Bububai ဝတ္ထု ဂျိန်းဖောမြေမှ ချစ်တေးတစ်ပုဒ် အခန်းစာရင်း

အပိုင်း (၁၇)

ဆွတ်ရိန်နော်တစ်ယောက် မှုံတို့အိမ်ကို နေ့တိုင်းလိုလိုရောက်ဖြစ်နေကာ သွားတိုင်းလည်း အစားအသောက်တစ်ခုမဟုတ်တစ်ခု ယူသွားပေး၏။

ဟိုမာနခဲလေးကို ပေးရင်တော့ မယူမှာသိတာကြောင့် အဘွားကိုသာ

ရအောင်ပေးထားခဲ့သည်။

မာနမင်းသမီးလေးကတော့ သူ့ကိုအရင်ကထက် ပိုစိမ်းသွားကာ

အရင်လို သူစရင်တောင် စိတ်ဆိုးစိတ်ကောက်တဲ့ အမူအယာလည်း

မပြပဲ အဖက်မလုပ်ပေ။

ထိုအခါ အကြီးဖြစ်တဲ့သူကပဲ မချင့်မရဲဖြစ်ရ၏။

ဘဝသင်ခန်းစာတွေကြောင့်လားမသိ အရွယ်နှင့်မလိုက်အောင်

ရင့်ကျက်နေတာလည်း တစ်မျိုးချစ်ဖို့ကောင်းပြန်သည်။

မီးဖိုချောင်လေးထဲမှာ ထင်းမီးခိုးငွေ့တွေ ဝေနေသည်။ မှုံတစ်ယောက် မီးဖိုရှေ့မှာ ထိုင်ရင်း အလုပ်ရှုပ်နေချိန် ဆွတ်ရိန်နော်က ခါတိုင်းလိုပင် ဝင်ထိုင်လိုက်ရင်း...

"ဟေ့ အသေးလေး ... ဘာတွေချက်နေတာလဲ။ "

သူ့အသံကြောင့် မှုံက တစ်ချက်သာ လှည့်ကြည့်ပြီး မျက်နှာသေလေးနှင့် ဘာစကားမှမဆိုဘဲ ကိုယ်လေးကို အနည်းငယ်ရို့ကာ မီးကိုသာ ဆက်ထိုးနေလေသည်။

"ဟာ ... စကားမပြောတတ်ဘူးလား။

သနားပါတယ်ကွာ ... ငယ်ငယ်ရွယ်ရွယ်နဲ့ စကားမပြောတတ်ရှာတော့ဘူး ... ကျွတ် ကျွတ် "

သူက တမင်မခံချင်အောင် လိုက်စနေပေမယ့် ဟိုကတော့ အရင်လို မျက်စောင်းလေးတောင် ဝေ့မလာတော့။ ဆွတ်ရိန်နော် သက်ပြင်းသဲ့သဲ့ချရင်း ဒယ်အိုးဆီမှ မွှေးပျံ့လာသော အနံ့ကို ရှူရှိုက်လိုက်ကာ ...

"မုန်ညှင်းရွက်ကြော်လား ... မွှေးနေတာပဲကွာ ဗိုက်တောင်ဆာလာပြီ။ "

"..."

"ထမင်း ကျွေးပါလား ... ဗိုက်ဆာလို့။ "

ဗိုက်ကိုပွတ်ကာ ကလေးဆိုးကြီးလို ပူဆာလိုက်တော့မှ သူမက စူအောင့်အောင့်လေး လှည့်ကြည့်လာသည်။ ထိုအကြည့်ကို မြင်လိုက်ရမှ ဆွတ်ရိန်နော် ကျေနပ်သွားကာ သွားစွယ်လေးတွေ ပေါ်သည်အထိ ပြုံးလိုက်မိ၏။

အရင်လို ကတ်စီးနည်းမလေးပဲ။

"အဘွား ... ကျွန်တော် ဒီမှာ ထမင်းစားလို့ရတယ်မလား။"

အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ ထိုင်နေတဲ့ အဘွားကို လှမ်းအော်မေးလိုက်သည်။

"အေး ... ရတယ်လေ သား ... အဘွားတို့ မြေးအဖွားချည်းပဲ

ကုန်တာလည်းမဟုတ်ဘူး။ "

အဘွားရဲ့ ခွင့်ပြုမိန့်ရတာနှင့် သူက မှုံ့ဘက်ကို အောင်နိုင်သူမျက်နှာပေးဖြင့် လှည့်ကြည့်ကာ...

"ဟုတ် ... ကြားတယ်နော် အဘွားက စားတဲ့။

ကျက်ရင် ငါ့ဖို့လည်း ထမင်းခူးပေးနော်။ "

ဒီတစ်ခါတော့ သူ့အား ရေရေလည်လည်ကြီး မျက်စောင်းထိုးတော့သည်။

အဲ့မျက်စောင်းလေးမြင်လိုက်ရမှ ပြည့်စုံတာ။

မီးအပူရှိန်ကြောင့် နီရဲနေတဲ့ နှာခေါင်းထိပ်လေးပေါ်မှာ ချွေးစက်လေးတွေက စို့ကာ သနပ်ခါးပါးကွက်ကျန်လေးသာ ရှိတော့တဲ့ ပါးပြင်နုနုလေးကို သူ အမှတ်တမဲ့ ငေးမောနေမိသည်။ မီးရောင်အောက်မှာ လှုပ်ရှားနေတဲ့ သူမရဲ့ ပုံရိပ်လေးက သူ့ကမ္ဘာတစ်ခုလုံး ဖြစ်နေသလို အချိန်ဘယ်လောက်ကြာသွားမှန်းတောင် မသိလိုက်။

ခြံရှေ့မှ မျိုးမင်းထက် ခေါ်သံကြားမှသာ သူ ယောက်ယက်ခတ်ကာ သတိပြန်ကပ်သွားသည်။

"ဟေ့ကောင် ... ငါက မင်းဦးလေးအိမ်ထင်နေတာ။

မင်းက ဒီရောက်နေတာကိုးကွ။ "

"ဘာလဲ။ "

သူ့အသံက အနည်းငယ် မာသွားသည်။ သူ့ကမ္ဘာလေး အနှောင့်အယှက် ခံလိုက်ရသည်ကိုး။

"ဘာကို ဘာလဲကွ ... ငါးဖမ်းသွားမယ်လေ။ "

"ဪ ... မေ့နေတာ။

ဟေ့ ... အသေးလေး ငါအပြန်ကျရင် ထမင်းစားမှာနော်။

ငါ့ဖို့ချန်ထားဦးနော်။ "

ဆွတ်ရိန်နော်က ပြီတီတီ မျက်နှာပေးနှင့် ပြောကာ ထွက်သွားလျှင် မှုံနံ့သာကတော့ အင်းမလုပ် အဲမလုပ် မျက်နှာသေလေးနှင့် ကျန်ရစ်ခဲ့သည်။ ရင်ထဲမှာတော့ တဒိတ်ဒိတ်ခုန်နေတဲ့ နှလုံးခုန်သံကို လျစ်လျူရှုထားရ၏။

_____________

ရွာလမ်းမအတိုင်း လျှောက်လာကြရင်း ဖုန်မှုန့်တွေက ခြေလှမ်းတွေအောက်မှာ လွင့်ပျံနေသည်။

"အဲ့ကောင်မလေးက ကျောင်းထွက်လိုက်ရပြီတဲ့နော်။ "

မျိုးမင်းထက်က စကားစလာလျှင် ဆွတ်ရိန်နော် စိတ်မသက်သာစွာ ခေါင်းညိတ်လိုက်ကာ ရင်ထဲမှာ တစ်ဆို့ဆို့ကြီး ခံစားလိုက်ရသည်။

"ငါ့ညီမတောင် စိတ်မကောင်းဖြစ်နေတာ။

အဲ့ကောင်မလေးက စာတအားတော်တယ်တဲ့။ "

"အင်း "

"မင်းက သူနဲ့ခင်တယ်လား။"

"အွန်း ... ငါ့ဦးလေးအိမ်လာရင်းနဲ့ "

မရေမရာသာ ဖြေလိုက်ပေမယ့် စိတ်ထဲမှာတော့ 'ခင်တယ်ဆိုတာထက် ပိုတယ်ကွ' ဟု အော်ပြောချင်နေသည်။

"မြန်မြန်လာကွာ ... ဟိုမှာ စိုင်းမင်းနောင်တို့အဖွဲ့ စောင့်နေပြီ။

အရက်နဲ့ဆေးလိပ်လည်း အဆင်သင့်တဲ့။

ဒီကောင်တွေက အမြဲ အဲ့ကန်မှာ သွားငြိမ့်နေကျတဲ့။ "

"ပျက်စီးနေကြတာ။ "

"အံမယ် ... မင်းက လူကောင်းလေးဆိုတော့။ "

"ဆေးလိပ်ပါလား။ "

"မပါဘူး ... ဟိုရောက်မှသောက်တော့။ "

"ကျစ်..."

ဆွတ်ရိန်နော် စိတ်ရှုပ်သလို စုပ်သပ်လိုက်သည်။ လေပြေအေးအေးလေး တိုက်နေပေမယ့် သူ့စိတ်တွေက ပူလောင်နေသလိုလို။

"အောင်စာရင်းထွက်တော့မှာနော် ... ငါ့အဖကတော့ ကြိမ်းထားပြီ။ "

"ဘာတဲ့လဲ "

"မအောင်ရင် ကျောက်ရှာတဲ့။ "

"ဟားဟား ... လောပမ်းလောင်းပေါ့ကွာ။ "

"လိ ... မင်းကတော့ ရယ်အားရှိတာပေါ့ကွ။

မင်းတို့က ရေလျှံတော့ ကျလည်း ပြန်တက်လို့ရတယ်။ "

"ဘယ်သူက ပြန်တက်မယ်ပြောလဲ။ "

"မတက်တော့ဘူးလား။ "

"မတက်ပါဘူး ... တက်လည်းအောင်မှာမှ မဟုတ်တာ။

စိတ်မဝင်စားဘူး။"

"မင်းအမေနဲ့အဖေက ရမှာလား။ "

"ငါမလုပ်ချင်တဲ့ကိစ္စကို ဘယ်သူမှတားလို့မရဘူး။ "

သူ့မျက်လုံးတွေထဲမှာ ခေါင်းမာမှု အရိပ်အယောင်တွေ အထင်းသား။

"ဟာ ... ကိုဆွတ် မြန်မြန်လာဗျာ။ "

ချောင်းစပ်မှာ ငါးမျှားနေတဲ့ စိုင်းမင်းနောင်က လှမ်းခေါ်လျှင် နှစ်ယောက်လုံး လက်လှမ်းပြလိုက်ကြ၏။ ချောင်းစပ်တစ်လျှောက်မှာ ရွာထဲက ကလေးတွေ၊ လူငယ်တွေ အစီအရီ။ ညနေခင်းနေဝင်ချိန်မို့ရေပြင်ပေါ် ဖြတ်တိုက်လာတဲ့ လေက အနည်းငယ်အေးစိမ့်စိမ့်။

"မင်းတို့ ငါးမျှားချိတ်အပိုပါတယ်မလား။"

"ပါတယ် ... မြန်မြန်လာဗျာ။

ဒီမှာ တီတွေတောင် ကုန်တော့မယ်။ "

"အိုကေ အိုကေ "

နှစ်ယောက်လုံး ငါးမျှားချိတ်ကိုင်ကာ နေရာယူလိုက်ကြသည်။ ဆေးလိပ်ငွေ့တွေကြား၊ အရက်နံ့သင်းသင်းကြားမှာ လေလေးတဖြူးဖြူးနှင့် ဘဝရဲ့ စည်းစိမ်တစ်ခုလို ခံစားနေကြရသည်။

သူတို့က အပျော်လာမျှားကြပေမယ့် တော်တော်များများကတော့ ညနေစာ ဟင်းစားအတွက်နှင့် ပြန်ရောင်းဖို့ လာဖမ်းကြတာဖြစ်၏။ ရေပြင်ငြိမ်ငြိမ်ကို ကြည့်ရင်း ဆွတ်ရိန်နော့် စိတ်ထဲမှာတော့ တစ်နေရာရာကို ရောက်နေသည်။

ဟင်းစားပိုပိုသာသာလောက်ရလျှင် ဆွတ်ရိန်နော် ဆေးလိပ်တိုကို ခဲလျှက် ထိုင်ရာမှ ဝုန်းခနဲ ထရပ်လိုက်သည်။

"ငါပြန်နှင့်တော့မယ်ကွာ။ "

"ဟာ ... မင်းကလည်း ခဏပဲ ရှိသေးတယ်လေကွာ။ "

"အေး ... သွားစရာရှိလို့။ "

"ဟာ ... မင်းကလည်းကွာ။ "

"လစ်ပြီကွာ "

ပြောပြောဆိုဆိုနှင့် ငါးတွဲကိုဆွဲကာ ထွက်သွားတော့ မျိုးမင်းထက်တို့ ကြောင်ကြည့်ရင်း ကျန်ခဲ့ကြတော့သည်။

________________

"အသေးလေးရေ ... အသေးလေး "

မှုံ့အိမ်ထဲကို ခေါ်ခေါ်ဝင်ဝင် ဝင်လာခဲ့ကာ လက်ထဲမှာလည်း ငါးတွဲကြီးဆွဲလို့။ သူ့ကိုယ်က ဆေးလိပ်နံ့၊ အရက်နံ့ သင်းသင်းလေးနှင့် ငါးညှီနံ့တို့ ရောထွေးနေသည်။ မှုံက သူ့ကိုမြင်လျှင် မျက်နှာကြီးရှုံ့မဲ့ကာ နှာခေါင်းကို လက်နှင့်ပိတ်လိုက်၏။

"ရော့ ... ချက်တတ်တယ်မလား။ "

မှုံက မယူဘဲ နှာခေါင်းကြီးပိတ်ကာ အော်ဂလီဆန်သလို ကြည့်နေလျှင် ဆွတ်ရိန်နော်က ထပ်ပြီး ထိုးပေးလေသည်။ သူ့မျက်လုံးတွေက အရက်ရှိန်ကြောင့် နည်းနည်းရီဝေနေ၏။

"ဟာ ... ယူပါဆို ... ထမင်းချန်ထားတယ်မလား။ "

"အင်း ... အဲ့ငါးတွေ မယူချင်ဘူး။ "

"ဘာလို့လဲ။ "

"ဟင့်အင်း "

"မယူချင်လည်း လွှင့်ပစ်လိုက်ဟာ ရော့ ... ဒီမှာ ချိတ်ခဲ့မယ်နော်။

ထမင်းသွားစားမယ် ... အလကားပေးတာမဟုတ်ဘူး။

အဲ့တာ ထမင်းဖိုး "

သူက ပြောချင်ရာပြောပြီး မီးဖို‌ေချာင်ထဲ ဝင်သွားတော့ မှုံ့ခမျာ ချိတ်ထားခဲ့တဲ့ ငါးတွဲကိုကြည့်ရင်း သက်ပြင်းချရုံမှတစ်ပါး အခြားမတတ်နိုင်။

__________________

၁၀ တန်းအောင်စာရင်းထွက်တဲ့ညမှာတော့ တစ်ရွာလုံး ဆူညံပွက်လောရိုက်နေသော်လည်း ဆွတ်ရိန်နော်တို့အိမ်ကြီးထဲမှာတော့ အခြေအနေက တင်းမာနေသည်။ ကာယကံရှင်ဖြစ်တဲ့ ဆွတ်ရိန်နော်ကလွဲ၍ တစ်အိမ်လုံး ရင်ခုန်နေကြ၏။

"အဝါး(အဖေ) တို့ကလည်း အလကားအိပ်ရေးပျက်ခံလို့ဗျာ

မအောင်ဘူး စိတ်ချ။ "

"ဟဲ့ ... ပါးစပ်ပုတ်ကြီးနဲ့ လျှောက်မပြောစမ်းနဲ့။ "

အမဖြစ်သူ ဆွတ်ဆိုင်းပန်က ဟန့်တော့ ပခုံးတွန့်ကာ ...

"နေပေါ့ ... အိပ်ပြီနော်။

လာမနှိုးနဲ့။ "

"အေး ... ကျရဲကျကြည့်။ "

"ဪ ... ကျမှာပါဆို "

"တယ် ... ဒီကောင်ကတော့ကွာ။ "

အဖေ ဦးဆွတ်ဆိုင်းအောင် ဒေါသထွက်လွန်းလို့ ထိုင်ရာက ထလာတော့မလို ဖြစ်သွားလျှင် ဒေါ်ဘောက်နူးက ဝင်ဆွဲထားရသည်။

"ကဲ ... တော်ပါတော့။"

"မင်းရဲ့ သား ပြောပုံကိုလည်းကြည့်လေ။

သူ့ကို ပိုက်ဆံတွေ အကုန်ခံပြီး စာသင်ပေးထားတာကို အလကားလုပ်တာ။ "

အိမ်ရှေ့ခန်းမှာ သူတို့တွေက ပြောချင်ရာပြောပြီး ကျန်ခဲ့ပေမယ့် ဆွတ်ရိန်နော်ကတော့ အခန်းထဲဝင်၊ တံခါးပိတ်ပြီး အိပ်ရာပေါ် ပစ်လှဲချလိုက်သည်။ မျက်နှာကြက်ကို စိုက်ကြည့်ရင်း သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်၏။ သူ ဂရုမစိုက်ပါဘူး... တကယ်ပါ။

_______________

"မှုံနံ့သာ နင်နောက်နှစ် ကျောင်းတက်မှာလားဟင် "

ဂျာမိုင်က အိမ်ကို ထပ်ရောက်လာပြန်၏။

"မတက်ဖြစ်တော့ဘူး။ "

"ဟင် ... နင်ကလည်း "

"အဟင်း ... နင်ရော စာလိုက်နိုင်လား။ "

"အွန်း ... ငါက နင့်လောက်တော့ မတော်ဘူးလေဟာ။

ငါက နင်ဒီနှစ်တက်မယ်ထင်တာ။

ဒါပေမယ့် ငါလည်း ၈တန်းပြီးရင် ဆက်တက်လို့ မရလောက်တော့ပါဘူး။ "

"နင့်အမေက ဆက်ထားမှာပါဟ "

"ဟင့်အင်း ... အဆောင်တက်ဖို့လောက်ထိ ငါတို့အိမ်က အဆင်မပြေပါဘူးဟာ။ "

"ဘာမှ ပူမနေပါနဲ့။

အဆင်ပြေသွားမှာနော်။ "

သူငယ်ချင်းဖြစ်သူကို အားပေးနေရပေမယ့် ကိုယ့်အခြေအနေကိုယ်သိတဲ့ မှုံ့ရင်ထဲမှာလည်း ဆို့နင့်နေပါသည်။

"အွန်းပါ ... နင်လည်း နင့်အဘွားနေပြန်ကောင်းရင် ကျောင်းဆက်တက်နော်။ "

"အင်း အင်း "

ဂျာမိုင်ပြန်သွားပြီး မကြာလိုက် ဆွတ်ရိန်နော် ရောက်လာပြန်၏။

စာမေးပွဲကျထားတဲ့ လူနှင့်ပင် မတူ၊ မျက်နှာက ပျော်ရွှင်နေသယောင်။

တစ်လမ်းလုံး စားလာတဲ့ နေကြာစေ့ထုပ်အား လှမ်းပေးလိုက်သည်။

"အသေးလေး ... ရော့ နေကြာစေ့ စားဦးမလား။ "

မှုံက ခေါင်းရမ်းပြလိုက်လျှင် ဆွတ်ရိန်နော်က နှုတ်ခမ်းမဲ့ကာ ...

"ထင်သားပဲ "ဆိုပြီး အိမ်ထဲတန်းဝင်သွား၏။

အခုဆို သူက ဒီအိမ်မှာ တံခါးမရှိ ဓားမရှိကို ဖြစ်နေပါပြီ။

ပေါ့ပါးစွာ ဝင်သွားတဲ့ သူ့ကျောပြင်ကို ကြည့်ရင်း မှုံ အတွေးနယ်ချဲ့မိပြန်သည်။

စာမေးပွဲကျတာကို အခုလို မျက်နှာမျိုးနှင့် နေနိုင်တာ အံ့တော့ဩမိ၏။

မနက်က ဈေးမှာ ဂျာမိုင့်အမေ ပြောလို့ ဒီနှစ် မှုံတို့ရွာက ဘယ်သူမှ ၁၀တန်းမအောင်ဘူးဆိုတာ သိပြီးပါပြီ။ သတင်းကြားကြားချင်းတုန်းက သူ့ဆီ အရင်ဆုံး စိတ်ရောက်သွားမိပြီး သူများ ဝမ်းနည်းနေမလားဟု တွေးမိကာ စိတ်ပူသွားမိသေးသည်။ ဒါပေမယ့် အခုလို ဘာမှမဖြစ်သလို ပေါ့ပေါ့ပါးပါး မြင်လိုက်ရတော့မှ မှုံလည်း သက်ပြင်းချနိုင်ကာ စိတ်သက်သာရာ ရသွားတော့သည်။

"တော်ပါသေးရဲ့... ဝမ်းနည်းမနေလို့..."

အပိုင်း (၁၈) ဆက်ရန် ...

(ကလေးဘဝကနေ တက်တော့မှာပါနော်

ပျင်းနေကြပြီလားရှင့် ...

နေမကောင်းလို့ စာသိပ်မရေးနိုင်သေးတာကြောင့်

ခွင့်လွှတ်ပေးပါနော်)

« ရှေ့အခန်း - အပိုင်း (၁၆) နောက်အခန်း - အပိုင်း (၁၈) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ