Bububai ဝတ္ထု ခင်ဗျားမသိပါဘူး (You don't know) အခန်းစာရင်း

အပိုင်း (၂၄)

သန့်ဇင်လင်းတို့ တက္ကသိုလ်လျှောက်ချိန်မှာတော့ အမှတ်မီတဲ့ သန့်ဇင်လင်း၊ဘုန်းမင်းခန့်နဲ့ လင်းခတို့ကတော့ စီးပွားရေးမေဂျာလျှောက်လေသည်။

ရတီကလည်း သူ့ကောင်လေးနှင့်အတူ လိုက်လျှောက်၏။

______________

"ဟိုလေ ... ရှင်ငြိမ်း "

"အွန်း "

ဒီနေ့ မိုးပွင့်ဖြူက နောက်ကျနေတာကြောင့် ရှင်ငြိမ်းနှင့် ခေါင်ကြီးတို့ နှစ်ယောက်တည်း ကန်တင်းထိုင်နေကြခြင်းပင်။

ခေါင်ကြီးရဲ့ အကြည့်စူးစူးတွေက ရှင်ငြိမ်းဆီမှာပဲ ရောက်နေတာကြောင့် ရှင်ငြိမ်းမှာ မုန့်စားရင်း အနေရခက်လာရကာမိုးပွင့်ဖြူ မြန်မြန်ရောက်လာဖို့ပဲ

ဆုတောင်းနေမိ၏။

"ရှင်ငြိမ်း ... ငါနင့်ကို ‌ဆယ်တန်းကတည်းက အဖြေတောင်းထားတာလေးလေ ..."

"ဟင် ..."

ရောက်လာပြန်ပြီ ... ဒီအခြေအနေကြီးက ...

ရှင်ငြိမ်း စိတ်ထဲမှာ အကြိမ်ကြိမ် ငိုခြင်းချနေမိတော့သည်။

"အဲ့တာ ငါအကြာကြီးစောင့်ခဲ့ပြီးပြီဆိုတော့ နင်ရော ငါ့ကို အဖြေလေး ။ "

"ဟို ... အဲ့ဒါက ... ငါ ငါတောင်းပန်ပါတယ်။ "

ဟုတ်တယ် ... ဘယ်လိုပဲဖြစ်ဖြစ် ငြင်းလိုက်တော့မယ်။

ပြန်လည်းမချစ်နိုင်ပဲ သူများကို ဆွဲထားတာလည်း

မကောင်းဘူး။

ရှင်ငြိမ်း စိတ်ဆုံးဖြတ်ကာ ပြောမယ်အလုပ် ...

"နင် .. နင်ငါ့ကို ငြင်းတော့ မငြင်းဘူးမလားဟင်"

"ဟင် ..."

မျက်နှာလေးညှိုးကာ ကပြာကယာပြောလာပြန်တော့ ရှင်ငြိမ်း ဆုံးဖြတ်ချက်တွေက အားလျော့သွားရပြန်သည်။

ပစ်ပစ်ခါခါကြီး ပြောပစ်ဖို့ကျတော့လည်း သူက ရှင်ငြိမ်းရဲ့ သူငာ်ချင်းလေ။

"ဟိတ် ... ဘာတွေပြောနေကြတာလဲ။

ငါနောက်ကျသွားတယ် ... အိမ်က ကားပျက်နေလို့။ "

ရှင်ငြိမ်း နောက်ကနေ ဘွားခနဲ ပေါ်လာတဲ့ မိုးပွင့်ဖြူကြောင့် ရှင်ငြိမ်းမှာ ဒုက္ခရောက်နေတဲ့အချိန် မေခလာနတ်သမီးပေါ်လာသလိုပင် ခံစားလိုက်ရ၏။

"အွန်း ... ဟုတ်လား။

ငါတို့လည်း နင့်ကို စောင့်နေတာ။

လာလေ အတန်းထဲသွားကြစို့ ... လာ လာ "

ကပြာကယာနှင့် မိုးပွင့်ဖြူအား လက်ဆွဲခေါ်ကာ ခပ်သုတ်သုတ်ထွက်လာတဲ့ ရှင်ငြိမ်းကြောင့် မိုးပွင့်ဖြူကတော့ ခေါင်ကြီးကိုတစ်လှည့် ရှင်ငြိမ်းကိုတစ်လှည့် နားမလည်နိုင်စွာ ကြည့်နေတော့သည်။

ဘာဖြစ်နေကြတာလဲ။

ဒါက တစ်ခုခုဖြစ်နေတဲ့ အခြေအနေကြီးမလား။

______________

"ဟဲ့ ... ငါတော့ ရင်တွေအရမ်းခုန်နေပြီ။ "

"ဟင် ... ဘာလို့လဲ။ "

မျက်နှာကြီးပြုံးဖြီးကာ ပြောလာတဲ့ မိုးပွင့်ဖြူအား ရှင်ငြိမ်း မေးငေါ့ကာမေးလိုက်သည်။

ဒီနေ့က ရှင်ငြိမ်းတို့ ဒုတိယနှစ်စတက်ရမယ့် ပထမနေ့ဖြစ်ကာ အရင် ပထမနှစ် စတက်တုန်းကလောက်တော့ ရင်ခုန်မနေ။

"ဒီနှစ် first year ဂျူနီယာလေးတွေ လာမှာလေဟာ။

စီနီယာအကိုကြီးတွေကိုပဲ တစ်နှစ်လုံး ငမ်းလာရတာ ရိုးနေပြီ။

ဂျူနီယာမောင်လေးတွေကို ပြောင်းငမ်းရမှာ။

ဘယ်လောက်ရင်ခုန်စရာကောင်းလဲ။ "

မိုးပွင့်ဖြူက သူမ လွယ်အိတ်ကြိုးကို ပြင်လွယ်ရင်း ဘေးဘီဝဲယာမှ ဖြတ်သွားဖြတ်လာ ကျောင်းသားသစ်လေးများကို ကြည့်ကာ ပြောလိုက်လျှင် ရှင်ငြိမ်း ပြုံးရုံသာ ပြုံးလိုက်ပြီး ရင်ခွင်ထဲမှ စာအုပ်လေးများကို သေချာ ပိုက်ထားလိုက်သည်။

"အမယ်လေး မမိုးပွင့်ဖြူ ရှင်လည်းနော်။ "

"ဟဲဟဲ ... ဒါလေးတွေနဲ့ပဲ အပျင်းဖြေနေရတာလေ။

တက္ကသိုလ်ဘဝမှာ စာလုပ်ရင်းနဲ့ပဲ အချိန်တွေ ကုန်သွားရရင် ဘယ်လောက်ပျင်းစရာကောင်းပြီး နှမြောစရာကောင်းလိုက်မလဲ။ "

"အေးပါ ... အေးပါ။

နင်စိတ်ချမ်းသာရင်ပြီးတာပဲ။ "

"ဒါပေါ့ကွယ် "

"အစ်မတို့... ပထမနှစ် အဆောင်က ဘယ်နားမှာလဲဗျ။ လမ်းလေး နည်းနည်းလောက် ပြပေးလို့ ရမလား။"

ထိုစဉ်... သူမတို့ နောက်ကျောဆီမှ ရင်းနှီးနေသော ခပ်သြသြ ယောက်ျားလေး အသံတစ်ခု ထွက်ပေါ်လာခဲ့တာကြောင့် ရှင်ငြိမ်းရော မိုးပွင့်ဖြူပါ ခြေလှမ်းများ ရပ်တန့်သွားကြရသည်။ ဒီအသံ... ဒီလို အသံမျိုးကို သူမ ကောင်းကောင်းကြီး မှတ်မိနေသည်။ ရှင်ငြိမ်း ရင်ထဲတွင် 'ဒိတ်' ခနဲ တစ်ချက် ခုန်သွားပြီး အနောက်သို့ ဖြည်းညင်းစွာ လှည့်ကြည့်လိုက်မိ၏။

"ဟင်... သန့်ဇင်လင်း"

မိုးပွင့်ဖြူထံမှ အံ့သြတကြီး အာမေဍိတ်သံ ထွက်ပေါ်လာလေသည်။

ဟုတ်ပါတယ် ... သူမတို့ ရှေ့တွင် မတ်မတ်ကြီး ရပ်နေသူက တစ်ခြားသူ မဟုတ် ... သန့်ဇင်လင်းပင်။ ရှပ်အင်္ကျီ အဖြူလက်ရှည်ကို တံတောင်ဆစ်အထိ ခေါက်တင်ထားပြီး အနက်ရောင် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားကယ ဆံပင်ကိုလည်း အနောက်သို့ သပ်တင်ထားရာ အရင်တုန်းက ကျောင်းတုန်းကလို ဆိုးပေပေ ကောင်လေး ပုံစံမျိုး မဟုတ်တော့ပဲ တည်ငြိမ်ပြီး ဆွဲဆောင်မှုရှိသော တက္ကသိုလ်ကျောင်းသား တစ်ယောက်အဖြစ် ပြောင်းလဲနေ၏။ သူ့နောက်တွင်တော့ ပြုံးဖြီးဖြီး လုပ်နေသော ဘုန်းမင်းခန့်နှင့် လင်းခ။ ပြီးတော့ ဘေးနားတွင် ရတီလည်း ပါလာသည်။

"နင်... နင်တို့က ဒီကို ဘယ်လိုရောက်လာတာလဲ။"

မိုးပွင့်ဖြူက မျက်လုံးလေး ပြူးကာ မေးလိုက်သည်။

"ဘယ်လိုရောက်လာရမလဲ ... ကျောင်းလာတက်တာပေါ့။ "

ဘုန်းမင်းခန့်က ဝင်ပြီး ပြောလိုက်သည်။

"ဘာ... နင်တို့က စီးပွားရေးတက္ကသိုလ် ရောက်လာတယ် ဟုတ်လား။ ဟယ်... မယုံနိုင်စရာပဲ။ "

"ဟုတ်ကဲ့ ... အခု ကျွန်တော်တို့ကို ပထမနှစ်အဆောင်လေး လမ်းညွှန်လို့ရပြီလားခင်ဗျ။ "

ဘုန်းမင်းခန့်က ခပ်ရွဲ့ရွဲ့ကလေး မေးလိုက်လျှင် မိုးပွင့်ဖြူမှာ ဆုံးအောင်တောင် မအံ့ဩလိုက်ရပဲ ဖြေရလေသည်။

"ဟမ် ... အွန်း အွန်း ... ဒီကနေတည့်တည့်သွားပြီး ‌ကွေ့လိုက် စွယ်တော်ပင်ကြီးရှိတယ် အဲ့အနောက်က အဆောင်ပဲ။ "

"ဪ ... အွန်း ကျေးဇူးပဲ။ "

မေးချင်တာမေးပြီး တစ်ဖွဲ့လုံး လှည့်ထွက်သွားကြကာ ရှင်ငြိမ်းတို့ နှစ်ယောက်သာ နေရာမှာ ရပ်ကျန်ခဲ့ကြလေသည်။

သူ့ကို မတွေ့ရတာကြာတော့ သူမသူ့ကို move on လို့ရသွားပြီလို့ ထင်နေခဲ့ပေမယ့် အခုလို ရုတ်တရတ်တွေ့လိုက်ရပြန်တော့ အချိန်အကြာကြီး ရပ်တန့်နေတဲ့ နှလုံးသားလက်တံလေးက ပြန်လည်လှုပ်ခတ်လာပြန်လေသည်။

"ဟဲ့ ... ရှင်ငြိမ်း ဘာဖြစ်နေတာလဲ။

ငါတို့လည်း ကန်တင်းသွားမယ်လေ။

ငါ ဗိုက်ဆာနေပြီဟ။

မနက်က ဘာမှ မစားခဲ့ရဘူး။ "

"ဟင် ... အင်း ... အင်း "

"ဘာဖြစ်နေတာလဲ ... ဘာလဲ သန့်ဇင်လင်းကို တွေ့လိုက်ရလို့လား။

နင်ပြောတော့ သူ့ကို move on လို့ရသွားပြီဆို "

"အွန်း ... ငါလည်း အဲ့လိုထင်ထားခဲ့တာ။

ဒါပေမယ့် အခုလို ရုတ်တရတ်ကြီး ပြန်တွေ့လိုက်ရတော့။ "

"ဟားဟား ... အချစ်ဦးကို မြေးဦးရတဲ့အထိ မမေ့ဘူးတဲ့ပါဆို နင်ကလည်း ... နင့်အချသ်ဦးကြီးကို အဲ့လောက်မြန်မြန် move on လို့ရပါ့မလားဟဲ့။

ငါအစကတည်းက သိသားပဲ။

ပြောလို့မရဘူးလေ ... သူကလည်း တစ်နေ့ကျ

နင့်အိမ်ဦးနတ်ကြီး ဖြစ်လာနိုင်တာပဲ။ "

"အို ... မိုးပွင့်ဖြူ နင်နော် ... ဘာတွေလျှောက်ပြောနေတာလဲ။ "

"ဟား ဟား ဟား ဟား ... ကောင်မလေးတစ်ယောက် ရှက်သွားပါပြီကွယ်။ "

ပါးဖောင်းဖောင်းကြည်ကြည်လေးက သိသိသာသာလေး ရဲတွတ်လာတာကြောင့် မိုးပွင့်ဖြူက သူမအား ကြည့်ကာ အော်ရယ်တော့သည်။

__________________

ဆောင်းဦးပေါက်စ ဆိုပေမယ့် နေ့လယ်ဘက် နေပူချိန်မို့ ရတီ့ နဖူးပြင်ထက်တွင် ချွေးစေးလေးများ ထွက်နေကာ သူမ လက်ပတ်နာရီကို ကြည့်လိုက် ကန်တင်း အပေါက်ဝကို လှမ်းကြည့်လိုက်ဖြင့် စိတ်မရှည်တော့ပေ။

ချိန်းထားတဲ့ အချိန်ထက် နာရီဝက်တောင် ကျော်နေပြီ။ အခုထိ ပေါ်မလာသေးဘူး။ တွေ့မယ်... ရောက်မှတော့ အသေပဲ။

ရတီ စိတ်ထဲမှ ကြိမ်းဝါးရင်း စားပွဲပေါ်ရှိ တစ်ရှူးစလေးကို အဓိပ္ပာယ်မဲ့ ဆွဲဖြဲနေမိသည်။ ထိုစဉ် ကန်တင်း အပေါက်ဝမှနေ၍ လက်ထဲတွင် Bubble Tea နှစ်ခွက်ကို ကိုင်ကာ အပြေးအလွှား ဝင်လာသော လင်းခကို မြင်လိုက်ရ၏။ လင်းခက သူမကို မြင်သည်နှင့် သွားဖြီးပြကာ ခပ်သုတ်သုတ် လျှောက်လာလေသည်။

"ရတီ... ဆောရီး ဆောရီး။ ငါ နည်းနည်း နောက်ကျသွားတယ်။"

လင်းခ စားပွဲရှေ့တွင် ဝင်ထိုင်ရင်း အမောတကော ပြောလိုက်ပေမယ့် ရတီကတော့ မျက်နှာကို ခပ်တည်တည် လုပ်ထားပြီး မျက်စောင်းခပ်စူးစူးတစ်ချက် ထိုးပစ်လိုက်သည်။

"နည်းနည်း နောက်ကျတာလား ။ နာရီကိုလည်း ကြည့်ဦး... နာရီဝက်တောင် ကျော်နေပြီ။ နင်က ငါ့ကို နေပူထဲမှာ ဒီလိုပဲ ပစ်ထားရက်တယ်ပေါ့လေ။"

ရတီ ပြောပြောဆိုဆိုနှင့် လင်းခ လက်မောင်းကို ဆတ်ကနဲ လှမ်းလိမ်ဆွဲပစ်လိုက်သည်။

"အာ့... အား... နာတယ် ရတီရဲ့! ဖြည်းဖြည်း... အသားတွေ ပြတ်ထွက်ကုန်ပါပြီ မိန်းမရာ"

လင်းခမှာ မျက်နှာကြီး ရှုံ့မဲ့သွားပြီး အသံကျယ်ကြီးဖြင့် အော်လိုက်ရာ ဘေးဝိုင်းများမှ ကျောင်းသားတချို့ပင် လှမ်းကြည့်လာကြလေသည်။ သို့သော် လင်းခကတော့ သူများကြည့်တာကို ရှက်ရကောင်းမှန်း မသိဘဲ ရတီ့ကိုသာ အသနားခံသည့် မျက်လုံးလေးများဖြင့် ကြည့်နေ၏။

ရတီ လူတွေ ကြည့်နေမှန်း သိတော့မှ လက်ကို ချက်ချင်း ပြန်ရုပ်လိုက်ကာ ...

"ဘယ်သူက နင့်မိန်းမလဲ။ အဲ့ပါးစပ်က သရမ်းပြန်ပြီ။ ဘာလို့ နောက်ကျတာလဲ အခု ချက်ချင်း ရှင်းစမ်း။"

"ဒီလိုပါကွာ... ဟိုကောင် သန့်ဇင်လင်းနဲ့ ဘုန်းမင်းခန့်လေ။ အဲ့ကောင်တွေက ကျောင်းသားရေးရာမှာ ကိစ္စလေး ရှိလို့ဆိုပြီး ငါ့ကို အတင်း ဆွဲခေါ်သွားလို့ပါ။ ငါက နင် စောင့်နေရမှာစိုးလို့ ပြန်မယ် လုပ်တာကို မရဘူး... အဲ့ဒါကြောင့်ပါ။"

လင်းခ ရှင်းပြရင်း စားပွဲပေါ် ချထားသော Bubble Tea ခွက်ကို ကောက်ကိုင်ကာ ပိုက်လေး ထိုးထည့်ပေးလိုက်သည်။ ထို့နောက် ရတီ့ ရှေ့သို့ အသာအယာ တိုးပေးရင်း...

"ကဲပါ... ငါ့အမှားပါ။ စိတ်မဆိုးနဲ့တော့နော်။ ရော့... နင် အကြိုက်ဆုံး ချောကလက်အရသာလေး ဝယ်လာတယ်။ အပူပြေသွားအောင် သောက်လိုက်ဦး။"

ရတီက နှုတ်ခမ်းလေး စူထားဆဲ ဖြစ်သော်လည်း လင်းခ ထိုးပေးသော အအေးခွက်ကိုတော့ ယူသောက်လိုက်သည်။ လင်းခကတော့ သူယူလာသော ဖိုင်အဖုံးလေးကို ယူကာ ရတီ့ မျက်နှာနားသို့ ခပ်သွက်သွက်လေး ယပ်ခတ်ပေးလိုက်၏။

ထိုအခါမှ ရတီ့ နှုတ်ခမ်းထောင့်လေးများက အလိုလို ကွေးတက်သွားရသည်။

"ရပြီ... ယပ်ခတ်မနေနဲ့တော့။ လူတွေ ကြည့်နေတယ်။ ဒါနဲ့... နင် ငါ့ကိုလိမ်ပြီး ဘာသံညာသံ ကြားလို့ကတော့ တွေ့မယ်နော်။ ကြည့်ရုံပဲ ဆိုရင်တောင် နင့် မျက်လုံးတွေ ဖောက်ထုတ်ပစ်မယ်။"

ရတီ လက်ညှိုးလေး ထိုးကာ ခပ်ဟောက်ဟောက် အသံဖြင့် သတိပေးလိုက်လျှင် လင်းခက ရယ်ပြီး ရတီ့ လက်ညှိုးလေးကို အသာအယာ ဖမ်းဆုပ်ကာ အောက်သို့ ချပေးလိုက်သည်။

" စိတ်သာချပါ။ ဒီကျောင်းမှာ ဘယ်လောက်ပဲ လှတဲ့သူတွေ ရှိရှိ... ငါ့မျက်လုံးထဲမှာတော့ နင်တစ်ယောက်တည်းကလွဲပြီး ဘယ်သူမှ မရှိပါဘူး။ နင့်လို အနိုင်ကျင့်တတ်တဲ့ မိန်းမဆိုးလေးကိုမှ ငါက ရူးမတတ် ချစ်နေရတာကိုး။"

လင်းခ စကားကြောင့် ရတီ မျက်နှာလေး ရဲတွတ်သွားရသည်။ သို့သော် ဟန်ကိုယ့်ဖို့ လုပ်ကာ...

"အပိုတွေ ပြောမနေနဲ့။ လာ... အတန်းသွားမယ်။"

ရတီ ရှက်ရှက်ဖြင့် နေရာမှ ထလိုက်ကာ လင်းခကလည်း သူမလွယ်အိတ်လေးကို ကောက်လွယ်ပေးရင်း အနောက်မှ ကပ်ပါသွားလေသည်။

ရှက်သွားပြီလေ ... သူသိတာပေါ့။

ဘယ်လိုနေနေချစ်ဖို့ကောင်းနေတော့တာ။

ဒီလိုဟာလေးနဲ့တော့ တစ်သက်လုံး အနိုင်ကျင့်ခံချင်လွန်းလို့။

အပိုင်း (၂၅) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၂၃) နောက်အခန်း - အပိုင်း (၂၅) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ