မှုံ ကုန်စိမ်းခြင်းရှေ့တွင် ဒူးထောက်ထိုင်လျက် ချမ်းလွန်းတာကြောင့်
ပုခုံးစောင် အဟောင်းတစ်ထည်ကို ပတ်ထားရ၏။
သူမ မျက်နှာသည် ပင်ပန်းနွမ်းနယ်နေပြီး မျက်လုံးများတွင် ကြည်လင်တောက်ပမှု မရှိဘဲ အေးစက်သော တည်ငြိမ်မှု သာရှိသည်။ ဟိုနေ့ကတည်းက အကိုနှင့် စကားပြောပြီးနောက် မှုံတို့
နှစ် ယောက်ရဲ့ ဆက်ဆံရေးက အေးခဲသော ရေခဲပြင် ကဲ့သို့ ဖြစ်လာ၏။
အကိုက မှုံ့မျက်စိရှေ့သို့ ရောက်မလာတော့သလို မှုံကလည်း အကိုရှိတဲ့အရပ်ကို ခြေဦးတောင် မလှည့်ပါ။
"မုန်ညှင်းတစ်စီးဘယ်လောက်လဲ။ "
ရင်းနှီးလွန်းနေသော၊ လွမ်းဆွတ်နေရသော အသံကို ကြားလိုက်ရသည့်တိုင် မှုံ ခေါင်းမော့မကြည့်နိုင်ပါ။ ရင်ထဲတစ်ချက် လှပ်ခနဲ ဖြစ်သွားသော်လည်း အမူအရာမပျက်အောင် ထိန်းထားလိုက်သည်။
"တစ်စီးကို နှစ်ရာပါ။"
မှုံ ဈေးနှုန်းကို ပုံမှန်အတိုင်း ပြန်ဖြေလိုက်၏။
ဆွတ်ရိန်နော်သည် သူမ ခြင်းတောင်းရှေ့တွင် မတ်တပ်ရပ်လျက် ငုံ့ကြည့်နေပြီး သူ့မျက်လုံးများသည် မှုံ့မျက်နှာအနှံ့ကို အကဲခတ်နေ၏။ ထိုမျက်လုံးများထဲတွင် ဝမ်းနည်းမှု၊ ဒေါသနှင့် နားမလည်နိုင်မှု အရိပ်အယောင်များ ရောထွေးနေသည်။
ဟိုနေ့ကတည်းကစ၍ နေ့စဉ်ရက်ဆက် အရက်တွေ နင်းကန်သောက်နေကာ အခုလည်း ညက အရက်ရှိန်ပင် ကျန်နေသေးဟန်။
အရင်ကဆိုလျှင် သူမကို မထိတထိ စကားများ ဖြင့် စနောက်တတ်သော်လည်း အခုတော့ နှစ်ယောက်ကြားတွင် လေထုက လေးလံနေပြီး တိတ်ဆိတ်မှုသာ ကြီးစိုးနေသည်။
ဈေးပတ်ဝန်းကျင်မှ ဆူညံသံများသည် သူတို့နှစ်ယောက်ကြားက တိတ်ဆိတ်မှုကို ဖြိုခွင်းနိုင်စွမ်း မရှိ။
"ငါမင်းဆီ လာတာမဟုတ်ဘူးနော်။
ငါ့ဟာငါ ဈေးလာဝယ်တာ။ "
"..."
သူ့စကားကြောင့် မှုံ ဘာမှပြန်မပြောမိပေမယ့် နှုတ်ခမ်းကို မသိမသာ မဲ့လိုက်မိသည်။ အကိုတို့လို အခင်းပိုင်ရှင်တွေက နမ့်စန်းကနေ လုံးခင်းအထိ တကူးတကကြီး ဟင်းရွက်တွေ လာဝယ်စရာလိုသတဲ့လား။
အကို ညာနေတာသိနေပေမယ့် မှုံအကိုနဲ့ ပြိုင်ပြီး အငြင်းပွားချင်စိတ်ရှိမနေပါ။
"မင်း ငါ့ကို ဘယ်လောက်ကြာကြာ ရှောင်နေဦးမှာလဲ အသေးလေး။ "
"မှုံ မရှောင်ပါဘူး။ "
"ညာတာ။ "
"မှုံ ... အကို့ကို ငြင်းပြီးသားပါ။
အကိုနဲ့ မပတ်သက်ချင်ဘူး ... အကိုလည်း အကိုနဲ့သင့်တော်တဲ့
ဂျာမိုင်ကို ပြန်ကြည့်သင့်ပြီ ...သူက အစ်ကို့ကို တကယ် ချစ်တာ။"
"မင်း ... မင်း တော်တော့် "
မှုံ့စကားအဆုံးတွင် ဆွတ်ရိန်နော့်မျက်နှာကြီး တင်းမာခက်ထန်သွားကယအေးစက်မာကျောသွားသော မျက်ဝန်းများဖြင့် သူမကို စူးစိုက်ကြည့်လာ၏။ သူမက ဂျာမိုင်အကြောင်းကို အမြဲတစေ ထည့်ပြောပြီး သူ့နှလုံးသားကို ရည်ရွယ်ချက်ရှိရှိ နာကျင်အောင် လုပ်သည်။
သူမ မျက်နှာကို စူးစိုက်ကာကြည့်တော့ သူ့အကြည့်တို့အား ရှောင်ဖယ်ကာ မျက်လွှာချသွား၏။
နောက်ဆုံးတေ သူပဲ တောက်တစ်ချက်ခေါက်ကာ ထထွက်လာရတော့သည်။
အမြဲတမ်း စိတ်တိုအောင်လုပ်ဖို့ပဲ သိတဲ့ ကလေးမ။
ရည်းစားဖြစ်မှ အတိုးနဲ့ကို ချစ်ပစ်ဦးမည်။
_____________________
မှုံ အိမ်ခန်းငယ်လေးထဲတွင် မှိန်ဖျော့သော ဖယောင်းတိုင်အလင်းရောင်ဖြင့် စာအုပ်ဟောင်းတစ်အုပ်ကို ဖတ်နေသည်။
နေ့ခင်းဘက်တွင် ပင်ပန်းနွမ်းနယ်လာသမျှကို ညဘက်တွင် ဂျီး(အဘွား)အနားမှာနေ၍ စာဖတ်ရင်း ပျောက်စေ၏။
"အဟွတ်... အဟွတ်ဟွတ်"
ရုတ်တရက်ဆိုသလို ဂျီးရဲ့ ပုံမှန်မဟုတ်ဘဲ ပြင်းထန်သော ချောင်းဆိုးသံ ပေါ်လာသည်။
ထိုအသံသည် တိတ်ဆိတ်သော အခန်းငယ်ထဲတွင် လွန်စွာ ကျယ်လောင်နေ၏။
မှုံ့ မျက်လုံးများ ချက်ချင်း ပြူးကျယ် သွားကာ ဖယောင်းတိုင်ကို စားပွဲပေါ်တင်လိုက်ပြီး ဂျီး အနားသို့ အမြန်သွားလိုက်သည်။
"ဂျီး ... ဘာဖြစ်တာလဲဟင်"
ဂျီးက အိပ်ရာမှ ထထိုင်ဖို့ ကြိုးစားသော်လည်း မောပန်းနွမ်းနယ် နေပုံရကာ ရင်ဘတ်ကို လက်များဖြင့် ဆုပ်ထားပြီး မျက်နှာသည် ပြာနှမ်း နေသည်။
"ချောင်း... ချောင်းဆိုးတာပါကွယ်။
ဘာမှမဖြစ်ဘူး သမီး။ "
"ဘာလို့ ဘာမှမဖြစ်ရမှာလဲ ဂျီးရဲ့ ... ဒီလောက်ဆိုးနေတာကို။ "
အမေ့တုန်းကလည်း ဒီလိုချောင်းတွေ အတင်းဆိုးခဲ့တာကို မှုံနာကျင်စွာ မှတ်မိနေ၏။
ဂျီးကတော့ ဘာမှဖြစ်လို့မရပါ။
မှုံ့မှာ ဂျီးတစ်ယောက်ပဲ ရှိတော့တာပါ။
ဂျီးကိုတော့ မှုံ့ဘဝထဲကနေ ဆွဲထုတ်မသွားပါနဲ့။
"ဆောင်းဝင်လာလို့ပါကွယ်။ "
"မဖြစ်ပါဘူး ... မနက်ကျရင် ဆရာဝန် သွားပင့်ဦးမှ။ "
"မလိုပါဘူး သမီးရယ်။
ဂျီး ဘာမှ မဖြစ်ပါဘူး။ "
"ဖြစ်တာပေါ့ အခုရော ဘယ်လိုနေလဲဟင်။
တစ်နေရာရာက မကောင်းတာရှိရင် သမီးကို ပွင့်ပွင့်လင်းလင်းပြောပါ ဂျီးရယ် နော်။ "
"အေးပါကွယ် ... အဟွတ် ဟွတ် ... အဟွတ် "
ဂျီးရဲ့ ချောင်းဆိုးသံသည် ပို၍ ဆိုးရွားလာပြီး နောက်ဆုံးတွင် ပါးစပ်မှ သွေးစများ ထွက်လာသည်။
"ဟင် ... ဂျီး သွေး သွေးတွေ "
မှုံ အလွန်အမင်း ထိတ်လန့်သွားကာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာကာ ခြေဖျားလက်ဖျားတွေ အေးစက်သွား၏။
"ဂျီး ... ဂျီး ... ခဏနော် မှုံ ဆရာဝန်သွားပင့်မယ်။ "
မှုံက သူမအဘွားကိုယ်လေးအား ပွေ့ဖက်၍ ထဖို့လုပ်လျှင် သူမအဘွားက တား၏။
"ရပါတယ် ... သမီးရယ် ... မနက် မနက်မှပဲ "
"ဘာ မနက်မှလဲ ဂျီးရဲ့ ... ဒီလောက် အခြေအနေဆိုးနေတာကို။ "
မှုံ့အသံသည် ငိုသံပါနေပြီး မျက်ရည်များသည် ပါးပြင်ပေါ်သို့ အထိန်းအချုပ်မဲ့ စီးကျလာတော့သည်။
"ညကြီးအချိန်မတော် သမီးတစ်ယောက်တည်း စိတ်မချပါဘူးကွယ် ... အဟွတ် အဟွတ် ဟွတ် "
"အခု ဘယ်သူက ဘယ်သူ့ကို စိတ်ပူနေတာလဲ ဂျီးရဲ့ ... အဟင့် ဟင့်
ခဏပဲစောင့်နော် ... မှုံအမြန်ပြန်ခဲ့မယ်။ "
မှုံ ဂျီးလက်ကို အသာဖယ်ကာ ခြံထဲမှ အမြန်ပြေးထွက်ခဲ့သည်။ အပြင်ဘက်တွင် အမှောင်ထုက ကြီးစိုးနေသော်လည်း မှုံ့စိတ်ထဲတွင် ကြောက်ရွံ့ချိန် မရ။ မှုံတို့အိမ်နှင့် အတော်လှမ်းသည့် ဆရာဝန်အိမ်သို့ ခြေကုန်သုတ် ပြေးရသည်။ မျက်ရည်များက လေတိုက်တိုင်း ပါးပေါ်တွင် အေးခဲသွား၏။ ဆရာဝန်ကြီးကလည်း ညအချိန်မတော်ဖြစ်သော်လည်း မညည်းမညူဘဲ ချက်ချင်းလိုက်ခဲ့ပေးရှာသည်။
"ဂျီး ... ဂျီး ... ဟင် ဆရာ ဂျီးကို ကယ်ပါဦး ... အဟင့် ဟင့် "
မှုံတို့ အိမ်ပြန်ရောက်တော့ အခြေအနေက ထင်ထားတာထက် ပိုဆိုးနေပြီဖြစ်၏။ ဂျီးက သွေးတွေအန်ထားပြီး သတိလစ်မေ့မြောနေပြီ။ အခန်းထဲတွင် သက်မဲ့သဖွယ် လဲကျနေသော ဂျီးကို မြင်လိုက်ရသည့်အခါ မှုံ့ရင်ဘတ်တစ်ခုလုံး ဆောင့်ကန်ခံလိုက်ရသလို နာကျင်သွားရသည်။
ဆရာဝန်က ဂျီး၏ မျက်ခွံကိုလှန်ကြည့်၊ သွေးခုန်နှုန်းကို စမ်းသပ်ပြီးနောက် သက်ပြင်းချကာ ခေါင်းခါယမ်းလိုက်သည်။
"မရတော့ဘူး ... ဆေးရုံအမြန်ပို့မှရမယ်။ "
"ဟုတ် ... ဟုတ်ကဲ့ ကယ်ပါဦး ဆရာရယ် အဟင့် ဟင့် "
"လူနာတင်ယဉ်ခေါ်ရမယ် "
ဆရာဝန်က ဖုန်းထုတ်ကာ အလျင်အမြန် ဆက်သွယ်လေသည်။
မှုံကတော့ ဂျီး၏နဖူးကို မျက်ရည်များဖြင့် စိုရွှဲနေသော မျက်နှာဖြင့် ကပ်ကာ ငြိမ်သက်စွာ ရှိုက်ကြီးတငင် ငိုကြွေးနေတော့သည်။
လူနာတင်ယဉ်ကလည်း မှုံတို့ရွာမှာမရှိတာကြောင့် အတော်ကြာမှ
ကျဉ်းမြောင်းသောလမ်းများထဲသို့ ရောက်ရှိလာ၏။ ဂျီးကို ဆေးရုံသို့ အပြေးအလွှား ပို့ဆောင်ကြပြီး မှုံ ကားပေါ်တွင် ဂျီးလက်ကို အတင်းဆုပ်ကိုင်ထားဆဲ၊ မျက်ရည်များကလည်း မရပ်မနား စီးကျဆဲပင်။
သို့သော်ဆေးရုံရောက်သည့်အခါတွင်မူ အရာအားလုံးက နောက်ကျသွားခဲ့ပြီ ဖြစ်၏။
အရေးပေါ်ခန်းထဲသို့ ဝင်သွားပြီး မကြာခင်မှာပင် ဆရာဝန်ကြီးတွေက စမ်းသပ်ပြီး ခေါင်းခါကာ မှုံ့ပခုံးကို လက်ဖြင့် ပုတ်ပေးတာကို ခံလိုက်ရသည့်အခါ မှုံ့ရင်ထဲရှိ မျှော်လင့်ချက်အလင်းသည် ရုတ်ချည်း မှောင်မိုက်သွားတော့သည်။
ထိုအခိုက်အတန့်တွင် မှုံ အသံပင် မထွက်နိုင်တော့ပဲ တစ်ကိုယ်လုံး တောင့်တင်းသွားကာ၊ ကမ္ဘာပျက်သလို ခံစားလိုက်ရတော့သည်။
တကယ်လည်းပျက်စီးသွားပါပြီ ... မှုံ့မှာကျန်တဲ့ တစ်ခုတည်းသော ကမ္ဘာကြီး။
ဆေးရုံကြီး၏ အရေးပေါ်ဌာနသည် အမြဲတမ်းလိုလို ဆူညံနေတတ်သော်လည်း ထိုအခိုက်အတန့်တွင်မူ မှုံ့ နားထဲ၌ ကြောက်မက်ဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်မှုသာ လွှမ်းမိုးနေသည်။
ဂျီးရဲ့ သက်မဲ့ခန္ဓာကိုယ်ကို စောင်ဖြူတစ်ထည်ဖြင့် ဖုံးအုပ်လိုက်သောအခါ မှုံရဲ့ အသိစိတ်တို့ လုံးဝ ကင်းကွာသွားေတာ့၏။ဆရာဝန်၏ စကားကိုလည်း မကြား၊ ဘေးမှ သူနာပြုများ၏ လှုပ်ရှားမှုကို မမြင်နိုင်တော့ပါ။
မှုံ ကြောင်တောင်တောင်နှင့် ဂျီးရှိရာ ကုတင်ဘေးတွင် မတ်တပ်ရပ်နေမိ၏။
မျက်ရည်များက ခန်းခြောက်သွားပြီလား ဒါမှမဟုတ် ဝမ်းနည်းမှု ပမာဏက အလွန်များပြားလွန်း၍ ကျစရာမျက်ရည်ပင်မရှိတော့တာလားမသိတော့ပါ။
ဂျီးရဲ့ မျက်နှာသည် ပင်ပန်းဆင်းရဲမှုများ ကင်းစင်သွားပြီး ငြိမ်းချမ်းနေသည်။ သို့သော် ထိုငြိမ်းချမ်းမှုက မှုံအတွက် ဓားသွားလို စူးရှနာကျင်စေ၏။
ခဏအကြာတွင်မှ မှုံ့ဦးနှောက်ထဲသို့ သွေးအေးတစ်စက်က တဖြည်းဖြည်း စိမ့်ဝင်လာသည်။ ဒါဟာ တကယ်ပဲလား... ဂျီးက မှုံ့ကို တစ်ယောက်တည်း ထားခဲ့ပြီလား။
အိမ်ပြန်ရောက်တိုင်း ..."သမီး... ပြန်လာပြီလား" ဟု အမြဲတမ်းနွေးထွေးစွာ ပြုံးပြတတ်သော ဂျီးရဲ့ပုံရိပ်က မှုံ့အတွေးထဲတွင် မုန်တိုင်းလို တိုက်ခတ်လာတော့သည်။
ရင်ဘတ်ထဲက နာကျင်မှုသည် အပြင်သို့ ပေါက်ကွဲထွက်မလာနိုင်ဘဲ အထဲမှာသာ ဖိနှိပ်နေရသောကြောင့် ပို၍ ဆိုးရွားမွန်းကြပ်လာသည်။
"ဂျီး... သမီးကို ဘာလို့ တစ်ယောက်တည်း ထားခဲ့တာလဲ... အဟင့် ဟင့်..."
တုန်ယင်နေသော လက်များဖြင့် ဂျီး၏လက်ကို အသာအယာ ကိုင်လိုက်လျှင် ထိုလက်များက ရေခဲတမျှ အေးစက်နေပြီ ဖြစ်သည်။ အမြဲတမ်း နွေးထွေးမှုတွေသာ ပေးတတ်တဲ့ ဂျီးရဲ့ လက်အစုံက အခုတော့ အသက်ကင်းမဲ့စွာ အေးစက်နေလေပြီ။
အပိုင်း (၃၂) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)