ပထမဆုံး လပတ် စာမေးပွဲရောက်လာကာ ဒီနေ့ အင်္ဂလိပ်ဖြေရတာကြောင့် တော်တော်များများ
ခေါင်းငိုက်ဆိုက်ကျနေကြလေသည်။
ယောက်ျားလေးနဲ့ မိန်းကလေး ကြားညှပ်ထိုင်ခိုင်းထားကာ ရှင်ငြိမ်းက ယောက်ျားလေးအတန်းဘက်ရောက်နေ၏။
ကျန်တဲ့သူတွေ ဖြေနိုင်သလား၊မဖြေနိုင်သလားမသိပေမယ့် အင်္ဂလိပ်က ရှင်ငြိမ်းအကြိုက်ဆုံး ဘာသာဖြစ်တာကြောင့် ရှင်ငြိမ်းအတွက်တော့ အလွယ်လေးပင်။
ထိုစဉ် နောက်ကျောဘက်ဆီမှ ခပ်တိုးတိုး အသံ
တစ်ခု ထွက်လာ၏။
"ဟေ့... ရှင်ငြိမ်း... ဟေ့ ဟေ့..."
ရှင်ငြိမ်းကို ခေါ်နေတာသိပေမယ့် လှည့်မကြည့်ရဲပဲ ဘောပင်လေးကို တင်းတင်းဆုပ်ကာ ငြိမ်နေလိုက်သည်။ ဆရာမ မြင်သွားလျှင် စာခိုးချတယ် ထင်ပြီး အဖြေလွှာ အသိမ်းခံရမှာ သူမ အရမ်းကြောက်ပါသည်။ သို့သော် အနောက်မှ လူကလည်း လက်မလျှော့ ... ရှင်ငြိမ်း ထိုင်ခုံ နောက်မှီကို ဘောပင်ထိပ်ဖြင့် ခပ်ဖွဖွ လာထောက်လေသည်။
ထိုအခါ ရှင်ငြိမ်းလည်း မသက်သာပဲ လှည့်ကြည့်လိုက်လျှင် ခေါင်ကြီးဖြစ်နေ၏။
ရှင်ငြိမ်း မျက်လုံးလေး ကလယ်ကလယ်ဖြင့် ရှေ့ရှိ ဆရာမကို အကဲခတ်လိုက်လျှင် ဆရာမက မြန်မာစာ အမှတ်တွေ ငုံ့စစ်နေသည်မို့ ပြန်လှည့်ကြည့်လိုက်ပြီး
...
"ဘာ... ဘာလဲ "
ရှင်ငြိမ်း နှုတ်ခမ်းကို လှုပ်ရုံလေးသာ လှုပ်၍ တိုးတိုးလေး လှမ်းမေးလိုက်သည်။
"ငါ့ကို ၁မှတ်တန်လေးတွေ ပြောပြစမ်းပါ။
နည်းနည်းလေးပဲ ပြောပြပါနော် နော်။"
တကယ့်ကို အသည်းအသန် ပြောပြခိုင်းနေတာမို့
ရှင်ငြိမ်း သက်ပြင်းတစ်ချက်ချလိုက်ပြီး ဆရာမကို တစ်ချက်ပြန်ကြည့်ကာ အဖြေလွှာစာရွက်လေးကို
မသိမသာလေး ထောင်ပြလိုက်၏။
"မြန်မြန်ကြည့်နော်။ "
"အေး အေး... ကျေးဇူးပဲ "
______________________
"ရော့..."
ရှင်ငြိမ်း အင်္ဂလိပ်ဖြေပြီးလို့ မနက်ဖြန် ဖြေမယ့် သင်္ချာတွေ တွက်ကြည့်နေတုန်း သူမ စာရေးခုံပေါ်သို့ မုန့်ထုတ်များ အပြည့်ပါသည့် အထုပ်တစ်ထုပ်က ရှင်ငြိမ်း ခုံပေါ်သို့ ရောက်လာတာကြောင့် မော့ကြည့်လိုက်လျှင် ခေါင်ကြီး ဖြစ်နေ၏။
"ဟင်... ဘာလဲ။"
ရှင်ငြိမ်း မျက်လုံးလေး ဝိုင်းကာ မေးလိုက်လျှင်
ခေါင်ကြီး သူ့ဆံပင်တိုတိုလေးများကို လက်ဖြင့် သပ်တင်လိုက်ရင်း...
"မုန့်တွေလေ..."
"အွန်း ...သိတယ်လေ။
ဘာလို့ ငါ့ခုံပေါ် လာချတာလဲ။ "
"ဟို ... မနက်က ကျေးဇူးတင်လို့ မုန့်ပြန်ဝယ်ကျွေးတာ။ "
ထိုအချိန် အနောက်ဘက်ရှိ ယောက်ျားလေး တစ်သိုက်က သူတို့နှစ်ယောက်ကို လှမ်းမြင်သွားကြကာ ...
"ဟေး... ခေါင်ကြီး... မင်း ဘက်လိုက်တယ်နော်။ အဟမ်း... အဟမ်း... သိလိုက်ပြီနော်..."
ကိုကိုနိုင်က လှမ်းအော်လိုက်ရာ ကျန်တဲ့ ယောက်ျားလေးများကပါ ဝိုင်းရယ်ကြလေသည်။
ထိုအခါ ခေါင်ကြီး သူ့သူငယ်ချင်းများဘက်သို့ လှည့်ကာ မျက်မှောင်ကြုတ်ပြလိုက်ပြီး...
"ဟာ... ဟျောင့်တွေ သူက ငါ့ကို စာမေးပွဲမှာ ပြောပြလို့ မုန့်ပြန်ဝယ်ကျွေးတာ။ ဘာမှမဟုတ်ဘူး။ "
"ဟုတ်လို့လားကွာ... ဟား ဟား ဟား ဟား..."
အကုန်လုံး ဝိုင်းရယ်နေကြကာ ဖြူစင်နှင့် ချိုသဲဖြူတို့ကပါ ရှင်ငြိမ်းနှင့် ခေါင်ကြီးကို ပြုံးစိစိဖြင့် ဝိုင်းကြည့်လာကြလေသည်။
ရှင်ငြိမ်းမှာတော့ မျက်နှာလေး ပူထူလာပြီး ပါးနှစ်ဖက်လုံး နီရဲလာတော့သည်။
ရှင်ငြိမ်း ခုံရှိ မုန့်အိတ်လေးကို ခေါင်ကြီးဘက်သို့ ကမန်းကတန်း ပြန်တွန်းပို့လိုက်ပြီး...
"ဟို... ငါ... ငါ မစားချင်ဘူး။ ကျေးဇူးပဲ... ပြန်ယူသွားလိုက်နော်။"
"မယူချင်ပါဘူး ...အဲ့ကောင်တွေကို ဂရုစိုက်မနေနဲ့။ အဲ့မှာ ခါတိုင်း နင်ဝယ်စားနေကျ မုန့်တွေပဲ။"
ခေါင်ကြီး မုန့်အိတ်ကို ရှင်ငြိမ်းဘက်သို့ ပြန်ရွှေ့ပေးလိုက်၏။
သို့သော် ခေါင်ကြီး စကားကို အနောက်မှ ယောက်ျားများက ကြားသွားကြပြန်ကာ ...
"ဝိုး... ဝယ်စားနေကျ မုန့်တွေပါ မှတ်ထားတာဟ... ဟားဟား။ "
ကိုကိုနိုင်က လက်ခုပ်တီးကာ အော်ရယ်ရင်း ထပ်စလေတော့သည်။
"ကျစ်...မင်းတို့တွေ ဘာဖြစ်နေကြတာလဲ။ ဒီအတိုင်းပဲ နေ့တိုင်း မြင်နေလို့ သိတာကို... လျှောက်ပြောမနေနဲ့။"
ခေါင်ကြီး လက်သီးဆုပ်ပြကာ အော်လိုက်ပေမယ့် ဟိုကောင်တွေကတော့ စပ်ဖြဲဖြဲနှင့်ပင်။
"အေးပါကွာ... ယုံပါတယ် ယုံပါတယ်... ဟား ဟား..."
"ရှင်ငြိမ်း... သူတို့ကို ဂရုမစိုက်နဲ့။ မုန့်တွေ စားလိုက်နော် ငါ သွားပြီ။ နောက်နေ့ စာမေးပွဲတွေလည်း အားကိုးတယ်ဟေ့... ဟဲဟဲ။"
ခေါင်ကြီး သွားများ ပေါ်အောင် ရယ်ပြလိုက်ပြီး သူ နေရာသို့ အမြန် သွားထိုင်တော့ကာ ရှင်ငြိမ်းကတော့ ခေါင်ကြီး ပေးခဲ့သော မုန့်အိတ်လေးကို ကြည့်ရင်း သက်ပြင်းသာ ချလိုက်မိသည်။
"ဟဲ့ ... ငါတို့ ရှင်ငြိမ်းက စွံတယ်နော်။ "
ချိုသဲဖြူ ရှင်ငြိမ်းကို ပခုံးချင်း တိုက်ကာ ပြုံးစိစိဖြင့် လှမ်းပြောလိုက်သည်။
"နင်ကလည်းဟာ... မဟုတ်ပါဘူးဆို။ သူက တကယ် ကျေးဇူးတင်လို့ ဝယ်ကျွေးတာပါ။ တော်ပြီ... ငါ့ကို လာမစနဲ့တော့။ရော့ မုန့်တွေ အများကြီးပဲ စားကြ။ "
"ဟဲဟဲ ... ကျေးဇူးပဲ။
ခေါင်ကြီး ငါတို့ရော စားလို့ရတယ်မလား။ "
ချိုသဲဖြူက မုန့်ထုပ်ကို မြှောက်ပြကာ ခေါင်ကြီးကို လှမ်းမေးလိုက်သေး၏။
"ရှင်ငြိမ်း ကျွေးရင် စားပေါ့။ "
"ရှင်ငြိမ်းက ကျွေးတယ်။
နင်မကျွေးမှာစိုးလို့။
တော်ကြာ မသထာရေစာ စားမိပြီး အဆိပ်ဖြစ်နေမှာစိုးလို့။ ရှင်ငြိမ်း တစ်ယောက်ပဲ သထာတာလားလို့။ "
ချိုသဲဖြူရဲ့ အနှောင့်အသွားမလွတ်တဲ့ စကားတွေကြောင့် ရှင်ငြိမ်း အံလှမ်းကြိတ်ပြလိုက်သည်။
ကိုယ့်ဟာကိုယ် အေးအေးဆေးဆေးမစားဘူး။
________________
နေ့လည် ထမင်းစားချိန် သန့်ဇင်လင်းတို့က ဘောလုံးသွားကန်ကြပြီး ဟိန်းမင်းသူ တစ်ယောက်တည်း အခန်းထဲ အိပ်ပြီး ကျန်ခဲ့ကာ နိုးလာတော့ ဟိုကောင်တွေနောက် လိုက်သွားရန် အတန်းထဲမှ ထွက်လာခဲ့ရာ ဖြူစင်တို့ အခန်းဘက် လှမ်းကြည့်မိတုန်း သူမတို့ အခန်းရှေ့ ဝရံတာကနေ အောက်ကိုကြည့်ပြီး ပြုံးနေတဲ့ မိန်းကလေးတစ်ယောက်ကြောင့် စပ်စုချင်သွားရသည်။
သူ သူမကို သိပါသည်။
ဖြူစင်တို့ အခန်းထဲက ကျောင်းသူအသစ်။
ဘာတွေ ဒီလောက်တောင် သဘောကျပြီး ကြည့်နေတာလဲ...
သူမ ကြည့်နေတဲ့ နေရာအား သူပါ လိုက်ငုံကြည့်လိုက်လျှင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဟိန်းမင်းသူ မျက်လုံးများ ပြူးကျယ်သွားရသည်။
အောက်ထပ်ရှိ ရေပိုက်ခေါင်းများနားတွင် ရပ်နေသူက တခြားသူမဟုတ်။ သန့်ဇင်လင်းပင်။
သန့်ဇင်လင်း မျက်နှာသစ်နေတာကို လှမ်းကြည့်ပြီး ပြုံးနေတာဖြစ်၏။
အဲ့တာကြောင့် ဟိုတစ်နေ့က သန့်ဇင်လင်းအကြောင်း လာမေးနေကြတာကိုး။
ဟိန်းမင်းသူအခြေအနေကို ချက်ချင်း သဘောပေါက်သွားကာ ပြုံးလိုက်မိသည်။
________________________
" ဟျောင့်... ခေါင်ကြီး ဟိုမှာ မင်းဟာလေး လာနေပြီ။"
မုန့်ဆိုင်တွင် မုန့်ထိုင်စားနေကြတုန်း ရှင်ငြိမ်းတို့ကို မြင်သည်နှင့် လှမ်းအော်လိုက်သည့် ကိုကိုနိုင့်ကြောင့် ခေါင်ကြီး ကိုကိုနိုင့် ကျောကုန်းကို လှမ်းထုပစ်လိုက်သည်။
"ဟေ့ကောင်... တိုးတိုးလုပ်စမ်းပါကွာ။ မိန်းကလေးတွေကို အားနာဦးလေ။"
ခေါင်ကြီးက ပြောပေမယ့် ကိုကိုနိုင်က ဂရုမစိုက်ပဲ ရှင်ငြိမ်းတို့ကို လှမ်းကြည့်ကာ...
"ဟားဟား ... ဘာဖြစ်လဲကွာ။
ဟေ့ ... ရှင်ငြိမ်း ဒီမှာ ခေါင်ကြီးက နင့်ကို မုန့်ဝယ်ကျွေးချင်လို့တဲ့။ "
"ဝိုး... ဟေး..."
ကျန်တဲ့ ယောက်ျားလေးတွေကပါ လက်ခုပ်တီးကာ အသံစုံဖြင့် ဝိုင်းအော်ကြလေတော့သည်။
ဖြူစင်နှင့် ချိုသဲဖြူကတော့ ပြုံးစိစိဖြင့် ရှင်ငြိမ်းကို ကြည့်နေကြပြီး ရှင်ငြိမ်းမှာတော့ လူတေွ အများကြီး ရှေ့မှာ အစခံရတာကြောင့် ငိုချင်စိတ်ပင်ပေါက်သွားရသည်။
"နင်တို့တွေ... တော်ကြတော့နော်။ ဘာတွေ လျှောက်ပြောနေတာလဲ... "
ရှင်ငြိမ်း မျက်မှောင်လေး ကြုတ်ကာ ပြောလိုက်လျှင် ခေါင်ကြီးလည်း ရှင်ငြိမ်း ရှက်သွားမှန်း သိတာကြောင့် သူ့သူငယ်ချင်းတွေကို အတင်းတွန်းဖယ်ကာ...
"တော်တော့ကွာ မင်းတို့ကလည်း ... ရှင်ငြိမ်း စိတ်ဆိုးသွားပြီ။ သွားမယ်... အတန်းထဲ ပြန်မယ်။"
ထိုအချိန် ရှင်ငြိမ်း အကြည့်များက တခြားမုန့်တန်းဘက် ရောက်သွားလျှင် အသက်ရှူရပ်မတတ် ဖြစ်သွားရသည်။
သန့်ဇင်လင်းတို့အဖွဲ့ မုန့်ထိုင်စားနေကြခြင်းပင်။
ဟိန်းမင်းသူ အအေးပိုက်ကို ကိုက်ရင်း ရှင်ငြိမ်းနှင့် ခေါင်ကြီးတို့ကို ကြည့်ကာ အဓိပ္ပာယ်ပါပါဖြင့် ပြုံးစိစိ လုပ်နေလိုက်သည်။
ဘယ်ကောင် ကျန်ရစ်ဖြစ်မလဲ... စိတ်ဝင်စားစရာပဲ။
သန့်ဇင်လင်း အကြည့်များက ရှင်ငြိမ်းဆီ ရောက်လာကာ ဘာကို အလိုမကျနေသည်မသိ ခါတိုင်းနှင့် မတူပဲ တည်တင်းနေတဲ့ မျက်နှာထားကြောင့် လက်ဖျားတွေပင် အေးစက်လာရ၏။
သူ... သူ အထင်များ လွဲသွားပြီလား။
အို ... အထင်လွဲတယ်ဆိုရအောင် သူက ရှင်ငြိမ်းကိုတောင် သတိထားမိတာမှမဟုတ်ပဲ။
ရှင်ငြိမ်းကသာ တစ်ဖက်သတ် ဖြစ်နေတာကို။
ထိုအချိန် ကိုကိုနိုင်က ရှင်ငြိမ်းကို လှမ်းကြည့်ရင်း ခေါင်ကြီး ပခုံးကို ဖက်ကာ...
"ရှင်ငြိမ်း... ဒီကောင် နင့်ကို တကယ်ကြိုက်နေတာနော်။ အဖြေပေးလိုက်တော့ ဟားဟား။"
"ဒုန်း... "
ကိုကိုနိုင့် စကားအဆုံး ရုတ်တရက် ထွက်ပေါ်လာသော အသံကျယ်ကြီးကြောင့် အားလုံး လန့်သွားကြပြီး အသံလာရာဘက်သို့ လှည့်ကြည့်လိုက်မိကြ၏။
သန့်ဇင်လင်း။
လက်ထဲတွင် ကိုင်ထားသော ရေသန့်ဘူးကို သူရှေ့ရှိ စားပွဲပေါ်သို့ ခပ်ပြင်းပြင်း ဆောင့်ချလိုက်ခြင်းပင်။ သူ့လုပ်ရပ်ကြောင့် အကုန်လုံး ကြောင်သွားကြကာ အသံတိတ်သွားကြတော့သည်။
သန့်ဇင်လင်း ခုံပေါ်မှ ထကာ ဘယ်သူ့ကိုမှ လှည့်မကြည့်တော့ဘဲ မုန့်ဆိုင်ထဲမှ ထွက်သွားတော့သည်။
"အဲ့ကောင် ဘာဖြစ်သွားတာလဲ"
"မသိဘူးလေကွာ ... သွားမယ်"
ဒီကောင်တွေ ဒီမှာရှိနေရင် ရှင်ငြိမ်းကို ဆက်စနေဦးမှာ သိတာကြောင့် ခေါင်ကြီး အကုန်လုံးကို ခေါ်လာခဲ့လိုက်တော့သည်။
ဘုန်းမင်းခန့်နဲ့ အာနိုးနဲ့ လင်းခတို့လည်း ရုတ်တရတ် ထဖောက်သွားတဲ့ သန့်ဇင်လင်းကြောင့် တစ်ယောက်နဲ့တစ်ယောက် မေးငေါ့ရင်း နားမလည်နိုင် ဖြစ်နေကြတော့သည်။
ဟိန်းမင်းသူကတော့ နားလည်သည့်အလား ခပ်ဟဟ ရယ်လိုက်၏။
အပိုင်း (၈) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)