"ဟျောင့် ... မင်း နေမကောင်းဘူးလား။"
ကျောပြင်ပေါ်သို့ ခပ်ပြင်းပြင်း ကျရောက်လာသော ရိုက်ချက်တစ်ခုနှင့်အတူ ဘုန်းမင်းခန့်က သန့်ဇင်လင်းနံဘေး ဝင်ထိုင်ကာ မေးလိုက်ခြင်း ဖြစ်၏။
ထိုအခါ သန့်ဇင်လင်း သက်ပြင်းတစ်ချက်ချပြီး ဘုန်းမင်းခန့်ကို မျက်မှောင်င်ကြုတ်လျက် ကြည့်လိုက်ကာ...
"ဟ ... ဘာလား။ နေကောင်းလို့ ကျောင်းလာတာ မင်းကန်းနေလား။"
"ငါကန်းမကန်းတော့ မသိဘူး။ မင်းကတော့ ရူးသွားပြီလားလို့။"
"ဟ... ဘလိုင်းကြီး။ "
"မင်းက အဲ့ဒါဆို ဘာလို့ စာတွေ လုပ်နေတာလဲ။"
ဘုန်းမင်းခန့် သန့်ဇင်လင်း ရှေ့တွင် ဖြန့်ထားသော စာအုပ်များနှင့် တွက်လက်စ စာရွက်များကို မေးငေါ့ပြရင်း မေးလိုက်၏။ ခါတိုင်းဆို ဆရာမ သင်နေသည့် အချိန်တောင် အိပ်ရင်အိပ်၊မအိပ်ရင် ဂိမ်းဆော့နေတဲ့ သန့်ဇင်လင်းက အခုလို ဆရာမ မရှိချိန်ကြီးမှာတောင် စာကုန်းလုပ်နေသည်ဆိုတော့ သူတို့အတွက်တော့ ထူးဆန်းနေခြင်းပင်။
သန့်ဇင်လင်း ဘောပင်ကို လက်ချောင်းများကြားတွင် တစ်ချက် လှည့်ကစားလိုက်ပြီး ခပ်တည်တည်ဖြင့် ကြည့်ကာ...
"၁၀ တန်းလေ... ၁၀ တန်း စာလုပ်ရမယ်လေကွာ။ အဲ့ဒါ ဘာဆန်းလို့လဲ။"
သူ့စကားကြောင့် ဘုန်းမင်းခန့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ အနောက်ခုံမှ လှမ်းကြည့်နေသော ဟိန်းမင်းသူပင် အထူးတဆန်းကြည့်နေလေရဲ့။
"အေးပါကွာ... ဆေးမှားသောက်လာတာတော့ မဟုတ်ဘူးမလား။"
ဘုန်းမင်းခန့်က မျက်နှာကို ရှုံ့မဲ့ကာ ထပ်မေးလိုက်တော့ သန့်ဇင်လင်း ရှေ့က ခဲဖျက်ကို ကောက်ကိုင်ပြီး ဘုန်းမင်းခန့်ဆီသို့ လှမ်းပေါက်လိုက်တော့သည်။
"ဒီမအေဘေးကတော့... လီ-းလား။ သွားစမ်းပါကွာ ငါ့ကိုလာမနှောင့်ယှက်နဲ့။"
"ဟား ဟား ဟား ဟား ဟား"
သန့်ဇင်လင်း၏ ဆဲရေးသံနှင့်အတူ ဘုန်းမင်းခန့်က ခေါင်းကို ပုကာ ရှောင်လိုက်ပြီး တစ်ဖွဲ့လုံး အသံထွက်သည်အထိ ဝိုင်းရယ်ကြတော့သည်။ သန့်ဇင်လင်းကတော့ သူတို့ကို ဂရုမစိုက်တော့ဘဲ ခေါင်းပြန်ငုံ့ကာ စာအုပ်ထဲသို့သာ အာရုံပြန်သွင်းလိုက်၏။
အစပိုင်းရက်များတွင်တော့ သန့်ဇင်လင်း တစ်ယောက်တည်း ထိုသို့ စာလုပ်နေသည်ကို ဘုန်းမင်းခန့်တို့က စနောက်နေခဲ့ကြသေးပေမယ့် နောက်တော့ တစ်ယောက်က စာလုပ်တော့ ကျန်တဲ့သူတွေပါ စာလိုက်လုပ်ကြတော့သည်။
အရင်နှစ်တွေက စာမလုပ်ပဲ အခုမှ စလုပ်ကြတော့ အခြေခံမပါပဲ အခက်အခဲဖြစ်ကြ၏။
သို့သော် ဉာဏ်တွေက ကောင်းကြတော့ တဖြည်းဖြည်းနှင့် အဆင်ပြေလာကြလေသည်။
အကုန်လုံးတော့ မဟုတ်ပေမယ့်ပေါ့။
ထိုကြိုးစားမှုရလဒ်တွေက စာမေးပွဲဖြေချိန်မှာတော့ သိသိသာသာ အသုံးဝင်ခဲ့လေသည်။
သူတို့နှစ်မှာ ရှင်ငြိမ်းတို့နှစ်ကလောက် မေးခွန်းက
မကြပ်သလို သူတို့ကလည်း စာလုပ်ထားတာကြာင့် အောင်အောင်မြင်မြင်ဖြေဆိုနိုင်ခဲ့ကြ၏။
________________
အချိန်တွေက တစ်ရက်ပြီး တစ်ရက် တစ်လပြီး တစ်လ တဖြည်းဖြည်း ကုန်ဆုံးလာခဲ့ရာ ရှင်ငြိမ်းတို့ တက္ကသိုလ် ပထမနှစ် စတင် တက်ရောက်ရမည့် အချိန်သို့ပင် ရောက်ရှိလာခဲ့၏။
ပထမဆုံး ကျောင်းစဖွင့်တဲ့နေ့ဖြစ်ရာ လှပသော တက္ကသိုလ်ကြီးနှင့်လိုက်ဖက်စွာ ကျောင်းသား၊ကျောင်းသူလေးတွေလည်း စည်ကားသိုက်မြိုက်နေကြ၏။ ရှင်ငြိမ်းကတော့ ပထမဆုံးနေ့လေးမှာ ပန်းနုရောင် ရင်ဖုံးအင်္ကျီလေးနှင့် ချည်ပိုးထဘီလေးကိုပဲ ရိုးရိုးယဉ်ယဉ် သပ်သပ်ရပ်ရပ်ကလေး ဝတ်ဆင်ထားပြီး ခပ်နုနု မိတ်ကပ်ပါးပါးလေး လိမ်းထားတာကြောင့် အရင်ကထက် ပိုမို ရင့်ကျက်ပြီး လှသွေးကြွယ်နေ၏။
ညိုညက်ညက်အသားအရေလေးကလည်း ဖြူအုနေတာတော့ မဟုတ်ပေမယ့် ကြည်ကြည်လေးနှင့် အလှကြီးလှနေတော့သည်။
"ရှင်ငြိမ်း... ဒီဘက်က လာ။ ငါတို့ မေဂျာအဆောင်က ဟိုဘက်မှာ။"
မိုးပွင့်ဖြူက ရှင်ငြိမ်း လက်ကို ဆွဲကာ ခပ်သွက်သွက် လျှောက်ရင်း ပြောလိုက်သည်။
မိုးပွင့်ဖြူကတော့ တက္ကသိုလ်ရောက်သည်နှင့် ဆံပင်ကို ရွှေအိုရောင်လေး ဆိုးထားကာ အပြင်အဆင်က အစ သိသိသာသာ ပြောင်းလဲနေပြီ ဖြစ်၏။
"အေးပါဟ... ဖြည်းဖြည်း လျှောက်ပါ။ ငါ မောလာပြီ။"
ကျောင်းကန်တင်း ဘက်သို့ ရောက်သောအခါ သူတို့ နှစ်ယောက် နေရာလွတ်တစ်ခု ရှာပြီး ဝင်ထိုင်လိုက်ကြ၏။
"ဟူး... တက္ကသိုလ် ဆိုတာ အထက်တန်းကျောင်းနဲ့ တကယ့်ကို တစ်ခြားစီပဲနော် ရှင်ငြိမ်း။ ငါတော့ ရင်တွေခုန်နေပြီ "
မိုးပွင့်ဖြူက အအေးပိုက်ကို စုပ်ရင်း ပြောလာလျှင် ရှင်ငြိမ်း ခေါင်းလေး ညိတ်ပြလိုက်ပြီး...
"အင်း... ဒါပေမယ့် ငါကတော့ အထက်တန်းကျောင်းလေးကို ပိုလွမ်းတယ်။ အဲ့ဒီတုန်းက အချိန်တွေက ပိုပြီး ရိုးရှင်းတယ်လို့ ခံစားရတယ်။ အခုက လူတွေ အများကြီးကြားထဲမှာ ငါ တစ်ယောက်တည်း မျက်စိလည်နေသလိုပဲ။"
"အမယ်လေး... နင့်မှာ ငါ ရှိတယ်လေဟာ။
ဒါနဲ့ ဖြူစင်နဲ့ ချိုသဲရော ဘယ်လိုလဲမသိဘူး။
ညကျမှ ငါတို့ gp video call ပြောရအောင်။ "
"အွန်း အွန်း "
"ဟဲ့ ... စားပြီးရင်လည်း သွားကြစို့ ... တော်ကြာ ပထမဆုံးနေ့မှာတင် အတန်းနောက်ကျနေလိမ့်မယ်။ "
"အေးအေး "
ကန်တင်းကထွက်ပြီး စကားတပြောပြောနှင့် သူမတို့အခန်းဘက်သို့လျှောက်လာစဉ်...
"ဟယ်... ရှင်ငြိမ်း ဟိုရှေ့က ခေါင်ကြီး မဟုတ်ဘူးလား။"
မိုးပွင့်ဖြူက လက်ညှိုးလေးထိုးကာ အံ့သြတကြီး ပြောလိုက်လျှင် ရှင်ငြိမ်းလည်း မျက်တောင်လေး ပုတ်ခတ်ကာ သေချာ ကြည့်လိုက်မိသည်။ ထိုအချိန်သူမတို့ကို ကျောပေးထားသည့် သူကလည်း အနောက်သို့ ရုတ်တရက် လှည့်ကြည့်လာရာ တိုက်တိုက်ဆိုင်ဆိုင်ပင် အကြည့်ချင်း ဆုံသွားကြ၏။
"ဟင်... ရှင်ငြိမ်းတို့ပါလား။"
ခေါင်ကြီး မျက်နှာပေါ်တွင် အံ့ဩဝမ်းသာသွားသော အပြုံးကြီး တစ်ခုက ချက်ချင်း ပေါ်လာပြီး သူတို့ဆီသို့ ခပ်သွက်သွက် လျှောက်လာလေသည်။ ရှပ်အင်္ကျီ အကွက်လေးနှင့် ကွက်စိပ်ပုဆိုးကို ဝတ်ဆင်ထားသော ခေါင်ကြီးက အရင်ကထက် ပိုကြည့်ကောင်းနေသလိုပင်။ အရပ်ကလည်း ပိုရှည်လာသယောင်။
"ဟယ် ... ခေါင်ကြီး နင်လည်း ငါတို့နဲ့ အတူတူပဲလား။"
မိုးပွင့်ဖြူ အံ့သြတကြီးဖြင့် မေးလိုက်၏။
သူလည်း စီးပွားရေးတက္ကသိုလ်ကို ရောက်နေလိမ့်မည်လို့ မထင်ထားခဲ့မိပေ။
"အွန်း ဟုတ်တယ် နင်တို့နဲ့ တက္ကသိုလ်အတူတူတက်ချင်လို့လေ။"
ခေါင်ကြီးက ရှင်ငြိမ်းကို တစ်ချက် မဝံ့မရဲ လှမ်းကြည့်ရင်း ပြုံးကာ ဖြေလိုက်သည်။
ထိုအခါ မိုးပွင့်ဖြူက နှုတ်ခမ်းလေးကို မသိမသာ မဲ့ကာ...
"အမယ်လေး ငါတို့နဲ့ဟုတ်လို့လားဟယ်။ ရှင်ငြိမ်းနဲ့ တူချင်တာမဟုတ်ဘူးလား။"
မျက်စောင်းလေးထိုးကာ အပီအပြင် နောက်လိုက်လျှင် ခေါင်ကြီးမှာ ရှက်ကိုးရှက်ကန်းဖြင့် ဂုတ်လေးကို ကုတ်ကာ 'ဟဲဟဲ' ဟု သာ ရယ်နေလေတော့သည်။ သူက ငြင်းလည်း မငြင်းသလို ဝန်လည်း မခံပေ။
သို့သော် ရှင်ငြိမ်းကတော့ မိုးပွင့်ဖြူကို မျက်စောင်းလေး ခပ်စူးစူး တစ်ချက် ထိုးပေးလိုက်၏။
လူကို အနေခက်အောင် သက်သက် လုပ်နေတော့တာပဲ။
ခေါင်ကြီးက ရှင်ငြိမ်းကို ဆယ်တန်းကတည်းက ပရိုပို့သ်လုပ်ထားရာ အခုလို တက္ကသိုလ်မှာပါ ပြန်ဆုံသည် ဆိုတော့ သူမအတွက် အနည်းငယ်တော့ အနေရခက်စေသည်။ ရှင်ငြိမ်း သူ့ကို သူငယ်ချင်း တစ်ယောက်ထက် ပိုလို့မရပါ။
"အခန်း ရှာနေတာလား ခေါင်ကြီး။ လာလေ... ငါတို့အခန်းမှာရော ပါမလား သွားကြည့်ရအောင်။ "
"အေး အေး "
ရှင်ငြိမ်းတို့ တက်ရမည့် အခန်းရောက်တော့ ခေါင်ကြီူကလည်း ရှင်ငြိမ်းတို့နှင့် အခန်းအတူတူဖြစ်နေလေသည်။
ခေါင်ကြီးရော မိုးပွင့်ဖြူရောက ဝမ်းသာနေကြပေမယ့် ဝမ်းမသာနိုင်သူကတော့ ရှင်ငြိမ်းပင်။
_______________
သန့်ဇင်လင်းတို့ရဲ့ အောင်စာရင်းထွက်မယ့်နေ့မှာတော့ ရှင်ငြိမ်းမှာ တစ်ညလုံး အိပ်လို့ပင်မရ။
သူကတော့ ဘယ်လိုနေမလဲ မသိပေမယ့် ရှင်ငြိမ်းမှာတော့ သူမတို့ အောင်စာရင်း ထွက်ခဲ့တုန်းက အချိန်ထက် ပိုပြီး ရင်ခုန်ရလေသည်။
ရှင်ငြိမ်းတို့တုန်းကကျ ကိုယ်ဖြေခဲ့တာ ကိုယ်သိတာကြောင့် အဲ့လောက်ထိ စိတ်မလှုပ်ရှားခဲ့ရ။
အခုတော့ အောင်စာရင်းမထွက်မချင်း သူစာမေးပွဲအောင်ဖို့ တတွတ်တွတ် ဆုတောင်းနေမိလေသည်။
သူစာတော့ လုပ်ထားတာပဲ။
သူ့ခုံနံပါတ်ကိုတော့ သူတို့အခန်းထဲက ကောင်မလေးတစ်ယောက်က ပြောပြထားတာကြောင့် ရှင်ငြိမ်းမှတ်ထားပါသည်။
တစ်ညလုံး မအိပ်နိုင်ပဲ ရင်တွေခုန်မိရင်း တကယ် အောင်စာရင်းထွက်လာချိန်မှာတော့ ရှင်ငြိမ်း ထခုန်မတက် ဝမ်းသာသွားရ၏။
ဂုဏ်ထူးနှစ်ဘာသာတဲ့ ... ရိုးရိုးအောင်တာတောင်မဟုတ်ပဲ ဂုဏ်ထူးတောင်ပါသေးတယ်တဲ့။
အပျော်လုံးတွေဆို့လာရပြီး သူ့ရဲ့ အောင်စာရင်းလေးအား screen shot ရိုက်ကာ ရှင်ငြိမ်းတို့ မိန်းကလေးသူငယ်ချင်းတွေ စုဖွဲ့ထားတဲ့ group chat ထဲသို့ ပို့လိုက်၏။
💬 ဟဲ့ ... ငါ့အသန့်လေး အောင်တယ်။
ဂုဏ်ထူး နှစ်ဘာသာတောင် ပါသေးတယ်ဟဲ့။ 💬
💬ဟယ် ... တကယ်ကြီးလား။ ယုံတောင် မယုံနိုင်ဘူး ။💬
💬ဟုတ်ပါ့ဟယ် ... ဒေါ်ရှင်ငြိမ်း ရှင်အရမ်းပျော်နေတယ်ပေါ့ 💬
💬ဟီး💬
ရှင်ငြိမ်းက အောင်စာရင်း ကြည့်ကြည့်ပြီးချင် မနက်၄နာရီကြီး ပို့လိုက်တာဆိုပေမယ့် သူတို့ကလည်း အိပ်ပဲမအိပ်သေးတာလား၊ ဒါမှမဟုတ် ရှင်ငြိမ်းလို အောင်စာရင်း စောင့်ပြီးကြည့်နေကြတာလားတော့မသိ ချက်ချင်း စာပြန်လာကြလေသည်။
💬သူတို့ ဘယ်မေဂျာလျှောက်ကြမလဲမသိဘူးနော်💬
ရှင်ငြိမ်း စာတစ်စောင်ထပ်ပို့လိုက်၏။
💬အွန်း ... မသိဘူးလေ။
ဟဲ့ ... ဖြူစင် နင့်ရဲ့ ဟိန်းမင်းသူကြီးက ကျတယ်နော်။ "
ချိုသဲက စာပြန်ပို့လျှင် ဖြူစင့်ဆီမှ ပြန်စာက ချက်ချင်းရောက်လာလေသည်။
"💬ဘာ ... ငါ့ဟိန်းမင်းသူလဲ။
သူ့ဟာသူ စာမကြိုးစားလို့ကျတာ ငါကဘာလုပ်ရမှာလဲ။ 💬
"💬နင်ကလည်း သူ့သူငယ်ချင်းတွေအောင်ပြီး သူက ကျခဲ့တော့ သူလည်းဝမ်းနည်းနေမှာပေါ့။
နှစ်သိမ့်ပေးလိုက်ပါဦးဟာ။ "💬
"💬နင်သနားရင် နင့်ဟာနင် သွားနှစ်သိမ့်ပါလားဟဲ့💬
ရှင်ငြိမ်းက စာစပို့လိုက်ပေမယ့် ချိုသဲနှင့် ဖြူစင်တို့ရဲ့ အငြင်းအခုံနှင့် အဆုံးသတ်သွားကာ ရှင်ငြိမ်းကတော့ အောင်စာရင်းလေးကိုသာ ထပ်ခါထပ်ခါ ကြည့်ပြီး ပျော်နေမိတော့သည်။
ရှင်ငြိမ်းတောင် ဒီလောက်ပျော်တာ သူဆိုရင်ရော ဘယ်လောက်တောင် ပျော်နေလိုက်မလဲ။
____________________
အပိုင်း (၂၄) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)