Bububai ဝတ္ထု ဂျိန်းဖောမြေမှ ချစ်တေးတစ်ပုဒ် အခန်းစာရင်း

အပိုင်း (၁၃)

"ဟေ့ ... အသေးလေး အဘွားရော။ "

"ဟင် ..."

ဆွတ်ရိန်နော့်အသံကြားတာနဲ့ အိမ်နောက်ဖေးမှာ ထိုင်နေတဲ့ ကောင်မလေးက ဖျတ်ခနဲ ထပြေးဖို့ ဟန်ပြင်လိုက်သည်။

"ဟာ ... နေပါဦးကွ။

မင်းကို ငါဘာမှ မလုပ်ပါဘူး။ "

သူ့ကိုမြင်တာနှင့် သရဲသဘတ်မြင်သလို ထွက်ပြေးဖို့လုပ်နေတဲ့ ကောင်မလေးအား ပခုံးကို လှမ်းဆွဲကာ တားလိုက်တော့မှ

သူမက ပခုံးပေါ်မှ သူ့လက်အား ပုတ်ချကာ မပြေးတော့ဘဲ ခပ်ကုပ်ကုပ်လေး ပြန်ထိုင်လေသည်။ မျက်နှာကိုတော့ အောက်ငုံ့ထားဆဲ။

"အဘွားရော "

"ကုန်စိမ်းသွားယူတယ်။ "

"ဪ ... ငါက အဘွားဆီလာတာပါ။

မင်းကို ဘာမှမလုပ်ပါဘူး။

အဲ့လောက်လည်း ထွက်မပြေးပါနဲ့ကွာ။ "

"..."

မှုံ့ဆီက ဘာသံမှ ပြန်မကြားရ။ လေတိုက်လို့ လှုပ်ရှားနေတဲ့ သစ်ရွက်သံတွေကလွဲရင် ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည်။ ဆွတ်ရိန်နော် သူမဘေးနားမှာ ဝင်ထိုင်လိုက်ရင်း လေးလေးနက်နက် ပြောလိုက်သည်။

"နောက်နှစ်ဆို ငါက ဒီမှာ ကျောင်းဆက်တက်လို့မရတော့ဘူး။

လုံးခင်းမှာ အဆောင်နေပြီး သွားတက်ရတော့မှာကွ။

ကျောင်းပိတ်မှပဲ ပြန်လာရတော့မှာ

အဲ့အချိန်ကျရင် ငါ့ကို မေ့မသွားနဲ့နော်။ "

သူ စကားကို ခဏရပ်လိုက်ပြီး သူမ မျက်နှာကို ငုံ့ကြည့်လိုက်သည်။

"ဟင် ..."

မမျှော်လင့်ထားတဲ့ စကားကြောင့် မှုံ့မျက်နှာလေး မော့လာသည်။ မှုံဘာမျှ ဆက်မပြောမိပေမယ့် မှုံ့ကို စိုက်ကြည့်နေတဲ့ သူ့မျက်ဝန်းတွေက တည်ငြိမ်နေသည်။ ရင်ထဲမှာ စိုးထိတ်မှုလေးတစ်ခု လှပ်ခနဲ ဖြစ်သွားရ၏။

ဆွတ်ရိန်နော်ကလည်း သူမ မျက်နှာအမူအရာကို မျက်တောင်မခတ် အကဲခတ်နေသည်။

သူမ မျက်နှာပြောင်းလဲပုံကို စိုက်ကြည့်နေရင်းမှ မျက်ဝန်းနက်နက်လေးတွေထဲမှာ အနည်းငယ်... တကယ်ကို နည်းနည်းလေး ဖြတ်ပြေးသွားတဲ့ ဝမ်းနည်းရိပ် အရောင်လေးကို သူ မြင်လိုက်ရသည်။

သူသာ သေချာကြည့်မနေလျှင် မြင်လိုက်ရမှာတောင် မဟုတ်ပါ။ တကယ်ကို နည်းနည်းလေးဆိုပေမယ့် သူ့ကို ခင်တွယ်လာပုံရတဲ့ ကောင်မလေးရဲ့ စိတ်အခြေအနေကြောင့် သူ့နှုတ်ခမ်းလေး ကွေးညွတ်သွားပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။သူ မစ်ရှင်တစ်ခု အောင်မြင်သွားသလို ခံစားချက်တို့က အရောင်စုံသွားလေသည်။

ကြည့်ရတာ... သူလည်း ဒီကောင်မလေးကို ခင်တွယ်နေမိပြီ ထင်ပါရဲ့။ အမျိုးအမည်တပ်လို့မရတဲ့ သံယောဇဉ်မျိုးနဲ့။

__________________

ဆွတ်ရိန်နော်တို့ အဆောင်ဝင်ရပေမယ့် မှုံတို့ကတော့ ကျောင်းမဖွင့်သေးတာကြောင့် မတက်ရသေးပေ။

သူအဆောင်မဝင်ခင် တစ်ရက်အလိုမှာ သူမကို တစ်ခါသွားနှုတ်ဆက်ပေမယ့် သူမကတော့ သူမပုံစံလေးအတိုင်း မှုန်ကြုတ်ကြုတ် မအုံမအော့လေးနှင့်သာ ခေါင်းညိတ်ပြလေသည်။

ခေါင်းညိတ်ပြီး အသိအမှတ်ပြုတာလေးပင် ကျေးဇူးတင်ရမလိုပင်။

အဆောင်ရောက်ပြီး တစ်ပတ်အတွင်း သူမကို လွမ်းမိတာတော့

ဘယ်နှကြိမ်မှန်းမသိ။

ဘာကြောင့်လွမ်းတာလဲဆိုတဲ့ အကြောင်းပြချက်လည်း ရေရေရာရာမရှိပါ။

အကြောင်းပြချက် ရေရေရာရာမရှိဘဲ လွမ်းနေရခြင်းက ပိုပြီး နက်ရှိုင်းနေသလား။

လုံးခင်းမှာက သူတို့နမ့်စန်းထက် လူဦးရေထူထပ်တာကြောင့်

သူတို့အဆောင်က ကျောင်းသားတွေလည်း များပြားလှ၏။

ထိုအထဲမှာ ဆွတ်ရိန်နော်တို့အဖွဲ့က မလိမ်မိုး မလိမ္မာလေးတွေ

တူရာစုကြသည်။

"အဲ့နားက ဆွတ်ရိန်နော်တို့အဖွဲ့ လူခွဲကြစမ်း "

အဆောင်မှူး၏ အသံဝါကြီးက အဆောင်ခန်းမတစ်ခုလုံး ဟိန်းထွက်သွားကာ ဒေါသတကြီး လှမ်းအော်လိုက်သဖြင့် တစ်စုတစ်ဝေးတည်း ခေါင်းချင်းဆိုင်နေကြသော သူတို့အဖွဲ့ နှစ်ယောက်တစ်စု၊ သုံးယောက်တစ်စု လူစုခွဲလိုက်ကြရသည်။ ပတ်ဝန်းကျင်တစ်ခုလုံးလညခေတ္တမျှ ငြိမ်ကျသွားတော့၏။

"အေး ... နင်တို့နော် စာမလုပ်ချင်ရင် ကျောင်းမနေကြနဲ့လေ။

ကျောင်းထားပေးတဲ့ နင်တို့မိဘတွေကိုလည်း အားနာကြဦး။

ကိုးတန်းဆိုပြီး ပေါ့သေးသေးလုပ်မနေကြနဲ့။အခြေခံဟဲ့ အခြေခံ

ကိုးတန်းဆိုတာ ဆယ်တန်းရဲ့ အခြေခံ။

အေး ... နင်တို့ အဲ့အတိုင်းသာ လုပ်နေ ... ဆယ်တန်းလည်း အောင်မှာ မဟုတ်ဘူး စိတ်ချ။ "

အဆောင်မှူးက နှာခေါင်းပေါ်လျှောကျနေသော မျက်မှန်ကြီးကို လက်ညှိုးဖြင့် ပင့်တင်ရင်း ဒေါသတကြီး ဆူပူကြိမ်းမောင်းနေ‌ ပေမယ့် ထိုစကားသံတွေက သူတို့နားထဲတွင် လေတိုးသံလောက်သာ ရှိပုံရသည်။ ခေါင်းငုံ့ထားကြသော်လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ တခွိခွိနှင့် ခိုးရယ်နေကြ၏။ သူတို့မျက်နှာများတွင် နောင်တရရိပ်ဟူ၍ ဆေးဖော်ကြောဘက်ပင် မရှိ။

"ဟျောင့် ... ခဏနေရင် အိမ်သာထဲမှာ ဆေးလိပ်သွားသောက်ရအောင် ... တော်တော် လိုနေပြီ "

မျိုးမင်းထက်က ဆွတ်ရိန်နော့်အနားသို့ တိုးကပ်လာပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လျှင် ဆွတ်ရိန်နော်က နှုတ်ခမ်းထောင့်စွန်းလေး ကွေးညွှတ်သွားအောင် ပြုံးလိုက်ရင်း ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် ဟိုတစ်စုဒီတစ်စု ကွဲနေသော ကောင်များကိုပါ မျက်စပစ်ပြလိုက်သည်။ မျက်လုံးအချင်းချင်း စကားပြောလိုက်ကြသည့်နှယ်... ဒါမျိုးဆိုလျှင်တော့ သူတို့အဖွဲ့က တယ်ပြီးစိတ်တူကိုယ်တူ လူညီကြပါပေသည်။

___________

"သမီးရေ ..."

အိမ်ရှေ့မှ ရင်းနှီးနေသော ခေါ်သံကြောင့် မှုံတစ်ယောက် ဝမ်းသာအားရ ထူးလိုက်မိသည်။

"ဟယ် ... အမေ ... သမီးက အမေ့ မလာလို့မျှော်နေတာ "

"အေးပါကွယ် ... အမေလည်း အလုပ်နည်းနည်းရှုပ်နေလို့နော်။ကျောင်းလည်း ပြန်ဖွင့်တော့မှာဆိုတော့ အမေ သမီးအတွက်

ဂါဝန်အသစ်လေးဝယ်ခဲ့တယ်ရော့ ...အဟွတ် ဟွတ် အဟွတ် "

ဒေါ်မှုံရွှေရည်၏ စကားသံအဆုံးတွင် ခြောက်ကပ်ကပ် ချောင်းဆိုးသံတို့က တွဲဖက်ပါလာသည်။ နွေရာသီ၏ အပူရှိန်အောက်တွင် အမေ့မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်နေသည်ကို မှုံ သတိထားမိလိုက်၏။

"ဟင် ... အမေ ဘာဖြစ်တာလဲ။

နေမကောင်းဘူးလား။"

"ကောင်းပါတယ် သမီးရယ် အမေ အအေး နည်းနည်းမိထားလို့ပါ။ "

"အမေကလည်း ... နွေရာသီကြီးကို ..."

"အဟင်း ... အမေ ရေချိုးမှားသွားလို့ပါ ဆရာမကြီးရဲ့။ "

ဒေါ်မှုံရွေရည်က ပြုံးကာ ခေါင်းလေးပုတ်ပြီးပြောတော့ မှုံနံ့သာလေးက ဂုတ်လေးပုကာ သွားလေးဖြီးလျှက် ...

"ဟီး ... ဟုတ် ကျန်းမာ‌ေရး ဂရုစိုက်နော် အမေ "

"ဟုတ်ကဲ့ပါရှင် ... ဂါဝန်လေး ဝတ်ကြည့်လိုက်ဦး သမီး

အမေ့သမီးလေးနဲ့ ချစ်စရာလေးနေမှာ အမေကြည့်သွားဦးမယ်။ "

"ဟုတ် "

မှုံ ခေါင်းညိတ်ကာ ကုတင်ပေါ်မှထရင်း အိမ်ထဲဝင်ကာ အမေဝယ်လာပေးတဲ့ ဂါဝန်အဝါရောင်လေးအား အမြတ်တနိုး ဝတ်လိုက်၏။

ဒူးဖုံး လက်ဖောင်း ဒီဇိုင်းလေးဖြစ်ပြီး အဝါရောင်နောက်ခံပေါ်တွင် အဖြူရောင် ပန်းပွင့်သေးသေးလေးများ ပြန့်ကျဲနေသည်။

မှုံ့အသားအရည်က ဝါဝါညက်ညက်ကလေးဖြစ်ကာ သနပ်ခါးပါးကွက်လေးနှင့်ဆိုတော့ ချစ်စရာကလေးဖြစ်နေ၏။

မှန်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရင်း ကျေနပ်မိသည်။

အရင်က အင်္ကျီခပ်နွမ်းနွမ်းလေးတွေသာ ဝတ်ရတာကြောင့် သိပ်မပေါ်တဲ့ ချစ်စရာမျက်နှာကလေးကလည်း ဂါဝန် အဝါရောင်ကလေးနှင့် ဟပ်၍ ဝင်းနေသည်။

မတိုမရှည် ဂုတ်ဝဲဆံပင်ဖြောင့်ဖြောင့်လေးက ပခုံးထက်တွင် ဝဲကျနေပြီး မျက်နှာပေါ်တွင် အပြစ်ကင်းစင်သော အပြုံးချိုချိုလေးက ပန်ဆင်ထားလျက်။

"အမေ ဝတ်ခဲ့ပြီ။ "

"ဟယ် ... ချစ်စရာလေး ... အမေ့သမီးလေးက လှလိုက်တာကွယ်။

အမေ နောက်ထပ် ထပ်ဝယ်ပေးဦးမယ်နော်။ "

"တော်ပါပြီ အမေရဲ့ ... သမီးမှာ ဝတ်စရာတွေလည်း ရှိတာကို။ "

"အမယ်လေး ... အမေ့သမီးလေးက လိမ္မာလိုက်တာကွယ်။ "

ဒေါ်မှုံရွေရည် ပီတိပြုံးတွေနှင့် မှုံ့အား ပွေ့ဖက်လိုက်လျှင် မှုံလည်း အမေ့ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်လိုက်သည်။ နွေးထွေးသော မေတ္တာငွေ့က လေထုထဲတွင် ပျံ့လွင့်နေသည်။ ထိုမြင်ကွင်းကို အနောက်မှ ကြည့်နေသော ဒေါ်နန်းကြာမှုံ၏ မျက်နှာတွင်လည်း ကြည်နူးမှု အရိပ်အယောင်တို့ လွှမ်းခြုံနေလေ၏။

______________

မှုံတို့အတွက် (၅)တန်းဟူသော စာသင်နှစ်သစ်ကြီး စတင်လာခဲ့‌ပါပြီ။ ဒီစာသင်နှစ်မှာတော့ မှုံ့ရင်ထဲတွင် တစ်စုံတစ်ခု ဟာတာတာဖြစ်နေသည်။ အရင်နှစ်ကလို စာအုပ်ကြားထဲတွင် နှစ်ရာတန်လေး ရောက်မနေတော့။အခုတော့ အရင်နှစ်က မှုံ့စာအုပ်ကြားထဲရောက်နေတဲ့ နှစ်ရာတန်လေးက နတ်၊သကြားတွေ ထည့်ပေးထားတာမဟုတ်ပဲ ဘယ်သူထည့်ပေးသလဲဆိုတာ နည်းနည်း ရိပ်မိလာ၏။

"ဟယ် ... မှုံနံ့သာ နင့်မှာ အဲ့‌လက်ကောက်လေး ရှိသေးတာလား။ "

ဂျာမိုင်က မှုံ့လက်ကောက်ဝတ်ကို လှမ်းကိုင်ရင်း မေးလိုက်၏။အရင်နှစ်က သူလက်ဆောင်ပေးထားသော ရွှေရောင်လက်ကောက်လေး။ အချိန်တွေ ကြာလာသည့်အတွက် ရွှေရောင်ပြောင်လက်မှု မရှိတော့ဘဲ ကြေးနီရောင်ဖျော့ဖျော့သို့ ပြောင်းလဲနေပြီဖြစ်သည်။ သို့သော် မှုံ့အတွက်တော့ တန်ဖိုးရှိဆဲ။

ဂျာမိုင်က သူ့လက်ကောက် (၅)ကွင်းကို သူငယ်ချင်းတွေကို ဝေပေးခဲ့သော်လည်း အခုချိန်မှာတော့ ဘယ်သူ့လက်မှာမှ မရှိတော့။

မျိုးသန္တာခင်နှင့်

ဆိုင်းဘူကတော့ ဂျာမိုင် ပေးပြီး တစ်လလောက်နေတော့ မရှိတော့တာကြောင့် ဂျာမိုင်က စိတ်ဆိုးသွားသေး၏။

ကျန်တဲ့ လုထွယ်၊ဂျာမိုင်နှင့် မှုံတို့ သုံးယောက်ကတော့ နှစ်ဆုံးတဲ့အထိ ဝတ်ထားကြကာ အခု ၅တန်းနှစ်ပြန်စတော့ လုထွယ်လက်မှာလည်း လက်ကောက်လေး မမြင်တော့သလို ဂျာမိုင့် လက်မှာလည်း ထိုရွှေလက်ကောက်လေးအစား ပုလဲလုံးလေးတွေသီထားတဲ့ လက်ကောက်လှလှလေး အစားထိုးရောက်ရှိနေပြီဖြစ်၏။

"ငါ့မှာတောင် မရှိတော့ဘူး။

နင်က ငါပေးတဲ့ လက်ကောက်လေးကို ကြိုက်သားပဲ။

ဒီနှစ်တော့ နင်တို့အတွက် လက်ဆောင်မပါတော့ဘူး ... ငါ့အမေက မုန့်ဖိုးအများကြီး မပေးဘူးလေ။"

"အဟင်း ... မလိုပါဘူးဟဲ့။ "

"အေးပါ ... ဒီမှာကြည့် ငါ့ဆံပင်တွေ တအားရှည်လာပြီ တွေ့လား။

ငါက ဆံပင်ရှည်ထားတော့မှာဟ။"

နှစ်ဖက်ခွဲစီးထားတဲ့ သူ့ဆံပင်တွေကို ကိုင်ပြတဲ့ ဂျာမိုင်အား မှုံကြည့်မိတော့ ... ဟုတ်ပါရဲ့ သူ့ဆံပင်တွေတောင် ခါးလယ်ထိ တော်တော်ရှည်နေပြီဖြစ်၏။

"ဟုတ်လား။ "

"အင်း ... နင်ရော အရှည်မထားဘူးလား။ "

"ရှည်လာရင်တော့ ထားလိုက်မယ်လေ အဟင်း "

"အင်းပါဟယ် ... ဒါနဲ့လေ ကိုဆွတ်ရိန်နော်တို့တောင် အဆောင်ဝင်သွားပြီတဲ့နော် ... မျိုးသန္တာခင်ရဲ့ အစ်ကိုရော"

"အင်း "

ဂျာမိုင့်နှုတ်ဖျားမှ ထွက်လာသော နာမည်ကြောင့် မှုံ့ရင်ခုန်သံ တစ်ချက် မြန်သွားသည်။ ဂျာမိုင်လည်း သူ့ကို သတိရနေတာပဲ။ မှုံတစ်ယောက်တည်း သတိရနေတာမှ မဟုတ်ပဲလေဟု တွေးရင်း ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်၏။

"ငါက ဦးလေးတို့ဆီ သွားနေလို့ မသိလိုက်ဘူး။

နင်တော့ သိလိုက်တယ်မလား။"

"အွန်း "

"ဘယ်အချိန်က ဝင်သွားတာလဲ။ "

"နည်းနည်းတော့ ကြာပြီ "

"ဪ ... ဒါနဲ့ ကိုဆွတ်ရိန်နော်ရဲ့ အမတောင် ပြန်ရောက်‌နေတာနော် "

"ဟုတ်လား "

ဟုတ်လားလို့ မေးလိုက်ပေမယ့် သူ့မှာ အမ ရှိမှန်းတောင် မှုံမသိပါ။

သူကသာ မှုံတို့အိမ်သိပေမယ့် သူ့အိမ်တောင် မှုံမသိသလို သူတို့အိမ်မှာ မိသားစုဝင်ဘယ်နှယောက်ရှိမှန်းလဲ မသိပါဘူး။

"အင်း ... မဆွတ်ဆိုင်းပန်က တက္ကသိုလ်ကျောင်းသူဖြစ်သွားလို့လား မသိဘူး။

တအားလှတာပဲ ဆံပင်ကြီးကလည်း အရှည်ကြီးပဲ။

ငါလည်း အဲ့အမလို ဆံပင်အရှည်ကြီးရအောင် ထားမှာ သိလား။ "

ဂျာမိုင်က အားကျစိတ်များနှင့် ပြောနေစဉ်မှာပင်...

"အွန်း ... ‌ဟိုမှာ ဆရာမ လာနေပြီ "

"အယ် ... ဟုတ်သားပဲ ... ဟီး။ "

မှုံ စာသင်ခုံ‌ေဘးမှာ မတ်တပ်ရပ်ကာ စကားလာပြောနေတဲ့ ဂျာမိုင်က ဆရာမကို မြင်လိုက်သည်နှင့် သူ့ခုံရှိရာ နောက်ဆုံးတန်းသို့ ပြေးတော့သည်။

မှုံက နှစ်တိုင်း ပထမဆုံးအတန်းမှာပဲ ထိုင်ကာ ဂျာမိုင်ကတော့ စာမေးခံရမှာ ကြောက်တယ်ဟုဆိုကာ အမြဲတမ်း အနောက်ဆုံးအတန်းမှာသာ ထိုင်လေသည်။

မှုံကတော့ ဘာရယ်မဟုတ်။

အရှေ့ဆုံးအတန်းက ထိုင်မယ့်သူမရှိတာကြောင့် ဝင်ထိုင်လိုက်ခြင်းသာ။အနောက်တန်းဆို နေရာလုရ၏။

လူသစ်သိပ်မတိုးတဲ့ မှုံတို့ရွာလေးက ကျောင်းသားအသစ်ရယ်လို့လည်း မရှိပါ။

တစ်နှစ်ပြီး တစ်နှစ် ဒီလူတွေချည်းသာဖြစ်၏။

အပိုင်း (၁၄) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၁၂) နောက်အခန်း - အပိုင်း (၁၄) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ