Bububai ဝတ္ထု ဂျိန်းဖောမြေမှ ချစ်တေးတစ်ပုဒ် အခန်းစာရင်း

အပိုင်း (၂၇)

မှုံ ထမင်းစားပွဲပြင်နေတုန်း ခြံဝင်းတံခါးဝဆီမှ ရင်းနှီးသော ခေါ်သံတစ်ခု ပျံ့လွင့်လာသည်။

"ဟိတ် ... မှုံနံ့သာ "

အသံလာရာဆီသို့ မော့ကြည့်လိုက်တော့ အနွေးထည်ထူထူနှင့် ကျော့ရှင်းလှပနေသော ဂျာမိုင်။ မှုံ လက်ထဲက ထမင်းပန်းကန်တွေကို စားပွဲပေါ်သို့ချရင်း ပြုံးပြလိုက်သည်။

"အော ... ဂျာမိုင် လာလေ။ "

ဂျာမိုင်က ခြံထဲသို့ လှမ်းဝင်လာရင်း စူးစမ်းသလို မေးသည်။

"အွန်း ... ဘာလုပ်နေတာလဲ။ "

"ထမင်းစားမလို့ ... တစ်ခါတည်းဝင်စားသွားလေ။ "

မှုံ့စကားကြောင့် ဂျာမိုင်က လက်ကာပြလိုက်ရင်း...

"တော်ပြီ မစားတော့ဘူး။

စားခဲ့ပြီ။ အဘွား နေကောင်းတယ်မလား။ "

"အေး ...ကောင်းတယ် သမီး ... လာ ထိုင် "

အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင် ထိုင်နေသော အဘွားက လှမ်းခေါ်လိုက်သဖြင့် ဂျာမိုင်က "ဟုတ်" ဟု ပြန်ထူးကာ ဝင်ထိုင်လိုက်သည်။ မှုံတို့ မြေးအဘွား ထမင်းစားနေချိန်တွင် ဂျာမိုင်က ခြံထဲသို့ ဆင်းကာ စိုက်ပျိုးထားသော အပင်များကို လိုက်လံကြည့်ရှုနေ၏။

လေပြည်အေးအေးက သစ်ရွက်များကို တိုးဝှေ့တိုက်ခတ်သွားပြီး သစ်ရွက်လှုပ်သံ တရှဲရှဲကလွဲ၍ ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်းချမ်းနေသည်။ ထမင်းစားသောက်ပြီးစီး၍ ပန်းကန်များကို သိမ်းဆည်းပြီးနောက် မှုံ ခြံထဲသို့ ဆင်းလာခဲ့ရာ ဂျာမိုင်က မုန်ညင်းခင်းနားတွင် ရပ်လျက် သူမကို စောင့်နေ၏။

"မှုံနံ့သာ နင်ကဘာလို့ စားပင်၊သီးပင်တွေပဲ စိုက်တာလဲ။

ပန်းပင်တွေမစိုက်ဘူးလား။

သုများတွေဆို အိမ်မှာ အလှပန်းပင်တွေအများဆုံးစိုက်ကြတာကို။

ပန်းမကြိုက်လို့လား။ "

"မကြိုက်လို့တော့ မဟုတ်ပါဘူး ။

သီးပင် စားပင်စိုက်တာက ပြန်ရောင်းစားလို့ရတယ်လေ။

ပန်းပင်ကျ ပိုက်ဆံမှ မရတာဟ။ "

"ဟင် ... နင်ကလည်း အပင်စိုက်တာတောင် စီးပွားရေးဆန်လိုက်တာ။ "

ဂျာမိုင်က နှာခေါင်းလေးရှုံ့ကာ ပြောတော့ မှုံ ရယ်မောလိုက်မိသည်။

"အဟင်း ... အဲ့တာတော့ ငါတို့က နင်တို့လို လောပန်းတွေမှ မဟုတ်တာ"

"အမယ်လေး ... ငါတို့လည်း အဲ့လောက်မဟုတ်ပါဘူးဟယ်။ "

"စတာပါ ... ငါတို့ခြံက သိပ်လည်းမကျယ်တော့ သီးပင်၊စားပင်နဲ့တင် ခြံက ပြည့်သွားပြီလေ။ပန်းပင်စိုက်စရာနေရာမှ မရှိတော့တာ။ "

မှုံ့စကားအဆုံးတွင် ဂျာမိုင်က ခေါင်းတစ်ချက်ညိတ်ရင်း ပခုံးတွန့်ပြကာ ...

"အွန်း ... ငါဆို အပင်စိုက်ရတာကို ဝါဿနာမပါတာ။ "

အေးစက်သော လေညင်းက ပိုမိုတိုက်ခတ်လာသဖြင့် မှုံ အိမ်ဘက်သို့ မေးငေါ့ပြလိုက်ကာ ...

"လာလေ ... အိမ်ထဲမှာ သွားထိုင်ရအောင်။ "

မှုံ လှည့်ထွက်မည်ပြုတော့ ဂျာမိုင်က သူမလက်မောင်းကို လှမ်းဆွဲထားလိုက်ကာ မျက်နှာတွင်လည်း အားနာသလိုလို၊ ရှက်သလိုလို အရိပ်အယောင်များ ယှက်သန်းနေ၏။

"ခဏလေး ... ငါပြောစရာရှိလို့။ "

"ဟင် ... ဘာမို့လို့လဲ။ "

"အဟီး "

ဂျာမိုင်က သွားလေးဖြီးကာ ရှက်သွေးဖြာနေသော မျက်နှာလေးဖြင့် ခေါင်းငုံ့သွားလျှင် ထိုပုံစံကို ကြည့်ပြီး မှုံ စိတ်ဝင်စားသွားကာ မျက်ခုံးပင့်လိုက်မိသည်။

"ဟိုလေ ... နင် နင် ကိုဆွတ်ရိန်နော်ကို သိတယ်မလား။ "

ထိုနာမည်ကို ကြားလိုက်ရသည့်အခါ မှုံ့နှလုံးသားတစ်ခုလုံး ရပ်တန့်သွားသလို ခံစားလိုက်ရကာ ရင်ထဲတွင် လှုပ်ရှားသွားသော်လည်း ဟန်မပျက် ထိန်းရင်း...

"ဟင် အင်း ... သိတယ်လေ။ "

"ခင်ရော ခင်တယ်မလား။ "

"သိပ်တော့ မခင် ..."

မှုံ လိမ်ပြောလိုက်မိသည်။ မခင်ပါဘူး... ချစ်နေတာပါ။ သို့သော် ထိုစကားကို မျိုသိပ်ထားလိုက်သည်။

"ငါ့ကို ကူညီပေးပါဦး သူငယ်ချင်းရယ်။ "

မှုံ့စကားပင်မဆုံးသေး ဂျာမိုင်က မှုံ့လက်နှစ်ဖက်ကို အားကိုးတကြီး ဆုပ်ကိုင်လာလေသည်။ ဂျာမိုင့် လက်ဖဝါးနွေးနွေးက မှုံ့လက်ဖျားအေးအေးလေးတွေကို ဆုပ်ကိုင်ထားသော်လည်း မှုံ့ရင်ထဲတွင်တော့ ထိတ်လန့်မှုကြောင့် အေးစက်နေပြီဖြစ်၏။ တစ်စုံတစ်ခုကို ကြိုတင်သိနေသလိုမျိုး စိုးရိမ်စိတ်က ရင်ဘတ်ကို ဖိစီးလာကာ ဂျာမိုင် ဆက်ပြောမည့်စကားကို နားမထောင်ချင်လောက်အောင် ကြောက်ရွံ့မိသော်လည်း မှုံ့ရင်ထဲက စကားတွေကို မကြားတဲ့ ဂျာမိုင်က ဆက်ပြောလာခဲ့၏။

"ငါ ... ငါ ကိုဆွတ်ရိန်နော်ကို ကြိုက်လို့။

အဲ့တာ ဖွင့်လည်း မပြောရဲလို့ ... ငါ့ကို သူနဲ့ အောင်သွယ်ပေးပါလား သူငယ်ချင်းရယ်။ "

ဂျာမိုင်၏ အသံက တိုးလျသော်လည်း မှုံ့နားထဲတွင် မိုးချုန်းသံကဲ့သို့ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။ ဂျာမိုင့်မျက်လုံးများတွင် မျှော်လင့်ချက်ရောင်ခြည်များ တောက်ပနေပြီး ထိုတောက်ပမှုက မှုံ့နှလုံးသားကို လောင်ကျွမ်းစေ၏။

"ဟင် ..."

မှုံ့နှုတ်ဖျားမှ လွတ်ခနဲထွက်သွားသော အာမေဋိတ်သံတွင် နာကျင်မှုတို့ အကဲခတ်၍ရလောက်အောင် ပါဝင်နေသကာ ကြားလိုက်ရတဲ့ စကားတွေက ရင်ကို ဒိန်းခနဲ ဝင်ဆောင့်၍ သံရည်ပူတွေ လောင်းထည့်ခံလိုက်ရသလို ပူလောင်စပ်ဖျင်းသွား၏။ ဂျာမိုင်ရဲ့ ရှက်ရဲရဲအပြုံးက မှုံ့အတွက်တော့ ရက်စက်သော ဓားချက်တစ်ခုလိုပင်။ ကချင်မြေ၏ ဆောင်းရာသီသည် အေးစက်နေသော်လည်း မှုံ့ရင်ဘတ်ထဲတွင်တော့ မီးတောက်တစ်ခုက တဟုန်းဟုန်း တောက်လောင်နေသည်။

"နော် ... ကူညီပါ မှုံရယ် ... ငါ့မှာ အားကိုစရာဆိုလို့ နင်ပဲ ရှိလို့ပါ သူငယ်ချင်းရယ်။

ပြီးတော့... နင်တို့က ရင်းနှီးကြတယ်လေ မှုံရဲ့"

ဂျာမိုင်သည် သူမ၏ပခုံးကို ကိုင်ကာ ထပ်မံတောင်းဆိုလိုက်သည်။

"..."

မှုံ့မျက်နှာတစ်ခုလုံး တောင့်တင်းသွားပြီး နှုတ်ခမ်းတို့သည် မသိမသာ တုန်ယင်လာ၏။ လည်ချောင်းထဲတွင် ဆို့နင့်နေသော စကားလုံးများကို ပြန်လည်မျိုသိပ်ရင်း ကံကြမ္မာကို နာကြည်းမိသည်။ ဤကမ္ဘာပေါ်တွင် မှုံ့အတွက် အချစ်ရဆုံး အကောင်းဆုံး သူငယ်ချင်းက... အခု မှုံချစ်ရတဲ့သူနဲ့ အောင်သွယ်ပေးဖို့ တောင်းဆိုနေသတဲ့လား။ ဘယ်လိုတောင် မှုံ့အပေါ် ရက်စက်လွန်းတဲ့ ကံကြမ္မာကြီးလဲ။

"မှုံနံ့သာ ... လို့ "

အတွေးလွန်နေသော မှုံ့ကို ဂျာမိုင်က ထပ်ခေါ်လိုက်မှ သတိဝင်လာကာ မှုံ ပျက်ယွင်းလုနီးပါးဖြစ်နေသော မျက်နှာထားကို အတင်းထိန်းချုပ်ကာ ခပ်ယဲ့ယဲ့ကလေး ပြုံးလိုက်သည်။ အပြုံးအတုတစ်ခုကို ဖန်တီးရသည်မှာ ဤမျှ ပင်ပန်းလိမ့်မည်ဟု သူမ မထင်ထားခဲ့။

"ငါက ... ငါက အဲ့လိုတွေမှ အောင်သွယ်မပေးတတ်တာ။"

"ဘာမှ မလုပ်ရပါဘူး သူငယ်ချင်းရဲ့။

ငါတို့နှစ်‌ေယာက်ကို အတူတွေ့ရအောင် လုပ်ပေးရုံပါပဲဟာ နော်။ "

"..."

မှုံ ဘာမျှပြန်မပြောနိုင်ဘဲ နှုတ်ဆိတ်နေမိပြန်သည်။ အခုတော့... အကို့ကို ငြင်းပယ်ခဲ့သည့် မှုံ့ကိုယ်ပိုင်ဆုံးဖြတ်ချက်က ဓားနှစ်ချောင်းသွား ဖြစ်လာသည်။

အကို မှုံ့ကို ချစ်နေသည်ကို သိလျက်နှင့် အကို့ခံစားချက်တွေကို

လျှစ်လျှူရှုကာ ငြင်းပယ်ခဲ့ရသော မှုံ့၏ နာကျင်မှုသည် ဂျာမိုင်၏ ပျော်ရွှင်စရာ ကမ်းလှမ်းချက်အောက်တွင် ပျောက်ကွယ်သွားရတော့မည်လား။

မှုံ့ရဲ့ စိတ်ခံစားမှုတို့ကို တင်းတင်းကြပ်ကြပ် ချုပ်တည်းထားလိုက်သည်။

ဟုတ်တယ် ... ဘယ်လိုပဲနေနေ အကိုနဲ့ ငါကလည်း ဖြစ်မှ မဖြစ်နိုင်တော့တာ။

ဆုံးဖြတ်ချက်တွေ ခိုင်မာသွားသည်နှင့် သက်ပြင်းမော တစ်ချက်ချ၍ ခေါင်းကို လေးပင်စွာညိတ်လိုက်၏။

"အင်းပါ ..."

"ဟင် ... တကယ် နင်တကယ်ပြောတာလား။ "

"အင်း "

ဂျာမိုင်က ဝမ်းသာအားရဖြင့် မှုံ့ကို ဖက်လိုက်လျှင် ဂျာမိုင့် ကိုယ်သင်းနံ့သင်းသင်းလေးက မှုံ့နှာခေါင်းဝတွင် ရစ်ဝဲသွားသော်လည်း မှုံ့စိတ်ထဲတွင် မွန်းကြပ်မှုသာ ကျန်ရစ်လေသည်။

"ကျေးဇူးတင်ပါတယ် မှုံနံ့သာရယ် ... နင်က အကောင်းဆုံးပဲ!"

ဂျာမိုင်၏ ပျော်ရွှင်သော ရယ်သံများသည် တိတ်ဆိတ်သော ခြံဝင်းလေးထဲတွင် ပဲ့တင်သံထပ်သွားသည်။ မှုံနံ့သာ၏ မျက်လုံးများတွင်မူ ပျော်ရွှင်မှုမရှိဘဲ ဝမ်းနည်းမှုတို့သာ ပြည့်နှက်နေသည်။ ရင်ဘတ်ထဲက နာကျင်မှုကို မည်သူ့ကိုမှ မမြင်စေရအောင် အလွန်ပင် ခက်ခဲစွာ ထိန်းချုပ်ထားရ၏။ချစ်ရသူကို ကိုယ့်သူငယ်ချင်းလက်ထဲ အပ်ဖို့ အောင်သွယ်ပေးရမည့် ကံကြမ္မာက သူမကို အစိမ်းလိုက် ဝါးမြိုနေသကဲ့သို့။

"အဲ့တာဆို နင့်ကို အပ်ပါတယ်နော်။ "

ဂျာမိုင်က မှုံ့လက်အစုံအား အားကိုးတကြီး ဆုပ်ကိုင်ကာ ပြောတော့ မှုံ ခေါင်းညိတ်ပြလိုက်၏ည။ မှုံ နာကျင်ရလည်း မှုံအချစ်ရဆုံးသူတွေကတော့ ပျော်ရမယ်မလား။ အကိုကလည်း ဂျာမိုင်လို အစစအရာရာ ပြည့်စုံတဲ့ မိန်းကလေးမျိုးနဲ့ပဲလိုက်ပါတယ်။

___________________

နေ့လယ်ခင်း၏ နေရောင်ခြည်သည် ဖျော့တော့စွာ ကျဆင်းနေပြီး ဘုရားကျောင်းဝင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ လေတိုက်တိုင်း သစ်ရွက်ခြောက်များ မြေပေါ်လိမ့်သွားသံမှလွဲ၍ ပတ်ဝန်းကျင်သည် ဆိတ်ငြိမ်လွန်းလှ၏။

ဘုရားကျောင်းဝင်း၏ ခုံတန်းလျားဟောင်းလေးပေါ်တွင် မှုံနံ့သာတစ်ယောက်တည်း ထိုင်လျက်၊ ခပ်လှမ်းလှမ်းတွင် ရပ်နေသော ဂျာမိုင်နှင့် ဆွတ်ရိန်နော်တို့ကို ငေးကြည့်နေမိသည်။

"အကို ... ဂျာမိုင်က အကို့ကို တကယ် စိတ်ဝင်စားနေတာပါ။"

လွန်ခဲ့သည့် မိနစ်ပိုင်းက အကို့ကို မျက်နှာပူပူဖြင့် ပြောဆိုခဲ့ရသည့် စကားများကို ပြန်ကြားယောင်လာသည်။ ထိုအချိန်က အကို့မျက်နှာကို သူမ မကြည့်ရဲခဲ့ပဲ နှလုံးသားတစ်ခုလုံး ဆားငံရေထဲ နှစ်ထားသကဲ့သို့ ပူလောင်စပ်ဖျင်းနေခဲ့သည်။

"ဘာလဲ ... ကိုယ့်ကို အဖြေပြန်တော့မလို့လား။ " တဲ့။

အကိုမေးခဲ့စဉ်က အသံတွင် ပျော်ရွှင်မှုများ ကပ်ငြိနေခဲ့ကာ အကို့မျက်ဝန်းထဲက မျှော်လင့်ခြင်းအရိပ်အယောင်တွေကို ပြန်မြင်ယောင်မိတော့ မှုံ့ရင်ထဲ ပိုလို့ မွန်းကြပ်သွားရ၏။ သူမက ထိုမျှော်လင့်ချက်များကို ကိုယ်တိုင်ရိုက်ချိုးခဲ့ရသည် မဟုတ်ပါလား။

မှုံနှင့် ခပ်လှမ်းလှမ်းတွင် ဂျာမိုင်နှင့် အကိုက ထိုင်တောင် မထိုင်ပဲ မတ်တတ်ရပ်လျက် စကားပြောနေကြ၏။ အကို့ မျက်နှာထားက အဝေးကနေ လှမ်းကြည့်တာတောင် တည်တင်းနေကာ အလိုမကျမှုတို့ ပေါ်လွင်နေသည်။ ဂျာမိုင်က‌ေတာ့ ခေါင်းငုံ့လျက် တစ်စုံတစ်ခုကို ပြောနေပုံရ၏။

သိပ်မကြာလိုက်ပါ ...အကိုက ဂျာမိုင်ကို ဘာပြောလိုက်သည်မသိ

ဂျာမိုင်က မျက်နှာကို လက်ဝါးဖြင့်အုပ်ကာ ငိုယိုပြီး ထွက်ပြေးသွားတာကို မြင်လိုက်ရလျှင် မှုံ့ရင်ထဲ ဒိတ်ခနဲ တုန်လှုပ်သွားရ၏။

"ဂျာမိုင်..."

မှုံ အမြန်ထကာ ဂျာမိုင့်နောက် ပြေးလိုက်ဖို့ ခြေလှမ်းပြင်လိုက်သည်။သို့သော် လမ်းတစ်ဝက်မှာပင် သန်မာသော လက်တစ်ဖက်က သူမ၏ လက်မောင်းကို ဆောင့်ဆွဲလိုက်ခြင်း ခံလိုက်ရ၏။

"အ ..."

မှုံ လည်ပြန်လှည့်ကြည့်လိုက်တော့ ဒေါသကြောင့် နီရဲနေသော အကို့မျက်နှာကို တွေ့လိုက်ရကာ အကို့မျက်ဝန်းများတွင် နာကျင်မှုနှင့် ဒေါသတို့ ရောထွေးနေပြီး မီးဝင်းဝင်းတောက်နေသကဲ့သို့။

"လာခဲ့ ... မင်းနဲ့ စာရင်းရှင်းစရာရှိသေးတယ်။ "

အကို့အသံက အေးစက်မာကျောနေပြီး ငြင်းဆန်ခွင့်မရှိသည့် အမိန့်သံပါဝင်နေကာ လေပြင်းတစ်ချက်ဝှေ့ယမ်းသွားချိန်တွင် သစ်ရွက်ကြွေများ လေထဲဝဲပျံသွားသလို မှုံ့ရင်ထဲတွင်လည်း မုန်တိုင်းတစ်ခု စတင်တိုက်ခတ်လာပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။

အပိုင်း (၂၈) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၂၆) နောက်အခန်း - အပိုင်း (၂၈) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ