မနက်ခင်း၏ လတ်ဆတ်သော လေပြေလေညင်းတို့က အိမ်ဝင်းအတွင်းသို့ တိုးဝှေ့ဝင်ရောက်နေသော်လည်း အိမ်ကြီးပေါ်ရှိ လေထုကတော့ အတော်လေး အိုက်စပ်ပူလောင်နေသည်။ အကြောင်းမှာ သားအဖ နှစ်ယောက်ကြား အပြန်အလှန် ဖြစ်ပွားနေသော စကားစစ်ပွဲကြောင့်ပင်။
"ဟာ ... အဝါး(အဖေ) မသွားဘူးနော်။
ဘယ်မှ မသွားချင်ဘူး။ "
ဆွတ်ရိန်နော်၏ လေသံက မကျေမနပ်ဖြစ်နေမှုများနှင့်အတူ မာထန်နေကာ မျက်နှာကို တစ်ဖက်သို့ လွှဲထားရင်း ခေါင်းမာမာဖြင့် ငြင်းဆန်လိုက်၏။
"မသွားရင် ကျောင်းပြန်တက်လေ။ "
ဖခင်ဖြစ်သူ ဦးဆွတ်ဆိုင်းအောင်ကလည်း သားဖြစ်သူ၏ ခေါင်းမာမှုကို ကြည့်ကာ စိတ်မရှည်သလို ဖိအားပေးပြန်သည်။
"ဟာ ... မအောင်မှာ သိရဲ့သားနဲ့။
အဝါး(အဖေ) ပိုက်ဆံတွေဖြုန်းချင်နေတာလား။ "
"ဘာကွ "
ဦးဆွတ်ဆိုင်အောင်ရဲ့ ဒေါသသံက အိမ်ရှေ့ခန်းတွင် ဟိန်းခနဲ။
တစ်ယောက်နှင့် တစ်ယောက် ဘယ်သူမျှ အလျှော့မပေးကြပဲ
မနက်ကတည်းက စတင်ခဲ့သော အငြင်းအခုန်က အခုထိ အဆုံးမသတ်နိုင်သေးပေ။
အဓိက ပြဿနာကတော့ စာမေးပွဲကျထားသည့် ဆွတ်ရိန်နော်ကို တစ်အိမ်လုံးက ကျောင်းပြန်တက်စေချင်ကြသော်လည်း ကာယကံရှင်ကတော့ ဘူးဘူးခါ ငြင်းဆန်နေခြင်းပင်။
ဘေးမှ နားထောင်နေရသည့် အစ်မဖြစ်သူ ဆွတ်ဆိုင်းပန်မှာလည်း စိတ်မောလူမော ဖြစ်ရသည်။ သူမက ဒီနှစ် တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူဖြစ်ပြီး မကြာခင် ဘွဲ့ရတော့မည်ဖြစ်ရာ မောင်ဖြစ်သူကိုလည်း ပညာတတ်စေချင်သည်။
"ဟုတ်သားပဲ အဆွတ်ရယ် ... အဝါး(အဖေ) ပြောသလို ကျောင်းပြန်တက်ပြီး စာမေးပွဲအောင် အောင် လုပ်ပါလားဟယ်။ "
အစ်မဖြစ်သူ ဝင်ပြောတော့လည်း ဆွတ်ရိန်နော်က နှုတ်ခမ်းကိုမဲ့ကာ ခေါင်းခါပြပြန်၏။
နောက်ဆုံးတော့ ဦးဆွတ်ဆိုင်းအောင်က စိတ်မရှည်တော့သည့်ဟန်ဖြင့် စားပွဲခုံကို လက်ဝါးဖြင့် ပုတ်ကာ ရာဇသံပေးလိုက်သည်။
"ကျောင်းပြန်တက်မလား ... မန္တလေးသွားမလား ကြိုက်တာရွေး။ "
"ကျစ် ... ဘာလဲ အဝါး(အဖေ)က ကျွန်တော့ကို အိမ်မှာ မမြင်ချင်တော့ဘူးလား။ "
ဆွတ်ရိန်နော်က စိတ်ပျက်လက်ပျက်ဖြင့် ညည်းညူလိုက်သည်။
ထိုစဉ် မိခင်ဖြစ်သူက သားဖြစ်သူဘက်မှ နာကာ ကြားဝင်လာ၏။
"ဟုတ်သားပဲ ... ရှင်ကလည်း ကလေးက မသွားချင်ဘူးဆိုလည်း ထားလိုက်ပါလားရှင် ... ကျွန်မလည်း ကျွန်မသားလေးနဲ့ မခွဲနိုင်ပါဘူးနော်။ "
"ဟ ... အဲ့လိုကာစီးကာစီးလုပ်နေ။
အခု မင်း သားက အရက်သောက်တတ်နေပြီ။
နောက်ဆိုရင် ဆေးပါချတော့မှာ သိလား။
ဒီကောင် ပျက်စီးနေပြီ။ "
"အို ... အဲ့လောက်လည်း မဆိုးသေးပါဘူး နော် သားလေး။"
"ဟုတ် "
ဒေါ်ဘောက်နူးစကားကို ဆွတ်ရိန်နော်က ခပ်တည်တည်ဖြင့် ထောက်ခံလိုက်သည်။ သို့သော် ဖခင်ဖြစ်သူကတော့ လုံးဝ လက်မခံ။
"အေး ... လုပ်နေကြ။
ကျောင်းမတက်ချင်ရင် မင်းဦးလေးရှိတဲ့ မန္တလေးကိုသွား။
အဲ့မှာဆို ဆေးက ဒီမှာလောက် ဝယ်ရမလွယ်တော့ ဆေးသမားတော့ မဖြစ်လောက်ဘူး။ "
"ဟာ ... အဝါး ကလည်းဗျာ "
"ဒီမှာသာ ဆက်နေရင် မင်းပုံစံနဲ့ အနှေးနဲ့အမြန် ဆေးစွဲမှာ။ "
နောက်ဆုံးတွင် စိတ်ရှုပ်ထွေးစွာဖြင့် ဆံပင်ကို ထိုးဖွလိုက်ပြီး ...
"ကျစ် ... ပြီးရောဗျာ ... သွားရင် ပြီးရောမလား။ "
"ဟုတ်တယ် ... ဟိုကောင်ကိုလည်း ငါမှာထားပြီ။ "
ဦးဆွတ်ဆိုင်းအောင် စကားပင် မဆုံးလိုက် ဆွတ်ရိန်နော်က ခြေဆောင့်ကာ အိမ်အပြင်သို့ ထွက်သွားလေပြီ။ ကျန်ရစ်ခဲ့သော မိသားစုမှာတော့ သက်ပြင်းကိုယ်စီဖြင့်။
_________________
ရာသီတွေ အလီလီပြောင်းလဲလာခဲ့ပြီးသည့်နောက်တွင် မှုံနံ့သာဆိုတဲ့ ကလေးမလေးက လှသွေးကြွယ်တဲ့ ၁၈နှစ်အရွယ် အပျိုဖြန်းလေးဖြစ်လာကာ ဆွတ်ရိန်နော်ဆိုတဲ့ တဇွတ်ထိုး ကောင်လေးကလည်း ၂၂နှစ်ဆိုတဲ့ အရွယ်တစ်ခုကို ရောက်ခဲ့ပြီဖြစ်၏။
ထိုနှစ်တွေအတွင်း ရွာမှာ ဘာတွေ ပြောင်းလဲမှုရှိသလဲဆိုလျှင်
အကြီးမားဆုံး ပြောင်းလဲမှုကြီးကတော့ ဂျာမိုင်တို့ မိသားစုပင်။
ကံကောင်းလွန်းတဲ့ ဂျာမိုင်က သူရှစ်တန်းဖြေပြီးချိန်တွင် သူ့အဖေက ကျောက်အောင်ကာ နေ့ချင်းညချင်း သူဌေးဖြစ်သွားလေသည်။
အခုဆို ဂျာမိုင်က ၁၀တန်းအောင်ပြီး တက္ကသိုလ် ကျောင်းသူကြီးတောင် ဖြစ်နေပြီဖြစ်၏။
ဘွဲ့ရသွားပြီဖြစ်တဲ့ ဆွတ်ရိန်နော်ရဲ့ အမကလည်း ရွာကျောင်းမှာပဲ ဆရာမဝင်လုပ်နေကာ ကျောင်းတုန်းက ရည်းစားနဲ့ပြတ်သွားတဲ့
မျိုးမင်းထက်က သူငယ်ချင်းရဲ့ အမဖြစ်သူကို လိုက်ပြီးပိုးပန်းနေသည်။
မှုံကတော့ အရင်နေရာ၊ အရင်အိမ်ကလေးမှာပင် အရင်အတိုင်း ကုန်စိမ်းသာ ဆက်ရောင်းရင်း အဘွားကို ပြုစုစောင့်ရှောက်လျက်ရှိသည်။
ကချင်ပြည်နယ်နှင့် မန္တလေး ကျောက်အကူးအသန်းလုပ်ငန်းလုပ်တဲ့ ဦးလေးဆီရောက်သွားတဲ့ ဆွတ်ရိန်နော်ကတော့ ကျောက်ပညာ နည်းနည်းပါးပါး တတ်ရုံကလွဲရင် အရင်လို ပေပေတေတေ တေလေဂျပိုးအတိုင်းပင်။
ပြောင်းလဲသွားတာဆိုလို့ အရင်ထက်ပိုရှည်လျားလာတဲ့ အရပ်ရှည်ရှည်ရယ် ယောင်္ကျားပီသတဲ့ မျက်နှာသွင်ပြင်တို့သာ။
ကချင်တိုင်းရင်းသားပီသစွာ အသားဖြူဖြူတို့ကတော့ ပူပြင်းလှတဲ့ မန္တလေးမှာတောင် မဲကျမသွားပဲ မိန်းကလေးတွေကြား ပိုမိုရေပန်းစားလာ၏။
ဒါပေမယ့် သူအဲ့ဒီကို ရောက်မှ သိလိုက်ရတာက သူ့နှလုံးသားကို
ခိုးယူထားပြီဖြစ်တဲ့ မိန်းကလေး ရှိနေပြီဆိုတာပင်။
ထိုမိန်းကလေးက ညစဉ်ညတိုင်း သူ့အိပ်မက်ထဲ ရောက်ရှိလာကာ
သူ့ကို ရင်ခုန်သံတွေ မြန်စေခဲ့တဲ့ ကောင်မလေး။
ဘယ်အချိန်ကတည်းက သူ့နှလုံးသားထဲ တိုးဝင်လာခဲ့မှန်းမသိပေမယ့် သိချိန်မှာတော့ နှလုံးသားမှာ အမြစ်တွယ်နေလေပြီ။
နှလုံးသားမှာ ထွင်းထားတဲ့ နာမည်လှလှလေးက မှုံနံ့သာဆိုတဲ့
အသေးလေး။
အရွယ်မရောက်သေးတဲ့ ကလေးမလေးကို ပြစ်မှားမိတာပဲဆိုပြီး
ကိုယ့်ကိုယ်ကို စိတ်တိုမိပေမယ့် နှလုံးသားက ဖြတ်တောက်ခွင့်မပြုတော့။
ဒါပေမယ့် သူမ အသက်မပြည့်မချင်း လုံးဝ မပြစ်မှားဘူးဆိုတဲ့
သန္ဓိဌာန်ချခဲ့သည်။
သူ့လို တဇွတ်ထိုးသမားအတွက် ထိုသို့နေနိုင်ဖို့ကလည်း
မမြင်ရ မတွေ့ရမှ ဆိုတာသိတာကြောင့် အလွမ်းဒဏ်ကို အံတုရင်း
မန္တလေးမှာပဲ ဆက်နေ၍ နေ့ရက်တွေကို လက်ချိုးရေတွက်ကာ
အခုတော့ သူ့နှလုံးသားဘုရင်မ သူမပုံရိပ်လေးတွ့ရဖို့ ခြေဆန့်ခဲ့ပြီဖြစ်၏။
အိမ်ကို ပြန်ရောက်တာနှင့် အထုတ်ချကာ တမ်းတမိတဲ့ ပုံရိပ်လေးရှိရာသို့ အမြန်လာခဲ့လေသည်။
ခြံစည်းရိုး ကျိုးတို့ကျဲတဲနှင့် ဘာမျှ ပြောင်းလဲခြင်းမရှိတဲ့ ခြံရှေ့ကိုရောက်တော့ သူ့ရင်ခုန်သံတွေက ထိန်းမရသိမ်းမရ မြန်လာကာ ပေါက်ထွက်တော့မတတ်။
ထိုအချိန် အိမ်ထဲမှ ထမင်းပန်းကန်လေးကိုင်ကာ ထွက်လာသော အသေးလေးကို မြင်လိုက်ရချိန်တွင် သူ့မျက်လုံးတွေ မယုံနိုင်အောင် ဖြစ်သွားရ၏။
အရင်လို သေးသေးကွေးကွေးလေး မဟုတ်တော့တဲ့ အသေးလေးက
ဆံပင်တွေရှည်ကာ အလှကြီးလှနေတော့သည်။
ခရမ်းနုရောင် မြန်မာဝမ်းဆက်ကလေးနှင့် အသားဖြူဖြူအုအုပေါ်က သနပ်ခါး ပါးကွက်သေးသေးလေး၊ နှုတ်ခမ်းသားရဲရဲလေးတွေ၊
အဝေးကနေတောင် အထင်းသားဖြစ်နေတဲ့ သူမအလှတရားတို့ကိုကြည့်၍ သူအသက်ရှူမှားတော့သည်။
ကြည်နူးမှုနှင့်အတူ နောက်ဆက်တွဲ ပါလာသည်က ဒေါသ။
'ဘာလို့ အဲ့လောက်တောင် လှလာရတာလဲ။ ဒီအတိုင်းသာဆို ရွာထဲက ကောင်တွေ မျက်စိကျကြမှာ မလွဲပေ။'
ဒါကို သဝန်တိုတာလို့ပဲ အမည်တပ်ရမလား။
ဒီလောက် အရွယ်ရောက်ကာ လှပလာတဲ့ အသေးလေးမှာ ရည်းစားတွေ ဘာတွေများ ရနေပြီလားဟု တွေးမိတော့ သူ့ရင်တွေ ဗလောင်ဆူကာ ပူလောင်လာတော့သည်။
နှစ်ယောက်သား အချိန်တွေကြာသည်အထိ အကြည့်ချင်းဆုံနေမိကြကာ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသယောင်။ နောက်ဆုံး ဘယ်သူကအရင် အကြည့်လွှဲလိုက်မိသည် မသိတော့။ သေချာတာက သူတော့ မဟုတ်ဘူးထင်ပါတယ်။
သူရှိတဲ့ ခြံရှေ့သို့ တစ်လှမ်းချင်း လျှောက်လာတဲ့ အသေးလေးရဲ့ ခြေလှမ်းစိတ်စိတ်လေးတွေ ... သူ တစ်ခုချင်းစီ အသေးစိတ် လိုက်ကြည့်နေမိပြီး သူ့အနားသို့ သူမ နီးကပ်လာသည်နှင့်အမျှ ရင်ခုန်နှုန်းတွေက တရိပ်ရိပ်နှင့် တိုးလာကာ တဒိတ်ဒိတ် ခုန်နေတော့သည်။ သူမ နှုတ်ဖျားမှ ထွက်လာသော စကားကို မကြားခင်အထိပေါ့ ...
"ဘယ်သူလဲ မသိဘူးရှင့် "
အသံချိုချိုလေးက စိမ်းသက်စွာ ထွက်ပေါ်လာတော့ သူ ကြောင်အသွားသည်။
"ဟင် ..."
"..."
"ကိုယ်လေ ... မမှတ်မိဘူးလား။ "
သူ့အသံတွင် မျှော်လင့်ချက် ရောင်ခြည်သမ်းနေသည်။ သို့သော် သူမက မျက်မှောင်လေး ကုတ်ကာ စဉ်းစားဟန်ပြုပြီး ခေါင်းခါလိုက်၏။
"ရှင် ... ဘယ်သူလဲ မသိဘူးရှင့် ... လူမှားနေတာထင်တယ်။ "
"ဟာ ... မှားစရာလားကွ အသေးလေး ကိုယ် ဆွတ်ရိန်နော်လေ။
မမှတ်မိဘူးလား။ "
သူ့နာမည်ကို ပြောပြလိုက်သော်လည်း သူမမျက်နှာထားက ပြောင်းလဲမသွား။ ခေါင်းကိုသာ ဖြည်းဖြည်းချင်း ညိတ်ပြလေသည်။
"ဟုတ် "
ခပ်ဖြည်းဖြည်းညိတ်လာတဲ့ ခေါင်းညိတ်မှုအဆုံးတွင် ဆွတ်ရိန်နော် တစ်ကိုယ်လုံး မိုးကြိုးပစ်ခံလိုက်ရသလို ကျက်သေ သေသွားရ၏။ မသိချင်ယောင် ဆောင်နေတာများလားလို့ သူမကို အကဲခတ်မိတော့ သူ့ကို သူစိမ်းတစ်ယောက်လို ကြည့်နေတဲ့ ခပ်စိမ်းစိမ်းအကြည့်တွေ။ ထိုအကြည့်တွေက သူ့ရင်ထဲကို စူးခနဲနစ်ဝင်သွားကာ စပ်ဖျင်းဖျင်းနှင့်။
မသိချင်ယောင် ဆောင်နေတာများလားလို့ သူမကို အကဲခတ်မိတော့
သူ့ကို သူစိမ်းတစ်ယောက်လို ကြည့်နေတဲ့ ခပ်စိမ်းစိမ်းအကြည့်တွေ။
ရင်ထဲကို စူးခနဲနစ်ဝင်သွားကာ စပ်ဖျင်းဖျင်းနှင့်။
"ကိုယ့်ကို တကယ်မှတ်မိတာလား အသေးလေး။ "
"ဟုတ်ကဲ့ "
ထိုအဖြေ ရိုးရိုးရှင်းရှင်းလေးက သူ့ကို အင်အားတွေ ချိနဲ့ပြီး ပြိုလဲအောင် လုပ်လိုက်နိုင်၏။ သူ့အတွက် သူမကို လွမ်းနေရတဲ့ အချိန်တွေက သူမကတော့ သူ့ကို မေ့သွားလေပြီတဲ့။
သူမအတွက် သူက မေ့ပစ်ဖို့ လွယ်ကူတဲ့ လူတစ်ယောက်အဖြစ်သာ တည်ရှိနေခဲ့တာလား။ နာကျင်မှုက ရင်ဝကို ဆောင့်ကန်လိုက်သလို အောင့်သက်သက်။
"အဘွားရှိလား။ "
သူ စကားလမ်းကြောင်း လွှဲလိုက်သည်။
"ဟုတ် ... ရှိပါတယ်။
ဂျီးက အိပ်နေတာ ... ဂျီးအသိဆို ပြီးမှ ပြန်လာပေးပါနော်။ "
ယဉ်ယဉ်ကျေးကျေးနှင့်ပင် နှင်ထုတ်လိုက်သော စကားပင်။
"ဘယ်လို ... ကိုယ့်ကို အိမ်ထဲတောင် ဝင်ခွင့်မပေးတော့ဘူးပေါ့။ "
သူ့အသံတွင် မယုံကြည်နိုင်မှုများနှင့် နာကျင်မှုအစအနတို့ ရောယှက်သော်လည်း သူမကတော့ မျက်တောင်တစ်ချက်ပင် မခတ်ဘဲ အေးစက်စွာ တုံ့ပြန်လေသည်။
"ဟုတ်ကဲ့ ... မှုံလည်း မသိတော့ စိတ်မရှိပါနဲ့။ "
"ဘာ ..."
ဆွတ်ရိန်နော်၏ နှုတ်ဖျားမှ စကားလုံးများ ဆွံ့အသွားသည်။ ပြောချင်ရာပြောပြီး အိမ်ထဲသို့ လှည့်ဝင်သွားသော သူမသည် သူ့အား လှည့်လို့တောင် မကြည့်ခဲ့။
တရွေ့ရွေ့နှင့် အိမ်ထဲဝင်သွားသော သူမ၏ ကျောပြင်လေးပျောက်ကွယ်သွားသည့်တိုင် သူ ခြံရှေ့တွင် ကျောက်ရုပ်တစ်ရုပ်လို မလှုပ်မယှက် ရပ်နေမိဆဲ။
ညနေခင်း၏ လေညင်းက အေးမြသော်လည်း ဆွတ်ရိန်နော်ရဲ့ ရင်ထဲမှာတော့ ပူလောင်ကျန်ရစ်ခဲ့တော့သည်။
အိမ်ထဲသို့ ဝင်သွားပြီး ပြန်ထွက်မလာတော့သည့် ကောင်မလေးအား ကျောခိုင်းကာ လှည့်ပြန်ခဲ့ရသော လမ်းတစ်လျှောက်သည် ခြောက်သွေ့ပြီး အသက်မဲ့နေသယောင်။
အပိုင်း (၁၉) ဆက်ရန် ...
(ကြီးပြီ ... ကြီးပြီနော် ...
အခုမှ ဇာတ်လမ်းက စမှာမို့ ဖတ်ရတာ မပျင်းသေးဘူးလားဟင်)
Author -Anna Lynn
အခန်းမှတ်ချက်များ (0)