"ဂျီး ... ဘာစားချင်တာရှိလဲ။ "
"ဘာမှ မစားချင်ပါဘူးကွယ်။
ပိုက်ဆံပိုရင် သမီးသာ အဝတ်အစားလေး ဘာလေး ဝယ်ဝတ်ပါကွယ်။ အဘွား မြေးလေးက လှတပတလေးကို အပျိုလေးလည်းဖြစ်နေပြီ ...တောက်တောက်ပြောင်ပြောင်လေး ဝတ်စားစမ်းပါကွယ်။ "
ဂျီးရဲ့ စကားကြောင့် မှုံ့ရင်ထဲ နင့်ခနဲ ဖြစ်သွားရသည်။ ဂျီးကို ကြည့်ရင်း မျက်ရည်ဝဲချင်လာသော်လည်း ထိန်းချုပ်လိုက်ကာ အပြုံးတစ်ခုကို ဖန်တီးလိုက်သည်။
"မှုံက အဲ့တာတွေ မလိုပါဘူး ဂျီးရဲ့ ... ဂျီးသာ လိုတာရှိရင် ပြောနော်။ "
"ဂျီးက ဘာမှမလိုပါဘူးကွယ်။
သေမယ့်ရက်ကို စောင့်နေရတဲ့ အဘွားကြီးဖြစ်နေပြီ။ "
လေသံတိုးတိုးနှင့် ပြောလိုက်သော ဂျီးရဲ့ စကားက မှုံ့နှလုံးသားကို ဆွဲကိုင်လှုပ်ခါလိုက်သလိုပင်။
"ဂျီးကလည်း ဘယ်လိုကြီးပြောလိုက်တာလဲ..."
"စကားအဖြစ်ပြောတာပါ သမီးရယ်။ "
"မပြောပါနဲ့ ဂျီးရယ် ... သမီးမှာ ဂျီးတစ်ယောက်ပဲရှိတော့တာ။
ဂျီးမရှိတော့မှာ အကြောက်ဆုံးပဲ။ "
စကားသံတို့က တုန်ရီနေပြီး ရင်ထဲတွင်လည်း ဟာတာတာနှင့် ဝမ်းနည်းကြောက်ရွံ့မှုတို့က ရုတ်ခြည်း ဝင်ရောက်လာသည်။ ဂျီး မရှိတော့မည့် နေ့ရက်များကို တွေးကြည့်ရုံမျှနှင့်ပင် မှုံ့လက်ဖျားလေးများ အေးစက်လာရ၏။
"အင်းပါ သမီးလေးရယ် ... ဂျီးကလည်း သမီးကို ထားခဲ့ဖို့ စိတ်မချပါဘူးကွယ် ... ဂျီးမသေခင် သမီးလေးကို စိတ်ချရတဲ့သူ လက်ထဲ ထည့်ပေးခဲ့ချင်တယ်ကွယ်။ "
"ဂျီးကလည်း မပြောပါနဲ့ဆို ... သမီး ဂျီးစားဖို့ ခေါပျော့လေးသွားဝယ်လိုက်ဦးမယ်နော် "
(ခေါပျော့= ဆန်ခေါက်ဆွဲအစား ခေါပုတ်ပြားအပါးကို ကြွပ်ကြွပ်လေး မီးကင်ကာ ကပ်ကြေးနှင့်မသေးမကြီးညှပ်၍ တို့ဖူးပျော့နှင့်ရောသုတ်ထားခြင်းဖြစ်၏။
ထိုအထဲတွင် တို့ဟူးပျော့၊ခေါပုတ်ကင်၊ဆီချက်၊မြေပဲစံထောင်း၊ကြာညို့အဓိက ပါဝင်သည်။
ခေါပုတ်ပြားကင် ကြွပ်ကြွပ်ကလေးက မွှေးကာ ခေါက်ဆွဲနှင့်ထက်
ပိုစားလို့ကောင်း၏။)
"သမီးကလည်း ဂျီးက မစားချင်ပါဘူးကွယ်။
ထမင်းလည်းကျက်ပြီကို အပိုအကုန်ခံလို့။ "
"ခေါပျော့တစ်ပွဲဖိုးလောက်ကတော့ ဘာမှမကုန်ပါဘူး ဂျီးရဲ့
ခဏစောင့်နော် "
"အေးအေး ... သမီးဖို့လည်း သမီးစားချင်တာလေးဝယ်ခဲ့နော်။
ဂျီးတစ်ယောက်တည်းတော့ မစားချင်ဘူး။ "
"ဟုတ် "
မှုံ ပိုက်ဆံ၁၀၀၀တန်တစ်ရွက်ကောက်ယူကာ မရောက်ဖြစ်တာ ကြာပြီဖြစ်တဲ့ စိုင်းမင်းနောင်၏ အမေ အန်တီနန်းအေးရဲ့ ခေါက်ဆွဲဆိုင်ကို ထွက်လာခဲ့၏။
အရင်က မကြာခဏ ရောက်ဖြစ်သော်လည်း စိုင်းမင်းနောင်က မှုံ့ကို စိတ်ဝင်စားကြောင်း အရိပ်အယောင်ပြလာကတည်းက ခြေဦးမလှည့်ဖြစ်တော့။အထူးသဖြင့် မှုံသွားလျှင် စိုင်းမင်းနောင်အမေကလည်း ချွေးမလေး၊ချွေးမလေးနှင့်စ၍ ခေါက်ဆွဲတွေ အလကားပေးပေးလွှတ်တာကြောင့် မျက်နှာပူ၍ မသွားဖြစ်တော့တာပင်။
ဆိုင်ရှေ့ရောက်တော့ ခေါက်ဆွဲ ဟင်းရည်အိုးမှ အငွေ့တထောင်းထောင်းနှင့်အတူ မွှေးပျံ့သော ရနံ့က ဆီးကြိုနေသည်။
"အန်တီနန်းအေး ... သမီးကို ခေါပျော့တစ်ပွဲနဲ့ ရေစိမ်အရည်တစ်ပွဲလောက် "
"ဟယ် ... ချွေးမလေး မလာတာတောင် ကြာပြီနော်။ "
ထင်ထားသည့်အတိုင်း နှုတ်ဆက်လာသဖြင့် မှုံ မျက်နှာလေး ရဲခနဲဖြစ်သွားရသည်။
"အန်တီနန်းအေးကလည်း အဲ့လိုကြီး မခေါ်ပါနဲ့ဆို ..."
"အမယ်လေး ... ငါ့ချွေးမလေးကလည်း ရှက်နေပြန်ပါပြီ။
သားရေ ... သား ပီစိုင်း ဒီမှာ ချွေးမလေး ရောက်နေတယ်။ "
အန်တီနန်းအေးက ဆိုင်နောက်ဘက်သို့ လှမ်းအော်လိုက်သဖြင့် မှုံ မျက်လုံးအစုံ ပြူးကျယ်သွားရ၏။ "မခေါ်ပါနဲ့" ဟု တားချိန်ပင် မရလိုက်။ အနောက်ဘက်မှ စိုင်းမင်းနောင်က ချက်ချင်းဆိုသလို စပ်ဖြဲဖြဲ မျက်နှာပေးဖြင့် ရောက်လာလေတော့သည်။
"ဟာ ... မှုံ တကယ်ရောက်နေတာပဲ... ခေါက်ဆွဲ လာစားတာလား။
အမေ ရှယ်လုပ်ပေးနော် "
"အေးပါ ... သိပါတယ်။ "
"မှုံ ထိုင်လေ။ "
စိုင်းမင်းနောင်ရဲ့ အကြည့်ရွှန်းရွှန်းများကို မနေတတ်သဖြင့် မှုံ အမြန်ပြန်ရန် ပြင်လိုက်သည်။
"မထိုင်တော့ဘူး ... အန်တီနန်း ပါဆယ်နော်။ "
"ဟယ် ... ထိုင်စားလေ သမီးရဲ့ ဘာလို့လဲ။ "
"အိမ်မှာ ဂျီးနဲ့ အတူတူစားမလို့ အန်တီနန်း "
"ဪ ... အေးအေး ခဏစောင့်နော်။
အန်တီရော ကျန်းမာရေး ကောင်းတယ်မလား။ "
"ဟုတ် ... "
"အေးအေး ... ရော့ သမီး အချဉ်လေးစား ရေနွေးကြမ်းလေး သောက်ရင်းစောင့်။ "
"ဟုတ် ... ရပါတယ် "
ငြင်းမရသည့်အဆုံး မှုံ ခုံရှည်လေးပေါ်တွင် ဝင်ထိုင်လိုက်ရသည်။ စိုင်းမင်းနောင်ကလည်း အခွင့်အရေးရတုန်း ပြုံးစိစိမျက်နှာဖြင့် ဘေးတွင် ဝင်ထိုင်လာတာကြောင့် စိတ်ထဲ ကျဉ်းကျပ်သလို ဖြစ်သွားရ၏။ ထသွားလို့လည်း မကောင်းတတ်တာကြောင့် ကိုယ်လေးကို တစ်ဖက်သို့ အနည်းငယ်ရို့ကာ ကျုံ့ကျုံ့လေး ဆက်ထိုင်နေရသည်။
ရေနွေးကြမ်းပူပူလေးကို မှုတ်ရင်း သောက်နေမိစဉ် မျက်လုံးက အလိုအလျောက်ပင် မျက်နှာချင်းဆိုင် အိမ်ကြီးဆီသို့ ရောက်သွားသည်။ အကိုတို့အိမ်နား ရောက်နေသည်ကို သတိရသွားကာ အိမ်ပေါ်ထပ် ဝရံတာဆီသို့ မရဲတရဲ မော့ကြည့်လိုက်မိ၏။
ထိုခဏတွင် ကံကြမ္မာက ဖန်တီးလိုက်သလို အကိုကလည်း ဝရံတာမှနေ၍ ဒီဘက်သို့ လှမ်းကြည့်နေခိုက်နှင့် တိုးကာ အကြည့်ချင်း ဆုံသွားသည့် တစ်ခဏ၊ ကမ္ဘာကြီး ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ အကို့ရဲ့ နက်မှောင်စူးရှသော မျက်ဝန်းများနှင့် စက္ကန့်ပိုင်းလောက်သာ ဆုံလိုက်ရသော်လည်း မှုံ့ရင်ထဲတွင် ဗြောင်းဆန်သွားကာ နှလုံးသားက အဆမတန် ခုန်လှုပ်လာ၏။ မှုံ မျက်လွှာကို အမြန်ချကာ ခေါင်းကို ငုံ့လိုက်မိသော်လည်း ရင်ခုန်သံကတော့ ငြိမ်သက်မသွားခဲ့ပေ။
_________________
ဆွတ်ရိန်နော် အိပ်ချင်မူးတူးနှင့် အပျင်းကြောဆန့်ရင်း ဝရံတာမှာ ထွက်ရပ်ချိန် အပြင်ကိုလှမ်းကြည့်ရာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် မျက်ခုံးတို့ တွန့်ကျိုးသွားကာ ဒေါသဖြစ်သွားရ၏။
ဒီကောင်မလေးက အဲ့မှာ ဘာလုပ်နေတာလဲ။
ပိုဆိုးသည်က သူမအနားမှာ ဟိုသူတောင်းစားက သွားရေ တမျမျနှင့် မြင်မကောင်း၊ရှုမကောင်းအောင်ပင်။
လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်မိကာ သွေးကြောများ ထောင်တက်လာသည်အထိ ဒေါသက ငယ်ထိပ်ဆောင့်တက်သွားကာ အိမ်ပေါ်ထပ်မှ ပြေးဆင်းသွားလိုက်၏။ ခြေလှမ်းများက လှေကားထစ်များကို တဒုန်းဒုန်းနှင့် ဆောင့်နင်းလျက်။
"ဟဲ့ ... ဘယ်လိုဖြစ်နေတာလဲ။ "
အစ်မဖြစ်သူ ဆွတ်ဆိုင်းပန်ရဲ့ လှမ်းမေးသံကိုပင် ဂရုမစိုက်နိုင်ပဲ ခြံရှေ့သို့ ရောက်သည်နှင့် တစ်ဖက်မှ ခေါက်ဆွဲဆိုင်သို့ ခြေလှမ်းကျဲကြီးများဖြင့် အမြန်ရောက်အောင်သွားလိုက်သည်။ ဆိုင်ထဲရောက်သည်နှင့် ထိုင်နေသော ခန္ဓာကိုယ် အသေးလေး၏ လက်မောင်းကို လှမ်းဆွဲလိုက်၏။
"အမေ့ ..."
မှုံ ရုတ်တရတ် လန့်ဖျပ်သွားကာ မော့ကြည့်လိုက်မိတော့ ဒေါသရိပ်များ လွှမ်းခြုံနေသည့် အကို့မျက်လုံးအစုံနှင့် ပက်ပင်းတိုးသွားသည်။ အကို့ပုံစံက အတော်လေး ကြောက်စရာကောင်းနေ၏။
ရင်ဘတ်ကြီးကလည်း နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး တရှူးရှူးတရှဲရှဲ
နှင့်တော်တော်လေး စိတ်တိုနေမှန်း သိသာလှသည်။
"ဘာလုပ်နေတာလဲ "
အသံက ဟိန်းခနဲ ထွက်လာ၏။
"ဟို ... ခေါက် ... ခေါက်ဆွဲဝယ်နေတာပါ။ "
"ကိုဆွတ် ... ခင်ဗျား ဒါဘာလုပ်တာလဲ။ "
စိုင်းမင်းနောင်ကလည်း မခံမရပ်နိုင် ဖြစ်ကာ ဒေါသတကြီး ထရပ်လိုက်လျှင် ဒေါ်နန်းအေးခမျာ ဘာဖြစ်မှန်းမသိဘဲ တအံ့တဩ ငေးကြည့်နေရှာသည်။
"ငါ့ဟာငါ ဘာလုပ်လုပ် မင်းစောက်ပူမပါဘူး။ "
"ခင်ဗျား ..."
"အဆွတ် ... သား ခေါက်ဆွဲစားမလို့လား။ "
ဒေါ်နန်းအေးက အခြေအနေကို ထိန်းလိုဇောဖြင့် ဝင်ဖြန်ဖြေကာ မေးလိုက်၏။ သို့သော် ဆွတ်ရိန်နော်က ခေါင်းကို ခါရမ်းလိုက်ပြီး မှုံ့ကိုသာ စားမတတ် ဝါးမတတ် စူးစူးရဲရဲ စိုက်ကြည့်နေသည်။
"သူမှာတာ ရပြီလား ... အန်တီနန်း "
"အေးအေး ... ရပြီသား "
ဒေါ်နန်းအေးက မှုံမှာထားတဲ့ ခေါက်ဆွဲနဲ့ ခေါပျော့ထုပ်ကို လှမ်းပေးတော့ ဆွတ်ရိန်နော် မယူခင် စိုင်းမင်းနောင်က ဖြတ်ယူလိုက်ကာ ...
"ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ။ "
"ဘာကွ "
"မှုံနဲ့ခင်ဗျား ဘာမှမဆိုင်ဘူးနော်။ "
"အဲ့တာ မင်းစောက်ကြောင်းလား ... ပေး အဲ့တာတွေ "
"မပေးဘူး ... ခင်ဗျား မှုံ့လက်ကိုလည်းလွှတ်လိုက်။ "
စိုင်းမင်းနောင်က ပြောပြောဆိုဆိုနှင့် မှုံ့လက်ကို လှမ်းဆွဲရန် ပြင်လျှင် မှုံကလည်း အကို့လက်ထဲမှ ရုန်းထွက်ရန် ကြိုးစားနေသည်ကို မြင်လိုက်ရသောအခါ ဆွတ်ရိန်နော် ဒေါသက ထိန်းမရအောင် ပေါက်ကွဲသွားတော့သည်။ သူမ၏ လက်ကောက်ဝတ်လေးကို ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၏။
"အာ့ ... နာတယ် ... မှုံ့ကို လွှတ်ပေးပါ"
"ကိုယ်လိုက်ပို့ပေးမယ်။ "
"မလိုပါဘူး။ "
"ကျစ် ..."
ဆွတ်ရိန်နော် စိတ်မရှည်စွာဖြင့် စုပ်သပ်လိုက်ပြီး မှုံ့ကို စူးစူးစိုက်စိုက် ကြည့်လိုက်လျှင် မှုံ မျက်လွှာလေးချကာ ငြိမ်ကျသွား၏။
ထို့နောက် စိုင်းမင်းနောင်လက်ထဲမှ ခေါက်ဆွဲထုပ်များကို အတင်းဆွဲယူလိုက်ပြီး မှုံ့လက်ကို ဆွဲကိုင်လျက် ဆိုင်ထဲမှ အတင်းထွက်လာခဲ့လျှင် မှုံခမျာ ခြေလှမ်းကျဲကြီးများနောက်သို့ ယက်ကန်ယက်ကန်ဖြင့် ပါသွားရရှာသည်။
စိုင်းမင်းနောင်က နောက်မှ လိုက်သွားဖို့ ပြင်သော်လည်း သူ့အမေက အတင်းလှမ်းဆွဲထားတာကြောင့် လက်သီးကို တပြင်ပြင်နှင့် နှာမှုတ်ရင်း ကျန်ရစ်ခဲ့တော့သည်။
လမ်းမပေါ် ရောက်သည်နှင့် မှုံ အားပြုကာ ရုန်းလိုက်သည်။
"အကို ... လွှတ် မှုံ့ကိုလွှတ်ဦး။ "
"မလွှတ်ဘူး ... ဘာလို့ အဲ့ကောင်ဆီ လာရတာလဲ။ "
"မှုံ ခေါက်ဆွဲလာဝယ်တာလေ။ ".
"နောက်တစ်ခါ ခေါက်ဆွဲစားချင်ရင်ပြော... ကိုယ်လာပို့မယ်။
အဲ့ကောင်အနား မသွားစမ်းပါနဲ့ကွာ။
ကိုယ်သဝန်တိုတယ် "
"သဝန်တိုရအောင် အကိုနဲ့မှုံကဘာဆိုင်လို့လဲ။ "
"ဆိုင်သွားအောင် မင်းအဖြေပေးလိုက်လေ။ "
ပြောရင်းဆိုရင်း မျက်နှာကြီးက ပြုံးစေ့စေ့ ဖြစ်သွားကာ ခုနက ဒေါသတကြီး ဖြစ်နေသော မျက်နှာနှင့် လားလားမျှ မတူတော့။ တော်တောါ စိတ်အပြောင်းအလဲ မြန်လွန်းသည်။
"အဖြေက ပေးပြီးသွားပြီလေ ... မှုံအကို့ကို မချစ်ဘူးလို့။ "
"ဟာ ... ပြောထွက်ရက်လိုက်တာကွာ။
အဲ့တာက ကိုယ်လိုချင်တဲ့အဖြေမှ မဟုတ်တာ ... ကိုယ်လိုချင်နေတာ ချစ်တယ် ဆိုတဲ့ အဖြေလေ။ "
ကိုယ်ကို ကိုင်းညွှတ်လာကာ နားရွက်နားသို့ တိုးကပ်ပြီး လေသံသဲ့သဲ့ဖြင့် ပြောလိုက်သော အကို့ကြောင့် မှုံ့တစ်ကိုယ်လုံး ဖျင်းခနဲဖြစ်သွားကာ နားရွက်ဖျားလေးများ ပူနွေးသွားပြီး ရင်တွေ တုန်ခိုက်သွားရသည်။ မျက်နှာလေးလည်း ချက်ချင်းပင် နီမြန်းသွားတော့၏။
"အို ... "
မှုံ ရှက်လွန်းသဖြင့် နှုတ်ခမ်းလေးကို ကိုက်ကာ ဘေးဘီဝဲယာကို ကြည့်လိုက်၏။ လူမြင်သွားမှာ စိုးရိမ်စိတ်လည်း ပါသည်။ အကိုကတော့ သူ့စကားကြောင့် ရှက်သွေးဖြာသွားသော ကောင်မလေးကို ကြည့်ပြီး သဘောကျစွာဖြင့် သွားအစွယ်လေးများ ပေါ်သည်အထိ ရယ်လိုက်ကာနေရောင်အောက်တွင် တောက်ပစွာ ရယ်မောနေသော၊ အလွန် ချောမောခန့်ညားလွန်းလှသည့် အကို့ပုံစံကို ကြည့်ရင်း မှုံပင် ခေတ္တမျှ ငေးမောမိသွားရသည်။
အကိုက သိပ်ကိုချောတဲ့ ယောင်္ကျား။
"ဟေ့ ... ကောင်မလေး ငေးချင်ရင် အဲ့လိုအလကားတော့ ငေးလို့မရဘူးလေ ... ချစ်တယ်လို့ပြောမှ အလကားငေးခွင့်ပေးမယ်။ "
အတွေးလွန်နေခိုက် မှုံ့နဖူးလေးကို တောက်ကာ အကိုက စနောက်လိုက်တော့မှ မှုံ သူခိုးလူမိသွားသလို အကြီးအကျယ် ရှက်သွားမိကာ နဖူးက နာသွားသည်ကိုပင် သတိမထားမိ။ နဖူးကို လက်ဖြင့် အုပ်ကာ ပွတ်သပ်ရင်း မျက်နှာလေးကို ကပျာကယာ လွှဲလိုက်ရသည်။
"ပေးတော့ ... အဲ့အထုပ်တွေ။ "
"မပေးပါဘူး ... အိမ်လိုက်ခဲ့မယ်။
ဪ ... တားဖို့မစဉ်းစားနဲ့နော် ... မင်းဆီလာတာမဟုတ်ဘူး။
အဘွားနဲ့ မတွေ့ရတာကြာလို့။ "
အကိုက မှုံပြောမှာကို သိနေသည့်အလား ဘူပိတ်ပြောလိုက်တော့ မှုံဘာမျှဆက်မပြောနိုင်တော့ပဲ နှာခေါင်းလေးရှုံ့ကာ ပါးစပ်ပိတ်နေလိုက်ရ၏။
အပိုင်း (၂၇) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)