သီတင်းကျွတ်ကျောင်းပိတ်ရက်ရှည်ရတော့ ဆွတ်ရိန်နော်ကလည်း အဆောင်ကနေ ပြန်လာ၏။
အိမ်ရှေ့ကွပ်ပျစ်တွင် အေးအေးလူလူ ထိုင်နေစဉ် တစ်ဖက်ခြံမှ အသံတစ်ခု ထွက်ပေါ်လာသည်။
"ကိုဆွတ် ကျောင်းပိတ်လို့ ပြန်လာတာလား။ "
နေရောင်ခြည်နွေးနွေးအောက်တွင် မျက်လုံးကို မှေးကာ လှမ်းကြည့်လိုက်တော့ ဘေးအိမ်မှ ကောင်လေး စိုင်းမင်းနောင်ကို တွေ့လိုက်ရသည်။ ဆွတ်ရိန်နော်သည် ပေါ့ပါးသွက်လက်သော အမူအရာဖြင့် ခေါင်းကို ညိတ်ပြလိုက်ရင်း ပြန်ဖြေလိုက်၏။
"အေး။"
"အဲ့ဒါဆို ဘုရားေကျာင်းမှာ ခြင်းခတ်သွားရအောင်လေ။ "
"အေး ... သွားမယ်လေ။ "
ဆွတ်ရိန်နော်လည်း ခြင်းမခတ်ရတာကြာပြီမို့ နှစ်ခါမခေါ်ရပဲ
ခါးမှ ပုဆိုးကိုချက်ချင်းချွတ်ကာ အသင့်ဝတ်ထားသော ဘောလုံးဘောင်းဘီတိုဖြင့် အပြင်ထွက်ခဲ့တော့သည်။
"သွားမယ် ... ဟေ့ကောင် "
"အင်း "
နေရောင်အောက်တွင် လမ်းလျှောက်လာရင်း ဘေးနားက စိုင်းမင်းနောင်ကို ငုံ့ကြည့်မိသည်။ အရင်နှစ်က သူ့ပခုံးလောက်သာရှိသော ကောင်လေးက အခုတော့ တော်တော်လေး ထွားလာ၏။
"မင်းတောင် အရပ်တွေ ရှည်လာတာပဲကွ။ "
လမ်းလျှောက်လာရင်း ဆွတ်ရိန်နော်က ပြုံးစစဖြင့် စိုင်းမင်းနောင်အား ကြည့်ကာ ပြောတော့ စိုင်းမင်းနောင်က သွားတွေ စိနေအောင် စပ်ဖြဲဖြဲရယ်မောကာ ပြန်ပြောလာသည်။
"ဟဲဟဲ ... ကျွန်တော် ဘားဆွဲနေတာဗျ "
စပ်ဖြဲဖြဲနှင့် ပြန်ပြောလာတဲ့ စိုင်းမင်းနောင်အား
ဆွတ်ရိန်နော် ပြုံးစစနှင့် ခေါင်းညိတ်ပြလိုက်၏။
ဒီကောင်လေးကလည်း ဒီနှစ် ၅တန်းဖြစ်ကာ အရပ်အမောင်းကတော့
အသက်နှင့်မလိုက် ထွားထွားကြိုင်းကြိုင်းကြီးဖြစ်ကာ
သူသာ အရပ်ပုသူဆို ဒီကောင်လေးက သူ့ကို ကျော်သွားလိမ့်မည်။
မွေးတိုင်းမှီ ဟိုအသေးလေးနှင့်တော့ တခြားစီပါ။
မျက်လုံးထဲ သေးသေးလေး မြင်ယောင်လာတော့
နှုတ်ခမ်းထောင့်စွန်းလေးက မသိမသာ တွန့်ကွေးသွားပြန်သည်။
"အကို ... အဲ့လုံးခင်းကျောင်းမှာက ပျော်စရာကောင်းလား။ "
စိုင်းမင်းနောင်၏ အမေးကြောင့် အတွေးစတို့ ပြတ်တောက်သွားသည်။
"ဟ ... ဒီလိုပဲလေကွာ။
ကျောင်းပါဆို ဘာကွာမှာလဲ "
"မသိဘူးလေဗျာ ... အဲ့မှာက လူများတော့ ပိုပျော်ဖို့ကောင်းမလားလို့။ "
"ဒီအတိုင်းပဲ စာသင်ပြီး စာမေးပွဲဖြေရတာပဲ။
အဲ ... တစ်ခုပဲ "
သူက စကားကို ဆက်မပြောဘဲ ရုတ်တရက် ရပ်လိုက်တော့ စိုင်းမင်းနောင်က ဘာလဲဆိုတာကို သိချင်လွန်းအားကြီးနေသည့် မျက်လုံးဝိုင်းဝိုင်းများဖြင့် မော့ကြည့်လာ၏။ ဆွတ်ရိန်နော်က မျက်ခုံးကို ပင့်၊ မျက်လုံးကို မှိတ်ပြရင်း လူပျိုပေါက်တို့၏ လျှို့ဝှက်ချက်ကို ပြောပြသလို လေသံဖြင့် ဆိုလိုက်သည်။
"အဟင်း ... စော်လေးတွေ လန်းတာ။ "
ထိုစကားကြားတော့ စိုင်းမင်းနောင်က သဘောကျသွားပြီး ပြုံးစိစိဖြင့် ခေါင်းတညိတ်ညိတ် လုပ်လေသည်။
ဘုရားကျောင်းဝင်းအတွင်းသို့ ရောက်လျှင် ညနေခင်းနေစောင်းချိန်မို့ ခြင်းခတ်ဝိုင်းက စည်ကားနေပြီ ဖြစ်သည်။ ဖုန်ထူထူကွင်းပြင်ထဲတွင် ချွေးသံရွှဲရွှဲဖြင့် ကစားနေကြသော အစ်ကိုကြီးများက ဆွတ်ရိန်နော်ကို မြင်လျှင် ဝမ်းသာအားရ နှုတ်ဆက်ကြသည်။
"ဟာ ... ဟေ့ကောင် အဆွတ် ပြန်ရောက်နေတာလားကွ။ "
ဘုရားကျောင်းထဲရောက်လျှင် ဆွတ်ရိန်နော်နှင့် ခြင်းခတ်နေကျ
လူတွေက လှမ်းမေးလျှင် ...
"ဟုတ်တယ် ... အကို သီတင်းကျွတ်ပိတ်လို့ "
"အေး ... လာကွာ။
မင်းမရှိတော့ ငါတို့ခြင်းဝိုင်းလေးက ခြောက်ကပ်နေတာပဲကွာ။"
"ဟုတ်ပကွာ ... အရင်လို အမောပြေလေးတွေမရှိတော့ဘူး။"
ဝိုင်းထဲမှ အစ်ကိုကြီးတစ်ယောက်က စနောက်လိုက်တော့ ဆွတ်ရိန်နော်က ရယ်မောရင်း ပြန်ပြောလိုက်သည်။
"ဟားဟား ... အကိုတို့က ကျွန်တော့်လိုမှ စော်မကြည်တာ။ "
"အေးပေါ့ကွာ ... မင်းပြောတော့လည်း ခံရမှာပဲ။ "
"နောက်တာပါဗျာ ... ကျွန်တော် ခြေစွမ်းတွေတော့ကျနေတယ်နော်
သည်းခံပေး။ "
"ချသာချပါ ... ငါ့ကောင်ရ။
မင်းတို့က ကျောင်းသွားတက်ကြတော့ ငါတို့ ဒီကလေးတွေနဲ့ပဲ
နှစ်ပါးသွားနေရတာကွာ။ "
ခပ်ဝဝနှင့် အစ်ကိုကြီးက ပါးစပ်ထဲမှ ကွမ်းယာကို ဝါးရင်း မျက်နှာကြီးမဲ့ကာ ညည်းတွားပြလိုက်လျှင် စိုင်းမင်းနောင်တို့လို ငချွတ်လေးတွေက သွားတွေစိကာ သဘောကျစွာ ရယ်မောကြသည်။ ငချွတ်လေးတွေ ဆိုပြီးလည်း သွားနောက်လို့မရ။
ဆရာသမားတို့က နဂါးနီ (ဖက်ကြမ်းဆေးလိပ်) တစ်လိပ်ကို မီးခိုးတလူလူဖြင့် တစ်ယောက်တစ်ဖွာစီ မျှဖွာနေကြ၏။ မကောင်းမှန်းသိပေမယ့် ဆွတ်ရိန်နော် ဝင်မတားမိပါ။ သူကိုယ်တိုင်ကလည်း
ကောင်းတဲ့ကောင်မှ မဟုတ်ပဲလေ။
______________
သီတင်းကျွတ်ကျောက်းပိတ်ရက်က ၉ရက်ဖြစ်ကာ
ဒီနေ့နှင့်ဆို သူအိမ်ရောက်နေတာ ၃ရက်ရှိပြီဖြစ်၏။
ရွာထိပ်က ဒေါ်အားမိုင်ဆိုင်မှာ ဆေးလိပ်ဝင်ဝယ်ပြီး
ပျင်းတာနှင့် သူ့အိမ်နှင့် ဆန့်ကျင်ဘက်မှာရှိတဲ့ ဦးလေးအိမ်ကို
ထွက်လာခဲ့လေသည်။
တစ်လမ်းလုံးလည်း ဆိုင်ကနေ တစ်ခါတည်း မီးညှိလာတဲ့ ဆေးလိပ်အား ရှိုက်ဖွာလာခဲ့၏။
ဦးလေးအိမ်ရောက်တော့ ခါတိုင်းလိုပဲ အပေါ်ထပ် ဝရံတာကနေ မျက်နှာချင်းဆိုင်ရှိ အသေးလေးတို့အိမ်ဘက်ကို လှမ်းကြည့်လိုက်တော့ ဘယ်သူမျှမရှိပဲ ခြံတံခါးကြီးလည်း ပိတ်ထားလေသည်။
"ဘယ်သွားကြတာလဲ။ "
တစ်ယောက်တည်း တီးတိုးရေရွတ်ရင်း ဘာမျှလုပ်စရာမရှိတာကြောင့် လက်ထဲမှ ဆေးလိပ်ကိုသာ ပြင်းပြင်းရှိုက်ရင်း ဟိုကြည့်ဒီကြည့်ဖြင့် စောင့်နေလိုက်သည်။ အချိန်တွေကုန်လို့ ဆေးလိပ် ၃ လိပ်လောက် ကုန်သွားတော့မှ ခြံရှေ့သို့ လူရိပ်လူယောင် တွေ့လိုက်ရသည်။ ဟင်းရွက်စည်းများကိုယ်စီ သယ်ကာ ပြန်လာကြတဲ့ မြေးအဘွားနှစ်ယောက်။
သူ့မျက်နှာပေါ်တွင် အလိုလို အပြုံးတစ်ခု ပေါ်လာပြီး သွားစွယ်တွေပေါ်သည်အထိ ပြုံးလိုက်မိသည်။ လက်ထဲမှ ဆေးလိပ်ကို မီးသတ်၊ ထိုင်ရာမှ ချက်ချင်း ထရပ်လိုက်ပြီး အိမ်အောက်ထပ်ကို ပြေးဆင်းလာခဲ့၏။ ခြံစည်းရိုးကို ကျော်ကာ တစ်ဖက်ခြံကို ကူးလိုက်ပြီး အိမ်ရှင်ခွင့်ပြုချက်ပင် မတောင်းမိဘဲ ဝင်သွားလိုက်သည်။ အဘွားကတော့ သူ့ကို မြင်တော့ မျက်နှာဝင်းပသွားကာ ရွှင်ရွှင်ပျပျ နှုတ်ဆက်လေ၏။
"သား ပြန်ရောက်နေတာလားကွယ့်။ "
"ဟုတ်ကဲ့ ... အဘွား "
"အေးအေး ... လာ ထိုင်ဦးလေ။
အဘွားတို့လည်း အခုမှရောက်တာ။ "
"ဟုတ် "
ဆွတ်ရိန်နော်က အဘွားကို ဖြေရင်း ဘေးနားက မျက်နှာတည်တည်လေးနှင့် ရပ်နေသော ကောင်မလေးဘက် လှည့်လိုက်သည်။
"ဟေ့ အသေးလေး ... ငါ့ကိုတော့ မမေ့သေးပါဘူးနော်။ "
ဆွတ်ရိန်နော်က ရွှတ်နောက်နောက် လှမ်းစလိုက်လျှင် မှုံတစ်ယောက် သူ့အား မျက်တောင်မခတ် စိုက်ကြည့်နေမိ၏။ ရင်ထဲတွင် တဒိန်းဒိန်း ခုန်သွားသည်ကိုတော့ သူ မသိစေချင်။ မှုံ ပျော်နေတာ... ဟုတ်တယ်... ဒါပေမဲ့ နှုတ်ဖျားကတော့ စကားလုံးတွေ ထွက်မလာခဲ့။
"ဟာ ... စိမ်းကားတယ်ဟေ့။
အဘွား ... အဘွားမြေးက သားကိုဆို စကားကို ပြန်မပြောဘူးဗျာ။ "
"သားညီမလေးလေးက အဲ့လိုပဲ ... စိတ်ထဲမထားနဲ့။ "
"ညီမလေးမတော်ချင်ပါဘူးဗျာ ... အဘွားမြေးက ကတ်စီးကနည်းသေးတယ်ဗျ "
"ဟုတ်လား။ "
"ဟုတ်တယ် ... ကျွန်တော်က ဗိုက်ဆာလို့ မုန့်လေး တောင်းစားတာကို နည်းနည်းလေးတောင်မှ မကျွေးဘူးဗျာ "
"အဟင်း ... သားက စစနေလို့ သားညီမက စိတ်ကောက်တာနေမှာပါကွယ်။
ဒါနဲ့ သားတို့ကရော သီတင်းကျွတ် ပိတ်ရက် ဘယ်နှရက်ရတာလဲ။ "
"၉ရက် အဘွား။ "
"ဪ ... သမီးလေးတို့က ၁၀ရက်တဲ့ "
"၉ရက်ဆိုပေမယ့် ၁ပတ်ပဲ ရွာမှာနေလို့ရမှာ။
အဆောင်က ဆရာမက ၁ပတ်ပဲ ခွင့်ပေးတာလေ။
အခု ရောက်တာ ၃ရက်ရှိနေပြီဆိုတော့ နောက်ထပ် ၄ရက်ပဲ
ကျန်တော့တယ်။ "
"ဟုတ်လား ... အားတဲ့နေ့လေး လာလည်ပေါ့ကွယ်။ "
"ဟုတ်ကဲ့ ... အဘွား။ "
"..."
ထိုစကားဝိုင်းထဲသို့ မှုံဘာမျှ ဝင်မပြောပဲ နှုတ်ဆိတ်နေပေမယ့် နောက်ထပ် ၄ရက်ပဲ ကျန်တော့တယ်ဆိုတဲ့စကားကြောင့် မှုံ့ ရင်ထဲ နွမ်းလျှသွား၏။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဆွတ်ရိန်နော်က မှုံ့ဘက်ကို လှည့်ကာ ထပ်စပြန်သည်။
"အဘွားကသာ လာလည်ခိုင်းနေတာပါဗျာ။
ဟိုမှာ အဘွားမြေးရုပ်ကို ကြည့်ဦး။။"
သူမပုံစံအတိုင်း စူပုတ်ပုတ်လေးဖြစ်နေတဲ့ မှုံအား မေးငေါ့ကာ
ပြောတော့ မှုံက သူ့အား မျက်စောင်းလှမ်းထိုးကာ ဒေါ်နန်းကြာမှုံက
ရယ်လေသည်။
"ဟော ... ကြည့်ကြည့် အခု မျက်စောင်းထိုးသွားပြန်ပြီ။ "
လက်ညှိုထိုးကာ ထပ်စတော့ မှုံက အံလေးကြိတ်ကာ အိမ်အတွင်းထဲဝင်သွားတော့၏။
"အဟင်းဟင်း ...အိမ်ထဲ ဝင်သွားပြီ။ "
"ကျွန်တော့်ကို စိတ်ကောက်သွားတာနေမှာ။ "
"ဟုတ်မှာ။ "
"ရော့ ... သား ရေနွေးကြမ်းသောက် "
"ဟုတ် ... ကျွန်တော် ပြန်တော့မယ် အဘွား။ "
"ဟယ် ... ပြန်တော့မလို့လား။
အခုမှ ရောက်တာကို "
"ဟုတ် ... ဦးလေးအိမ်ရောက်နေတာက ကြာပြီ။"
"ဪ ... အေးပါကွယ်။ "
"ဟုတ် ... ဟေ့ အသေးလေး ပြန်ပြီနော်။ "
အတွင်းဘက်ဆီမှ ဘာမှပြန်ထူးသံ ထွက်မလာပေမယ့် ဆွတ်ရိန်နော် ကျေနပ်စွာ ပြုံးစစဖြင့် ထွက်လာခဲ့၏။ ထိုနေ့ပြီးတော့လည်း ဟိုသွား ဒီသွားနှင့် ပွဲဇာတ်တွေများသွားကာအသေးလေးတို့အိမ်သို့ မရောက်ဖြစ်တော့ပဲ အဆောင်ကို ပြန်သွားလိုက်ရတော့သည်။
_________________
အစကတည်းက မလိမ္မာတဲ့ ဆွတ်ရိန်နော်တို့က အပေါင်းအသင်း
ဖက်လာတော့ အရင်ကလို ဆေးလိပ်အပြင် အရက်တွေလည်း သောက်တတ်နေပြီဖြစ်၏။
အဆောင်က ဆရာ၊ဆရာမတွေလစ်တာနှင့် အဆောင်နှင့် နည်းနည်းလှမ်းတဲ့ အရက်ဆိုင်တွင် ပိုက်ဆံစု၍ဝယ်ကာ ခိုးသောက်ကြလေသည်။
"ဟျောင့် ... ဆိုင်သွားမယ် "
"အင်း ... ခဏ ပိုက်ဆံယူလိုက်ဦးမယ်။ "
အိပ်ဆောင်ပေါ်တက်ကာ သေတ္တာထဲမှ ငါးရာတန်နှစ်ရွက်ထုတ်ကာ
ဆင်းလာတော့ ကျန်တဲ့ကောင်တွေက လူစုံနေပြီဖြစ်၏။
ဆိုင်ကိုရောက် ကချင်ဆေးရည်စိမ်အရက်(ဆန်နှင့်ချက်ထားသောအရက်ကို ဆေးဖက်ဝင်သစ်ခေါက်၊သစ်မြစ်များနှင့်စိမ်ထားပြီး
ဆေးဝါးအဖြစ်လည်း အသုံးပြုနိုင်၏။)
တစ်ပုလင်းမှာကာ ဖက်ကြမ်းဆေးလိပ် နှစ်ရာဖိုးနှင့် အမြည်းလုပ်ဖို့ အချဉ်ထုပ်နှင့် ရှူးရှဲထုပ်တွေဝယ်လိုက်၏။
ပြီးလျှင် အကုန်လုံးပိုက်ဆံတွေပေါင်းကာ ပေးလိုက်သည်။
အခုမှအိမ်က ပြန်ရောက်ကာစဆိုတော့ ငွေရွှင်နေကြ၏။
ဝယ်ပြီးတော့ အဆောင်ကို တန်းမပြန်သေးပဲ လမ်းဘေးက ဝင်းလပ်ကြီးတွင် အမြန်ဝင်မော့ကြပြီး ပိုတာကို ခါးကြားထိုးကာ ဖွက်သွားလိုက်၏။
ထို့နောက် အနံ့ပျောက်အောင် ပီကေဝါး၍ အဆောင်ထဲသို့
ဟန်မပျက် ပြန်ဝင်ခဲ့ကြသည်။
အပိုင်း (၁၅) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)