Bububai ဝတ္ထု ဂျိန်းဖောမြေမှ ချစ်တေးတစ်ပုဒ် အခန်းစာရင်း

အပိုင်း (၄၄)

"မှုံလေး ... မှုံလေး "

မှုံနိုးနိုးချင်း မှုံ့အနားသို့ အလန့်တကြားတိုးကပ်လာတဲ့ အကို့ကြောင့် မှုံပင် လန့်သွားကာ မော့ကြည့်လိုက်၏။

"ဟင် ... ဘာဖြစ်လို့လဲ အကို "

အကို့မျက်နှာက ချွေးစေးများပြန်နေပြီး စကားက ထစ်ငေါ့နေကာအမြဲတမ်း တည်ငြိမ်နေတတ်သော အကို့ပုံစံ မဟုတ်တော့။

"ကိုယ် ... ကိုယ် ဟိုဟာ "

"ဘာလဲ ... ဘာဖြစ်လို့လဲ။ "

မှုံတို့က ကြိတ်ကြိတ် ကြိတ်ကြိတ်နှင့် အလန့်တကြားဖြစ်နေတော့ ဘေးက အန်တီတွေကပါ မှုံတို့အနား ရာက်လာကြ၏။

"ဘာလဲ ... ဘာဖြစ်ကြလို့လဲ။ "

"..."

ဟိုက် ... အခုလို အကုန်စုပြုံလာတော့ အကြပ်ရိုက်သွားရတော့သည်။

အန္တရာယ်ကလည်း မလွယ်နိုင်တဲ့ အခြေအနေဖြစ်နေတာကြောင့်

မျက်နှာကြီးရှုံ့မဲ့ နေကာ သွားကြားစေ့လေသံလေးနှင့် မှုံ့အနားတိုးကပ်ကာ ခပ်တိုးတိုးပြောလိုက်၏။

"ကိုယ် အပေါ့‌စွန့်ချင်လို့ "

"ဪ ... အကိုရယ် အဲ့တာများ စောစောက မပြောဘူး။

မှုံက ဘာများဖြစ်တာလဲလို့ လန့်သွားတာပဲ။ "

မှုံက စိတ်သက်သာရာရစွာဖြင့် ပြောလိုက်တော့ ဘေးက နားစွင့်နေကြသော လူကြီးတွေကလည်း အကို့ရဲ့ ရှက်ရွံ့နေသော မျက်နှာကြီးကို ကြည့်ကာ သဘောကျစွာဖြင့် 'တခွိခွိ' ဝိုင်းရယ်ကြတော့သည်။ ထိုအခါ ဆွတ်ရိန်နော်တစ်ယောက် မျက်နှာကြီး နီရဲတက်လာကာ ရှက်လွန်း၍ ခေါင်းကြီး ငိုက်စိုက်ချ‌ထားလေတော့သည်။

"ဒီအနောက်မှာ ရေချိုးတဲ့နေရာရော အိမ်သာရောရှိတယ်။

အပေါ့ဆို ၅၀၊အလေးဆို ၁၀၀"

"ဘယ်အနောက်လဲ ... ဒီဘက်လား။ "

"အင်း ... မှုံတို့လည်း မျက်နှာသစ်သွားတော့မှာ တစ်ခါတည်းလိုက်ခဲ့တော့လေ။ "

"အင်း "

မှုံတို့အဖွဲ့ ဇရပ်နောက်ဖေးဘက်သို့ ဆင်းလာခဲ့ကြသည်။ အိမ်သာတန်းသို့ရောက်တော့ မျှော်လင့်ထားသည့်အတိုင်းပင် ကျား၊ မ အိမ်သာ ငါးခုစီ ရှိသော်လည်း မနက်စောစော အိပ်ယာထစ အချိန်ဆိုတော့ လူအုပ်ကြီးက ပုရွက်ဆိတ်အုံသဖွယ် စီတန်းနေကြသည်။ ထိုလူအုပ်ကြီးကို မြင်လိုက်ရသောအခါ ဆွတ်ရိန်နော်၏ မျှော်လင့်ချက်များ ပျက်သုဉ်းသွားသလို မျက်နှာကြီးလည်း မဲ့ကျသွားတော့သည်။

"မှုံလေး အိမ်သာက ဒီတစ်နေရာပဲရှိတာလား။ "

"အင်းလေ ... ဒီဘက်မှာက ဒါပဲရှိတာ ... ဟိုဘက်ကမ်းက ဘုန်းကြီးကျောင်းမှာတော့ ရှိသေးတယ် ... ဒါပေမယ့် စက်လှေနဲ့ ကူးရမှာ။ "

"ဟာ "

မှုံ့စကားကြောင့် ဆွတ်ရိန်နော် သွေးတက်သွားတော့သည်။ အောင့်ထားရသည်ကလည်း ကိစ္စက ထိပ်ဝရောက်နေပြီဖြစ်ရာ နှုတ်ခမ်းကို ဖိကိုက်ရင်း လက်သီးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ရကာခြေဖျားထောက်လိုက်၊ ဖနောင့်ချလိုက်ဖြင့် ဂနာမငြိမ်ဖြစ်နေတော့၏။

"အကို တအား သွားချင် နေပြီလား။ "

"ဟင် ... ဟင့်အင်း ရတယ်

မှုံလေး မျက်နှာသွားသစ်ချည်လေ... ကိုယ်စောင့်နေလိုက်မယ်။ "

ပါးစပ်ကသာ ရတယ်ပြောနေသော်လည်း မျက်နှာက မရတော့သည့်ရုပ် ပေါက်နေကာ မှုံ့ကို စိတ်မပူစေချင်၍ ဟန်လုပ်ပြောနေမှန်း သိသာလှသည်။

"ဟုတ် ဟုတ် "

မျက်နှာသစ်သည့် ရေကန်ဘက်သို့ ရောက်ပြန်တော့လည်း လူတွေကြပ်နေသဖြင့် ရေခွက်ပင် မရပေ။တော်သေးသည်က မှုံတို့အဖွဲ့မှလူတွေက ရေခွက်ဦးထားကြသဖြင့် အဆင်ပြေသွားသည်။ မျက်နှာသစ်ကန်က အုတ်ကန်အကြီးကြီးကို ဝါးထရံကာထားခြင်းဖြစ်ပြီး ရေဖလားသံ၊ ရေကျသံများဖြင့် ဆူညံနေသည်။

တချို့ကျလည်း ကိုယ့်ဟာကိုယ် ရေသန့်ဗူးနှင့် ရေခပ်ပြီး သစ်ကြ၏။ ရေအေးအေးက မျက်နှာကို ထိတွေ့လိုက်မှပင် စိတ်ထဲ လန်းဆန်းသွားသလို ခံစားလိုက်ရ၏။

မှုံတို့ မျက်နှာသစ်ပြီးလို့ ထွက်လာသည်အထိ အကိုက အိမ်သာရှေ့လူအုပ်ကြားတွင် မတ်တပ်ရပ်လျက် စောင့်နေတုန်းပင်။ ခြေထောက်တွေက အငြိမ်မနေဘဲ လှုပ်စိစိ ဖြစ်နေတဲ့ အကို့ပုံစံအရ အကို တော်တော်လေး ဒုက္ခရောက်နေပြီမှန်း သိသာနေကာ မှုံ သူမမြင်ခင် ကြိတ်ရယ်လိုက်မိသည်။

"အကို ... မှုံတို့အပေါ်တက်နှင့်မယ်နော်... ဟိုမှာ မျက်နှာသစ်လိုက်

အဝတ်အစားအပိုပါရင်လည်း ဟိုက ယောင်္ကျားလေး ရေချိုးခန်းမှာ သွားလဲလို့ရတယ်။ "

"အင်း အင်း "

ခေါင်းကိုသာ တဆတ်ဆတ်ညိတ်ကာ ‌ပြန်ပြောလိုက်၏။ ကိုယ့်ဒုက္ခနှင့်ကိုယ်မို့ စကားကောင်းကောင်းလည်း ပြန်မပြောနိုင်။ နည်းနည်းလေး အာရုံလွတ်လိုက်သည်နှင့် ကျိုးပေါက်ထွက်ကျတော့မည့် ဆည်တစ်ခုလို ဖြစ်နေလေသည်။

________________

မှုံတို့ဇရပ်ပေါ်ပြန်ရောက်တော့ မနက်ခင်း နေရောင်ခြည်နုနုက ဖြာကျနေပြီ။ ခရီးက ၃ ရက်ဆိုပြီး အဝတ်အစား အပို ၃ စုံသာ ထည့်လာခဲ့ရာ ထိုအထဲတွင် အကိုပေးထားသော ကချင်ဝမ်းဆက်လေးလည်း ပါသည်။ ဒါပေမယ့် အကိုပေးထားတဲ့ ကချင်ဝမ်းဆက်က ကြည့်တာနှင့် ဈေးကြီးမယ်ဆိုတာသိသာပြီး အကိုက အမြတ်တနိုးပေးထားတဲ့ လက်ဆောင်လေးမို့ မှုံ နှမြောပြီး ထုတ်မဝတ်ဖြစ်ခဲ့။ မှုံ့ရဲ့ အရင်က အဝတ်အစားတွေသာ ထပ်ဝတ်နေ၏။အခုတော့ ဝတ်စရာလည်းမရှိတော့သဖြင့် နှမြောနှမြောနှင့်ပင် ထုတ်ဝတ်ရတော့မည်။

"မှုံနံ့သာ အင်္ကျီသွားလဲမယ်လေ "

ရုတ်တရတ် ထွက်ပေါ်လာတဲ့ အန်တီမာလွင်ရဲ့ အသံကြောင့် မှုံ့အတွေးစတို့ပြတ်သွားကာ ခေါင်းညိတ်လျက် အကိုပေးထားတဲ့ကချင်ဝမ်းဆက်ကလေးအားထုတ်လိုက်သည်။

"ဟုတ် ဟုတ်"

အန်တီမာလွင်၏ အသံကြောင့် မှုံ အတွေးစပြတ်သွားကာ အိတ်ထဲမှ ကချင်ဝမ်းဆက်အနီလေးကို ထုတ်ယူလိုက်ပြီး အဝတ်အိတ်ကို ဇစ်ပြန်ပိတ်လျက် အနောက်ကနေ လိုက်သွားလိုက်၏။

သေချာထုတ်ဝတ်လိုက်မှ အကိုပေးထားတဲ့ ဝမ်းဆက်ကလေးက

တော်တော်လှကာ မှုံ့ခန္ဓာကိုယ်နှင့်လည်း အပိုအလိုမရှိ ကွက်တိကျနေသည်။ မှုံ့ကိုယ်လုံးလေးပေါ်သို့ ထိုဝမ်းဆက်လေး ရောက်သွားချိန်တွင် မှန်ထဲမှ ကိုယ့်ပုံရိပ်ကို ကြည့်ပြီး မှုံ ကျေနပ်သွားမိသည်။ အနီရောင်ရဲရဲစိုစို အောက်ခံပေါ်တွင် ရောင်စုံ ကချင်မြိတ်ကွက်လေးများက လက်ရာမြောက်စွာ နေရာယူထားသည်။ အင်္ကျီချုပ်ပုံလေးကလည်း မှုံ ဝတ်နေကျ ဒီဇိုင်းရိုးရိုးကြီးတွေပဲမဟုတ်ပဲ အသည်းပုံ ရင်ခံကချင်မြိတ် ဒီဇိုင်းနှင့် ပခုံးနှစ်ဖက်မှ ဆင်းသက်လာသော ဇာအနက်ရောင် လက်ရှည်ပါးပါးလေးက မှုံ့အသားအရေ ဖွေးဖွေးနှင့် လိုက်ဖက်ညီလွန်းနေသည်။ အကို့မေတ္တာများ စီးဆင်းနေသကဲ့သို့ နွေးထွေးမှုကိုလည်း ခံစားလိုက်၏။

"အမယ် ... အင်္ကျီတွေက လှတာပါလားဟဲ့။ "

အန်တီအေးသီက မှုံ့ကို အပေါ်အောက် သေချာကြည့်ကာ ပြုံးစစနှင့် ပြောတော့ မှုံ မလုံမလဲဖြစ်ကာ ပါးပြင်လေးများ ရဲတက်သွားရသည်။

"ဟယ် ဟုတ်ပ အခုမှ ကြည့်မိတယ်။

ဘယ်လောက်ပေးရတာလဲ လှလိုက်တာအေ

ကချင်မြိတ် အစစ်ဟဲ့။ "

အန်တီသန်းသန်းဆင့်ကပါ မှုံ့အင်္ကျီကို လာကိုင်ကြည့်ကာမေးတော့မှုံခပ်ဖွဖွလေးပြုံးကာ ခေါင်းယမ်းပြလိုက်သည်။

"အဟင်း ... မှုံဝယ်ထားတာမဟုတ်ဘူး။ "

"အယ် ... ကောင်လေးလက်ဆောင်ပေးထားတာလား။ "

"ဟုတ် "

မှုံ ခေါင်းလေးညိတ်ကာ ဖြေလိုက်သည်။

"အမယ်လေး ... ရွေးတတ်လိုက်တာအေ

ငါတောင်ဝတ်ချင်သွားပြီ။ "

"အမယ်လေး ... ညဉ်းဝတ်လည်း လှမှာမဟုတ်ဘူး။

အခုက လှတဲ့သူ ဝတ်ထားလို့ လှနေတာ။ "

အန်တီအေးသီက ထေ့ငေါ့ပြောလိုက်တော့ အန်တီသန်းသန်းဆင့် မျက်နှာကြီး မဲ့ကျသွားကာ ကျန်တဲ့သူများက ဝိုင်းရယ်ကြပြန်သည်။ ရယ်သံများ၊ နောက်ပြောင်သံများဖြင့် မနက်ခင်းလေးက သက်ဝင်လှုပ်ရှားနေသည်။

"ကဲ ... လာလာ ပြီးရင်လည်း သွားရအောင် "

အန်တီမာလွင်က ပြောတော့မှ အကုန်လုံး အဝတ်လဲခန်းကနေထွက်ကာ ဇရပ်ပေါ်ပြန်တက်ခဲ့ကြတော့သည်။

ထိုအချိန်ထိ အကို့ကို ဇရပ်ပေါ် ရောက်မလာသေးတာကြောင့် မှုံစိတ်ပူသွားမိပြီးမှ အကို့လွယ်အိတ်မရှိတော့တာမြင်မှ အကိုလည်း အဝတ်အစားသွားလဲတာမှန်းသိကာ နေရာမှာ ထိုင်ချလိုက်၏။

အဝတ်အစားလဲသွားပြီးပြီဆိုတော့ ခါတိုင်းလို အန်တီမာလွင်ပါလာတဲ့ ရွှေပြည်နန်းသနပ်ခါး ရနံ့သင်းသင်းလေးက နေရာယူလာသည်။

မှုံကတော့ သနပ်ခါးပါးကွက် အသေးလေးနှစ်ဖက်သာ ကွက်၍ ဆံပင်ကို ခပ်လျော့လျော့လေး စည်းထားလိုက်သည်။

"ဟေ့ ...ရော့ ပန်းပန်ကြဦးမလား။ "

အန်တီမာလွင်ယောင်္ကျား ဦးလေးသန်းလွင်က ရောက်လာကာ လက်ထဲက ပန်းခိုင်နီနီလေးများလှမ်းပေးတော့ အန်တီမာလွင်က လှမ်းယူလိုက်၏။

"ဘာပန်းတွေတုန်းတော့ "

"ငါလည်းမသိဘူး ... လှလို့ခူးလာတာ ဟိုဘက်နားက။ "

"ဪ ... ရော့ရော့ ပန်ကြလေ လှတော့လှတယ်။ "

ပန်းလေးတွေက အနီရောင် သေးသေးလေးတွေဖြစ်ပြီး တောပန်းလေးတွေ ဖြစ်ပုံရသည်။ သို့သော် လတ်ဆတ်ပြီး လှပနေကာ မှုံဝတ်ထားတဲ့ အင်္ကျီအနီလေးနှင့် တစ်ဆက်တည်း ဖြစ်သွားတော့သည်။

အန်တီမာလွင်က ပန်းခိုင်တွေချပေးတော့ မှုံလည်းတစ်ခက်လှမ်းယူလိုက်၏။မှုံ ပန်းခက်လေးကို ခပ်လျော့လျော့စည်းထားတဲ့ဆံပင်မှာထိုးလိုက်တော့ အန်တီအေးသီက မနေနိုင် မထိုင်နိုင် ဝင်ပြောလေသည်။

"ဟဲ့ ... ကောင်မလေး ညဉ်းက ဆံပင်လေးဘာလေး မပြင်တော့ဘူးလားအေ့ ... အပျိုလေးဖြစ်ပြီး နည်းနည်းပါးပါးပြင်စမ်းပါအေ

လူလေးက လှသလောက် လာ လာ ငါလုပ်ပေးမယ်။ "

လာလာ ဆိုပြီး ပြောနေပေမယ့် သူကပဲ မှုံ့အနားရောက်လာကာ

ဇိုးဇိုးဇက်ဇက်နှင့် မှုံ့‌ေခါင်းမှာစည်းထားတဲ့ ခေါင်းစီးကွင်းအားဖြုတ်လိုက်၏။

"ငါက မျက်နှာတော့ လုပ်မပေးတတ်ပေမယ့် ဆံပင်တော့လုပ်ပေးတတ်ပါတယ်အေ့ "

"ဟုတ် "

စေတနာနှင့် လုပ်ပေးနေသော အန်တီ့လက်ရာအောက်တွင် မှုံ ငြိမ်ခံနေလိုက်သည်။ အန်တီအေးသီရဲ့ လက်ချောင်းများက မှုံ့ဆံနွယ်များကြား ကျွမ်းကျင်စွာ လှုပ်ရှားနေပြီး ခဏကြာတော့ မှန်ထောင်ပြလာသည်။ မှန်ထဲမှ ပုံရိပ်လေးကို ကြည့်ပြီး မှုံ သဘောကျသွားရ၏

ဆံပင်ကို နှစ်ဖက်ခွဲကာ ကျစ်ဆံမြီးကျစ်ပြီး အောက်နားတွင် ဆံထုံးပြန်ထုံးထားကာ ခုနက ပန်းနီနီလေးနှစ်ခက်ကို တစ်ဖက်စီထိုးထားရာ

ဘယ်လိုကြည့်ကြည့်လှနေလေသည်။

မှုံကပြင်ပြင်ဆင်ဆင်သိပ်မနေဖြစ်တာကြောင့် အခုပုံစံလေးက တစ်မျိုးလေးဖြစ်ကာ ထင်းနေတော့၏။

"ကြိုက်လား "

အန်တီအေးသီက မှုံ့ကိုကြည့်ကာမေးတော့ မှုံနှစ်လိုဖွယ်ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ် "

ထိုအချိန်တွင်ပင် လှေကားထစ်များဆီမှ ခြေသံတစ်စုံ ကြားလိုက်ရသည်။ အဝတ်အစားလဲပြီး ပြန်တက်လာသော အကို။

အကို့ကို မြင်လိုက်ရသည့် ခဏ၌ ကမ္ဘာကြီး ရပ်တန့်သွားသလို မှုံ ခံစားလိုက်ရသည်။ အဖြူရောင် ရှပ်အင်္ကျီ လည်ကတုံးကို ကြယ်သီးအစေ့တပ်ထားပြီး လက်ဖျားတွင်လည်း ကြယ်သီးသပ်သပ်ရပ်ရပ် တပ်ထားကာ အောက်က အနက်ကွက်စိပ် ပုဆိုးနှင့် တွဲဖက်ဝတ်ဆင်ထားပုံက တည်ငြိမ်ရင့်ကျက်သော ယောင်္ကျားပီသမှုကို ပေါ်လွင်စေသည်။ ယောက်ျားလေးဖြစ်ပြီး ဖြူဝင်းနေတဲ့ အသားအရေနှင့် အဖြူရောင်အင်္ကျီက လိုက်ဖက်လွန်းနေထက် ပိုနေပါသည်။

အမြဲတမ်း ချောနေတဲ့အကိုက အခုလည်း ချောနေပြန်ပါသည်။

"မှုံလေး "

နှုတ်ခမ်းလှုပ်ရုံသာ ရေရွတ်လိုက်တဲ့ အကို့အသံက မကြားရပေမယ့် မှုံသိလိုက်ပါသည်။

ဆွတ်ရိန်နော်တစ်ယောက် သူ့အရှေ့တွင် မြင်နေရတဲ့ အကြည်ဓာတ်လေးကြောင့် ရင်အစုံက ထိန်းမနိုင်သိမ်းမရ ခုန်လှုပ်လာတော့သည်။ သူ လက်ဆောင်ပေးထားတဲ့ အင်္ကျီလေးကို ဝတ်ထားတယ်ဆိုတဲ့ အသိက သူ့ရင်ကို ပို၍ ကြည်နူးသွားရပြန်သည်။ ဆံပင်ထုံးလေးနှင့်၊ ပန်းနီနီလေးနှင့်၊ ပါးကွက်ကြားလေးနှင့် လှချင်တိုင်း လှနေသော ကောင်မလေးက သူ့ကို ပြန်ငေးနေသည် မဟုတ်ပါလား။

ဆူညံနေသော ဇရပ်ကြီးပေါ်တွင် သူတို့နှစ်ယောက်တည်း ရှိနေသကဲ့သို့၊ ပတ်ဝန်းကျင်မှ အသံများ တိတ်ဆိတ်သွားသကဲ့သို့။အချိန်ကြာသည်အထိ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေမိပြီးမှ

ဆွတ်ရိန်နော်က သူမအား မျက်လုံးလေးတစ်ဖက်မှိတ်ကာ စလိုက်၏။ထိုအခါမှ မှုံ့မှာ အသိဝင်လာပြီး ဖြူအုအုမျက်နှာလေးက ရှက်သွေးကြောင့် ရဲခနဲ ဖြစ်သွားသည်။ မျက်စောင်း ခပ်ဖွဖွလေးထိုးလျက် ခေါင်းလေးငုံ့ကာ ရှောင်လွှဲသွားသော ပုံစံလေးက ဆွတ်ရိန်နော်၏ အသည်းနှလုံးကို လာရောက် ကလိတိတိ လုပ်သွားသလိုပင်။

သူမအမူအယာ‌လေးကြောင့် ဆွတ်ရိန်နော် ခပ်စေ့စေ့နှုတ်ခမ်းအား သွားစွယ်ဖြူဖြူပေါ်သည်အထိ ပြုံးလိုက်မိကာ ခေါင်းကို ခပ်ဖွဖွ

ခါယမ်းလိုက်ရင်း ဝင်ချင်ချင်ဖြစ်နေတဲ့ အတွေးဆိုးတွေကို မောင်းထုတ်လိုက်ရသည်။

အပိုင်း (၄၅) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၄၃) နောက်အခန်း - အပိုင်း (၄၅) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ