Bububai ဝတ္ထု အချစ်ဘတ္ထရီလေး အခန်းစာရင်း

အပိုင်း ( ၃)

💛သီဟသက်လင်း + ဖြူရှင်းသန့်💛

"ဟာ ... မဲရှုပ်ညစ် "

"ဟင် "

ကိုကိုနဲ့စကားပြောနေရင်း နောက်ပါးဆီမှ ခေါ်သံကြောင့် ရှင်းသန့်မျက်မှောင်လေးကြုတ်သွားမိ၏။

ဒီလိုခေါ်တာတော့ လှည့်ကြည့်စရာတောင် မလိုပါဘူး။

ဘယ်သူဆိုတာ တန်းသိပြီးသားပင်။

ထို့ကြောင့် ရှင်းသန့်လှည့်မကြည့်ပဲ မသိချင်ယောင်ဆောင်နေလျှင်

သူက ရှင်းသန့်ရှေ့ထိ ရောက်လာလေသည်။

သူတစ်ယောက်တည်းတော့မဟုတ်တော့ ဘေးမှာ ခပ်ချောချော အမတစ်ယောက်လည်းပါလာ၏။

"မဲရှုပ်ညစ် ... ညဉ်း တမင်အကြားချင်ယောင်ဆောင်နေတာမလား။ "

"ဟုတ်တယ် ... ဘာဖြစ်လဲ "

"အောင်မာ ဒီကလေးမကတော့ "

"ဘယ်သူလဲ သီဟ"

ထိုအသံက သီဟသက်လင်းနှင့်အတူ ပါလာတဲ့ အမျိုးသမီးထံမှဖြစ်၏။

ရှင်းသန့်အား စူးစမ်းသလိုကြည့်ကာ မေးလာခဲ့သည်။

ထိုအခါ ရှင်းသန့်ကလည်း ဆိုရှယ်ကောင်းသူပီပီ ထိုအမအား

ပြုံးပြကာ နှုတ်ဆက်လိုက်သည်။

"ဟိုင်း ... မီးနာမည်က ဖြူရှင်းသန့်ပါ မမ "

"ဪ ... ဟုတ် ချစ်စရာလေးပဲ "

"ဘာဖြူရှင်းသန့်လဲ မဲရှုပ်ညစ် "

"ဟေ့လူကြီး ခင်ဗျားကိုမပြောဘူး "

"ဟား ဟား "

ရှင်းသန့်က မကျေမနပ် အော်လိုက်လျှင် သီဟသက်လင်းက ဟက်ဟက်ပက်ပက်ရယ်ကာ ရှင်းသန့်ရဲ့ ပါးဖောင်းဖောင်းလေးကို

ဆွဲဖဲ့ပြီးမှ တစ်ဖက်ဝိုင်းသို့ သွားထိုင်လေသည်။

ထိုအခါမှ တစ်ချိန်လုံး တိတ်ဆိတ်နေတဲ့ ဩရထူးဆီက အသံထွက်လာလေသည်။

"ရှင်းသန့်အသိလား။ "

"အွန်း ... ဟုတ်တယ်။

ခြံဘေးက လူ့ဂွစာလူပျိုသိုးကြီးလေ။ "

"ဪ ... ဘေးက သူ့ချစ်သူထင်တယ်။"

"ရှင်းသန့်တော့ မထင်ပါဘူး။

အဲ့လို လူ့ဂွစာကြီးကို အဲ့လိုအလှလေးက မကြိုက်လိုက်ဘူး ... ဟော ရှင်းသန့်မပြောဘူးလား။ ဟိုမှာ လူတစ်ယောက်‌ရောက်လာပြီ။

အဲ့မရဲ့ ချစ်သူထင်တယ် "

ပြောရင်းဆိုရင်း သူတို့ဝိုင်းဆီ ဝင်ထိုင်လိုက်တဲ့ လူတစ်ယောက်အား

မေးငေါ့ကာ ပြောလိုက်သည်။

တကယ်လည်း အဲ့အမကောင်လေးဖြစ်နေလေသည်။

ရောက်တာနှင့် ထိုအမကို ပခုံးမှသိုင်းဖက်လိုက်လေ၏။

ထင်သားပဲ အဲ့လူပျိုသိုးကြီး အဲ့လောက်မစွံဘူးဆိုတာ။

"ဟိုဘက်ဝိုင်းက နင့်အသိကောင်မလေးက ချစ်စရာလေးနော်။

အရုပ်မလေး ကျနေတာပဲ။နောက်ပြီး အသွက်ကလေး။"

"အင်း ... ဟုတ်တယ် "

မီမီထွန်းအပြောအား သီဟသက်လင်းက ထောက်ခံသလို သူမချစ်သူဖြစ်တဲ့ အောင်ကျော်ဇောကလည်း ရှင်းသန့်ကို လှမ်းကြည့်လေသည်။

"ဘေးက သူ့ကောင်လေးထင်တယ် နှစ်ယောက်လုံး ချစ်စရာလေးတွေနော် လိုက်ဖက်လိုက်တာ "

ဒီစကားကိုတော့ သီဟသက်လင်းက မထောက်ခံတော့ပဲ မျက်နှာကြီး

ပျက်ကျသွားလေသည်။

ဒါကို အောင်ကျော်ဇော်နှင့် မီမီထွန်းကလည်း မြင်သွားကာ ...

"ဟေ့ကောင် မင်းအဲ့ကလေးမလေးကို ကြိုက်နေတာလား။ "

"ဟယ် ... သီဟ ကလေးကို မုန့်ပေးကြိုက်ချင်နေတာလား။ "

"စာကလေးကို အမြှောက်နဲ့မချိန်ချင်စမ်းပါနဲ့ ငါ့ကောင်ရာ။

ကောင်မလေးက တော်တော်ငယ်နယ့်ပုံပဲ "

"ကျစ် ... တော်ပြီကွာ ငါပြန်တော့မယ် "

"ဟာ ... ဟေ့ကောင် "

"ဒီကောင်ကြီး တကယ်ချိန်နေတာပဲ "

"ဒါပေမယ့် ကောင်မလေးက ရည်းစားရှိတယ်လေ။။ "

သီဟသက်လင်းက အပြင်ကို ရောက်သွားပြီး သူတို့နှစ်ယောက်က ပြောပြီးကျန်ရစ်ခဲ့တော့သည်။

သီဟလည်း ကားပေါ်ရောက်မှ လေပူတစ်ချက်မှုတ်ထုတ်ကာ

ဘေးခွဲကျကျ သေသေသပ်သပ်ဖြီးသင်ထားတဲ့ ဆံပင်တွေကို လက်နဲ့ ထိုးဖွပစ်လိုက်သည်။

"ဟူး ..."

__________

"ဘယ်လို မေမေ ... မေမေ ဘာတွေပြောနေတာလဲ။

ရှင်းသန့် လုံးဝလက်မခံဘူးနော်။ "

"လက်မခံလို့ မရဘူး သမီး။

မေမေတို့က လက်ခံထားပြီ။"

သားသီဟကလည်း သမီးကို တန်ဖိုးထားလို့ မေမေတို့ဆီမှာ

မိသားဖသားပီပီ လာတောင်းရမ်းထားတာလေ။ "

"ဒါပေမယ့် သမီးဆန္ဒပါလို့လား။

လက်ထပ်ရမယ့်သူကဘသမီးလေ။

သမီးဆန္ဒက အရေးပါဆုံးပဲ မဟုတ်ဘူးလား။ "

ရှင်းသန့် တကယ်ခံပြင်းမိပါသည်။

ရှင်းသန့်တောင် မသိလိုက်ပဲ အဲ့လူကြီးက ဖေဖေနဲ့မေမေဆီမှာ

ရှင်းသန့်ကိုလက်ထပ်ဖို့ လာတောင်းရမ်းထားသတဲ့။

"သားသီဟက သမီးကို တကယ်ချစ်တာ မေမေတို့လည်းသိတယ်သမီး။ သမီးဆိုးသမျှဒဏ်ကို ခံမယ့်သူပဲ သမီးရဲ့။ "

"ဒါပေမယ့် သမီးမှ သူ့ကိုမချစ်တာ။

‌နောက်ပြီး သမီးအသက်က အခုမှ ၂၀ပဲရှိသေးတယ်။

အဲ့လူကြီးက အခုအသက်၃၀တောင်ရှိနေပြီ။

သမီးနဲ့ ၁နှစ်၂နှစ်ကွာတာ မဟုတ်ဘူးမေမေ။ ၁၀နှစ် ၁၀နှစ်ကြီးတောင် ကွာတာမေမေရဲ့။ မတန်မရာတွေမှန်းနေတဲ့ နွားအိုမြက်နုကြိုက်ကြီး "

ဒါကို ဖေဖေနဲ့မေမေကလည်း ဘယ်လိုစိတ်နဲ့များလက်ခံလိုက်သလဲ မသိတော့။

"အို ... သမီး ကိုယ့်ထက်အကြီးကို ဘယ်လိုကြီးပြောလိုက်တာလဲကွယ်။ ကြီးရင်မှီငယ်ရင်ချီတဲ့ ကိုယ့်ထက် အသက်ကြီးတဲ့ ယောက်ျားက ကိုယ့်အတွက် အဖော်မွန်ကောင်းပဲ သမီး "

"သမီးအဖော်မွန်ကောင်းလိုချင်တာ မဟုတ်ဘူးမေမေ။

သမီးတကယ်ချစ်တဲ့ ယောက်ျားကို လက်ထပ်ချင်တာ။

သမီးမှာ ချစ်သူလည်းရှိတယ်။ အဲ့ဒါကို အဲ့လူကြီးလည်းသိတယ်။

သိလျက်နဲ့ တမင်အကြံပက်စက်တာ။

မေမေတို့ ဇွတ်လုပ်ရင် သမီး ကိုကိုနဲ့ ခိုးပြေးလိုက်မှာနော်။ "

"အို ... သမီး မေမေတို့က အလိုလိုက်ထားတယ်ဆိုပြီး

လုပ်ချင်ရာလုပ်ဖို့ မစဉ်းစားနဲ့နော်။

အေး ... သမီးလုပ်ချင်ရာလုပ်ပြီးရင်တော့ မေမေတို့က

လှည့်ကြည့်မယ်မထင်နဲ့ အမွေပြတ် သေခန်းပြတ်ပဲ "

"မေမေ ... မေမေတို့က အဲ့လူကြီးကို ဘာလို့အဲ့လောက်

သမက်တော်ချင်နေရတာလဲ။

သမီး အဲ့လူကြီးနဲ့ မယူချင်ဘူး မေမေရဲ့ အဟင့် ဟင့် ဟင့် "

ပြောလို့မရတဲ့အဆုံး သူမ ဝမ်းပမ်းတနည်း ငိုချလိုက်လေသည်။

ထိုအခါ အိမ်တံခါးအကွယ်မှာ ခြေစုံရပ်လျှက်ရှိနေတဲ့

လူတစ်ယောက်သည်လည်း မျက်နှာကြီး ပျက်ယွင်းစွာ ထွက်ခွာသွားလေတော့သည်။

သူလည်း သူ့လုပ်ရပ်တွေက မှန်ရဲ့လားဆိုတာ ဝေခွဲမရတော့ပါ။

သူမပြောသလို သူမတန်မရာတွေ မှန်းနေမိတာလား။

မျက်နှာတစ်ပြင်လုံးအား လက်ကြမ်းကြမ်းကြီးနဲ့ ပွတ်သပ်ကာ

စိတ်ပျက်လက်ပျက် ထိုင်ချကာ စီးကရက်တစ်လိပ်အား

ကောက်ဖွာလိုက်သည်။

သေချာတာကတော့ ချစ်သည်။

သူဒီကလေးမလေးကို သိပ်သိပ်ချစ်ပါသည်။

၁၅၀၀ရော၅၂၈ပါပေါင်းထားတဲ့ ၂၀၂၈ အချစ်မျိုးနှင့် ရင်နှင့်မဆံ့လောက်အောင် သိပ်ချစ်ရပါသည်။

အဲ့တာကြောင့် သူအပိုင်လိုချင်ခဲ့တာ။

သူမအမုန်းတွေကို ရင်ဝယ်ပိုက်ရမယ် ဆိုပေမယ့်ပေါ့။

____________

ရှင်းသန့် ဖေဖေနဲ့မေမေကို ပြောမရတဲ့အဆုံးတွင် တစ်ဖက်ခြံကို ကူးလာလိုက်သည်။

တွေ့ပါပြီ။ ‌သူများကို စိတ်ဒုက္ခတွေပေးပြီး သူကတော့

ဆေးလိပ်ထိုင်သောက်နေတာ အေးအေးလူလူပင်။

"ဟေ့လူကြီး "

ရှင်းသန့်အသံ ခပ်ကျယ်ကျယ်အဆုံးတွင် သူက ရှင်းသန့်အား မော့ကြည့်လာကာ မီးခိုးငွေ့တွေကြားမှ ပြုံးပြလာလေသည်။

မုန်းလိုက်တာ။ အဲ့ဒီအပြုံးကြီးကိုလည်း မုန်းလိုက်တာ။

သူ့အပြုံးကြီးတွေက ရှင်းသန့်ကိုလှောင်နေသလိုပင်။

"ထိုင်လေ "

"မထိုင်ပါဘူး ... ခင်ဗျားနဲ့ ရှင်းစရာရှိလို့ "

"ဟင်း ..."

သူမပြောမယ့်စကားတွေကို ကြိုသိနေ၍

သက်ပြင်းရှည်ကြီးတစ်ချက်ချကာ ဆေးလိပ်ငွေ့တွေအားမှုတ်ထုတ်လိုက်ကာ တစ်ဝက်ကျိုးနေပြီဖြစ်သည့် သောက်လက်စ‌

စီးကရက်အား မြေပြင်မှာ ထိုးဆိုက်လိုက်သည်။

စီးကရက်ထိပ်က မီးရဲရဲတွေအားငြိမ်းသက်ကာ ခြေထောက်နှင့်

နင်းခြေပြီးလျှင် သူမက စိုက်ကြည့်ကာ ခေါင်းငြိမ့်ပြ၏။

"ရှင်းသန့် ခင်ဗျားကို လုံးဝမယူနိုင်ဘူး "

အပိုင်း (၄) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း ( ၂) နောက်အခန်း - အပိုင်း (၄ ) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ