Bububai ဝတ္ထု ဂျိန်းဖောမြေမှ ချစ်တေးတစ်ပုဒ် အခန်းစာရင်း

အပိုင်း (၂၂)

မှုံ အိမ်ကိုပြန်ရောက်တော့ ငိုချင်နေတဲ့ စိတ်တွေကို မျိုသိပ်ကာ

လေပူတစ်ချက် မှုတ်ထုတ်လိုက်၏။

"ဟယ် ... သမီးလေး ပြန်ရောက်ပြီလား။ "

"ဟုတ် ... ဂျီး "

"သမီးတစ်ခုခု ဖြစ်လယလို့လား။ "

"မဟုတ်ပါဘူး ဂျီးရဲ့ ... ဂျီး (အဘွား ) ဗိုက်ဆာပြီလား။ "

မှုံ အသံကို တတ်နိုင်သမျှ ကြည်လင်အောင် ပြင်ပြောလိုက်ရင်း

ဂျီးအနားသို့ တိုးသွားလိုက်သည်။

"မဆာသေးပါဘူး သမီးရယ် ... ဪ သမီး ထမင်းချက်စရာလည်း မလိုတော့ပါဘူးနော်။

မောင်ဆွတ်ရိန်နော်က မနက်ကတည်းက ထမင်းနဲ့ဟင်းတွေ လာပို့သွားတယ်။ "

"ဪ ... နောက်တစ်ခါဆို သူလာပေးတာတွေ မယူထားပါနဲ့နော်

ဂျီး ... ပတ်ဝန်းကျင်က ပြောလာကြလိမ့်မယ် ဂျီး ရဲ့။ "

"အေးပါ သမီးရယ် ... ဂျီးလည်း နားလည်ပါတယ်။

အခုလည်း ဂျီး ငြင်းပါသေးတယ်။

အဲ့ကလေးက အတင်း ပေးသွားလို့။ "

"ဟုတ် ... ဒီနေ့တော့ ထားလိုက်ပါတော့။

မနက်ကတည်းကဆိုတော့ အေးနေရောပေါ့။

သမီး မီး‌လေး‌ေမွှးပြီး နွှေးလိုက်ဦးနော် ... ပြီးမှ သမီးတို့ အတူတူစားရအောင်။ "

"အေး အေး သမီးလေး။ "

မှုံ မီးဖိုးချောင်ထဲက ထမင်းစားပွဲပေါ်မှ အုပ်ဆောင်းကို လှပ်လိုက်တော့ အလယ်မှာ ထမင်းအုပ်တစ်အုပ်ရှိကာ ဟင်းတွေ စားပွဲအပြည့်ဖြစ်နေ၏။

ထိုဟင်းတွေမြင်တော့ မှုံသက်ပြင်းချလိုက်မိပြန်သည်။

ချစ်တတ်လိုက်တာဆိုပြီး ကြည်နူးလို့ရတဲ့ အခြေအနေမျိုးမှ

မဟုတ်ပဲ။

သူ့စေတနာတွေက မှုံ့အတွက်တော့ ဝန်ထုတ်ဝန်ပိုးကြီးတစ်ခုလို ပိစီးနေသည်။ ဟင်းခွက်များကို တစ်ခုချင်းစီ ကိုင်ကာ မီးဖိုပေါ်တင် နွှေးလိုက်ရင်း မီးတောက်များကို ငေးကြည့်နေမိသည်။ ထမင်းစားပွဲလေး ပြည့်စုံနေသော်လည်း မှုံ့စိတ်ထဲတွင်တော့ ဟာတာတာနှင့် လစ်ဟာနေဆဲ။ ဒီနေ့တော့ ထမင်းတစ်ပန်းကန် လျော့နေတာပေါ့။

______________

ဆူညံသံများနှင့်အတူ အရက်နံ့ ပြင်းပြင်းက ဆိုင်အတွင်း လှိုင်နေသည်။ မှိန်ဖျော့ဖျော့ မီးရောင်အောက်တွင် စားပွဲဝိုင်းတစ်ခု၌ လူငယ်နှစ်ဦး ထိုင်နေကြသည်။

"ဟာ ဟျောင့် ... တော်ရုံ သောက်ပါကွာ။

မင်းကလည်း ကြွက်တွင်းကြီးကျနေတာပဲ။

ဘာလဲ အငြင်းခံလာရတာလား။ "

မျိုးမင်းထက်က ခွက်ထဲသို့ အရက်ငှဲ့ထည့်နေသော ဆွတ်ရိန်နော်ကို ကြည့်ရင်း စိတ်ပျက်လက်ပျက် မေးလိုက်သည်။ ဆွတ်ရိန်နော်ကတော့ ဘာမျှပြန်မဖြေ။ မျက်နှာကို တင်းထားရင်း အရက်ခွက်ကိုသာ မော့သောက်နေသည်။

"..."

"ဟားဟား ... ငြိမ်နေတယ်ဆိုတော့ တကယ်ဟုတ်နေတာလား။ "

"ကျစ် ... မင်းစောက်ပေါက် ပိတ်ထားစမ်းကွာ။ "

ဆွတ်ရိန်နော် ဒေါသတကြီး အော်လိုက်ရင်း ခွက်ကို စားပွဲပေါ် ဆောင့်တင်လိုက်သည်။ မျက်လုံးများက နီရဲနေကာ ရီဝေဝေဖြစ်နေပြီ။

"အေးပါကွာ ... အေးပါကွာ။

အရက် ထပ်မှာပေးရဦးမလား။ "

ခေါင်းမညိတ် ခေါင်းမခါနှင့် အရင်တွေပဲ ဆက်သောက်နေတော့

နောက်ထပ် အရက်တစ်လုံး ထပ်မှာလိုက်၏။

ကချင်အရက်အစစ်ဆိုတော့ ‌ဆေးပြားအရက်တွေလို သိပ်တော့ ဘေးထွက်ဆိုးကျိုးမရှိပါ။

အချိန်အတန်ကြာ အရက်ပုလင်းများ တစ်လုံးပြီးတစ်လုံး ကုန်သွားသည့်အခါမှ ဆွတ်ရိန်နော် စားပွဲပေါ် ခေါင်းငိုက်စိုက်ကျနေရာမှ ရုတ်တရက် ထောင်လာလေသည်။ မပွင့်တပွင့် မျက်လုံးတွေကို အားယူပြီး ပြူးပြဲကာ အာလေးလျှာလေးအသံနှင့် စတင် ရင်ဖွင့်တော့သည်။

"မင်းပဲ စဉ်းစားကြည့်ကွာ ... ငါ့ကို အပိုင်တွက်ထားတာလားတဲ့။

အဲ့ကောင်မလေးကကွာ ... ငါ့ကိုဆို တအားရက်စက်လွန်းတယ်။

စိမ်းကားလွန်းတယ် ... လူလေးနဲ့မလိုက်အောင် မာနကလည်း

မိုးထိုးနေတာပဲကွာ။ "

"ဘယ်သူလဲကွ "

"အသေးလေး ... သေးသေးလေး "

"ဟာ ... ဘာသေးတာလဲ။"

"*ီးပဲ ... ကိုယ်လုံးသေးသေးလေးကို ပြောတာကွာ အေ့ ဂေ့ "

သောက်ထားသည့်အရှိန်ကြောင့် လေတက်သံနှင့်အတူ ဆဲဆိုသံပါ ပါလာသည်။

"ဪ ...အေးပါကွာ မင်းက ရှင်းအောင်မှ မပြောတာကွ။ "

"ငါသူ့ကို တကယ်ချစ်တာကွ ... ဟိုး သေးသေးလေးကတည်းက

အဲ့အကောင်ပေါက်လေးကို ချစ်ခဲ့ရတာကွ။

သူကတော့ကွာ ငါ့ကို ပြစ်ပြစ်ခါခါ ငြင်းလွှတ်ရက်တယ်။ "

"အေးလေကွာ ... မင်းကို ငြင်းတဲ့ကောင်မလေးလည်း ရှိသေးတာလား ... အဲ့တာ ဘယ်သူလဲလို့ "

"ဒါပေမယ့် ... ငါလက်မလျှော့ဘူး လုံးဝပဲ... လုံးဝပဲ

အသေးလေးရေ ချစ်တယ်လို့ ... အား ဟား ဟား ...ဗုန်း "

အော်ချင်တာတွေအော်ပြီး စားပွဲမှာ ခေါင်းငိုက်စိုက်ကျသွားတော့တာကြောင့် မျိုးမင်းထက် ခေါင်းကုတ်လိုက်မိသည်။

"ဟာ ... ဘယ်သူလဲလည်း မပြောသွားဘူးကွာ။

ဟျောင့် ထကွာ ... ငါမင်းကိုယ်ကြီးကို တွဲပြီး မပို့နိုင်ဘူးနော်။ "

အပြောသာရှိပြီး လက်တွေ့မှာတော့ ထန်းပင်လောက်ရှိတဲ့

ရှည်လမျောကောင်ကြီးကို သူကိုယ်တိုင်တွဲပြီး လိုက်ပို့ရတော့သည်။

ဆွတ်ရိန်နော်ကလည်း တမင်လုပ်လေသလားမသိ၊ သူ့ခန္ဓာကိုယ်ကို နည်းနည်းလေးမှ မထိန်းဘဲ မျိုးမင်းထက်ပခုံးပေါ် အပြတ်အသတ် မှီတွဲထားကာ ဆွတ်ရိန်နော်တို့ အိမ်ရှေ့ရောက်တော့ မျိုးမင်းထက်မှာ အမောဆို့ကာ အသက်ကို မနည်းရှူလိုက်ရသည်။

အင်း ... ယောက်ဖလောင်းလေးဆိုတော့လည်း အနစ်နာခံရတာပေါ့။

မပိုင်တဲ့ ဇနီးလောင်းလေးဆီက မျက်နှာလေးမှ ရရ။

ဒါပေမယ့် အထင်နှင့်အမြင် တပ်တပ်‌စင်အောင်လွဲကာ သူ့မောင်ကို

အရက်တွေ အတင်းတိုက်တယ်ဆိုပြီး မျက်နှာမရတဲ့အပြင် အဆူပါ

ခံလိုက်ရသေး၏။

ဆရာမဆိုတဲ့အတိုင်း သူများကိုဆို ဆူမယ်ဆိုတာချည်းပဲ

ဘယ်တော့မှကို အကောင်းမြင်တာမဟုတ်။

သူ့မောင်က သူ့ဟာသူ‌ စောက်သည်းကွဲလို့ ကြွက်တင်းလို ငတ်ရေကျ‌ေသာက်ပြီးတော့များ။

အကျိုးမပေးတဲ့ ယောက်ဖ။

______________

"မှုံနံ့သာ ... "

အသံချိုချိုလေးတစ်ခု ကြားလိုက်ရသဖြင့် ရေပုံးကိုချကာ လှည့်ကြည့်လိုက်သည်။

"ဟင် ... ဟယ် ဂျာမိုင် "

မှုံ့မျက်လုံးများ ဝိုင်းသွားသည်။ ငယ်သူငယ်ချင်းလေးကို မတွေ့ရတာ ကြာပြီမဟုတ်လား။

"အဟင်း ... ဘာတွေလုပ်နေတာလဲ။"

ဂျာမိုင်က ခြံစည်းရိုးတံခါးလေးကို ဖွင့်ဝင်လာရင်း မေးလျှင် ...

"ဘာမှ မလုပ်ပါဘူး ... ဒီမှာ မုန်ညှင်းပျိုးထားတာလေး ရေလောင်းနေတာ။ "

"ဪ ..."

မှုံတို့အိမ်က နည်းနည်းလွတ်တဲ့နေရာလေးတွေမှာ အပေါက်မြန်တဲ့ မုန်ညှင်းတို့ နံနံတို့ ကန်စွန်းတို့ သူ့ရာသီအလိုက်စိုက်ထားကာ

မှုံကပဲ လက်ဖြစ်တာလားမသိ ... အပင်တွေက သန်တော့ အဲ့အပင်တွေကနေလည်း အမြတ်ထွက်၏။

မြေးအဘွားနှစ်ယောက်တည်းဆိုပေမယ့် မှုံဈေးရောင်းရသမျှ ပိုက်ဆံက စားစရိတ်နဲ့ ဂျီးရဲ့ဆေးဖိုးနှင့်တင် ကုန်ကာ စုရတယ်လို့ သိပ်မရှိတော့ တော်တော်ပျက်စီးနေတဲ့ ခြံလေးတောင် မပြင်နိုင်သေးပါ။ မှုံတို့ရွာက သူခိုး၊ဂျပိုးမရှိပဲ လူသန့်လို့ တော်သေးတယ် ပြောရမည်။

"လာ ထိုင်လေ ... ဘယ်တုန်းက ပြန်ရောက်တာလဲ။ "

မှုံလက်ဆေးကာ တန်းလျားမှာ ဝင်ထိုင်တော့ ဂျာမိုင်ကလည်း ဝင်ထိုင်လေသည်။

ဂျာမိုင်က တက္ကသိုလ်ကျောင်းသူဖြစ်သွားတော့ တော်တော်ပြောင်းလဲသွားကာ အရင်ကထက် အများပြီး ပိုလှလာ၏။

မှိုအိနေတဲ့မိတ်ကပ်လေးကလည်း အသားနှင့်တစ်ထပ်တည်းဖြစ်လို့ ညက်နေကာ ပန်းရဲရောင်လေးဆိုးထားတဲ့ နှုတ်ခမ်းလေးကလည်း

ဖူးကြွနေကာ ရွှေအိုရောင်ဆိုးထားတဲ့ မတိုမရှာ်ဆံနွယ်လေးနှင့် မိန်းကလေးချင်းတောင် ငေးယူရတဲ့အထိပင်။

"ဟဲ့ ... နင်ကလည်း ငါ့ကို ဘာလို့အဲ့လောက်တောင်ကြည့်နေတာလဲ။

ငါမနေတတ်တော့ဘူးဟ ... ငါ့မျက်နှာမှာ တစ်ခုခု ပေနေလို့လား။ "

ဂျာမိုင်က သူ့ပါးလေးသူ စမ်းရင်း ရှက်ပြုံးလေးနှင့် မေးလျှင် မှုံပြုံးရင်း ခေါင်းရမ်းလိုပ်ကာ ...

"မဟုတ်ပါဘူးဟ ... နင်အရမ်းလှလာလို့ပါ။ "

"အမယ် ... မြှောက်နေပြန်ပါပြီ။

မမြှောက်လည်း နင့်အတွက် လက်ဆောင်ပါပါတယ်နော်။ "

ဂျာမိုင်က လက်ထဲမှ အိတ်ကလေးကို မြှောက်ပြလေ၏။

"မဟုတ်ပါဘူးဟ ... နင်ကလည်း "

"ဟီး ... စတာပါ။

ရော့ ... ဒါက နင့်အတွက် ငြင်းဖို့ မစဉ်းစားနဲ့နော်။

မယူရင် နင်ငါ့ကို မခင်လို့ပဲ။

ငါနင့်ကို စိတ်ဆိုးမှာ။ "

ဂျာမိုင်က တစ်ခါတည်း ဘူပိတ်ပြောတော့ မှုံမငြင်းနိုင်တော့ပဲ

လက်ဆောင်ထုတ်လေးအား လှမ်းယူထားလိုက်ရသည်။

မှုံက ဒီရွာမှာမွေးပြီး ဒီရွာမှာပဲ ကြီးပြင်းလာခဲ့ရပေမယ့် သူငယ်ချင်းရယ်လို့တေယ့ များများစားစားမရှိပဲ ဂျာမိုင်နှင့်မျိုးသန္တာခင်

သာရှိ၏။

မျိုးသန္တာခင်ကတော့ ၁၀တန်းကျကာ အခု ရန်ကုန်က အထည်ချုပ်စက်ရုံကို ရောက်သွားပြီဖြစ်သည်။

ငယ်ငယ်တုန်းကအတိုင်း အမြဲတမ်း အပူအပင်မရှိ ပြုံးရယ်

နေတတ်တဲ့ ဂျာမိုင်ကတော့ မှုံ့လိုမဟုတ်ပဲ လူချစ်လူခင်များလှ၏။

"ဒါနဲ့လေ ... ကိုဆွတ် ရွာကို ပြန်ရောက်နေတယ်ဆို "

ဂျာမိုင့်နှုတ်ဖျားမှ ထွက်လာသော နာမည်တစ်ခုကြောင့် မှုံ့ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားသည်။

"ဟင် ... အင်း "

"သူတအား ချောလာတယ်မလား။ "

ဂျာမိုင့်မျက်နှာလေးက ရီဝေနေပြီး မျက်လုံးများက အရောင်တောက်သွားသည်။ ထိုအမူအရာကို ကြည့်ရုံနှင့် ဂျာမိုင်တစ်ယောက် ထိုသူအပေါ် စိတ်ဝင်စားနေမှန်း မှုံ ရိပ်မိလိုက်၏။

"ဟင် ..."

"နင်ကလည်း ဘာဟင်တာလဲ။

နင်နဲ့ တွေ့ဖြစ်ဘူးလား။ "

"တွေ့တော့ တွေ့ဖြစ်ပါတယ်။ "

မှုံ အသံတိုးတိုးဖြင့် ဖြေလိုက်ပြီး ရင်ထဲတွင် မသီမသန့် ခံစားချက်တစ်ခုက နေရာယူလာသည်။

"ထားပါ ... နင့်ကို မေးရင်လည်း နင်က ဘာမှ သိမှာမဟုတ်ပါဘူး။

နင်က တခြားသူတွေကို သတိမှ မထားတာ။ "

"အဟင်း "

မှုံခပ်ယဲ့ယဲ့ပြုံးလိုက်ပေမယ့် ရင်ထဲမှာတော့ တစ်ခုခုက အချက်ပေးသယောင်ဖြစ်‌နေလေသည်။

"ဟဲ့ ... အဲ့တာဆို ငါပြန်တော့မယ်နော်။ "

"ဟင် ... ပြန်တော့မလို့လား။ "

"အေး ... ဒီမှာလေ တခြားသူတွေကိုလည်း လက်ဆောင်လိုက်ပေးရဦးမယ် ... နင့်အိမ် အရင်ဝင်လာတာ။ နောက်နေ့မှ လာလည်တော့မယ်နော်"

"အေး အေး ... ဖြည်းဖြည်းသွားနော်။ "

"ဟုတ်ကဲ့ "

ဂျာမိုင်က ရွှတ်နောက်နောက်လေသံဖြင့် နှုတ်ဆက်ကာ ပေါ့ပါးသွက်လက်စွာ ထွက်ခွာသွားသည်။ ကျောခိုင်းထွက်သွားသော ဂျာမိုင့်ကျောပြင်လေးကို ကြည့်ရင်း မှုံ ပြုံးလိုက်မိသည်။ ဂျာမိုင်က သူ့အနားမှာရှိတဲ့သူတိုင်း ပြုံးအောင်လုပ်နိုင်တဲ့ စန်းတစ်မျိုးရှိ၏။ဂျာ

သူနှင့်တွေ့လျှင် မှုံပါ ပြုံးပျော်သွားမိသည်။

'မှုံကတော့ မှုံ့အနားမှာရှိတဲ့သူတိုင်းကို စိတ်ညစ်အောင်ပဲ လုပ်နေမိတာ ထင်ပါရဲ့။

အပိုင်း (၂၃) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၂၁) နောက်အခန်း - အပိုင်း (၂၃) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ