"ကဲ... ဒီနေ့ တို့တွေ စာမသင်ခင် အတန်းခေါင်းဆောင် အရင်ရွေးကြရအောင်။ "
"ဟုတ် ..."
"မင်းသုတကျော်ခေါင်... အမယ်လေး... ခေါင်ကြီး (Rကြီး) ရယ်... မင်းနာမည်တစ်ခါခေါ်တိုင်း ငါရေတစ်ခါသောက်ရတယ်။ "
"ဟား... ဟား... ဟား... ဟား..."
ဆရာမ စကားလည်းအဆုံး ယောကျ်ားလေးတွေက ခုံကိုပုတ်ကာ အကျယ်ကြီး အော်ရယ်ကြတော့သည်။
"အာ ... ဆရာမကလည်း "
နောက်ဆုံးတန်း၊း ထောင့်ဆုံးခုံမှာ ထိုင်နေတဲ့ ခေါင်ကြီးက ပြုံးစေ့စေ့နှင့် မတ်တပ်ထရပ်လေသည်။
ခေါင်ကြီးနာမည်က ရှည်တာကြောင့် အကုန်လုံးက နာမည်အရင်းမခေါ်ပဲ ခေါင်ကြီးလို့သာ ခေါ်ကြလေသည်။
တချို့ကျလည်း Rကြီးလို့ ခေါ်၏။
ခေါင်ကြီးက တခြားသူတွေလို တစ်နှစ်ကျမဟုတ်ပဲ သုံးနှစ်ကျထားတဲ့ နှစ်ကြီးသမားဖြစ်နေတာကြောင့်
Rကြီးလို့ ခေါ်ကြခြင်းပင်။
အခန်းထဲမှာ သူက အသက်အကြီးဆုံးဖြစ်ကာ လူကောင်လည်းအထွားဆုံးပင်။
နှစ်တိုင်းကျလည်း သူကတော့ အေးဆေး ကျောင်းပျော်ကြီးလိုဖြစ်နေ၏။
"ကဲ တိတ်ကြတော့ "
ဆရာမက ရယ်နေသော ကျောင်းသားများကို လက်ကာပြရင်း အသံတိတ်ခိုင်းလိုက်ကာ ခေါင်ကြီးကို ကြည့်ပြီး ...
"ခေါင်ကြီး ... ဒီနှစ်လည်း မင်းပဲ အတန်းခေါင်းဆောင်လုပ်လိုက်။
ပေါင်းပြီး ဆိုးခိုင်းတာမဟုတ်ဘူးနော်။
ရန်ဖြစ်တယ်ကြားလို့ကတော့ သူများ၃ချက်ဆို မင်းကို ၅ချက်ရိုက်မှာ။ "
"ဟုတ်... ဆရာမ"
ရဲတွေ အလေးပြုသလို လုပ်ပြပြီး အသံအကျယ်ကြီးနှင့် ရွှတ်နောက်နောက် ပြန်ဖြေလိုက်၏။
ထိုအခါ အခန်းထဲတွင် နောက်ထပ် ရယ်သံများ ထပ်ထွက်လာပြန်တော့သည်။
_____________
"ဟေ့ကောင် ခေါင်ကြီး... ဘာလုပ်နေကြတာလဲကွ"
ရှင်ငြိမ်းတို့အခန်းက ကိုယ်ပိုင်စာကြည့်ချိန်ဖြစ်နေတာကြောင့် ဆရာမ မဝင်တော့ရာ တိတ်ဆိတ်နေစဉ်
ခပ်ကျယ်ကျယ်အသံနှင့်အတူ ကျောင်းသားတစ်စုဝင်လာခဲ့လေသည်။
ရှင်ငြိမ်း သင်္ချာတွက်ကြည့်နေရင်းမှ ခေါင်းမော့ကြည့်လိုက်လျှင် တခြားသူတွေမဟုတ်ပဲ ဟိုတစ်နေ့က လှေကားမှာ ဆုံခဲ့တဲ့ ကောင်လေးတွေအဖွဲ့ဖြစ်နေ၏။
သူတို့ကိုမြင်လျှင် ရှင်ငြိမ်း ထိတ်ခနဲ ဖြစ်သွားရသည်။
သူတို့က ဒီအခန်းထဲ ဘာလာလုပ်တာလဲ။
ဟိုတစ်နေ့က လှေကားမှာ သူတို့နဲ့ ဆုံပြီးကတည်းက
ရှင်ငြိမ်း နေ့လည်ထမင်းစားချိန်နဲ့ အားလပ်ချိန်တိုင်း
ဘယ်မှမသွားတော့ပဲ အခန်းထဲမှာပဲ နေခဲ့၏။
ဒီလောက် ရှောင်နေတာကို တည့်တည့်ကြီးလာတိုးနေပြန်ပါပြီ။
ဒါပေမယ့်လည်း မနေနိုင်ပဲ ဟိုတစ်နေ့က ရှင်ငြိမ်းနဲ့ အကြည့်ချင်းဆုံခဲ့တဲ့ ကောင်လေးကို မရဲတရဲ ခိုးကြည့်မိတော့ ရှင်ငြိမ်းကသာ တစ်ယောက်တည်း
ဂယောက်ဂယက်ဖြစ်နေခဲ့ပေမယ့် သူကတော့ အေးအေးဆေးဆေးပင် လေတောင်ချွန်ပြီး ယောက်ျားလေးတွေခုံဘက်လျှောက်သွားလေသည်။
" မင်းတို့ကောင်တွေ အတန်းထဲမှာ ဆရာမ မရှိဘူးလား"
ရှင်ငြိမ်းတို့ အခန်းထဲမှ သက်ပိုင်ကျော်က အခန်းထဲ ဝင်လာကြတဲ့ အဖွဲ့အား မေးငေါ့ကာ လှမ်းမေးလေသည်။
"ဆရာမ မရှိလို့ မင်းတို့ဆီ လာတာပေါ့ ... မိန်းကလေးတွေ စကားများနေတာ နားငြီးလို့"
သန့်ဇင်လင်း ပြောပြောဆိုဆိုနှင့်ပင် ခေါင်ကြီး ရှေ့ရှိ စာသင်ခုံပေါ်သို့ ဖင်လွှဲကာ ခုန်တက်ထိုင်လိုက်၏။
သူတို့က အတန်းသာ ကွာပေမယ့် အပြင်မှာရော ကျောင်းမှာပါ အမြဲတမ်း တွဲသွားတွဲလာ လုပ်နေကြသည့် ဆိုးဖော်ဆိုးဖက်တွေဖြစ်ပြီး ရန်ဖြစ်လျှင်လည်း အတူတူ ကျောင်းပြေးလျှင်လည်း အတူတူပင်။
"ဟေ့ကောင် အာနိုး... မင်းလက်ထဲက ဘာလဲ ပေးစမ်း ငါ့ကို"
သက်အောင်ဘေးမှ မင်းခန့်က အာနိုး လက်ထဲတွင် ကိုင်လာသော မုန့်ထုပ်ကို လှမ်းလုမယ်အလုပ် ...
"*ီးပဲ... လာမလုနဲ့ ... ဒါ ငါ့အသက်ကွ။"
အာနိုးက မုန့်ထုပ်ကို ကျစ်နေအောင် ကိုင်ထားပြီး အော်လိုက်လေသည်။
မင်းခန့်ကလည်း အာနိုး အထိမခံမှန်းသိလို့ကို တမင်စနေတာဖြစ်၏။
ဘုန်းမင်းခန့်ကတော့ အခန်းထောင့်ရှိ ပြတင်းပေါက် ဘောင်တွင် ကျောမှီရပ်လိုက်ပြီး သူ့အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ကာ အေးအေးဆေးဆေးပင် ဂိမ်းဆော့နေလေသည်။
ဟိန်းမင်းသူကတော့ နောက်ဆုံးတန်းမှ ခုံနှစ်ခုံကို ဆက်ပြီး လှဲအိပ်ရန် ပြင်နေတော့သည်။
အစကညတိတ်ဆိတ်နေတဲ့ အခန်းကလည်း သူတို့အဖွဲ့ရောက်လာတော့ အဖွဲ့စုံသွားကြပြီး ဆူညံသွား၏။
"ဟဲ့... ကြည့်ဦး ... ဟိုကောင်တွေ လာရှုပ်ပြန်ပြီ။ သူတို့အခန်း သူတို့ မနေဘူး။ အမြဲတမ်း အဲ့လို လာလာဆူနေကြတာပဲ"
ရှင်ငြိမ်း ဘေးက ဖြူစင်က မျက်မှောင်လေး ကြုတ်ကာ ခပ်တိုးတိုးဆိုလိုက်လျှင် ချိုသဲဖြူကလည်း နှုတ်ခမ်းမဲ့ကာ ...
"အေးလေ... အရင်နှစ်ကလို ပြဿနာတွေ သယ်လာပြန်ဦးမှာ။ "
အရင်နှစ်ကလည်း သူမတို့က ခေါင်ကြီးတို့ သက်ပိုင်ကျော်တို့နဲ့ အခန်းအတူတူပဲမို့ သူမတို့အခန်းကို အမြဲချောင်းပေါက်အောင်လာနေတဲ့ ဘုန်းမင်းခန့်တို့၊
သန့်ဇင်လင်းတို့အကြောင်းကို အကုန်သိနေ၏။
မလာလည်း သိပါတယ် ... ကျောင်းမှာ သူတို့အဖွဲ့ကို မသိသူသိပ်မရှိတဲ့ လူလိမ္မာအဖွဲ့လေးလေ။
အရင်နှစ်ကလည်း သူတို့က အခန်းထဲလာပြီး သူမတို့ အခန်းထဲက ယောင်္ကျားလေးတွေကို ရန်ဖြစ်ဖို့ အမြဲလာလာခေါ်ပြီး ယောင်္ကျားလေးတွေ ရန်ဖြစ်တော့ အတန်းပိုင်ဆရာမက မိန်းကလေးတွေပါ အကုန်သိမ်းကျုံးပြီး အဆူခံရလေသည်။
ရှင်ငြိမ်းကတော့ ဘာမှမသိသလို မေးရမှာလည်း ကိုယ့်ကိုယ်ကို မလုံတာကြောင့် တခြားသူတွေ ပြောတာကိုသာ နားစိုက်ထောင်နေမိရင်း အကြည့်များကတော့ စကားပြောရင်း တဟားဟား ရယ်မောနေသည့် ကောင်လေး ဆီသို့သာ ခိုးခိုးပြီး ရောက်သွားမိ၏။
ရှင်ငြိမ်း ဘောဂ စာအုပ်လေးကို ထောင်လိုက်ပြီး မျက်နှာကို ကွယ်ထားလိုက်ကာ ငေးကြည့်နေမိသည်။
" ဟေ့ေကာင် ဒီညနေ ဘောလုံး သွားကန်ကြမလား။ လိုကယ် (Local) ကွင်းမှာလေ"
သန့်ဇင်လင်း ခေါင်ကြီးကို လှမ်းမေးလိုက်၏။
"အေး... ကန်မယ်လေ။ ဒါပေမယ့် မနေ့က ငါ့ခြေကျင်းဝတ် နည်းနည်း နာထားလို့ ငါ အရှေ့က မနေဘူး။ မင်းပဲ တိုက်စစ်လုပ်လိုက်။ "
"ရတယ်... ဒီနေ့ ဟိုဘက်က ကောင်တွေကို ဂိုးပြတ် သွင်းပြမယ်"
သူ့ပုံစံလေးတွေကြည့်ပြီး ရှင်ငြိမ်း နှုတ်ခမ်းထောင့်စွန်းလေးများ အလိုလို ကွေးတက်သွားကာ ပြုံးမိလျက်သား ဖြစ်သွားရသည်။
ထိုအချိန် ထိုကောင်လေးက ရုတ်တရက် ရှင်ငြိမ်းဘက်သို့ လှည့်ကြည့်လာလျှင် ရှင်ငြိမ်း လန့်ဖြန့်သွားရပြီး ထောင်ထားသော စာအုပ်ကို ကပျာကယာ ပြန်ချကာ ခေါင်းကို ငုံ့၍ စာကျက်နေဟန် အမြန်ဖမ်းလိုက်ရ၏။
သူများ သိသွားမလားဆိုသည့် အတွေးနှင့်အတူ လက်ဖဝါးလေးများပင် ချွေးစေးများ ပြန်လာရသည်။
ခဏအကြာ ရှင်ငြိမ်း မျက်လုံး ထောင့်စွန်းမှနေ၍ ပြန်ကြည့်လိုက်လျှင် သူက ရှင်ငြိမ်းကို ကြည့်နေတာမဟုတ်ပဲ အခန်းအပြင်ကို လှမ်းကြည့်နေခြင်းပင်။
ရှင်ငြိမ်း ထိုအခါမှ သက်ပြင်း ခပ်ဖွဖွလေး ချလိုက်မိပြီး ခေါင်းကို ခါယမ်းလိုက်၏။
ဘာတွေဖြစ်နေတာလဲ။
"ဟေ့ကောင်တွေ... သွားမယ်။ အောက်ဆင်းပြီး လေလေးဘာလေး သွားရှူရအောင် ... ဒီအခန်းထဲမှာက မိန်းကလေးတွေနဲ့ဆိုတော့ အသက်ရှူကျပ်တယ်ကွ။ မင်းတို့ရော လိုက်မလား။"
သန့်ဇင်လင်း ခေါင်ကြီးတို့အားမေးငေါ့ရင်း လေသံကို တမင်ကျယ်ကျယ်လုပ်ကာ ပြောလိုက်တော့ ရှင်ငြိမ်းတို့ အခန်းထဲက မိန်းကလေးတွေက
သူ့အား မကျေနပ်သလို မျက်စောင်းလေးတွေ လှမ်းထိုးကြလေသည်။ ဒါပေမယ့် ဘယ်သူမှတော့ ပြန်မပြောရဲကြပေ။
"မလိုက်တော့ဘူး... ပြီးရင် ဒေါ်လှလှဝင်းအချိန်။ "
"မလိုက်ရင်လည်းနေကွာ။
မလိုက်လည်း ရိက္ခာလေးတော့ ပေးလိုက်။
ငါတို့ဆီမှာ မလောက်တော့ဘူး။ "
သန့်ဇင်လင်း ပြောရင်း လက်ဖြန့်လိုက်လျှင် သက်ပိုင်ကျော် သူ့လွယ်အိတ်ထဲမှ စီးကရက်ဗူးအား ထုတ်ကာ
သန့်ဇင်လင်းလက်ထဲ ထည့်ပေးလိုက်လေသည်။
သန့်ဇင်လင်း စီးကရက်ဗူးအား ပုဆိုး ခါးပုံစံထဲ ထိုးထည့်လိုက်ကာ သူတို့အခန်းက တခြားကောင်တွေကို လှမ်းခေါ်လေသည်။
"အိုကေ ... ကျေးဇူး သားရီး။
ဟျောင့်တွေ သွားမယ်။ "
"အင်း "
သန့်ဇင်လင်းတို့ အဖွဲ့ အခန်းပေါက်ဝကို အရောက် ဆရာမ ဒေါ်လှလှဝင်းနဲ့ တည့်တည့်ကြီး သွားတိုးကြတော့သည်။
ဆရာမ ဒေါ်လှလှဝင်းက ရှင်ငြိမ်းတို့ ဆယ်တန်းကို မြန်မာစာ သင်တဲ့ ဆရာမဖြစ်ပြီး စည်းကမ်းကြီးပေမယ့် ကျောင်းသားတွေအပေါ် စေတနာထားတတ်သူဖြစ်၏။
"ဟဲ့... မင်းတို့တွေ အောက်ဆင်းကြပြန်ပြီလား။
အတန်းထဲမှာ မနေဘဲ ဘယ်သွားမလို့လဲ။""
ဆရာမက မျက်မှန်ကို ပင့်တင်ရင်း မေးလျှင်
တစ်ဖွဲ့လုံး မျက်နှာချိုသွေးလိုက်ကြပြီး...
"ဟာ... ဆရာမကလည်း... ကျန်းမာရေးလေ ကျန်းမာရေး။ "
"ဘာ ကျန်းမာရေးလဲ... ဘာတွေ လာအကြောင်းပြနေတာလဲ။"
"ဒီမှာ ဒီကောင်ကြီးလေ အစားတွေ ငတ်ရေကျစားပြီး
အိမ်သာသွားချင်တယ်ဆိုလို့။ "
"အဲ့တာကို အဖွဲ့လိုက်ကြီးသွားစရာလိုလို့လား။
သွား နှစ်ယောက်ပဲသွား ... ကျန်တဲ့သူတွေ အခန်းထဲပြန်ဝင်။ "
"သားတို့လည်း ရှူးရှူးဖလားဝါးချင်လို့ ဆရာမ။ "
"ဘာ ... ဟဲ့ နင်တို့ ဆရာမကို ဘယ်လိုတွေ ပြောနေတာလဲ။ "
ဘုန်းမင်းခန့်အပြောကြောင့် ဆရာမဒေါ်လှလှဝင်းက
မျက်လုံးပြူးပြကာ ဘုန်းမင်းခန့်ခေါင်းကို သူမလက်ထဲမှ ကိုင်ထားတဲ့ စာအုပ်နှင့် ခေါက်ချလိုက်လေသည်။
"အား ... ဆရာမ နာတယ်။ "
"နာအောင်လုပ်တာ ..."
"ဆရာမ ကိုယ့်တပည့်လေးတွေကို ရက်စက်တယ်ဗျာ။ "
"နောက်တစ်ခါ ပေါက်ကရတွေပြောချင်ဦးလေ။
ဒါနဲ့ ... အိမ်သာထဲမှာ ဆေးလိပ်တွေ ခိုးသောက်နေတယ်လို့ ငါကြားတယ်နော်။ "
"ဟာ ... ဆရာမကလည်း ကျွန်တော်တို့က အနံ့တောင် မခံနိုင်ဘူး။"
ဆရာမအပြောအား တစ်ဖွဲ့လုံး ထငြင်းလေသည်။
ဗြောင်လိမ်ဗြောင်စားတွေဆိုတာ သူတို့မှအစစ်။
"အင်း ပြောတာပဲ"
"တကယ်ပြောတာ သားတို့က လူလိမ္မာလေးတွေပါ ဆရာမရဲ့။ "
"သွား သွား။ ခဏနေရင် ငါ နင်တို့ အတန်းထဲ လာကြည့်မှာေနာ်။ ပြန်မရောက်သေးလို့ကတော့ နင်တို့တစ်သိုက်လုံး ငါ့ကြိမ်လုံးစာ
မိပြီသာမှတ်။"
"ဟုတ် ... ချက်ချင်း ပြန်တက်လာခဲ့ပါမယ်ဗျ။ "
ပြောပြီးတာနှင့် အလုအယက် လှေကားကနေ ပြေးဆင်းသွားကြလျှင် ဒေါ်လှလှဝင်းလည်း သက်ပြင်းတစ်ချက်ချလိုက်ပြီး ခေါင်းကိုသာ ခါယမ်းလိုက်တော့သည်။ ဒီကောင်လေးတွေက ဆိုးသာ ဆိုးပေမယ့် ဆရာမတွေကို ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောတာမျိုး ရန်တွေ့တာမျိုး တစ်ခါမှ မလုပ်ဖူးပေ။
ထို့ကြောင့် ဆိုးပေမယ့် ဆရာမတွေ အချစ်တော့ခံရ၏။
အပိုင်း (၄) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)