတော့မှာမလား ... ဟီး
အစပျိုးတာလေနော် 🤭
မပျင်းကြပါနဲ့ဉီး ... စ တော့မှာပါနော်။
ဘယ်လို plot တွေ လာမလဲဆိုတာ ဆက်စောင့်ကြည့်ကြပါဦးလို့ 🥹)
Author -Anna Lynn
အခန်းမှတ်ချက်များ (0)