Bububai ဝတ္ထု ခင်ဗျားမသိပါဘူး (You don't know) အခန်းစာရင်း

အပိုင်း (၈)

"ဟေး... ဘာတွေလုပ်နေတာလဲ။"

ဟိန်းမင်းသူ ခါတိုင်းလိုပင် စပ်ဖြီးဖြီးဖြင့် ဖြူစင့်ခုံရှေ့သို့ ရောက်လာလျှင် ဖြူစင် စကားပြောနေရင်းမှ လှည့်ကြည့်ကာ မျက်စောင်းတစ်ချက် ထိုးပစ်လိုက်သည်။

"နင် တစ်နေ့တစ်နေ့ ငါတို့အခန်းကို မလာရရင် ထမင်းမစားနိုင်ဘူးလား ... ဘာလာလုပ်ပြန်တာလဲ။"

ဖြူစင် အမြင်ကပ်ကပ်နှင့် ရန်တွေ့သလို ပြောလိုက်သော်လည်း ဟိန်းမင်းသူကတော့ ခေါင်းလေးတညိတ်ညိတ်ဖြင့် ရယ်နေလေသည်။ ထို့နောက် သူ ဖြူစင့်ကို ဆက်မစတော့ဘဲ ဖြူစင့်ဘေးတွင် ထိုင်နေသော ရှင်ငြိမ်းဘက်သို့ ရုတ်တရက် ကိုယ်ကို လှည့်လိုက်ကာ ...

"သန့်ဇင်လင်းကို ကြိုက်တာ အစ်မ မလား။"

"ဟင် ..."

ဟိန်းမင်းသူ စကားကြောင့် ရှင်ငြိမ်း လက်ထဲ ကိုင်ထားသော ဘောပင်လေးမှာ စာရေးခုံပေါ်သို့ လွတ်ကျသွားကာ မျက်လုံးများ ပြူးကျယ်သွားရသည်။ ဘေးမှ ဖြူစင်နှင့် ချိုသဲဖြူတို့လည်း ရုတ်တရက် ကြောင်သွားကြ၏။

ရှင်ငြိမ်း မျက်နှာလေးမှာ ချက်ချင်းဆိုသလို နီရဲလာပြီး ဘာပြန်ပြောရမှန်း မသိအောင် ပြာယာခတ်သွားရတော့သည်။

"မဟုတ် ... မဟုတ်ပါဘူး။"

ရှင်ငြိမ်း ကမန်းကတန်း ခေါင်းကို တွင်တွင်ရမ်းကာ ငြင်းလိုက်၏။

"အဟွန်း "

ဟိန်းမင်းသူ ရှင်ငြိမ်းရဲ့ ပြာယာခတ်နေသော ပုံစံကို ကြည့်ပြီး သဘောကျစွာ ပြုံးလိုက်သည်။ သူ ထင်သည့်အတိုင်း ကွက်တိပင်။

"ငြင်းမနေပါနဲ့ ... ကျွန်တော်သိပါတယ်။"

ထို့နောက် မျက်ခုံးတစ်ဖက်ကို ပင့်ပြလိုက်ကာ...

"ဘယ်လိုလဲ... ပြောပေးရမလား။"

"ဟင် ... ဟင့်အင်း မပြော မပြောနဲ့နော်။ လုံးဝ မပြောပါနဲ့နော်။"

"ဘာလို့လဲ။"

"ဟင့်အင်း ... မပြောပါနဲ့နော်။ တောင်းပန်ပါတယ်။ တကယ် မပြောပါနဲ့နော်။"

ရှင်ငြိမ်းက ခေါင်းကို ဆက်တိုက် ရမ်းရင်း မျက်ရည်ပင် ဝဲချင်လာရသည်။

ဒီအတိုင်း တိတ်တိတ်လေးပဲ သဘောကျနေချင်ပါသည်။

ဖွင့်ပြောပြီးမှ အငြင်းခံရမည့် အဖြစ်မျိုးကို သူမ လုံးဝ အဖြစ်မခံနိုင်ပေ။

"ငါတို့ ရှင်ငြိမ်းက အုံပုံးအချစ်လေးဟေ့..."

ချိုသဲဖြူ ရှင်ငြိမ်း ပခုံးလေးကို ဖက်ကာ ရယ်ကျဲကျဲဖြင့် လှမ်းစလိုက်လျှင် ဖြူစင်ကလည်း ခေါင်းညိတ်ပြရင်း...

"ဟုတ်တယ် ... နင် သွားမပြောနဲ့နော်။ "

"အင်းပါ "

"ဒါပေမယ့် ... ငသန့်ကြီးက စော်ကြည်တယ်နော်။

အစ်မ ကျန်ရစ်ဖြစ်ခဲ့ဦးမယ်။ "

ဟိန်းမင်းသူက စသလိုနောက်သလိုနှင့် ဆက်ပြောနေလျှင် ရှင်ငြိမ်း ဘာမှပြန်မပြောပဲ ငြိမ်နေလိုက်တော့သည်။

_______________

"ဟေ့ကောင်တွေ... ဒီဘက်မှာ လာခဲ့။"

သက်ပိုင်ကျော် အခန်းထောင့်ကနေ လှမ်းခေါ်လိုက်လျှင် သန့်ဇင်လင်းတို့အဖွဲ့က အရှေ့ကနေ အနောက်ကို ရောက်သွားကြလေသည်။

"ရော့... မင်းတို့ကောင်တွေလာတာ ကွက်တိပဲ ငါ အခုမှ မီးညှိမလို့။"

သက်ပိုင်ကျော် သူ့လွယ်အိတ်ထဲမှ စီးကရက်ဗူးကို ထုတ်ကာ သန့်ဇင်လင်းတို့ကို ကမ်းပေးလိုက်သည်။

"ချကွာ... "

ဘုန်းမင်းခန့် စီးကရက်တစ်လိပ်ကို နှိုက်ယူကာ ပါးစပ်တွင် ကိုက်ရင်း ပြောလိုက်ပြီး ကျန်တဲ့သူတွေလည်း တစ်လိပ်စီ ယူလိုက်ကြသည်။

ရှင်ငြိမ်းတို့ မိန်းကလေးတွေကတော့ သူတို့ကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်ကြ၏။

ကြည့်ပါဦး ... ကျောင်းသားတွေဖြစ်ပြီး ဆေးလိပ်တွေသောက်နေလိုက်ကြတာများ။

တကယ့် ဝါရင့် ဆေးလိပ်သမားတွေလိုပင်။

ရှင်ငြိမ်းတို့အခန်းက လူနည်းပြီး ဆရာမကို ပြန်တိုင်မယ့်သူလည်း ဘယ်သူမှမရှိတာကြောင့် သူတို့ စတည်းချနေကြတာ ကြာပြီဖြစ်၏။

အခန်းထဲဟာတွေနဲ့လည်း ဘက်ရနေကြတာကြောင့်

ရှင်ငြိမ်းတို့အခန်းမှာပဲ အမြဲ ဆေးလိပ်လာသောက်နေကြလေသည်။

"ဟေ့ကောင် ခေါင်ကြီး... ရော့ တစ်လိပ်လောက် ဖွာမလား။"

သက်ပိုင်ကျော် ခေါင်ကြီးကိုပါ စီးကရက်ဗူး လှမ်းကမ်းပေးလိုက်လျှင် ခေါင်ကြီးက သူကမ်းပေးသော စီးကရက်ဗူးကို ကြည့်ကာ ခေါင်းကို ရမ်းပြလိုက်လေသည်။

"မသောက်ဘူး ဟျောင့် ... ငါက လူလိမ္မာလေး

မင်းတို့လို ပျက်စီးနေကြတဲ့ ကောင်တွေမဟုတ်ဘူး။ "

"သူတောင်းစား "

"တော်ရုံလောက်လုပ်ကြ။

ဆရာမ သိရင် ငါပါအပြောခံရမှာ။ "

သူငယ်ချင်းတွေလည်း ဖြစ်သလို ပြဿနာလည်း မဖြစ်ချင်လို့ မျက်နှာလွှဲပေးထားတာပင်။

ဆရာမတွေကလည်း မသိလို့မဟုတ်ပဲ လက်ပူးလက်ကြပ်မတွေ့လို့သာ ငြိမ်နေကြခြင်းဖြစ်၏။

"အေးပါကွာ... မင်းကလည်း "

"အဟွတ်... အဟွတ်..."

လူအများကြီး ဝိုင်းသောက်နေကြတာကြောင့် ဆေးလိပ်နံ့တွေက တစ်ခန်းလုံး မွှန်ထူလာကာ

ချိုသဲဖြူ နှာခေါင်းကို လက်ဝါးဖြင့် ကာလိုက်ရ၏။

"ဟဲ့... ဆေးလိပ်နံ့တွေလည်း မွှန်ထူနေတာပဲ။

သူများအခန်းကို စည်းမရှိ ကမ်းမရှိ လာဖျက်စီး နေကြတာ။ "

ဖြူစင် အခန်းထောင့်သို့ မျက်စောင်းထိုးကာ ပြောလိုက်လျှင် ယွန်းမီမီလင်းကပါ နှုတ်ခမ်းမဲ့လိုက်ပြီး ...

"ငါတို့ အခန်းထဲက ကောင်တွေကကို သူတို့ပထွေးတွေကို ဖိတ်ခေါ်နေတာကို။

မြှောက်ကြွ မြှောက်ကြွနဲ့ တစ်ကောင်မှကို ကြည့်လို့မရဘူး။ "

"တိုးတိုးပြောပါဟယ် ... ကြားသွားရင် ပြဿနာရှာနေပါဦးမယ်။"

"အို ... မဟုတ်တာ ပြောတာမှ မဟုတ်တာ။ "

"အေးပါ ... ပြောနေ။

ဟိုက ဖြဲခြောက်ရင် ကြောက်လိုက်တာဖြင့် သူ့အပြင် နှစ်ယောက်မရှိဘူး။ "

"အဲ့ဒါကတော့ သူတို့လိုကောင်တွေ ဖက်မဖြစ်ချင်လို့ပါ။ "

"အေးပါ ... အေးပါ။ "

____________

နေ့လည်ထမင်းစားချိန်ဖြစ်တာကြောင့် ကျောင်းအနောက်ဘက်ရှိ စာကြည့်တိုက်အဟောင်းဆောင်၏ အနောက်ခုံတန်းတွေဘက်တွင် အတွဲတွေ တန်းစီနေလေ၏။

ဒီနေရာက ဆရာမတွေလည်း သိပ်မလာသလို ခုံတန်းတွေလည်း ရှိတာကြောင့် ကျောင်းက အတွဲတိုင်းလိုလို ရောက်နေကြသည်။

ထိုအထဲတွင် လင်းခနဲ့ ရတီတို့အတွဲလည်းပါကာ

လင်းခက ခုံတန်းကို ကျောမှီကာ ခြေထောက်တစ်ဖက်ကို ဆန့်ထားပြီး ကျန်တစ်ဖက်ကို ဒူးထောင်ထား၏။ သူ့ဘေးတွင်တော့ ရတီက ထမင်းဘူးကို သိမ်းနေကယ လင်းခ အကြည့်များက ရတီ့ မျက်နှာလေးဆီမှ တစ်စက်မျှ မခွာပဲ ကြည့်နေလေရဲ့။

"ရတီ..."

လင်းခ လေသံတိုးတိုးလေးဖြင့် ခေါ်လိုက်ရင်း ရတီ့ကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းပစ်လိုက်သည်။

"အို... လင်းခ ... လွှတ်... ဟိုဘက်မှာ လူတွေ ရှိတယ်လေ။"

ရတီ အလန့်တကြားလေး ရေရွတ်ရင်း လင်းခ ရင်ဘတ်ကို လက်ဖဝါးလေးဖြင့် အသာတွန်းကာ ရုန်းလိုက်သည်။ သို့သော် လင်းခက သူမ ခါးသိမ်သိမ်လေးကို လွှတ်မပေးပဲ သိုင်းဖက်ထား၏။

"လူတွေ ရှိတော့ ဘာဖြစ်လဲကွာ။ သူတို့လည်း သူတို့ဟာ သူတို့ လုပ်နေကြတာပဲ။ ကိုယ့်ရည်းစားလေးကို ကိုယ်ဖက်တာ ဘယ်သူ့ ဂရုစိုက်စရာ လိုလို့လဲ။"

လင်းခ ခပ်ဂျစ်ဂျစ် လေသံဖြင့် ပြောရင်း သူမ ဆံပင်နုနုလေးများကို သူ့မေးဖျားဖြင့် ခပ်ဖွဖွ ပွတ်တိုက်လိုက်၏။ သူ့ရင်ခွင်ကျယ်ကြီးထဲတွင် ရတီ့မှာ ‌သေးသေးလေးဖြစ်သွားသလို ခံစားလိုက်ရပြီး သူ့ ကိုယ်ငွေ့နွေးနွေးနှင့် ရောယှက်နေသော ရေမွှေးနံ့သင်းသင်းလေးက ရတီ့ကို ရင်ခုန်အောင် ဖန်တီးနေပြန်သည်။

"နင်ကတော့လေ... တကယ့် လူဆိုးကောင်ပဲ။"

ရတီက နှုတ်ခမ်းလေးကို ဆူကာ ပြောလိုက်သော်လည်း ခေါင်းလေးကိုတော့ သူ့ပခုံးပေါ်သို့ အသာ မှီချလိုက်မိလေသည်။

လင်းခ ပြုံးလိုက်မိပြီး သူမ လက်ချောင်း သွယ်သွယ်လေးများကို သူ့လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ လက်မဖြင့် ခပ်ဖွဖွ ပွတ်သပ်ပေးလိုက်သည်။

"လူဆိုးကောင် ဖြစ်နေလည်း နင့်ကိုတော့ အချစ်ဆုံးပဲမလား..."

"တော်ကီ‌တွေကြွယ်နေနော် ... အဲ့တော်ကီတွေနဲ့ ဘယ်နှယောက်လောက်လိုက်ချွေနေတာလဲ။ "

"ဟာ... ဘယ်သူ့ကိုချွေရမှာလဲ။

ငါ့မှာ နင် တစ်ယောက်ပဲ ရှိတာကို။

နင်မှမဟုတ်ရင် I don't like ပဲ။ "

လင်းခ ပြောရင်းဆိုရင်း ရတီ့ မျက်နှာလေးနားသို့ တဖြည်းဖြည်း တိုးကပ်လာကာ သူ့ အကြည့်များက ရတီ့ မျက်ဝန်းများမှတစ်ဆင့် အောက်ဘက်သို့ ရွေ့ဆင်းသွားပြီး ပန်းနုရောင် သမ်းနေသော သူမ နှုတ်ခမ်းဖူးဖူးလေးများဆီတွင် ရပ်တန့်သွားလျှင်

ရတီ ဒိန်းခနဲ ရင်တွေ ခုန်သွားရပြီး အလိုလိုနေရင်း အသက်ရှူရတာပင် ခက်ခဲလာသလို ခံစားလိုက်ရသည်။

လင်းခ မျက်နှာက သူမအနားသို့ တဖြည်းဖြည်းတိုးကပ်လာလျှင် ရတီ မျက်လွှာလေးကို အသာအယာ ချထားလိုက်မိ၏။

လင်းခ ရတီ့ မေးဖျားလေးကို ခပ်ဖွဖွ ပင့်တင်လိုက်ပြီး ပါးပြင်ပေါ်သို့ ကျနေသော ဆံနွယ်လေးများကို နားရွက်နောက်သို့ အသာသပ်တင်ပေးလိုက်ရင်း...

"ငါ နင့်ကို အရမ်းချစ်တယ် ရတီ..."

ခပ်တိုးတိုးနှင့် ရှိုက်ဖိုစရာကောင်းသော ထိုစကားသံလေး ဆုံးသည်နှင့် တစ်ပြိုင်နက် လင်းခရဲ့ ပူနွေးသော နှုတ်ခမ်းများက ရတီ့ နှုတ်ခမ်းလွှာလေးများထက်သို့ အသာအယာ ကျရောက်လာတော့သည်။

ရတီ့ တစ်ကိုယ်လုံး လျှပ်စစ်စီးသွားသလို ကျင်တက်သွားပြီး လင်းခ အင်္ကျီ ရင်ဘတ်စကို အလိုလို ဆုပ်ကိုင်လိုက်မိ၏။

လင်းခ ရတီ့ နှုတ်ခမ်းလေးများကို ခပ်ဖွဖွ စုပ်ယူနမ်းရှိုက်ရင်း သူမ၏ယ ခါးလေးကို ပို၍ တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။

ရတီလည်း ရှက်နေမိပေမယ့် မျက်လုံးလေးများကို မှိတ်ထားရင်း သူ့အနမ်းများကို တုံ့ပြန်လိုက်မိ၏။

"အဟမ်း... အဟမ်း..."

ရုတ်တရက် ထွက်ပေါ်လာသော ချောင်းဟန့်သံကြောင့် ရတီ အလန့်တကြားဖြင့် လင်းခ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်ကာ နှစ်ယောက်သား အသံလာရာသို့ လှည့်ကြည့်လိုက်မိလျှင် သစ်ပင်ကွယ်မှနေ၍ ပြုံးစိစိဖြင့် ရပ်ကြည့်နေသော ဟိန်းမင်းသူနှင့် ဘုန်းမင်းခန့်တို့ကို တွေ့လိုက်ရလေသည်။

"ဟေ့ကောင်တွေ... ကျောင်းတက်ပြီပြီနော်။

တော်ရုံလောက်ပဲကဲ "

ဘုန်းမင်းခန့် လက်ပိုက်ရင်း မချိုမချဉ် မျက်နှာဖြင့် လှမ်းစလျှင် လင်းခ လက်သီးရွယ်ပြလိုက်ကာ ...

"မင်းတို့ကောင်တွေ... သွားနှင့်ကြ။ ငါတို့ လိုက်ခဲ့မယ်။"

ထိုအခါ ဘုန်းမင်းခန့်တို့က မင်းအကြံငါသိတယ်ဆိုတဲ့ အထာနဲ့ လက်းခအား ကြည့်ပြီး တဟားဟားရယ်ကာ ထွက်သွားတော့သည်။

ရတီကတော့ ရှက်လွန်း၍ ခေါင်းလေး ငုံ့ကာ မျက်နှာကို လက်ဝါးလေးဖြင့် အုပ်ထားမိပါတော့သည်။ လင်းခ ရတီ့ ပခုံးလေးကို အသာဖက်ရင်း ပြုံးလိုက်ကာ...

"ရှက်မနေနဲ့တော့... လာ အတန်းထဲ ပြန်ကြမယ်။"

"အဲ့တာ နင့်ကြောင့် ... နင့်ကြောင့်သိလား။

တအားကဲတယ်။ "

ရတီ အားမပါတဲ့ လက်သီးဆုပ်လေးတွေနှင့် သူ့ရင်ဘတ်အား ထုလျှင် လင်းခက ထိုလက်သီးဆုပ်လေးတွေအား ဖမ်းဆွဲထားလိုက်ပြီး ...

"ဘာဖြစ်လဲ ... ဒါ‌ေတွ သူတို့လည်း မလုပ်ဖူးတာမှ မဟုတ်တာ။

ငါတို့ထက်တောင် အဆင့်တွေ ကျော်ရင်ကျော်နေမှာ။ "

"တော် ... အရှက်မရှိပြောမနေနဲ့တော့ ... သွားမယ်။

ငါ့ထမင်းချိုင့်သယ်ခဲ့။ "

"ဟုတ်ကဲ့ပါဗျာ။ "

အပိုင်း (၉) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၇) နောက်အခန်း - အပိုင်း (၉) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ