ဂျီး(အဘွား)ရဲ့ နာရေးလည်း ပြီးဆုံးသွားပြီဖြစ်၏။
အိမ်ရှေ့ဝင်းထဲတွင် ရွာသူရွာသား အချို့နှင့် ဂျာမိုင်သာ ကျန်ရှိနေသေးသည်။
မှုံနံ့သာသည် အိမ်ရှေ့စားပွဲ ထောင့်စွန်းတွင် တစ်ယောက်တည်း ငုတ်တုတ် ထိုင်နေ၏။ သူမ၏ မျက်နှာသည် သွေးမရှိသကဲ့သို့ ဖြူဖျော့နေပြီး အသက်မဲ့နေသော အရုပ်လေးတစ်ရုပ်နှယ် ဖြစ်နေသည်။ အဆက်မပြတ် စီးကျခဲ့သော မျက်ရည်များကြောင့် မျက်လုံးအိမ်များက သိသိသာသာ ဖောင်းအစ်နေပြီး မျက်တောင်လေးများမှာ စိုစွတ်နေဆဲပင်။
ဂျာမိုင်က ဘေးနားမှနေ၍ မှုံ့ ပခုံးလေးကို ဖွဖွလေး ပွတ်သပ်ပေးကာ နှစ်သိမ့်ပေးေလသည်။ သူမ၏ အသံတွင်လည်း ဝမ်းနည်းမှုနှင့် စာနာမှုတို့ ပြည့်နှက်နေသည်။
"မှုံနံ့သာ ... နင့်ခံစားချက်ကို ငါနားလည်ပါတယ်ဟာ။
အဘွားမရှိတော့လည်း ငါတို့ရှိသေးတယ်နော်။ "
ဂျာမိုင်ရဲ့ စကားလုံးများက မှုံ့ နားထဲသို့ ဝင်ရောက်မလာခဲ့ပေ။ သူမ၏ အာရုံထဲတွင် 'ဂျီး မရှိတော့ဘူး' ဟူသော အသိစိတ်ကသာ ကြီးစိုးနေသည်။ ဂျီးမရှိတော့ရင် မှုံ့ဘဝက ဘယ်လိုဆက်သွားရမလဲ။ အားကိုးရာမဲ့သွားသလို ခံစားချက်ကြီးက ရင်ဘတ်တစ်ခုလုံးကို ဖိစီးထားသည်။
"နင် တစ်ခုခု စားပါဉီးဟာ ... ဒီအတိုင်းဆို နင်ပါ တစ်ခုခုဖြစ်သွားလိမ့်မယ်။ "
"ငါ ... ငါလည်း မနေချင် တော့ဘူး။"
"အဲ့လိုလည်း ဘယ်ဟုတ်ပါ့မလဲဟာ။
နင့်ကို ဒီလိုမျိုးမြင်ရတာ အဘွားလည်း ဘယ်စိတ်ကောင်းပါ့မလဲ။
နင်အခုတော့ တစ်ခုခုစားလိုက်နော် ငါယူခဲ့မယ်။ "
"အင်းပါ ..."
ဂျာမိုင်က ထမင်းစားခန်းထဲမှ ပန်းကန်လုံးတစ်လုံးနှင့် ရေနွေးတစ်ခွက်ကို ကိုင်ကာ အမြန်ပြန်ရောက်လာ၏။ ပန်းကန်ထဲမှ ထမင်းငွေ့ငွေ့လေးက နွေးထွေးမှုကို ပေးနေသော်လည်း မှုံ့ စိတ်နှလုံးကတော့ အေးစက်နေဆဲ။ မှုံလည်း စားချင်စိတ်မရှိတဲ့ ထမင်းကို အောင့်အီး၍ ပါးစပ်ထဲ ထည့်ကာ ရေနွေးနှင့် မျောချလိုက်သည်။ ထမင်းလုပ်တိုင်းက လည်ချောင်းထဲတွင် ဆို့နင့်နေသလို ခံစားရ၏။
"ငါ အဆင်ပြေတယ်... နင်ပြန်ချင် ပြန်တော့လေ။"
"ရပါတယ်ဟ ... အခု လူတွေလည်း သိပ်မရှိတော့ဘူး။
ငါစောင့်ပေးမယ်လေ။ "
"ရပါတယ် ...ဒီတစ်လျှောက်လုံး နင်လည်း ပင်ပမ်းနေပြီပဲဟာ။
ကျေးဇူးပါနော် ..."
"မလိုပါဘူးဟယ် ... အချင်းချင်းကို ကျေးဇူးတင်ဖို့လိုသေးလို့လား။ "
"အွန်း ..."
ဂျာမိုင်က ပြုံးပြတော့ မှုံလည်း ခပ်ယဲ့ယဲ့လေးပြန်ပြုံးပြလိုက်၏။
"Ring Ring 📳"
တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို ဂျာမိုင်ရဲ့ ဖုန်းမြည်သံက ဖြိုခွင်းလိုက်သည်။
"ခဏနော် ... ဖုန်းသွားပြောလိုက်ဦးမယ် "
"အင်း "
မှုံခေါင်းညိတ်ပြလိုက်ပြီး ဂျာမိုင်က ဖုန်းသွားပြောကာ ပြန်လာတော့ မှုံ့ကို အားနာတဲ့ အကြည့်နှင့် ကြည့်လာရာ မှုံကပဲ မေးလိုက်၏...
"အိမ်က ပြန်ခေါ်နေလို့လား။ "
"အဟင်း ... အွန်း ငါ ငါပြန်လာခဲ့မယ်နော်။ "
"ရပါပြီဟ ... ဘာမှလဲ လုပ်စရာမှမရှိတော့တာ။ "
"အင်းပါ ... အဲ့တာဆို မနက်ဖြန် အလည်လာခဲ့မယ်နော်။ "
"အေးပါ "
___________________
ဂျာမိုင် ထွက်သွားပြီးနောက် အကိုတစ်ယောက်သာ ကျန်ခဲ့သည်ကို မှုံသတိပြုမိသော်လည်း သူ့ကိုပင် မသိချင်ယောင်ဆောင်ကာ စားပွဲခုံကို လက်ချောင်းများဖြင့် ခပ်ဖွဖွပွတ်သပ် နေမိသည်။
ထို့နောက် မှုံ့နံဘေးသို့ အကိုက ခြေသံဖွဖွဖြင့် ရောက်လာကာ ဘာစကားမျှ မဆို ဘဲ ဒီအတိုင်း ထိုင်ချလိုက်သည်။
အကို့ မျက်နှာတွင်လည်း ဝမ်းနည်းပူပန်မှု အရိပ်အယောင် များ ထင်ဟပ်နေသည်ကို မှုံ မြင်လိုက်ရသည်။
သူသည် အဝေးကြီးကို ငေးကြည့်နေသော်လည်း သူ့အာရုံစူးစိုက်မှုက မှုံ့ထံတွင် ရှိနေကြောင်း သိသာနေ၏။
"အကိုလည်း ပြန်တော့လေ။
မှုံအဆင်ပြေပါတယ်။ "
သူမ၏ စကားသံက ပျော့ဖတ်နေပြီး လေထဲတွင် တုန်ခါနေကာ အားတင်းထားသော်လည်း အသံက သစ္စာဖောက်နေ၏။ ဆွတ်ရိန်နော်က သူမအား စူးစမ်းသော အကြည့်များဖြင့် စိုက်ကြည့်လိုက်၏။ ထိုအကြည့်များက သူမ၏ ဝိညာဉ်အထိ ထွင်းဖောက်မြင်နေသယောင်။
"ဟင်း..."
သက်ပြင်းရှည်ကြီးအား ဆွဲဆွဲငင်ငင်ချကာ 'အဆင်ပြေပါတယ်' လို့ ညာပြောနေတဲ့ ကောင်မလေးအား သူ စိုက်ကြည့်လိုက်လျှင် သူမက သူ့အကြည့်တို့ကို အလျှင်အမြန် ရှောင်ဖယ်သွားကာ သူမ လက်ချောင်းလေးများကို စားပွဲခုံပေါ် အားကုန် ဖိထားလိုက်သည်။ သူ့ ရင်ထဲတွင် နာကျင်မှု နှင့် ကရုဏာတို့ ရောထွေးနေ၏။
"ငိုချင်နေသေးရင် ငိုချလိုက်... ပခုံးငှားပေးမယ်။"
"ဟင့်အင်း... မှုံငိုပဲ ငိုနေရင် ဂျီးအသေမဖြောင့်နိုင်ပဲနေလိမ့်မယ်။ "
မှုံနံ့သာ့ မျက်နှာလေးမှာ ပို၍ပင် ညှိုးငယ်သွားပြီး သူမ နှုတ်ခမ်းအစုံမှာ တုန်ယင်နေသည်။ မျက်ရည်မကျအောင် အံကို တင်းတင်းကြိတ်ထားပုံရသည်။
"အဲ့လိုဆိုတိုင်းလည်း ကိုယ့်ကိုယ်ကို ဖိအားမပေးနဲ့လေ။
အဘွားလည်း နားလည်မှာပါ။ ငိုလိုက်တာက ရင်ထဲက ဝမ်းနည်းတာတွေ ထုတ်ပစ်လိုက်တာနဲ့ အတူတူပဲလေ။"
အကို့ရဲ့ နူးညံ့သော အားပေးစကားအဆုံးတွင် မှုံ့ရင်ထဲ တစ်ပြန် လှိုက်တက်လာကာ ဆည်ကျိုးသကဲ့သို့ ဖြစ်သွားကာ ထိန်းမရတော့သော မျက်ရည်များသည် သူမ၏ ဖောင်းအစ်နေသော မျက်ဝန်းများမှ တရစပ် စီးကျလာပြန်၏။
သူမ၏ နှုတ်ခမ်းမှ ရှိုက်သံ ခပ်တိုးတိုး တစ်ခု ထွက်ပေါ်လာလျှင်
ဆွတ်ရိန်နော်က အလိုက်တသိနှင့် သူမခေါင်းလေးအား ညင်သာစွာ ဆွဲယူ ကာ သူ့ပခုံးပေါ် မှီပေးလိုက်သည်။
သူမကျောပြင်ကို ဖွဖွလေး ပွတ်သပ်ပေး ရင်း သူကိုယ်တိုင်လည်း အဘွားနှင့် ရင်းနှီးခဲ့သူ ဖြစ်သည့်အတွက် ဝမ်းနည်းရတာကို
အောင့်အီးထားရင်း သက်ပြင်းမချမိအောင် အားယူ လိုက်တော့သည်။
သူမပခုံးလေးအား ခပ်ဖွဖွပုတ်ပေးရင်း နွေးထွေးစွာ နှစ်သိမ့်ပေးလိုက်၏။ ဒီကောင်မလေးမှာမှ ဘာလို့ ဝမ်းနည်းစရာတွေ တစ်ခုပြီးတစ်ခုရောက်လာရသလဲမသိတော့ပါ။
မှုံနံ့သာ ဆွတ်ရိန်နော်၏ ပခုံးပေါ်တွင် ခေါင်းကို မှီထားရင်း ရင်ထဲက နာကျင်မှုများ ကို မျက်ရည်များအဖြစ် အရှိန်အဟုန်မထိန်းနိုင်ဘဲ စီးဆင်းခွင့်ပြုလိုက်သည်။
သူမ၏ ကိုယ်လေးတစ်ခုလုံး တုန်ခါ နေပြီး၊ တစ်ခါတစ်ရံ ပွင့်အန်ထွက်လာသော ရှိုက်သံများ က ညနေခင်း၏ တိတ်ဆိတ်မှုကို ကြေကွဲစွာ ဖြိုခွဲနေ၏။
အိမ်ရှေ့ရှိ ခြံဝန်းတစ်ခုလုံးသည် မှောင်ရီအောက်တွင် ပိုမိုမှုန်ဝါး လာကာ ကောင်းကင်သည် ညိုမည်း လာပြီး မကြာမီ လခြမ်းလေးတစ်ခု က မိုးကောင်းကင်ထက်တွင် ဝမ်းနည်းစွာ ထွက်ပေါ်လာ၏။
လေအေးအေးက သူတို့နှစ်ဦးကြား ဖြတ်သန်းတိုက်ခတ်သွားရာ ပတ်ဝန်းကျင်က ပို၍ အေးစက်လာသလို ရှိသည်။
ဆွတ်ရိန်နော်ရဲ့ လက်ဖဝါးက သူမ၏ နောက်ကျောကို
စည်းချက်ညီညီ ဖွဖွလေး ပွတ်သပ်ပေးနေခြင်းသည် မှုံနံ့သာအား လုံခြုံနွေးထွေးသော ခံစားချက် တစ်ခုကို ပေးစွမ်းနိုင်ခဲ့သည်။
သူ့ရင်ထဲတွင်လည်း ခံစားချက်ပေါင်းများစွာ ရောထွေးနေ၏။
အဘွားနှင့် ရင်းနှီးခဲ့သော အချိန်များ၊ သူ့အပေါ် နွေးထွေးေပးခဲ့တဲ့ အဘွားရဲ့မေတ္တာတွေကို သတိရမိလာကာ သူ့မျက်ဝန်းများတွင်လည်း ညှိုးငယ်မှုအရိပ်အယောင်များ စွန်းထင်းလာခဲ့သည်။
အချိန်အတန်ကြာ မျက်ရည်များကို အားရအောင် ငိုထုတ်ပစ်လိုက်ပြီးနောက် မှုံနံ့သာရဲ့ ရှိုက်သံများသည် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ပြီး ဆွတ်ရိန်နော်၏ ရင်ခွင်ထဲမှ ခေါင်းကို ဖြည်းညှင်းစွာ ပြန်လည်ခွာလိုက်သည်။ သူမ၏ မျက်နှာသည် မျက်ရည်များကြောင့် စိုစွတ်နေသော်လည်း ယခင်ကထက် အနည်းငယ် ပိုမိုကြည်လင်လာသည်။ သို့သော် အားငယ်မှုနှင့် ဝမ်းနည်းမှုတို့ကတော့ သူမ၏ မျက်ဝန်းအိမ်တွင် စွဲမြဲနေဆဲပင်။
"ကျေးဇူးပါ အကို..."
သူမ၏ အသံက တိုးတိုးလေးနှင့် လေးလေးပင်ပင် ထွက်ပေါ်လာကာနှာခေါင်းထိပ်လေးက နီရဲနေပြီး မျက်လုံးအိမ်များက ဖောင်းအစ်နေဆဲပင်။ လေတိုက်လိုက်သဖြင့် မျက်နှာပေါ်ကျလာသော ဆံနွယ်စများကို သူမ သပ်တင်လိုက်သည်။
ဆွတ်ရိန်နော် နူးညံ့သော အပြုံးတစ်ခုကို ဖန်တီးလိုက်ပြီး သူမရဲ့ စိုစွတ်နေသော ပါးပြင်ပေါ်မှ မျက်ရည်စများကို သူ့လက်ဖဝါးဖြင့် အသာသုတ်ပေးလိုက်ေလသည်။ သူ့အကြည့်တို့က နွေးထွေးပြီး နားလည်မှုအပြည့် ပါဝင်နေ၏။
"အခုမှပဲ အဆင်ပြေသွားတဲ့ ပုံစံလေးပေါ်တော့တယ်။ "
"အကိုလည်း ပြန်တော့လေ... မှုံ အဆင်ပြေပါတယ်။
အကိုလည်း ပင်ပန်းနေလောက်ပြီ။"
မှုံနံ့သာသည် သူ့ကို ပြန်လွှတ်ချင်သော စိတ် နှင့် အနားမှာ ဆက်ရှိစေချင်သော စိတ် တို့ကြားတွင် တွေဝေ နေခဲ့သည်။
"ရပါတယ်... ကိုယ် ဒီနားလေးမှာပဲ ထိုင်နေမယ်။ မင်းကို တစ်ယောက်တည်း ထားခဲ့ဖို့ စိတ်မချသေးဘူး။"
ဆွတ်ရိန်နော် သူမအား ခပ်ပြုံးပြုံးလေး ကြည့်လိုက်ပြီး သူမရဲ့လက်ဖဝါးကို သူ့လက်ဖဝါးဖြင့် အသာဆုပ်ကိုင် လိုက်သည်။ ညနေခင်း၏ အေးစက်စက် လေထု ကြားတွင် ထိုလက်ဖဝါး၏ နွေးထွေးမှု က မှုံ့ နှလုံးသားဆီသို့ အနည်းငယ်သော ခွန်အား ကို ပေးစွမ်းလိုက်သလို ခံစားလိုက်ရ၏။
ထိုကဲ့သို့ မှောင်မိုက် စုတ်ချာနေတဲ့ မှုံ့ဘဝထဲမှာ အကိုက တောက်ပလွန်းတဲ့ ကြယ် မဟုတ်ဘူး လမင်းကြီးလို ဖြစ်တည်မှုမျိုးပင်။
အပိုင်း (၃၃) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)