Bububai ဝတ္ထု အချစ်ဘတ္ထရီလေး အခန်းစာရင်း

Love Battery အပိုင်း (၃၇ )

💛သီဟသက်လင်း + ဖြူရှင်းသန့်💛

လူကြီးရဲ့အနမ်းအောက်တွင် ရှင်းသန့် ရင်တွေတလှပ်လှပ်လှိုက်ခုန်လာပြီး နှုတ်ခမ်းထောင်းစွန်းလေးကလည်း ကွေးညွတ်သွား၏။

အခုတလော ဘာဖြစ်နေလည်းမသိပါ။

လူကြီးနားမှာပဲ တချိန်လုံးကပ်နေချင်နေ၏။

"ဟေ့ ... ခဏဖယ်ဦးလေ။

ကိုယ် အင်္ကျီဝတ်ဦးမယ် "

"ဟင့်အင်း "

"ဟောဗျာ ... ဘာဖြစ်နေတာလဲ "

"မသိဘူး။

လူကြီးအနားကနေ မခွာချင်ဘူးဖြစ်နေတယ်။ "

"ဟား ... ခြွေပြန်ပြီ "

"တကယ်ပါဆို ... နေလို့လည်းမကောင်းဘူး။

အခုထိဘာမှ မစားရသေးဘူး။ "

"ဟာ ... ဗိုက်တွေအောင့်နေတော့မှာပဲကွာ။

ပြစမ်း ... ကိုယ်လဲ မပူပါဘူး။ "

"အင်း ... ဟုတ်တယ် ကိုယ်လဲမပူပဲ

နေလို့မကောင်းဘူးဖြစ်နေတာ။ "

"ဟုတ်လား ... လာ ဒီမှာထိုင်လိုက် ဖြည်းဖြည်း "

"..."

"ဒီနေ့မှ ဖြစ်တာလား။ "

"ဟင့်အင်း ၃/၄ရက်လောက်ရှိပြီ "

"ဟာ ... အဲ့ဒါကို အခုမှ ပြောရလား။

လာ လာ ဆေးခန်းသွားရအောင် "

ပြောပြောဆိုဆိုနှင့် ဆိုဖာပေါ်မှ ထကာ သူမ လက်ကလေးအားလှမ်းဆွဲခေါ်လိုက်လျှင် သူမက ပြန်တားရပြန်သည်။

"နေဦးလေ။

လူကြီး အင်္ကျီတောင် မဝတ်ရသေးဘူး။"

"ဟုတ်သားပဲ။

ခဏ ကိုယ်အင်္ကျီသွားဝတ်လိုက်ဦးမယ်နော်။ "

"အင်း "

ရှင်းသန့်ခေါင်းညိတ်ပြလိုက်တာနှင့် လူကြီးက အခန်းထဲပြေးဝင်သွားလေသည်။

ပြီးတာနှင့် ချက်ချင်းဆိုသလိုပင် ပြန်ထွက်လာတာ အောက်က ခုနက ရေလဲပုဆိုးနှင့် အင်္ကျီလျှိုရက်ကြီး ထွက်လာပြီး ရှင်းသန့်နားရောက်မှ ဆက်ဝတ်၏။

"သွားမယ် လာ "

"နေပါဦး။

ရှင်းသန့် ဘာမှ မစားရသေးဘူး ဗိုက်ဆာတယ်။ "

"အွန်း ဟုတ်သားပဲ။

ဘာစားချင်လဲ "

"ခေါင်းမူးနေတော့ ချဉ်ချဉ်စပ်စပ်တွေပဲစားချင်‌တယ်။

တစ်ခုခုလုပ်ပေး "

"နေမကောင်းဘူးဆို မတည့်ဘူးလေ "

"မတည့်လည်း အဲ့ဒါတွေပဲ စားချင်တာပါဆို "

"ဆန်ပြုတ်လေးစားလေနော်။

ဆေးခန်းက ပြန်လာမှ ဆရာဝန်ကို တည့်မတည့်မေးပြီး

ကျွေးမယ်လေနော် "

"မရဘူး။

ရှင်းသန့် စားချင်တာ မစားရရင် ဆေးခန်းလည်း မသွားဘူး ဒါပဲ "

"ဟာ ... အဲ့လို မလုပ်နဲ့လေကွာ။

ဆေးခန်းသွားမှ သက်သာမှာပေါ့ "

"အဲ့တာဆို ရှင်းသန့်စာစချင်တာကျွေးလေ "

"ကလေးမ စားချင်တာက မတည့်တာတွေလေကွာ "

"ကျွေးမှာလား မကျွေးဘူးလား ဒါပဲပြော

လူကြီးမကျွေးရင် ရှင်းသန့် ကိုယ့်ဟာကိုယ် လမ်းထိပ်မှာ

သွားဝယ်စားမှာ "

"မဆိုးနဲ့လေကွာ။

အဲ့ချဉ်ချဉ်စပ်စပ်တွေမဟုတ်ပဲ တခြားဟာပြော ကိုယ် အခုချက်ချင်းလုပ်ပေးမယ် ။"

"မစားဘူး။"

"ကလေးမကလည်းကွာ ... နေပါဦး အခု အခု ကလေးမ ဘယ်လိုနေနေရတာလဲ "

"ဟမ် "

"ကလေးမ အခု နေလို့မကောင်းတာက ဘယ်လိုမျိုးလဲလို့ "

"ဟို ... ခေါင်းတွေမူးပြီး ပျို့ချင်သလိုလိုကြီး ဖြစ်နေတာ။ "

"ဟာ ..."

လူကြီးက ဟာခနဲဖြစ်သွားပြီး ဘာမျှဆက်မပြောပဲ ရှင်းသန့်ကိုပဲ

တအံ့တဩနှင့် စိုက်ကြည့်နေလေလျှင် ရှင်းသန့် သိချင်စိတ်ပြင်းပြလာရတော့သည်။

"ဘာလဲ ... ဘာဖြစ်လို့လဲ ရှင်းသန့်ကို ပြောပြလေ "

"ဟို ဟို ... ကိုယ်ကလေးမနဲ့အတူနေတိုင်း ကွန်ဒုံးမသုံးပဲ ပလိမ်းနေတာလေ။ "

"ဟင် ... အာ လူကြီးကလည်း ဘာတွေလျှောက်ပြောနေတာလဲ "

ရှင်းသန့်မျက်နှာလေးပူနွေးလာကာ လူကြီးအား မျက်စောင်းထိုး၍ ခေါင်းကိုငုံ့ထားလိုက်၏။

"မဟုတ်ဘူး။

ကလေးမ အခုဖြစ်နေတဲ့ လက္ခဏာတွေက ကိုယ်ဝန်သည်လက္ခဏာတွေဖြစ်နေလို့ ... ဟို ဗိုက် ဗိုက်များရှိနေတာများလား။ "

"ဟင် ... အဲ့လိုဆို ဘယ်လိုလုပ်မလဲ။"

"ဘယ်လိုလုပ်ရမလဲ။

ကိုယ်တို့က လင်မယားတွေပဲကို ပြန်ပေါင်းရမှာပေါ့

အခုတော့ သေချာသွားအောင် ဆေးခန်းသွားစစ်ကြည့်ရမယ် "

"အွန်း "

"ကလေးမ ဗိုက်ဆာတယ်ဆို "

"အာ တော်ပြီ။

အပြန်မှ ဆိုင်မှာ တစ်ခုခုဝင်စားလိုက်မယ်။

အခု ရင်တွေတအားခုန်နေပြီ ဆေးခန်းသွားကြစို့ "

"အင်းအင်း ... ဟုတ်ပြီ သွားမယ်နော်။

ဟာ ဟေ့ ဘာလို့ စွတ်ပြေးနေတာလဲ။

ဗိုက်ထဲမှာ ကလေးရှိနေရင် အန္တရာယ်များလိုက်တာကွာ။ "

အိမ်ထဲကနေ ကားအနားထိ ပြေးသွားတဲ့ ကလေးမအား

သူ့မှာ လိုက်ဖမ်းရပြန်သည်။

ပြီးမှ ကားတံခါးဖွင့်ပေးကာ ကလေးမကို ကားထဲအရင်ထည့်ပေးလိုက်ပြီးမှ သူက မောင်းသူနေရာဘက်ပြန်ဝင်ကာ

ဆေးခန်းကို သွားရ၏။

ဆေးခန်းရောက်တော့ လူနာတွေ များနေတာကြောင့် စောင့်နေရသေးသည်။

လူစောင့်တဲ့နေရာမှာ နှစ်ယောက်သားထိုင်နေကြရင်း ကလေးမလက်ကလေးအား ဆုပ်ကိုင်ထားလျှင် ကလေးမ လက်ဖျားကလေးတွေက တဖြည်းဖြည်း အေးလာ၏။

"ရင်တွေခုန်နေတာလား။"

အေးစက်နေတဲ့ လက်ဖျားလေးတွေအား ဖိဆုပ်‌ပေးရင်း မေးလိုက်လျှင် ကလေးမက ခေါင်းညိတ်ပြ၏။

"လူကြီးကရော ကလေးလိုချင်ရဲ့လားဟင် "

"ဘယ်လို မေးလိုက်တာလဲကွာ။

လိုချင်တာမှ ရူးမတတ်ပဲ "

"ဟီး ... ရှင်းသန့်လည်း လိုချင်ပါတယ်။

ဒါပေမယ့် မေမေတိူ့ကို ဘယ်လိုပြောကြမလဲဟင်။

ရှင်းသန့်ကြောက်တယ်။ "

ရှင်းသန့်က သီဟအား အားကိုးတကြီးကြည့်ကာ ပြောလိုက်လျှင်

သီဟက လက်တစ်ဖက်နှင့် ရှင်းသန့် ဆံနွယ်လေးတွေအား ခပ်ဖွဖွပွတ်ပေးကာ ...

"ဘာမှ မကြောက်နဲ့နော်။

အန်တီတို့ကို ကိုယ်ပြောမယ်။ "

"မေမေတို့က လူကြီးနဲ့ပတ်သတ်ပြီး ရှင်းသန့်ကို သိပ်ကြည်တာမဟုတ်ဘူး။

ရှင်းသန့်ကလည်း ဆိုးခဲ့တာကို ... လူကြီးနဲ့ ကွာရှင်းတုန်းကဆို ရှင်းသန့်ကို ဆူလိုက်တာမှ တအားပဲ။

အဲ့တာကြောင့် ကွာရှင်းချင်တုန်းကလည်း ရှင်းသန့်က မကြံသင့်တာတွေကြံခဲ့ပြီး အခု ပြန်ပေါင်းချင်ပြန်ပြီဆို မေမေက ရှင်းသန့်ကို သတ်တော့မှာ "

"ဟား ဟား ... ဘာမှ မဖြစ်ပါဘူးကွာ။

တွေးပူမနေနဲ့ ကလေးမကို ကိုယ်က ကာကွယ်ပေးမှာပေါ့။

ရိုက်ချင်ရင်လည်း ကျွန်တောိ့ကိုပဲ ရိုက်ပါ ကလေးမကိုတော့ မရိုက်ပါနဲ့ဆိုပြီး "

"ဟီး .. ချစ်ဖို့ကောင်းလိုက်တာ။ "

"ဟိုမှာ ... ကိုယ်တို့အလှည့်ရောက်ပြီ။

ဝင်ရအောင် "

"ဟုတ် "

နှစ်ယောက်သား လက်ချင်းချိတ်လျှက် ဝင်သွားလျှင် အထဲက

ဒေါက်တာမက သူတို့နှစ်ယောက်အား သေချာစိုက်ကြည့်နေရင်း

နှုတ်ခမ်းအစုံက ပြုံးယောင်သမ်းလာကာ ...

"သီဟ နင်သီဟမလား။"

"ဗျာ "

"ဟဲ့ ... ငါလေ ခင်ခင်စိမ့်လေ မမှတ်မိဘူးလား။ "

"အာ ... ဟုတ်သားပဲ။

ဆောရီး ငါမေ့နေတာ "

"အဟင်း ... ဒါနဲ့ ဒါလေးက "

ဒေါက်တာမက သူတို့နှစ်ယောက်အား စူးစမ်းသလိုကြည့်နေတဲ့

ရှင်းသန့်အား လက်ညှိုးထိုမေးငေါ့ပြကာ မေးလျှင် ရှင်းသန့်ပြုံးပြလိုက်၏။

"ဒါလား ... ငါ့ညီမလေ "

စပ်ဖြဲဖြဲနှင့် ပြန်ဖြေလိုက်တဲ့ သီဟအဖြေကြောင့် ရှင်းသန့် မျက်ခုံးတန်းလေးများ စုကြုံ့သွားသလို ဒေါက်တာမက အံ့ဩသလို

လှမ်းကြည့်ကာ ...

"ဟဲ့ နင့်မှာ ညီမရှိတယ်လို့လည်း ငါမကြားဖူးပါဘူး။ "

"အင်း ... ဟုတ်တယ်။

သူက နင်ကျောင်းပြောင်းသွားပြီးမှ မွေးတာလေ။ "

သီဟက ရုပ်တည်ကြီးနဲ့ ဆက်နောက်လျှင် ရှင်းသန့်က တွဲထားတဲ့လက်အား ဆွဲဖြုတ်တော့ သီဟက ပြန်လှမ်းဆွဲထားလေသည်။

ဒေါက်တာမကလည်း အတည်ပေါက်ပုံစံကြီးပြောနေတဲ့ ခေါင်းတွေ တညိတ်ညိတ်ဖြစ်သွားကာ ...

"ဪ ... မောင်နှမသာပြောတယ်။

နင်တို့နှစ်ယောက်က တခြားစီနော်။

နင့်ညီမလေးက ကော်ပတ်ရုပ်လေးကျနေတာပဲ ချစ်စရာလေး

ဒါနဲ့ ငါ့မှာ မောင်လေးရှိတယ်သိလား။ "

"ဟေ့ ဟေ့ ... ငါစနေတာ။

ဒါငါ့ညီမ မဟုတ်ဘူး ...ငါ့မိန်းမ "

ဟိုက မောင်လေးရှိတယ်ဆိုမှ စနေတာတွေရပ်ကာ အသည်းအသန် ပြန်ရှင်းတော့သည်။

ဘေးက ကလေးမကို လှမ်းကြည့်တော့ သူ့ကို ကြည့်ကိုမကြည့်တော့ပဲ မျက်နှာကြီးတစ်ဖက်လွှဲထားကာ နှုတ်ခမ်းပါးလေးက စူထားသေး၏။

စိတ်ကောက်နေတဲ့ ကလေးမလေးအားကြည့်ကာ သူပြုံးကာ

သူ့သူငယ်ချင်းဖြစ်တဲ့ ဒေါက်တာမအား မေးငေါ့ပြကာ

စိတ်ဆိုးသွားတဲ့အကြောင်း လှမ်းပြလိုက်တော့ ဟိုကလည်း ရယ်သွားလေသည်။

"ထင်တော့ ထင်ပါတယ်။

အဲ့လိုဖြူဖြူလေးက နင့်ညီမ မဖြစ်နိုင်လောက်ပါဘူးလို့ "

"ဟား ဟား ... ဘယ်လိုလဲ ငါ့မိန်းမ လှတယ်မလား။ "

"လှပါ့ရှင်။

နင်နဲ့တောင် မတန်ဘူးသိလား။

ညီမလေးက တော်တော်လည်း ငယ်မယ့်ပုံပဲ "

"ဟာ ... ကြီးရင်မှီ ငယ်ရင်ချီတဲ့ မကြားဖူးဘူးလား။

နင်အခုထိ အပျိုကြီးဖြစ်နေသေးတယ်မလား။ "

"ဟဲ့ ဘာဆိုင်လို့လဲ ကောင်စုတ်ရဲ့ "

"ဟား ဟား

ကိုယ့်အကြောင်းကိုယ်သိ "

"တော်ပြီ နင်နဲ့ ပြိုင်မပြောတော့ဘူး။

နေမကောင်းလို့မလား။ဘယ်သူလဲ ညီမလေးလား။ "

"အေး ... ငါ့မိန်းမက ခေါင်းတွေမူးပြီး အန်ချင်သလိုဖြစ်နေလို့တဲ့။

နောက်ပြီး အချဉ်အစပ်တွေပဲ တောင်း‌နေတာ။

အဲ့ဒါ ကိုယ်ဝန်များရှိနေတာလား စမ်းကြည့်ပေးပါဦး "

"အင်း အင်း

လာ ညီမလေး ဒီကုတင်ပေါ်လှဲလိုက်နော် "

"ဟုတ်ကဲ့ "

ရှင်းသန့်က ကုတင်ပေါ် လှဲဖို့လုပ်တော့ သီဟက သူမပခုံးလေးအား ကိုင်ကာ ဝိုင်းလှဲပေးလျှင် ရှင်းသန့်က ချက်ချင်းပုတ်ချကာ မျက်စောင်းထိုးသွားလေသည်။

သီဟကတော့ စချင်မိတဲ့ သူ့အပြစ်နဲ့သူမို့ ပြုံးပြုံးကြီးသာ လုပ်နေ၏။

ဒေါက်တာမက နားကြပ်တပ်ကာ ရှင်းသန့်အား စမ်းသပ်ကြည့်ပြီးလျှင် ပြုံးသွားလေသည်။

အပိုင်း (၃၈) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - Love Battery အပိုင်း (၃၆ ) နောက်အခန်း - Love Battery အပိုင်း (၃၈ ) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ