💛သီဟသက်လင်း + ဖြူရှင်းသန့်💛
"ဟဲ့ သမီး ရေတွေလည်းရွှဲလို့ ဘာဖြစ်လာတာလဲ။ "
"ဘာဖြစ်ရမှာလဲ။
ဟိုဘက်အိမ်က ဂေါ်မစွံကြီးပေါ့။
မီးကို ရေပက်လွှတ်လိုက်တယ်လေ။ "
"ဟော ... သားသီဟက စလွှတ်လိုက်ပြန်ပြီလား။ "
"ဒါ စ တာမဟုတ်ဘူး မေမေရဲ့။
အဲ့လူကြီး တမင်ညစ်ပတ်တာ။ "
"ကဲပါ ... သမီးရယ် သူက သမီးကို ချစ်လို့စတာပါကွယ်။
တစ်ခါတည်း ရေတန်းချိုးလိုက်တော့ ဟုတ်ပြီလား။ "
"ဟွန့် ... အဲ့လူကြီးကို ကျေကိုမကျေနပ်ဘူး။
နောက်နေ့ သူအလုပ်သွားခါနီးမှ ရေပုံးလိုက်ကို လှမ်းလောင်းပစ်ဦးမယ် "
"ဟော ... မလုပ်ရဘူးနော် သမီး။ "
"မေမေကလည်း သူကအရင် ရန်လာစတာလေ။ "
"သမီးကလည်းကွယ်။ ကိုယ့်အကိုကြီးကို "
"ဘာအကိုကြီးလဲ။
တော်သေးတာပေါ့ မေမေတို့က မီးကို တစ်ယောက်တည်းမွေးပေးခဲ့လို့။
သမီးမှာ အဲ့လို အကိုကြီးသာရှိရင် မြန်မြန်အသက်တိုမှာသိလား။ "
"အို ... သမီးကလည်းကွယ်။ "
"တကယ် ဘယ်လိုလူ့ဂွစာကြီးမှန်းလည်းမသိပါဘူး။ "
"ဟိုကဖြင့် သမီးလေးကို ချစ်ရှာပါတယ်ကွယ် "
"အဲ့လူဂွစာကြီးဆီကတော့ အချစ်မခံချစ်ပါဘူး မေမေရယ် "
"ဟော ... သူများလာပေးတဲ့ မုန့်တွေကျ စားပြီး "
"အဲ့တာတော့ သူပေးလို့စားတာပဲလေ။ "
တကယ်လည်း သီဟသက်လင်းက ဖြူရှင်းသန့်ကြိုက်တဲ့မုန့်တွေ ခဏခဏဝယ်လာပြီး ပေးတတ်ပါသည်။
ဒါပေမယ့် လာပေးလည်း အကောင်းပေးတာမဟုတ်ပါဘူး။
ရှင်းသန့်ကို မဲရှုပ်ညစ်လို့ခေါ်ကာ နှာခေါင်းညှစ်ရင်ညှစ် မညှစ်ရင်ဆံပင်တွေ ဆွဲဖွသွားပြီး တစ်မျိုးမဟုတ်တစ်မျိုး စနောက်သွားတတ်သည်။
အဲ့တာကြောင့် ရှင်းသန့်က သူအိမ်လာတာနှင့် အပေါ်ထပ်တန်းတက်ပြေးကာ သူပြန်သွားမှ သူပေးခဲ့တဲ့မုန့်တွေ ဆင်းပြီးစားလေသည်။
__________
"ဟယ်လို "
တစ်ဖက်မှ အသံကြည်ကြည်လေးထွက်လာတာနှင့် ရှင်းသန့် သွားစွယ်လေးနှစ်ဖက်ပေါ်သည်အထိ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်သည်။
ဟုတ်တယ် ... ဒါ ရှင်းသန့်ကြားချင်နေမိတဲ့ အသံလေး။
ကိုကို ... ရှင်းသန့်ရဲ့ တစ်ဦးတည်းသော ချစ်သူကိုကို။
ရှင်းသန့်ထက် ၂နှစ်သာကြီးပေမယ့် တချို့သော လူဂွစာကြီးတွေလို မဟုတ်ပဲ သိပ်ကို တည်ငြိမ်ရင့်ကျက်တဲ့ကိုကို။
"ဟုတ် ... ကိုကို ဘာလုပ်နေလဲဟင် "
"စာလုပ်နေတာ။ ရှင်းသန့်ရော "
"ရှင်းသန့်လား။ ရှင်းသန့်က လိုင်းသုံးနေတာ ဟီး။ "
"စာလုပ်လေ ကောင်မလေးရဲ့။ "
"ဟုတ် ... ရှင်းသန့် ကိုကို့ကို လွမ်းတယ်။ "
"မတွေ့ရတာ ဒီနေ့မှ တစ်ရက်ပဲရှိသေးတာကို ကောင်မလေးကတော့ပိုပြီကွာ "
တစ်ဖက်မှ ရှက်သံဝဲဝဲလေးအား ကြားလိုက်လျှင် ရှင်းသန့်ပြုံးနေသည့်ကြားမှ အပြုံးတို့ဆင့်ပွားသွားရပြန်သည်။
ဟုတ်တယ် ... ရှင်းသန့်ရဲ့ကိုကိုက အဲ့လိုမျိုး သိပ်ရှက်တတ်တာ။
ကိုကိုက တောင်ကြီးသားရှမ်းကောင်လေးဖြစ်ကာ သိပ်ကို
အနေအေးသည့် စာဂျပိုးလေးပင်။
ရှင်းသန့်နဲ့တော့ ဆန့်ကျင်ဘက်ပေါ့။
ရှင်းသန့်နဲ့တူတာဆိုလို့ အသားဖြူပြီး ရုပ်ချောတာပဲရှိပါသည်...
ဟဲဟဲ။
ကိုကိုက ယောင်္ကျားလေးသာပြောသည်။
သိပ်ကို ဖြူအုနုဖက်နေကာ ဝတ်လိုက်ရင်လည်း တီရှပ်လက်ရှည်၊
ပဆိုးခပ်ရှည်ရှည်နှင့် ကတ္တီပါဖိနပ်တွေနှင့် သူနှင့်သိပ်လိုက်ဖက်လို့နေလေသည်။
အဲ့လိုဖက်ရှင်မျိုးဆိုတာ တခြားသူတွေ ဝတ်လိုက်ရင် တောသားဆိုဒ်ပေါက်သွားမှာပေမယ့် ကိုကိုဝတ်ထားတာတော့ သိပ်ကို တည်ကြည်ခန့်ညားမိမိုက်လို့နေလေသည်။
ကိုကို့မျက်နှာထက်က ထောင့်မှန်စတုဂံခပ်သးသေးမျက်မှန်လေးက အားဖြည့်ပေးတာလည်း ပါတာပေါ့။
ရှင်းသန့်ချစ်သူလေးက ဘယ်သူနဲ့မျှ လဲလို့မရနိုင်တဲ့ ရှင်းသန့်အတွက် အဖိုးတန်လူသားလေးပင်ဖြစ်၏။
"ကိုကို မနက်ဖြန်ကျရင် ရှင်းသန့်တို့ ဒိတ်ကြမယ်နော် "
"ဟုတ်ကဲ့ပါဗျ ... ကိုကိုဘယ်ကိုလာခေါ်ပေးရမလဲဟင် "
"ရပြီ ... ကိုကိုလာမခေါ်နဲ့တော့။
ဆိုင်မှာပဲစောင့်နေလိုက် ရှင်းသန့်ပဲလာခဲ့မယ်။
ဪ ... ဆိုင်က ခါတိုင်းဒိတ်နေကျဆိုင်ပဲနော် ကိုကို။
အဲ့ကနေမှ လျှောက်သွားကြမယ် "
"အွန်း အွန်း ဟုတ်ပြီ "
ကိုကိုက အဲ့လိုမျိုး သိပ်ကို စကားနည်းတဲ့ တောင်ပေါ်သားလေးပါ။
ရှင်းသန့်က အာပေါက်မတတ်ပြောနေရင်တောင် ကိုကိုက အင်း အွန်းလောက်သာ ပြောပြီး ပြုံးပဲပြုံးနေတတ်လေသည်။
ရှင်းသန့်ကလည်း အဲ့ဒါလေးတွေကိုပဲ ကြွေနေရတာပါလေ။
အဲ့ဒီလို သိပ်ချစ်ဖို့ကောင်းတဲ့ ရှင်းသန့်ရဲ့ ကိုကို့နာမည်က ဩရထူး။အိမ်မှာခေါ်တဲ့ ရှမ်းနာမည်ကတော့ အိုက်လောင်တဲ့။
___________
"🎶ကိုကိုဟာ ကြင်နာတာတွေ တကယ်ကိုစွမ်း ...
ကိုကိုရေ ရူးပြီ 🎶
ရှင်းသန့် အခန်းထဲမှာ သီချင်းလေးညဉ်းရင်း ကိုကိုနဲ့ဒိတ်ဖို့
အလှဆုံးပြင်ဆင်နေလိုက်သည်။
ရှင်းသန့်က အသားအရည်ကောင်းသူမို့ မျက်နှာကို ဘာမှမပြင်ဆင်လိုက်ရပဲ နို့ရည်နဲ့ sun cream လေးလိမ်းကာ နှုတ်ခမ်းနီ ပန်းရဲရောင်လေးဆိုးလိုက်တာ လှလှလေးဖြစ်သွားလေသည်။
အင်္ကျီကိုတော့ ပန်းနုရောင် ဂါဝန်အတိုဝဲဝဲလေး လဲဝတ်ကာ
ယုန်ရုပ်အမွှေးပွအိတ်သေးသေးလေးအား ခါးမှာ သိုင်းလွယ်လိုက်သည်။
ဆံပင်ကိုတော့ ဆံထုံးခပ်မြင့်မြင့်လေးထုံးကာ
ဖဲကြိုးလေးနဲ့ချည်လျှက် အရှေ့မှ ဆံမျှင်လေးတွေကို
ကပိုကယိုချထားလိုက်သည်။
ကိုယ့်ကိုယ်ကို မှန်ထဲမှာ တစ်ကိုယ်လုံး လှည့်ပတ်ကြည့်ပြီး နှစ်ခြိုက်စွာ ပြုံးလိုက်သည်။
"အရမ်းချစ်ဖို့ကောင်းတဲ့ ငါလေးပါလား ခစ် ခစ် "
တစ်ယောက်တည်းကျေနပ်စွာပြောပြီး ကိုကိုနဲ့တွေ့ဖို့ စိတ်လှုပ်ရှားစွာ လှေကားထက်ကနေ ပြေးဆင်းလာလိုက်သည်။
"မေမေရေ ... ရှင်းသန့် အပြင်ခဏသွားဉီးမယ်နော် "
"အေးအေး ... အရမ်းအကြာကြီးတော့ လျှောက်သွားမနေနဲ့နော်။ "
"ဟုတ်"
"မုန့်ဖိုးယူသွားဦးလေ သမီး "
"တော်ပြီမေမေ ... ရှင်းသန့်မှာ ရှိသေးတယ် "
"အေးအေး သေချာ ဂရုစိုက်သွားနော် "
"ဟုတ် "
သူမအမေကို နှုတ်ဆက်ပြီးသည်နှင့် ခြံထဲဆင်းကာ သူမရဲ့ လက်ဆွဲတော် ဆိုင်ကယ်လေးဆီသွားလိုက်သည်။
ရှင်းသန့်က ကားမမောင်းတတ်သေးတာကြောင့် ဖေဖေက
စကူပီအဖြူသေးသေးလေးဝယ်ပေးထားလေသည်။
အခုလည်း ကိုကိုနဲ့သွားတွေ့ဖို့ ဆိုင်ကယ်စက်နှိုးလိုက်လျှင် တစ်ဖက်က မာန်နတ်ကြီးရဲ့ အသံက ထွက်ပေါ်လာလေသည်။
"ဟေ့ ... မဲရှုပ်ညစ် ဘယ်သွားမလဲ "
ရှင်းသန့် ပြန်မဖြေချင်တာကြောင့် မကြားချင်ယောင်ဆောင်ကာ
ဆိုင်ကယ်ကိုမောင်းထွက်ခဲ့လိုက်သည်။
"ဟာ ... ဟေ့ ကြည့်စမ်း မကြားချင်ယောင်ဆောင်သွားသေးတယ် "
_________
ရှင်းသန့် လမ်းထိပ်ရောက်မှ တစ်ယောက်တည်းရယ်ချလိုက်သည်။
မြင်ယောင်ပါသေးတယ် ... ဟိုလူပျိုသိုးကြီး စွေ့စွေ့ခုန်ပြီး ကျန်နေခဲ့မှာကို။
__________
"ကိုကို ရောက်နေတာကြာပြီလားဟင် "
"မကြာသေးပါဘူး။
ကိုကိုက နည်းနည်း စောရောက်နေတာ "
"ဟီး ... ဟုတ် ကိုကို ဘာမှာထားပြီလဲဟင် "
"မမှာရသေးဘူး။
ဒီတိုင်းထိုင်ရတာအားနာလို့ ဒီအအေးတစ်ခွက်ပဲ မှာထားရသေးတယ် "
ဩရထူး သူ့ရှေ့မှ အအေးခွက်အား မြှောက်ပြကာ ပြောလိုက်လျှင်
ရှင်းသန့်က သွားစွယ် ဖွေးဖွေးလေးတွေ ပေါ်တဲ့အထိ ပြုံးပြလိုက်သည်။
"ကိုကို ဘာစားမလဲဟင် "
"ရှမ်းခေါက်ဆွဲပဲစားမယ် "
"အမယ်လေးလေး ... ဒီရှမ်းကောင်လေးကလည်း အဲ့ဒီရှမ်းစားတွေ မမုန်းသေးဘူးလားဟင် "
"မမုန်းသေးဘူး။
ငယ်ငယ်ကတည်းက စားလာတာဆိုတော့ မစားရရင်မနေနိုင်တော့ဘူး။ "
"ဟုတ်ကဲ့ပါရှင် ... ရှမ်းခေါက်ဆွဲဆိုလည်း ရှမ်းခေါက်ဆွဲပေါ့။
ရှင်းသန့်ကတော့ ... အမ်း "
မီနူးစာအုပ်လေး လှန်ကြည့်ကာ လက်ညှိုးလေးကို မေးမှာထောက်လျှက် ရွေးနေ၏။
ဩရထူးကတော့ သူမအား ပြုံးပြုံးကြီးသာ စိုက်ကြည့်လို့နေ
လေရဲ့။
"ဖက်ထုပ်ကြော်စားရင် ကောင်းမလား ...
ကြေးအိုးစားရင်ကောင်းမလားဟင် ကိုကို။
အာ ... ရှုပ်ပါတယ် နှစ်မျိုးလုံးပဲ စားလိုက်မယ် "
သူမပဲမေးပြီး သူမပဲ ပြန်ဖြေလိုက်လေသည်။
"ပြီးရင် ... အအီပြေ ရှောက်သီးသုပ် သဘော်သီးထောင်း
အခုတော့ ဒါပဲမှာမယ် ... ပြီးမှ မဝသေးမှ ထပ်မှာတော့မယ် နော့ ကိုကို "
"အွန်း "
"ကိုကိုကလည်း အဲ့ဒီ အွန်း ကြီးပဲ လုပ်ပြန်ပြီ။
ရှင်းသန့် စိတ်ကောက်ပစ်လိုက်မှာနော်။"
ရှင်းသန့်က နှုတ်ခမ်းလေးဆူကာ ဆူအောင့်အောင့်လေးပြောလိုက်လျှင် ကိုကိုက အထိတ်အပြာပြာနှင့် ...
"ဟာ ... စိတ်တော့မဆိုးနဲ့ လေဗျာကိုကို ဘာပြောရမှန်းမသိလို့ပါ။
ကိုကိုက ရှင်းသန့်လို တော်ကီမှ မကြွယ်ပဲ "
ကိုကိုက မျက်နှာလေးငယ်ကာ တောင်းပန်နေလျှင် ရှင်းသန့်မှာ အရည်တွေပျော်ရပြန်ပါသည်။
"ဟွန့် ... အဲ့တော်ကီက ရှင်းသန့်နဲ့မှ မကြွယ်တာမဟုတ်ဘူးလား။ "
"မဟုတ်ပါဘူးဗျာ။
ရှင်းသန့်လည်း ကိုကို့အကြောင်းသိရဲ့သားနဲ့။ "
ခေါင်းလေးငုံ့ကာ မျက်နှာကြီးက သိသိသာသာရှူံ့မဲ့သွားလျှင်
ရှင်းသန့် ကိုကို့ကို ဆက်ပြီးမစရက်တော့ပေ။
"ဟီး ... ရှင်းသန့်က စတာပါ ကိုကိုရဲ့။
ကိုကိုကလည်း ကလေးကျနေတာပဲ... စိတ်ကလည်း ပျော့လိုက်တာ "
"စိတ်ပျော့တာ မဟုတ်ပါဘူး။
ကိုကိုက ရှင်းသန့်အထင်လွဲမှာ ကြောက်တာပါ။ "
"အဲ့တာကြောင့် ကိုကို့ကိုချစ်တာ "
အပိုင်း (၃) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)