Bububai ဝတ္ထု ခင်ဗျားမသိပါဘူး (You don't know) အခန်းစာရင်း

အပိုင်း (၂)

"ဟဲ့ ... ငါအောက်(အပေါ့စွန့်) သွားမလို့ ဘယ်သူလိုက်ဦးမလဲ။ "

ထမင်းစားပြီးကြတော့ ဖြူစင်က မေးလျှင် ...

"ငါလိုက်မယ်။ "

မိုးပွင့်ဖြူက ထမင်းချိုင့်ဆင့်နေရင်း ဖြေ၏။

"အောက်ကို ဘာသွားလုပ်မလို့လဲဟင်။ "

သူတို့က အရင်ကတည်းက ဒီကျောင်းမှာ ပေါင်းလာတဲ့ သူငယ်ချင်းတွေမို့ ဘာပြောလဲသိနေပေမယ့် ရှင်ငြိမ်းကတော့ ဘာခဲမသိတာကြောင့် မေးလိုက်လျှင် ဖြူစင်က ပြုံးကာ ...

"အောက်သွားမယ်ဆိုတာ အပေါ့စွန့်သွားမယ်ကို ပြောတာလေ။ "

"ဪ ...ငါလည်းလိုက်မယ်နော် "

ရှင်ငြိမ်းကတော့ မသွားချင်သေးပေမယ့် တော်ကြာ ကျောင်းတက်မှဆို စာသင်တာ အနှောက်အယှက် ဖြစ်မှာစိုးတာကြောင့် တစ်ခါတည်းလိုက်သွားဖို့ပြင်လိုက်သည်။

"အေး ... လိုက်ခဲ့လေ။

ဟဲ့နင်တို့ရော မလိုက်ဘူးလား။ "

မိုးပွင့်ဖြူက ကျန်လေးယောက်ဖြစ်တဲ့ ချိုသဲဖြူ၊မိုးမိုးထွေး၊နှင်းသက်လွင်နဲ့ စိုးစိုးခိုင် ကိုပါ လှမ်းမေးလေသည်။

"အင်း ငါကတော့ မပေါက်ချင်သေးဘူး။

ဒါပေမယ့် လိုက်ခဲ့မယ်လေ ပျင်းတယ်။ "

"အေး ... သွားမယ်။ "

ထိုအခါ ရှင်ငြိမ်းတို့ အခန်းထဲက မိန်းကလေး၇ယောက်အဖွဲ့ တစ်ဖွဲ့လုံး အခန်းထဲက ထွက်လာခဲ့လိုက်ကြ၏။

ရှင်ငြိမ်းတို့ အဆောင်က စွယ်တော်ဆောင်ဖြစ်ကာ

အပေါ်ထပ်အဆောင်ဖြစ်လေသည်။

တစ်ဆောင်လုံးမှာ အခန်း၁၀ခန်းရှိကာ အပေါ်ထပ်က ၅ခန်း၊အောက်ထပ်က ၅ခန်းဖြစ်၏။

အပေါ်ထပ်မှာ ၄ခန်းက ၉တန်းတွေဖြစ်ပြီး ကျန်တဲ့တစ်ခန်းက ရှင်ငြိမ်းတို့ ၁၀တန်း repeater ခန်းဖြစ်၏။

အောက်ထပ်မှာက ၄ခန်းက ၈တန်းတွေဖြစ်ပြီး ကျန်တဲ့တစ်ခန်းက အထက်တန်းဆရာမ နားနေခန်းဖြစ်လေသည်။

၁၀တန်းfresher တွေကတော့ စွယ်တော်ဆောင်မှာမရှိပဲ တစ်ဖက်က ကံ့ကော်ဆောင်မှာပင်။

ဒါတွေအကုန်လုံးကိုလည်း ရှင်ငြိမ်းကို အခန်းထဲက သူငယ်ချင်းကောင်မလေးတွေ ပြောပြလို့ သိရခြင်းပင်။

အပေါ်ထပ်အတွက် လှေကားကို အဆောင်ရဲ့ ဘေးအစွန်နှစ်ဖက်လုံး လုပ်ပေးထားပြီး ရှင်ငြိမ်းတို့က ဘေးအစွန်တစ်ဖက် အခန်းဖြစ်၏။

အခုလည်း ရှင်ငြိမ်းတို့ အပေါ့သွားရန် ရှင်ငြိမ်းတို့အခန်းဘက်က လှေကားကနေ အဖွဲ့လိုက်ဆင်းလာခဲ့လိုက်ကြ၏။

၇ယောက်လုံး ထွက်လာကြတော့ အခန်းထဲမှာ ဘယ်သူမှ မကျန်ခဲ့တော့ပေ။

ယောက်ျားလေးတွေကလည်း ထွက်သွားပြီးကတည်းက ပြန်မလာပဲ ကျောင်းတက်မှ ပြန်လာမှာထင်သည်။

ကျောင်းလှေကားထစ်ကို ရောက်လျှင် လှေကားထစ်က ကျောင်းသားများဖြင့် စည်ကားနေလေသည်။

လှေကားကနေ ဆင်းကြတာလည်းမဟုတ်ပဲ လှေကားလက်ရန်းကို မှီရပ်ကာ စကားပြောနေကြခြင်းပင်။

ကိုယ့်အခန်းကိုယ်သွားမနေကြပဲ လှေကားကျဉ်းကျဉ်းလေးမှာ ဘာလုပ်နေကြသည်မသိ။

လှေကားက ကျဉ်းပါတယ်ဆို သူတို့က လှေကားတစ်ဖက်တစ်ချပ်ဆီမှာ ရပ်နေကြတာကြောင့် ရှင်ငြိမ်းတို့အဖွဲ့လည်း လှေကားမှာ တစ်ယောက်ချင်းလျှောက်ရလေသည်။

အဲ့မှာ ရှင်ငြိမ်းက နောက်ဆုံးဖြစ်သွားရာ ကျန်တဲ့သူတွေက လှေကားအောက်ထိရောက်သွားကြပြီး ရှင်ငြိမ်းက လှေကား အောက်ဆုံးအထစ်ကို ခြေလှမ်းမည်အလုပ် ...

"ဟ ... ရပ် ရပ် အခုရပ်လိုက်စမ်း။ "

"ဟင် ..."

အနောက်က ထွက်လာတဲ့ ယောက်ျားလေးတစ်ယောက်အသံကြောင့် ရှင်ငြိမ်း ဆတ်ခနဲဖြစ်သွားရကာ ခြေလှမ်းတွေကလည်း အလိုလို ရပ်မိလျှက်သားဖြစ်သွားရလေသည်။

"ဟင် ... ရှင်ငြိမ်း ဘာရပ်လုပ်နေတာလဲ ... သွားမယ်လေ။ "

ဖြူစင်တို့၆ယောက်က ရှင်ငြိမ်းအား လှည့်ကြည့်ကာ

ပြောလိုက်လျှင် အနောက်မှ ရယ်သံတွေ စုထွက်လာတော့သည်။

"ဟား ဟား ဟား ဟား "

ထိုအခါမှ ရှင်ငြိမ်းလည်း ရှင်ငြိမ်းကို နောက်နေမှန်းသိသွားကာ စိတ်တိုသွားရသည်။

ဘာလဲ ... လူကို ... ဖြူစင်တို့ပြောတဲ့အတိုင်းဆို ဒါက ၉တန်းတွေဖြစ်လိမ့်မည် ... မဟုတ်ရင်လည်း ၁၀တန်းတွေပေါ့။

သူတိုါထက်အကြီးကို နောက်စရာလား။

ရှင်ငြိမ်း ဒေါသတော်တော်လေးဖြစ်သွားရတာကြောင့် အံလေးကြိတ်ကာ နောက်သို့ လှည့်အကြည့် ...

"..."

လှေကားမှာ ရပ်နေတဲ့ ကောင်လေးတွေ အများကြီးထဲမှာမှ တစ်စုံတစ်ယောက်ကြောင့် ရှင်ငြိမ်း ကမ္ဘာကြ စက္ကန့်အနည်းငယ်လောက် ရပ်တန့်သွားသလို ခံစားလိုက်ရ၏။

ထိုအချိန်... သူကလည်း ရယ်နေရင်းမှ ရှင်ငြိမ်းကို လှမ်းကြည့်လိုက်လျှင် အကြည့်ချင်းဆုံသွားကာ

အမြဲတမ်းငြိမ်သက်နေခဲ့တဲ့ ရှင်ငြိမ်း နှလုံးသားအစုံက တဒုန်းဒုန်းနှင့် ထိန်းမရအောင် လှူပ်ခုန်လာခဲ့လေသည်။

သူ့ပုံစံက ဘာမှမထူးခြားပါဘူး။

တခြားယောက်ျားလေးတွေလို အသားဖြူဖြူ၊အရပ်ရှည်ရှည်နှင့်ဖြစ်ပြီး ကိုရီးယားဆန်ဆန်မျက်လုံးမှေးမှေးတို့က ရယ်နေတော့ အတိမှိတ်ကျနေသလိုပင်။

ထို့အပြင် နှုတ်ခမ်းပေါ်မှာ စံပယ်တင်မှည့်ပါ၏။

ထိုအချိန်ခဏလေးအတွင်းမှာပင် ရှင်ငြိမ်း သူ့မျက်နှာတစ်ခုလုံးအား အသေးစိတ် ဖတ်လိုက်မိလေသည်။

ဒါ ပထမဆုံး ရှင်ငြိမ်း သူစိမ်းယောက်ျားလေးတစ်ယောက်အား ဂရုစိုက်မိခြင်းနှင့် စိတ်ဝင်စားမိခြင်းပင်။

စာပြီးရင် စာပဲ ဖြစ်နေခဲ့တဲ့ ရှင်ငြိမ်းအတွက် ကျောင်းသူဘဝက တခြားသူတွေလို စိတ်ကစားဖို့ အချိန်မရှိခဲ့ပေ။

အခုက ရှင်ငြိမ်းရဲ့ ပထမဆုံး စိတ်ကစားခြင်းမျိုးများလား။

ဒါမှမဟုတ် အဲ့ထက်များ ပိုနေခဲ့လေမလား။

သူ့အကြည့်အောက်တွင် ပါးပြင်လေးတွေက နွေးခနဲဖြစ်လာကာ ခြေထောက်လေးတွေက အားနည်းသွားသလိုပင်။

"ရှင်ငြိမ်း... ရှင်ငြိမ်း ဘာရပ်လုပ်နေတာလဲဟင်။

လာလေ..."

မိုးပွင့်ဖြူ က ရှင်ငြိမ်းလက်ကလေးအား ဆွဲလှုပ်ကာ လှမ်းခေါ်လိုက်မှ ရှင်ငြိမ်း သတိပြန်ဝင်လာတော့သည်။

"ဪ... အွန်းအွန်း လာပြီ..."

ရှင်ငြိမ်း ကမန်းကတန်းနှင့်ဖြေကာ ထွက်လာခဲ့တော့သည်။

ရှက်လိုက်တာ ... ဘာလို့ အဲ့လောက်တောင် ကြည့်နေမိသွားရတာလဲ။

ထိုနားက ကောင်လေးတွေကတော့ သူမကို ဟားနေတော့မှာပဲ။

အခုမှ တွေးတွေးပြီး ရှက်နေမိတော့သည်။

အဆောင်ထဲက ထွက်လိုက်တာနှင့် အိမ်သာတွေနှင့် အဆောင်နှင့် ကပ်လျက်ဖြစ်ကာ ယောက်ျားလေးအိမ်သာနှင့်၊မိန်းကလေးအိမ်သာ ခွဲထားလေသည်။

ယောကျ်ားလေးအိမ်သာ ငါးလုံးနှင့် မိနကလေး အိမ်သာငါးလုံးဖြစ်၏။

သို့သော် ယောက်ျားလေးအိမ်သာမှာက လူတွေရှင်းနေပေမယ့် မိန်းကလေး အိမ်သာမှာတော့ အခန်းတိုင်းပြည့်နေကာ စောင့်နေတဲ့ မိန်းကလေးတွေလည်း အတန်းလိုက်ပြည့်နေလေသည်။

အိမ်သာက အခန်းမလွတ်သေးတာကြောင့် ရပ်စောင့်နေတုန်း တစ်ဖက်လှေကားဆီမှ ရယ်သံတွေထွက်လာလျှင် ရှင်ငြိမ်း တစ်ကိုယ်လုံးဖျင်းခနဲ ဖြစ်သွားရ၏။

သူတို့ ရှင်ငြိမ်းအကြောင်းပြောပြီး ဟားနေကြတာများလား။

"ရှင်ငြိမ်း ... ဟဲ့ ရှင်ငြိမ်း "

"ဟင် ... ဟင် "

"ဘာဖြစ်နေတာလဲ ... ဟိုမှာ အခန်းလွတ်ပြီ။

နင်အရင်ဝင်လို့။ "

"ဪ ... အင်း ရပြီ။

ငါက သိပ်မသွားချင်သေးဘူး။

နင်အရင်ဝင်လိုက်။ "

"အင်း အင်း "

မိုးပွင့်ဖြူက အိမ်သာထဲ ဝင်သွားတေယ့ ကျန်တဲ့ ငါးယောက်က ရှင်ငြိမ်းအား ဝိုင်းကြည့်ကာ ဘာဖြစ်နေတာလဲဟု ‌မေးငေါ့ကာ မေးကြလျှင် ရှင်ငြိမ်း ခေါင်းသာ ယမ်းပြလိုက်လေသည်။

ထိုနေ့က ပထမဆုံးရင်ခုန်သံတွေနှင့်အတူ ရှက်စိတ်ကြောင့် လူက အငွေ့ပျံမတက်ဖြစ်ခဲ့ရလေသည်။

အပိုင်း (၃) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၁) နောက်အခန်း - အပိုင်း (၃) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ