Bububai ဝတ္ထု ဂျိန်းဖောမြေမှ ချစ်တေးတစ်ပုဒ် အခန်းစာရင်း

အပိုင်း (၂၃)

"ဟေ့ကောင် မင်းဒီနေ့ ကျောက်ရှာ မသွားဘူးလား။ "

အိမ်ထဲဝင်လာတဲ့ ဆွတ်ရိန်နော်ရဲ့အမေးကို မျိုးမင်းထက်က ပုဆိုးဝတ်ရင်း ခေါင်းရမ်းပြလိုက်၏။

"မင်းရော အနာကျတာ သက်သာသွားပြီလား။ "

"အင်း ... အိမ်မှာ အားပန်(ဆွတ်ဆိုင်းပန်) ပစိပစပ်လုပ်နေတာ

နားညဉ်းလို့ "

ဆွတ်ရိန်နော်က မျက်နှာကို ရှုံ့မဲ့ရင်း ညည်းတွားလိုက်လျှင် မျိုးမင်းထက်ကတော့ ပြုံးစစဖြင့် ...

"မင်းကလည်းကွာ ... မင်းအမက မင်းကို ကောင်းစေချင်လို့ စေတနာနဲ့ ပြောတာ နားထောင်ပါလားကွ။ "

"ငါ ဘယ်သူ့စကားနားထောင်တာ မင်းမြင်ဖူးလို့လဲ။ "

"အေးပါ ... အဲ့လိုကောင်တွေက မယားရမှ အပိုးကျိုးတော့မှာ။ "

"ကျိုးချင်ပါသေးရဲ့ကွာ ... ဒါနဲ့ ဘယ်သွားမလို့လဲ အဲ့ပုံစံက "

အင်္ကျီအဖြူ လက်ရှည်၊ ပုဆိုးအကွက်လေးနဲ့ သပ်သပ်ရပ်ရပ် တောက်တောက်ပြောင်ပြောင် ဝတ်စားထားတဲ့ မျိုးမင်းထက်ကို ကြည့်ပြီး ဆွတ်ရိန်နော်က မေးငေါ့ကာ မေးလိုက်လျှင် မျိုးမင်းထက်က မှန်တင်ခုံပေါ်က အုန်းဆီပုလင်းကို လှမ်းယူရင်း အေးဆေးစွာပင် ပြန်ဖြေလေသည်။

"ဒီနေ့ လပြည့်နေ့လေ ... ဘုန်းကြီးကျောင်းသွားမလို့။ "

"အံမယ် ... မင်းက ဘယ်တုန်းက ဘုရား၊တရားလုပ်တတ်သွားတာလဲ။ "

"ဟားဟား ... ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်းပေါ့ကွာ။ "

မျိုးမင်းထက်စကားကြောင့် ဆွတ်ရိန်နော် မျက်လုံးအရောင်များ လက်ခနဲ ဖြစ်သွားကာ တစ်စုံတစ်ခုကို သတိရသွားသလိုမျိုး မျက်နှာက ဝင်းလက်သွားပြီး...

"ဟာ ... ဟုတ်သားပဲ ငါအဲ့တာ မေ့သွားတယ်။

ခဏစောင့် ငါလည်းလိုက်မယ်။ "

"ဟမ် ... မင်းက ဘုန်းကြီးကျောင်း ဘာလိုက်လုပ်မလို့လဲ။ "

မျိုးမင်းထက်က အံ့သြတကြီး မေးလိုက်သော်လည်း ဆွတ်ရိန်နော်ကတော့ ဂရုမစိုက် အိမ်ပြန်ဖို့ ခြေလှမ်းပြင်ရင်း...

"ငါလည်း မင်းလို လိပ်ဥလိုက်တူးမလို့ကွာ... စောင့်နေနော်"

အော်အော်ပြေးပြေးနှင့် ပြေးထွက်သွားကာ မျိုးမင်းထကိကတော့ ခေါင်းကုတ်ရင်း ကျန်ရစ်ခဲ့တော့သည်။

သိပ်တော့မကြာလိုက်ပါ၊... ခဏနေတော့ သူ့လို အင်္ကျီအဖြူစတစ်နှင့် ကချင်ပုဆိုးကို အကျအနဝတ်၍ ဘေးမရောက် အလယ်မကျ ဆံပင်ကိုလည်း သေချာအကျအနလုပ်ကာ အပြတ်ရွှိုင်း၍ ရောက်လာလေသည်။

"သွားမယ် ..."

စပ်ဖြဲဖြဲနှင့် ပြောလာတဲ့ ဆွတ်ရိန်နော်အားကြည့်ကာ ‌မျိုးမင်းထက်

မျက်မှောင်ကြုံ့လျှက်ကြည့်ရင်း ...

"မင်း တကယ်ကြီး လိုက်မလို့လား။ "

"အေးလေကွာ ... တကယ်မလိုက်ပဲ ဘာလို့ အာချောင်ရမှာလဲ။ "

"ပြီးတာပဲကွာ ... သွားမယ် သွားမယ်၊

ခဏတော့ စောင့်ဦး ဟိုကောင်တွေ မလာသေးဘူး။ "

"ဘယ်ကောင်တွေလဲ။ "

"စိုင်းမင်းနောင်တို့အဖွဲ့လေ။ "

ထိုနာမည်ကို ကြားလိုက်ရသည်နှင့် ဆွတ်ရိန်နော်၏ မျက်နှာထားက ချက်ချင်း တင်းမာခက်ထန်သွားကာ ...

"ဘာကွ ... သူက ဘာလို့သွားမှာလဲ။ "

"ဟ ... သူတို့လည်း ဗုဒ္ဓဘာသာတွေပဲလေ။

လပြည့်နေ့မှာ ဗုဒ္ဓဘာသာတွေ ဘုရားသွားတာ ဆန်းသလားကွ။

ခရစ်ယာန်ဖြစ်တဲ့ မင်းက ဘုန်းကြီးကျောင်းလိုက်မှာမှ ထူးဆန်းနေတာသိလား။ "

"ကျစ် ... ဘာပဲဖြစ်ဖြစ်ကွာ ... အဲ့ကောင်တွေကို မစောင့်တော့နဲ့။

ဒီအတိုက်း ငါတို့ပဲ သွားရအောင်ကွာ နော် ။ "

"ဟာ ... ဘယ်လိုလုပ်ဖြစ်မှာလဲကွ ... ချိန်းထားပြီးသားလေကွာ။

မင်းမန္တလေးသွားတုန်းကလည်း ဒီကောင်တွေနဲ့ပဲ ပေါင်းရတာကွ။ "

"ဟေ့ကောင် ... မျိုးမင်းထက် မင်းနဲ့ငါက သူငယ်ချင်း‌အရင်းကြီးတွေနော်။ "

"အဲ့တာတော့ အဲ့တာပေါ့ကွာ... ဒါပေမယ့် "

"ဘာမှ ဒါပေမယ့် မနေနဲ့ ... သွားမယ် လာ "

မျိုးမင်းထက်ကို အငြင်းစကားဆိုခွင့်မပေးဘဲ လက်မောင်းကနေ အတင်းဆွဲခေါ်တော့သည်။

"အေးကွာ ... သွားမယ် သွားမယ် "

မျိုးမင်းထက်လည်း မတတ်သာသည့်အဆုံး အုန်းဆီလိမ်းကာ အပီအပြင်သထားတဲ့ ဆံပင်တွေကို ထိုးဖွရင်း အီလည်လည်နှင့် ပါသွားရတော့သည်။

ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ရောက်သည်နှင့် လူတွေက စည်ကားနေသည်။ လပြည့်နေ့မို့ ဘုန်းကြီးကျောင်းလာသူများဖြင့် ပြည့်နှက်နေသော်လည်း ဆွတ်ရိန်နော်ကတော့ ဂဏာမငြိမ်ပဲ မျောက်မီးခဲ ထိုင်မိသလို ဟိုဘက်သွားလိုက်၊ ဒီဘက်သွားလိုက်ဖြင့် မျက်လုံးကလည်း တစ်စုံတစ်ယောက်ကို မနားတမ်း ရှာဖွေနေသည်။

"ဟေ့ကောင် ... မင်းဘယ်လိုဖြစ်နေတာလဲကွာ

ဘာရှာနေတာလဲ ငြိမ်ငြိမ်လေးနေစမ်းပါကွာ။ "

အနောက်ကနေ တကောက်ကောက် လိုက်နေရတဲ့ မျိုးမင်းထက်က စိတ်မရှည်စွာ လှမ်းဟန့်လိုက်လျှင် ...

"နေပါဦးကွာ ... ငါရှာနေတဲ့သူမတွေ့သေးလို့ ... မလာသေးဘူးလားမသိဘူး။ "

ဆွတ်ရိန်နော်က ခေါင်းကို ဟိုဒီလှည့်ရင်း ပြန်ဖြေသည်။

"ဘယ်သူလဲ ..."

ထိုစဉ်မှာပင် ဆွတ်ရိန်နော် မျက်လုံးများက တစ်နေရာသို့ ရောက်သွားပြီး အရောင်များ တောက်ပသွားသည်။

"ဟာ ... ဟိုမှာ ဟိုမှာ လာပြီ "

အသံနှင့်အတူ မျက်လုံးကြီး ကျွတ်ကျမတတ် လှမ်းကြည့်နေတဲ့ ဆွတ်ရိန်နော်ရဲ့ အကြည့်တည်နေရာကို မျိုးမင်းထက် လိုက်ကြည့်မိတော့ ဘုန်းကြီးကျောင်း မုခ်ဦးဝမှ ဝင်လာသူများကို မြင်လိုက်ရသည်။ ကောင်မလေးတစ်ယောက်၊ သူမ၏ အဘွားရယ်၊ နောက်ထပ် ယောဂီအဘွားနှစ်ယောက်ရယ် ဖြစ်သည်။

မျိုးမင်းထက် သဘောပေါက်သွားပြီ။ ဒီကောင် ဘယ်သူ့ကို ပြောနေတာလဲ ဆိုတာကိုပေါ့။ အဲ့ဒီကောင်မလေးကို သူသိသည်။ သူ့ညီမရဲ့ သူငယ်ချင်း၊ နာမည်တော့ သေချာမမှတ်မိ။

ထူးဆန်းတာက သူ့ဘေးကကောင်က ဒီကောင်မလေးကို ...

"ဟေ့ကောင် ... ငမ်းလှချည်လားကွ။ "

"အသာ နေစမ်းပါကွာ ... မင်း သွားချင်တဲ့နေရာ သွားတော့ကွာ။ "

ဆွတ်ရိန်နော်က မျက်လုံးကို မှုံ့ဆီကနေ မခွာဘဲ လက်ကာပြရင်း မောင်းထုတ်သည်။

"ဟာ ... ငါ့နောက်လည်းလိုက်လာသေးတယ်၊ငါ့ကိုလည်း

မောင်းထုတ်သေးတယ်။ မသွားဘူး ဟျောင့် "

"အေး ... မသွားရင်လည်း တိတ်တိတ်နေကွာ။ "

ဆွတ်ရိန်နော်က လှမ်းအော်ငေါက်လိုက်ပြီး မျက်နှာကို ပြန်လှည့်သွားသည်။ သူမအဘွားဖြစ်သူကို တွဲကူရင်း ဘုရားရင်ပြင်ပေါ်သို့ ဖြည်းဖြည်းချင်း တက်လာပုံလေးက ယဉ်စစလေးနှင့် ကျက်သရေရှိနေလှ၏။

အဖြူခံပေါ်မှာ အမဲလေးထပ်ထားသော ပါတိတ်ဝမ်းဆက်ကလေးနှင့် အဝေးကကြည့်တာတောင် လှချင်တိုင်းလှနေသည်။

ပါးပြင်မို့မို့လေးပေါ်မှာ သနပ်ခါးပါးကွက်လေး နှစ်ခုကလည်း ပါးဖောင်းဖောင်းလေးကို ပိုပြီး ချစ်စရာကောင်းအောင် အားဖြည့်ပေးထားသလိုပင်။ နေရောင်အောက်မှာ သူမ၏ အလှက ပိုပြီး ထင်းလင်းနေသည်။

"မင်း အဲ့ကောင်မလေးကို ကြိုက်နေတာလား။ "

မျိုးမင်းထက်အမေးကို ဆွတ်ရိန်နော်က ချက်ချင်းပင် တုံ့ပြန်သည်။

"ကြိုက်တာမဟုတ်ဘူး ... ချစ်တာ။ "

"အပိုတွေ ပြောပြန်ပြီ။

မင်းသူ့ကို အတည်မဟုတ်ပဲ ပလေးဖို့ဆိုရင်တော့ မလုပ်ပါနဲ့ကွာ

သူ့ဘဝလေးက သနားစရာလေးကွ။ "

"ဘာကွ ... ငါ့ပုံစံက ပလေးမယ့်ပုံပေါက်နေလို့လား ... ဟမ်

မဟုတ်မှ မင်းသူ့ကိုကြံနေတာတော့ မဟုတ်ပါဘူးနော်။ "

သံသယအကြည့်နဲ့ စိုက်ကြည့်လာတဲ့ သူငယ်ချင်းကြောင့် မျိုးမင်းထက် လက်ခါပြလိုက်ရသည်။

"ဟာ မဟုတ်ပါဘူးကွာ ... မင်းကလည်း

ငါက သူ့ဘဝလေးကို ကရုဏာသက်မိရုံပါကွ။ "

"အေး ... အဲ့သက်မိတဲ့ ကရုဏာတွေလည်း အဲ့နေရာမှာတင်

ရပ်လိုက်တော့ ... ငါကသူနဲ့ ပတ်သတ်လာရင်တော့ သူငယ်ချင်းလည်း ညှာမှာ မဟုတ်ဘူးနော်။ "

"ဟ မွှန်နေလိုက်တာကွာ...ငါ့ကြောင့်သိရတာကိုများ။ "

ဒီကောင်ကြီး အဲ့တာကြောင့် ကျောင်းမှာတုန်းက ၃တန်းဆောင်မှာပဲ ထမင်းသွားသွားစားချင်နေရတဲ့အကြောင်းအရင်းကို သူအခုမှ သဘောပေါက်တော့သည်။

"ဟုတ်တယ် ... ရွာက အကြီးကြီးဆိုတော့... တိတ်တိတ်နေတော့ကွာ မင်းနဲ့ စကားပြောရတာ ဖီးလ်ပျက်တယ် "

"ဟားဟား ... အဲ့တာဆို မင်းကို ဟိုတစ်နေ့က ငြင်းလိုက်တဲ့ ကောင်မလေးက သူပေါ့ "

"ကျစ် "

မျိုးမင်းထက် စကားကြောင့် ဆွတ်ရိန်နော် မကျေမနပ် စုတ်တစ်ချက် သပ်လိုက်ရင်း ရှုမဝနိုင်လွန်းတဲ့ မျက်နှာလေးဆီကနေ မခွာနိုင်ပဲ အစဉ်မပျက် ငေးနေမိသည်။

ထိုစဉ်... သူမတို့အနောက်မှာ ကပ်ပါလာတဲ့ စိုင်းမင်းနောင်တို့ အဖွဲ့ကို မြင်လိုက်ရသည့်အခါ ဆွတ်ရိန်နော်၏ မျက်လုံးများက ဒေါသရိပ်များဖြင့် ပြောင်းလဲသွား၏။ အံကို ခပ်တင်းတင်း ကြိတ်လိုက်မိသည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း သူမအနားသို့ ခပ်သွက်သွက် လျှောက်သွားလိုက်သည်။

"ဟာ ... ဟျောင့် ဘယ်လဲ။ "

မျိုးမင်းထက်ကတော့ ဘာမသိညာမသိနှင့် အနောက်က ပြေးလိုက်ရတော့သည်။

ဆွတ်ရိန်နော် ရင်ထဲမှာ မီးတောင်ပေါက်ကွဲတော့မတတ် ဒေါသထွက်နေပြီဖြစ်သည်။ လက်သီးကို ကျစိကျစ်ပါအောင် ဆုပ်ထားရင်း ဆွဲထိုးချင်စိတ်တွေ တဖွားဖွားပေါ်လာ၏။

အသေးလေးအနောက်မှာ ခွေးအုပ်ကြီးလို လိုက်လာတဲ့ ဟို

‌ေခွးသူတောင်းစားအုပ်စုက စိုင်းမင်းနောင်ဆိုတဲ့ သူတို့ရဲ့ ခွေးဗိုလ်ကို ‌အနောက်နေ တွန်းတွန်းလွှတ်၍ အသေးလေးအနား အရောက်ပို့နေလေသည်။

ဟိုကောင်ကလည်း ရှက်တာလိုလို ဘာလိုလိုနှင့် ကပ်ကပ်သွားတာ အတိုင်းသား မြင်နေရတော့ ဆွတ်ရိန်နော် ရင်ထဲ မီးဟုန်းဟုန်း တောက်တော့သည်။

သူတို့အနားရောက်တာနှင့် အသေးလေးနဲ့ ကပ်တော့မယ့် စိုင်းမင်းနောင်၏ ခန္ဓာကိုယ်ကြီးအား ရင်ဘတ်မှနေ၍ အားကုန် တွန်းထုတ်ပစ်လိုက်၏။

ထိုအခါ စိုင်းမင်းနောင်တို့တစ်ဖွဲ့လုံး အကြောင်သားဖြစ်သွားကြကာ သူ့ကို မော့ကြည့်ကြလေသည်။

"ဟာ ... ကိုဆွတ် "

"ဟင် ... ကိုဆွတ်က ဘုန်းကြီးကျောင်းကို ဘယ်လိုရောက် ..."

ထိုအချိန် ဆွတ်ရိန်နော်အနောက်မှ ပြေးလိုက်လာတဲ့ မျိုးမင်းထက်က ရောက်လာကာ သူ့သူငယ်ချင်းရဲ့ အရိပ်အကဲကို ဖတ်မိနေတာကြောင့် ကြားထဲမှ ဝင်ဖြန်ဖြေကာ လူခွဲဖို့ လုပ်ရတော့သည်။

"ငါခေါ်လာတာ ... ဒီကောင်ကြီးကို

လုပ်စရာလေးရှိလို့ မင်းတို့ကိုလည်း မစောင့်လိုက်ရဘူး။

ဆောရီးကွာ "

မျိုးမင်းထက်က မျက်နှာချိုသွေးကာ ပြောလိုက်သည်။

"အာ ... ရတယ် ရတယ်... ကျွန်တော်တို့တောင် အကို့အိမ်ဝင်ခဲ့သေးတယ်။ "

"အေးကွာ ... ဆောရီးပဲ "

"ရပါတယ်ဗျာ "

"အေးအေး ... အဲ့တာဆို ငါတို့ ဟိုဘက်သွားလိုက်ဦးမယ်

လာ ဟေ့ကောင် ..."

မျိုးမင်းထက်က ဆွတ်ရိန်နော်ရဲ့ ပခုံးကို ဖက်ကာ အတင်းဆွဲခေါ်သော်လည်း ဆွတ်ရိန်နော်က ပေတေကပ်တပ်နှင့် မလိုက်။ နေရာမှာတင် ရပ်ပြီး စိုင်းမင်းနောင်ကိုသာ အကြည့်စူးစူးနှင့် စိုက်ကြည့်နေသည်။ သူ့အကြည့်တွေက မီးပွင့်မတတ် ပြင်းထန်လွန်းလှသည်။ ဟိုကောင်ကဖြင့် ဘာမှတောင် သိပုံမရ။ စိုင်းမင်းနောင် အဲ့ဒီကောင်မလေးကို ကြိုက်နေတယ်ဆိုတာလည်း တစ်ရွာလုံးလိုလို သိနေကြသည်။

အခြေအနေက တင်းမာလာသဖြင့် ကြားထဲက မျိုးမင်းထက် ခေါင်းမီးတောက်လာသည်။ ရုတ်တရက် အကြံတစ်ခုရပြီး ဘုရားရင်ပြင်ပေါ်က ဟိုကောင်မလေးတို့ မြေးအဘွားကို လှမ်းကြည့်လိုက်သည်။ ပြီးမှ ဆွတ်ရိန်နော် နားရွက်နား ကပ်၍ တီးတိုး သတိပေးလိုက်သည်။

" ဟေ့ကောင် ... ရန်ဖြစ်ဖို့ မစဉ်းစားနဲ့နော်။

အနောက်မှာ မင်းဟာလေးရှိတယ်။ "

ထိုစကားသံက ဆွတ်ရိန်နော်အတွက် ရေခဲရေဖြင့် လောင်းချလိုက်သလိုပင်။မာန်ဖီနေတဲ့ကောင်ကြီးက လှုပ်လှုပ်ရှားရှားဖြစ်လာကာ သူ့ဟာလေးကို လှမ်းကြည့်လေသည်။

ဒေါသမျက်လုံးတွေကို ဖျောက်ပြီး သူ့ဟာလေးရှိရာဘက်ကို လှမ်းကြည့်လိုက်သည်။

ထိုအကြည့်တွေက စိုင်းမင်းနောင်ကို ကြည့်နေတဲ့ အကြည့်တွေနှင့် ကွာခြားလွန်းစွာ မီးနဲ့ရေ ပမာပင်။ ဟုန်းဟုန်းတောက်နေသည့် မီးအလျှံကြီးကို ရေအေးအေးလေးနဲ့ လောင်းချကာ ငြိမ်းသတ်လိုက်သလို၊ မျက်လုံးထဲက ဒေါသတွေ ပျောက်ပြီး နူးညံ့မှုတွေ အစားဝင်လာ၏။

"လာ ... သွားရအောင် "

မျိုးမင်းထက်က ပခုံးကို ဖက်ကာ ခေါ်ပေမယ့် ဆွတ်ရိန်နော်က

သူ့ပခုံးပေါ်မှ မျိုးမင်းထက်လက်ကို ပုတ်ချ၍ မှုံနံ့သာတို့

မြေးအဘွားရှိနေတဲ့ ဘုရားရင်ပြင်ပေါ် တက်သွား‌ကာ သူမတို့နံဘေး

နည်းနည်း ခပ်လှမ်းလှမ်းတွင် ဝင်ထိုင်လေသည်။

သူ့ကိုကြည့်၍ စိုင်းမင်းနောင်တို့အဖွဲ့လည်း မေးတငေါ့ငေါ့နှင့် အခြေအနေကို နားလည်သွားပုံရကာ စိုင်းမင်းနောင်ရဲ့ အကြည့်တွေကလည်း စူးရှသွားတော့သည်။

မျိုးမင်းထက်ကတော့ ခေါင်းကုတ်ကုတ် လည်ကုတ်ကုတ်နှင့်

ဟိုကြည့်ဒီကြည့်နှင့် ဆွတ်ရိန်နော်အနားသွားထိုင်လေ၏။

အပိုင်း (၂၄) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၂၂) နောက်အခန်း - အပိုင်း (၂၄) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ