Bububai ဝတ္ထု အချစ်ဘတ္ထရီလေး အခန်းစာရင်း

အပိုင်း (၂၉ )

💛သီဟသက်လင်း + ဖြူရှင်းသန့်💛

"ကလေးမ တကယ် တကယ်ပြောနေတာလား။

"ဟုတ် ... ရှင်းသန့် လူကြီးကို တကယ်ချစ်နေမိတာ။

အခုမှ မဟုတ်ပါဘူး။ လူကြီးနဲ့ ကွာရှင်းပြီး လူကြီးဒီမှာ မရှိတော့မှ

ရှင်းသန့် လူကြီးကို ချစ်နေမိပြီဆိုတာ ကိုယ့်ကိုယ်ကို သိလိုက်ရတာ။

ရှင်းသန့် လူကြီးကို အရမ်းလွမ်းနေရတာ။

လူကြီး မရှိတဲ့ အချိန်တွေအတွင်း ရှင်းသန့် ဒီအိမ်ကို အမြဲလာပြီး

သန့်ရှင်းရေးလုပ်ပေးတယ်။လူကြီးရဲ့ ပန်းပင်တွေ ရေလာလောင်းပေးတယ်။

နောက်ပြီး လူကြီးကို လွမ်းလို့ငိုတယ်။ "

"အဲ့ဒါတွေက တကယ်ပဲလား။"

"အွန်း "

"..."

သူက ဒါတွေကို မသိခဲ့ပဲ ပြန်လာရမှာ ကြောက်နေခဲ့မိတာပဲ။

သူသာ ပြန်မလာခဲ့မိရင် သူမအချစ်တွေကို မသိလိုက်ရတော့ပဲ နေတော့မှာ။

သီဟ သူမအား ချစ်ရည်ရွှမ်းနေသော မျက်ဝန်းအစုံနှင့် ကြည့်နေပြီးမှ သူ့ကို နှိပ်စက်ထားတဲ့ ကလေးဆိုးမလေးအား နည်းနည်းတော့ ညစ်ချင်သေးတာကြောင့် သူမကိုယ်လေးအား လွှတ်လိုက်ကာ ...

"ကလေးမ နောက်ကျသွားပြီ။

ကိုယ်ဟိုမှာ နောက်အိမ်ထောင်ပြုပြီးသွားပြီ။

ကိုယ်မိန်းမရနေပြီ။ "

"ဟင်..."

ရှင်းသန့် အံ့ဩတုန်လှုပ်မှုနှင့်အတူ ရင်ထဲမှာလည်း

နာကျင်‌အောင့်မျက်သွားရသည်။

သူက ရှင်းသန့်အား ဘာမှ ဆက်မပြောပဲ ကြည့်နေလျှင် ရှင်းသန့် မျက်ရည်တွေ ဝေ့ဝဲလာ၏။

ထိုအခါ ခုနကအထိ ငြိမ်နေတဲ့ သီဟသက်လင်းက

သူမမျက်ရည်စလေးတွေအား ပျာပျာသလဲနှင့် ပွတ်သုတ်ပေးကာ ...

"ဟာ ... မငိုနဲ့လေ။

စတာပါ ... ကိုယ်စလိုက်တာပါ။

ကိုယ့်မှာ ဘယ်မိန်းမမှ မရှိပါဘူးကွာ။ "

သူ့ချော့နေတာတောင် သူမက အငိုမရပ်သေးပဲ တအင့်အင့် ရှိုက်ငိုနေသေးသည်။

အငိုသန်လေးဖြစ်နေတုန်းပဲ။

"ဟိတ် ... မငို‌နဲ့တော့လို့။

ကလေးမ ငိုရင် ကိုယ်မနေတတ်လို့ပါ။

ဆောရီးပါကွာ ... နော် ကိုယ်က မနောက်သင့်တာ နောက်လိုက်မိတာ။"

"အင်း ... အင့် အဟင့်

တကယ် တကယ်မရှိတာလား။ "

"အင်း ... မရှိဘူး။

ကိုယ်မင်းကလွဲပြီး ဘယ်မိန်းမကိုမှ ရင်ခုန်လို့မရဘူး။ "

"အဟင့် ဟင့် ရှင်းသန့် ရှင်းသန့်လည်း လူကြီးကို အရမ်းချစ်တယ်။ "

"တကယ်သေချာပြီလား။

ဒီတစ်ခါ ဆိုရင်တော့ ကိုယ်မင်းကို လုံးဝလက်လွှတ်ပေးနိုင်မှာ မဟုတ်တော့ဘူးနော်။

ကိုယ့်ရင်ခွင်ထဲကနေ ထွက်မပြေးတော့မှာ သေချာလို့လား။

ဒီတစ်ခါသာဆို ကိုယ်သေမှာ "

"ရှူး "

သေစကားပြောနေတဲ့ သီဟနှုတ်ခမ်းဝကို လက်ညှိုးလေးနှင့် ကန့်လန့်ဖြတ်ပိတ်လိုက်သည်။

ပြီးလျှင် လက်ညှိုးအား ဖယ်ကာ သူမနှူတ်ခမ်းလေးနှင့် ပွတ်တိုက် နမ်းရှိုက်လိုက်သည်။

"အွန့် ... ပြွတ်စ် ပြွတ် "

ရုတ်တရတ်ဆန်တဲ့ သူမအနမ်းတို့ကြောင့် သီဟ မျက်လုံးကြီး

ပြူးကျယ်သွားကာ ရင်ထဲမှာလည်း ဓာတ်လိုက်သလို ကျင်ခနဲဖြစ်သွားလေသည်။

သူ့မှာ ရင်ခုန်စိတ်လှုပ်ရှားနေမိတာကြောင့် အနမ်းတွေအား

တုံ့ပြန်ဖို့မေ့နေလျှင် ရှင်းသန့်က သူမအစပျိုးတဲ့ အနမ်းအား သူမပဲ အဆုံးသတ်လိုက်လေသည်။

သူမ အနမ်းတွေကို တုံ့ပြန်မလာတာကြောင့် ရှင်းသန့် သူ့အား မချင့်မရဲနှင့် မော့ကြည့်လိုက်လျှင် သီဟ သူမကိုယ်လေးအား

သိမ်းကြုံးပွေ့ဖက်ထားလိုက်သည်။

သူလည်း လွမ်းနေခဲ့ရတာပဲ။

တစ်ယောက်နှင့်တစ်ယောက် လွတ်ထွက်သွားမည့် ကျစ်နေအောင် ပွေ့ဖက်ထားကြပြီးလျှင် အကြည့်ချင်းဖလှယ်ကြလေသည်။

ပြီးလျှင် သီဟသက်လင်းမှစ၍ သူမနှုတ်ခမ်းလေးအား ဆွဲယူကာ

နမ်းရှိုက်လိုက်၏။

ထိုအခါ ရှင်းသန့်ကလည်း အနမ်းတို့အား တုံ့ပြန်လာကာ

အနမ်းတို့က ရှည်ကြာသွားတော့သည်။

__________________

"ဟီ ဟီ ... ခစ် ခစ် "

ရှင်းသန့် မနေ့က အကြောင်းပြန်တွေးပြီး ကိုယ့်အတွေးနှင့်ကိုယ်

အူမြူးနေလျှင် မေမေက ရှင်းသန့်အား စိုက်ကြည့်လာကာ ...

"ဟဲ့ ... စောစောစီးစီး အူတွေမြူးနေတာ ဘာဖြစ်နေတာလဲ။ "

"အဟင်း ... ဘာမှ မဟုတ်ပါဘူး မေမေရဲ့။

ဟီး ဟီး "

"ဟော ... ဘာတွေလုပ်ထားပြန်ပြီလဲ။ "

"ဘာမှ မလုပ်ပါဘူး ... မေမေကလည်း ဒီနေ့ ‌မေမေ တအားလှနေတယ်သိလား ... မွ "

ပြောပြောဆိုဆိုနှင့် မေမေ့ပါးအား ဆွဲနမ်းပစ်လိုက်ကာ အပေါ်ထပ် ပြန်တက်လာခဲ့သည်။

"ဪ ... ဒီကလေးမ စောစောစီးစီး ဘာတွေဖြစ်နေလဲကိုမသိဘူး။ "

ရှင်းသန့် အပေါ်ထပ်ရောက်တော့ ပြတင်းပေါက်ဖွင့်ကာ တစ်ဖက်ခြံအား လှမ်းကြည့်လိုက်ပေမယ့် လူကြီးရဲ့ အရိပ်အယောင်ကို မမြင်ရတာကြောင့် နှာခေါင်း ရှုံ့လိုက်မိသည်။

"အခုထိ မထသေးဘူးလား။

ပွဲရုံ သွားလိုက်တာများလား။ "

ချက်ချင်း ဟိုဘက်ခြံကို ကူးပြီး သွားကြည့်လိုက်ချင်ပေမယ့်

ရုံးသွားရဦးမှာမို့ ပြင်ဆင်ရတော့သည်။

__________________

လကုန်ရက်ဖြစ်တာကြောင့် သီဟ အလုပ်သမားတွေအား

လစာထုတ်ပေးလိုက်ပြီး အကုန်လုံးကို ဘောနပ်စ်ပါပေးလိုက်၏။

ဘောနပ်စ်ရသွားလို့ အကုန်လုံးက ပျော်နေကြပေမယ့် မိုးသူရနဲ့

ဇော်ကြီးတို့နှစ်ယောက်ကတော့ သူတို့အလှည့်ရောက်လာရာ

သူသူများတွေကိုင်သွားတဲ့ ပိုက်ဆံတွေအား လှမ်းကြည့်ကာ

မျက်နှာတွေ ရှုံ့မဲ့နေကြလေသည်။

ပွဲရုံမှာ မိုးသူရနဲ့ ဇော်ကြီးက ရာထူးအကြီးဆုံးမို့ သူတို့က နောက်ဆုံးမှ လစာရလေသည်။

သီဟသက်လည်း သူတို့အလှည့်ရောက်တော့ ဘာမျှမပြောပဲ ပိုက်ဆံတွေ ရေကာ တစ်ယောက်တစ်အုပ်စီ ခွဲပေးလိုက်သည်။

"ရော့ "

ထိုအခါ မိုးသူရနှင့် ဇော်ကြီးလည်း ခါတိုင်းထက် အများကြီး

ပိုထူနေတဲ့ ပိုက်ဆံအုပ်ကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားကြကာ ...

"ဆရာ ... လစာ လစာမဖြတ်ဘူးပေါ့။ "

"အင်း ... ဘောနပ်စ်လည်းထည့်ပေးထားတယ်။ "

"ဟာ ... ကျေးဇူးပါ ဆရာရယ်။

ကျေးဇူးပါဗျာ။ "

သူတို့နှစ်ယောက်အတွက်တော့ တခြားသူတွေထက် ဘောနပ်စ်က သုံးဆထည့်ထားပေးလိုက်သည်။

ဘာလို့ဆို သူတို့ကြောင့် မြန်မာပြည်ပြန်ရောက်ပြီး ကလေးမ အချစ်တွေကို တွေ့လိုက်ရတာမလား။

ဟိုကောင် ခန့်သူကိုလည်း တစ်ဝိုင်းလိုက်ကျွေးရဦးမည်။

"ဒါနဲ့ ... ဆရာ တစ်ခုခု ဝမ်းသာစရာရှိလို့လားဟင်။

မနက်ကတည်းက တအားပြုံးနေတယ်။ "

"အဲ့လောက်တောင် သိသာနေလား။ "

သီဟသက်လင်း သူမျက်နှာသူ ပြန်ကိုင်ကြည့်ကာ ပြုံး၍

မေးလိုက်လျှင် ဟိုနှစ်ယောက်က ခေါင်းတွေ တဆတ်ဆတ်ဘိတ်ပြကြလေသည်။

"ဟုတ်တယ် ... ဆရာ ဘာပျော်စရာတွေ့ထားလို့လဲ။ "

"နောက်မှ ပြောပြမယ်။"

"ဟာ ... ‌ဆရာကလည်းဗျာ ကိုယ့်တပည့်တွေကို

လျှိုလိုက်တာ။ "

"အဟက် ... "

သူတို့စကားကြောင့်မဟုတ်ပဲ မနေ့က အကြောင်းပြန်တွေးကာ

ရယ်လိုက်ပြန်သည်။

ထိုအခါ မိုးသူရနှင့် ဇော်ကြီးက ခေါင်းတွေကုတ်ကာ သီဟသက်လင်းအား အထူးတဆန်းကြည့်လိုက်ကြလေသည်။

"ဘာကြည့်နေတာလဲ။

ကိုယ့်အလုပ်ကိုယ် သွားလုပ်ကြလေ။

ပေးထားတဲ့ ဘောနပ်စ်တွေ ပြန်ယူလိုက်ရမလား။ '

"ဟာ ... မလုပါပါနဲ့ ဆရာကလည်း ... ဟေ့ကောင် သွားမယ် လာ "

"ဟုတ် ဟုတ် "

မိုးသူရနှင့် ဇော်ကြီးထွက်သွားလျှင် သီဟသက်လင်း ပြုံးလိုက်ပြန်သည်။

ဒီနေ့မှ အရာရာတိုင်းက ပျော်စရာတွေချည်းဖြစ်အောင် ကလေးမလေးက ပြုစားလိုက်တာ။

_______________

အပိုင်း (၃၀) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း ( ၂၈) နောက်အခန်း - Love Battery အပိုင်း ( ၃၀) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ