အဖေဆုံးသွားပြီးနောက် ကျန်ရစ်ခဲ့တဲ့ အမေဟာ အလှတရားတွေ
မညှိုးနွမ်းသေးသူပီပီ ပန်းပွင့်ကို မြင်တဲ့ ပိတုန်းတွေလို ယောကျာ်းသားတွေရဲ့ ဝိုင်းဝိုင်းလည်ခြင်းကို ခံခဲ့ရ၏။ အားကိုးရာမဲ့နေတဲ့ မုဆိုးမတစ်ယောက်အနေနဲ့ အားကိုးရှာချင်နေတဲ့ အမေကလည်း
ထိုလူတွေထဲမှ ပိုက်ဆံ အတော်အသင့်ရှိပြီး လူရည်မွန်လို့ ထင်ရတဲ့ ဦးမျိုးအောင်လီဆိုသူနဲ့ အိမ်ထောင်ပြုခဲ့သည်။
ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးပြန်ပါဘူး။ နောက်မှ သိလိုက်ရတာက ဦးမျိုးအောင်လီမှာ တရားဝင်မယားကြီး ရှိနှင့်နေပြီးသားဖြစ်ကာ အမေက မသိနားမလည်ဘဲ "မယားငယ်" ဆိုတဲ့ ခါးသီးတဲ့ ဘဝကို ရောက်ရှိသွားခဲ့ရတော့သည်။ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုတ်ချသံတွေနှင့် သူများ တံတွေးခွက်ထဲ ပက်လက်မျောရေတာ့၏။
မှုံက ကလေးအရွယ်မို့ ဘာမျှသိပ်မသိသေးပေမယ့် အဘွားကတော့ ရင်ကိုထုရင်း ငိုကြွေးခဲ့လေသည်။
"တစ်သက်လုံးထိန်းလာရတဲ့ ငါ့သိက္ခာတွေ ညဉ်းကြောင့်ကျပါပြီ"
အမေကတော့ သူ့သိက္ခာထက် မှုံ့ ပညာရေးနဲ့ အနာဂတ်အတွက် "မထူးဇာတ်" ခင်းကာ မျက်နှာပြောင်တိုက်ပြီး ထိုလူကြီးရဲ့ မယားငယ်ဘဝကို ဆက်လက်ခံယူခဲ့လေသည်။ထိုလူကြီးက မှုံတို့ရွာကမဟုတ်ပဲ ဖားကန့်က ဖြစ်တာကြောင့် ဖားကန့်မြို့မှာ လိုက်နေရတဲ့ အမေက မှုံတို့ရှိရာ နန့်စန်းရွာလေးကို တစ်ပတ်တစ်ခါ၊ နှစ်ပတ်တစ်ခါလောက်သာ ပြန်လာနိုင်ရှာ၏။ အဘွားကတော့ အဲဒီအချိန်ကစလို့ အမေနဲ့ စကားမပြောတော့ဘဲ တင်းမာခဲ့တာ ယနေ့ထိတိုင်ပါပဲ။
"ဟင်း ..."
အတိတ်အေကြာင်းတွေကို တွေးမိရင်း မှုံနံ့သာတစ်ယောက် အသက်အရွယ်နဲ့ မလိုက်အောင် လေးလံလှတဲ့ သက်ပြင်းရှည်ကြီးကို ချလိုက်၏။
ထိုအခါ မှုံနံ့သာကိုခေါ်နေတဲ့ အရှေ့မှဂျာမိုင်က မှုံနံ့သာ၏
လက်မောင်းကို လှမ်းရှိုက်လိုက်ကာ ...
"ဘာတွေစဉ်းစားနေတာလဲ "
ထိုအခါ မှုံနံ့သာက မျက်လုံးဝိုင်းလေးတွေနဲ့ ကြောင်တောင်တောင် ပြန်ကြည့်ရင်း မေးလိုက်၏။
"ဘာမှမဟုတ်ပါဘူး ... နင်ဘာပြောမလို့လဲ။ "
"ညနေကျောင်းဆင်းရင် အိမ်မပြန်သေးပဲ ကြိုးခုန်ရအောင်လို့ "
"ဟင့်အင်း ... တော်ပြီ ငါ့အဘွားနေမကောင်းဘူး။ "
"နင်ကလည်း နင့်အဘွားနေမကောင်းတာ နင်ဘာလုပ်ပေးနိုင်မှာမို့လို့လဲ။ "
ဂျာမိုင်က မကျေမနပ် လေသံလေးနဲ့ ပြောလိုက်၏။
"လိုတာကူ ..."
မှုံ့စကား မဆုံးသေးခင်မှာပင် ဘေးနားက ထွယ်လုက ကြားဖြတ်ပြီး ဝင်ပြောလိုက်၏။ ထွယ်လုရဲ့ အသံတွင် မနာလိုမှုနဲ့ ခနဲ့တဲ့တဲ့အရိပ်အယောင်တွေ ပါနေလေသည်။
"နင်ကလည်း သူ့ကိုသွားခေါ်နေပြန်ပြီ။
ဘယ်တုန်းက ပါဖူးတာကျလို့။ "
ဟုတ်ပါတယ်။
မှုံနံ့သာကလည်း ဘယ်တုန်းကမျှ ကျောင်းဆင်းချိန်တွေ လိုက်မဆော့ဖူးပဲ။
"နင်စာခိုးလုပ်နေတာမလား။ "
"မဟုတ်ပါဘူး။
အဘွား မနက်ဖြန်ဈေးထွက်ဖို့ ဝိုင်းကူရမှာ။ "
"အေးပါ အဲ့တာဆိုလည်း မနက်ဖြန်နေ့လည်ကျရင်ပါလေ။ "
ဂျာမိုင်က မျှော်လင့်ချက်မပျက် ဆက်ပြောတော့ မှုံက ခေါင်းညိတ်ပြလိုက်တော့သည်။
"အွန်း "
မှုံနံ့သာက စာဆက်လုပ်ဖို့ ခေါင်းငုံ့လိုက်ပေမယ့် ထွယ်လုကတော့ နှုတ်ခမ်းမဲ့ကာ မျက်စောင်းထိုးရင်း ကျန်ရစ်ခဲ့တယ်။ အခန်းထဲမှာ ထွယ်လုနဲ့ မှုံနံ့သာက အမြဲတမ်း အပြိုင်အဆိုင် စာပြိုင်ဘက်တွေ ဖြစ်နေကြတာကိုး။
_____________
"ကရှာ(သား) ... ကရှာ ... ဆွတ်ရိန်နော် "
"အေ့ "
"ထမင်းစားမယ် "
"မဆာသေးဘူး။
ရွာလည်ထွက်ဦးမယ်။ "
"အေ့ ... မြန်မြန်ပြန်ခဲ့နော်။ "
"အွန်း "
ဆွတ်ရိန်နော်တစ်ယောက် အိမ်ကထွက်လာပြီး ဘုရားကျောင်းဝင်းထဲ ရောက်တာနဲ့ ခါးက ပုဆိုးကို ကွင်းလုံးချွတ်ကာ ဘေးကို ပစ်ချလိုက်ပြီး အောက်က ဝတ်လာတဲ့ ဘောလုံးဘောင်းဘီတိုလေးနဲ့ လွတ်လပ်ပေါ့ပါးသွားပြီး ခြင်းဝိုင်းထဲ ဝင်ခတ်လေသည်။
ညနေခင်း နေရောင်ခြည်ပျော့ပျော့အောက်မှာ ခြင်းဝိုင်းက အမြဲလိုလို စည်ကားနေတတ်၏။
အထူးသဖြင့် ဆွတ်ရိန်နော် ရှိနေတဲ့အချိန်ဆိုရင် အားပေးတဲ့ ကောင်မလေးတွေကလည်း အဆင်သင့်ပါပဲ။ ဘယ်သူ့ကြောင့် ဒီလောက် စည်ကားနေရသလဲဆိုတာ မေးစရာတောင် မလိုပါဘူး။
၇ တန်းကျောင်းသား၊ ၁၂ နှစ်သား အရွယ်သာ ရှိသေးပေမယ့် ဆွတ်ရိန်နော်ရဲ့ စန်းက မသေးလှပေ။ ကချင်တိုင်းရင်းသား ပီပီ ဖွေးဥနေတဲ့ အသားအရေ၊ အရွယ်နဲ့မလိုက်အောင် ရှည်လျားတဲ့ အရပ်အမောင်း၊ ထူထဲတဲ့ မျက်ခုံးတန်း၊ စူးရှတောက်ပတဲ့ မျက်ဝန်းတွေနဲ့ စင်းလုံးချော နှာတံတို့က သူ့ရဲ့ ချောမောမှုကို ပံ့ပိုးပေးထား လေ၏။ဒါ့အပြင် ပိရိသေသပ်တဲ့ နှုတ်ခမ်းအစုံကလည်း မိန်းကလေးတွေရဲ့ အသည်းကို ဖမ်းစားနိုင်စွမ်းရှိနေလေသည်။
ရှေးဘဝက ဆုတောင်းကောင်းခဲ့ပုံများ ရုပ်ရည်ချောမောရုံသာမက မိဘတွေကလည်း ရွာမှာ အချမ်းသာဆုံး အခင်းပိုင်ရှင် သူဌေးတွေ။
မောင်နှမနှစ်ယောက်ရှိကာ သူ့ထက်၅နှစ်ကြီးတဲ့အမ တစ်ယောက်လည်းရှိသေး၏။
အခုတော့ ရွာမှာမရှိပဲ မန္တလေးမှာ ကျောင်းသွားတက်လေသည်။
အစ်မဖြစ်သူ ဆွတ်ဆိုင်းပန်က စာကြိုးစားသူ ဖြစ်သလောက် ဆွတ်ရိန်နော်ကတော့ အပျော်အပါးမက်ပြီး ပေါ့ပါးလွတ်လပ်စွာ နေတတ်သူ ဖြစ်၏။
ခြင်းခတ်ရင်း မောလာတော့ ဆွတ်ရိန်နော်က သူ့အလှည့်နားချိန်မှာ ဘေးက ရေသန့်ဘူးကို ကောက်ဖွင့်ပြီး မော့သောက်လိုက်လျှင်
ချွေးစက်လေးတွေ စို့နေတဲ့ မျက်နှာနုနုက နေရောင်အောက်မှာ နီရဲနေပြီး၊ ခါးထောက်ကာ ရေမော့သောက်နေတဲ့ ဟန်ပန်က ဘေးကကြည့်နေတဲ့ မိန်းကလေးတွေအတွက်တော့ ရင်ခုန်စရာ ပန်းချီကားတစ်လိုဖြစ်ကာ မိန်းကလေးတို့၏ အသံတွေ ဆူညံသွားတော့သည်။
"အား ... ကိုဆွတ် "
"ဟျောင့်... မင်းကိုယ်မင်း မော်ဒယ်မင်းသားမှတ်နေလား မြန်မြန်သောက် "
အနောက်ဘက်ဆီက မျိုးမင်းထက်က ဆွတ်ရိန်နော်ရဲ့ ပခုံးကို လှမ်းပုတ်ရင်း စနောက်လိုက်လျှင် ဆွတ်ရိန်နော်က ရေသန့်ဘူးကို ကမ်းပေးရင်း အပြုံးလိုက်၏။ပြုံးတယ်ဆိုရုံ လှစ်ခနဲ ပြုံးလိုက်ပေမယ့် သွားစွယ်လေးနှစ်ချောင်းက ပေါ်လာတာကြောင့် ကြည့်နေတဲ့ ကောင်မလေးတွေခမျာ အရည်ပျော်မတတ် ဖြစ်သွားကြရတော့သည်။
"ခြင်းဝိုင်းကလည်း မင်းရှိမှ လူစည်တော့တာပဲ။ "
"မင်းတို့က ရုပ်ဆိုးတာကိုး "
"ဟာ ... သူတောင်းစား ဒဲ့ကြီး "
"ဟား ဟား ... မဟုတ်လို့လား။ "
"ငါလည်း ကျောင်းမှာ စော်နဲ့ပါကွ။ "
"တစ်နှစ်လုံး လိုက်ပိုးထားလို့ ဟိုက သနားပြီး ပြန်ကြိုက်တာကိုများကွာ။ "
"ဟျောင့် ဘယ်လောက် လိုက်ရကွာ။
ကိုယ်တကယ်ကြိုက်တဲ့စော်က ပြန်ကြိုက်ရင်ပြီးတာပဲ။ "
"မင်းက စော်မြင်တိုင်း ကြိုက်နေတာလေ။ "
"*ီးပဲ။ "
"ဟား ဟား ဟား ဟား "
ပြောချင်တာပြောပြီး ဟိုက ပြန်ဆဲတော့ မျက်လုံးတွေ ပိတ်သည်အထိ ဟက်ဟက်ပက်ပက်ရယ်ရင်း ခေါင်းအောက်သို့ လက်နှစ်ဖက်
ခုကာ ပက်လက်လှန်ချလိုက်၏။
ခြင်းဝိုင်းကွင်းဖြစ်တာကြောင့် မြေပြင်ပြောင်ကြီးမဟုတ်ပဲ အခင်းသဖွယ်ဖြစ်နေတဲ့ မြက်ပင်တို စိမ်းစိမ်းတွေ ရှိနေတာကြောင့် ကောင်းကောင်းအိပ်စက်လို့ရလေသည်။
မြက်ခင်းပေါ် ပက်လက်လှဲရင်း အပေါ်က ကောင်းကင်ကြီးကို မော့ကြည့်မိတော့ ပြာလဲ့လဲ့ကောင်းကင်ကြီးမှာ တရွေ့ရွေ့သွားနေတဲ့တိမ်ဖြူတိမ်စိုင်တွေနှင့် တော်တော်အသက်ဝင် လှပနေ၏။
ဒါပေမယ့် သူက သဘာဝတရားကြီးကို ချစ်တတ်သူမဟုတ်တော့
ထိုကောင်းကင်ကြီးအား အကြည့်လွှဲလိုက်သည်။
_______________________
"အန်တီ အားနန် "
"အေ့ "
"ဆန်နှစ်ဗူးလောက် "
လက်ထဲက ငါးရာတန် နွမ်းနွမ်းလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း မှုံနံ့သာ လှမ်းအော်လိုက်လျှင် ဝဝပုပုနှင့်
အန်တီအားနန်က ဆန်တောင်းတွေထဲကမှ မှုံတို့ ဝယ်နေကျ ဈေးအချိုဆုံး ဆန်ကြမ်းကို နှစ်ဗူးချင့်ပြီး အိတ်ထဲ ထည့်ပေးလေသည်။
တစ်နေ့လုပ်တစ်နေ့စားတွေဖြစ်တာကြောင့် ဈေးအချိုဆုံးဆန်ကိုသာ ချက်ခါနီးမှ တစ်နေ့နှစ်ဗူး မှုံနံ့သာ နေ့တိုင်းလာဝယ်နေကျဖြစ်၏။
ဟင်းကတော့ သူမအဘွားရောင်းတဲ့ အသီးအရွက်အကျန်များသာဖြစ်ပြီး မကျန်တဲ့နေ့ဆိုလျှင်တော့ ငါးပိဖုတ်နှင့်သာ ဖြစ်သလိုစားကြသည်။
"ရော့ သမီး ဆန်နှစ်ဗူးရပြီ "
အန်တီအားနန်က ဆန်ထုပ်အားလှမ်းပေးလျှင် မှုံနံ့သာက ခေါင်းညိတ်ပြကာ လှမ်းယူလိုက်သည်။
"ဟုတ်ကဲ့ "
"အမေ့ ..."
ဆိုင်ထဲကအထွက် ခြေလှမ်းအလှမ်းမှားပြီး ဘယ်လိုဖြစ်သွားမှန်း မသိ မှုံနံ့သာတစ်ယောက် ခြေချော်ပြီး ဝုန်းခနဲ လဲကျသွားကာ လက်ထဲက ပိုက်လာတဲ့ ဆန်အိတ်က မြေကြီးပေါ် ပြုတ်ကျပြီး ပေါက်ထွက်သွားတော့သည်။ ဖြူဖွေးတဲ့ ဆန်စေ့တွေက ဖုန်ထူတဲ့ မြေကြီးပေါ်မှာ ပြန့်ကျဲကုန်တော့၏။
"ဟင် ... အဟင့် ဟင့် ဆန်တွေ ဆန်တွေ ကုန်ပြီ ။
အီး ... အဟင့်ဟင့် ဟင့် "
လဲကျသွားတဲ့ အရှိန်ကြောင့် ပွန်းပဲ့သွားတဲ့ ဒူးခေါင်းက ဒဏ်ရာကို
မကြည့်နိုင်ပဲ မြေကြီးပေါ်မှာ ဖုန်တွေနဲ့ ရောကုန်တဲ့ ဆန်စေ့တွေကို ကြည့်ရင်း နှမြောတသလွန်းတဲ့ စိတ်နဲ့ မှုံ အသံထွက်ပြီး ငိုကြွေးမိတော့သည်။
ဆိုင်ရှင် အန်တီအားနန်ကလည်း ဆိုင်ထဲကနေ အမြန်ပြေးထွက်လာပြီး မှုံ့ကို တွဲထူပေးကာဘောင်းဘီမှကပ်နေတဲ့ ဖုန်တွေလည်း ခါပေး၏။
"ထ ထ ... သမီး "
"အ ... သမီး ဆန်တွေ ကုန်ပြီ အဟင့် ဟင့်
အဘွားက အဘွားက အဲ့ငါးရာလေးပဲရှိတာ ... အဟင့် ဟင့် အီး "
"အေးအေး ... မငိုတော့နဲ့ အန်တီ အန်တီ ပြန်ထည့်ပေးလိုက်မယ်နော် ... တိတ် တိတ် "
"အဟင့် ... ဟုတ် အီး အင့် အဟင့် "
"တိတ် တိတ် ... ဘာမှမဖြစ်ဘူးနော်။
ဟိုမှာ ဒူးလည်းပွန်းသွားတာပဲ အိမ်ရောက်ရင် ဆေးလိမ်းဦးနော် "
"ဟုတ် ... အင့် ဟင့် "
အန်တီအားနန် ပြန်ထည့်ပေးလိုက်တဲ့ ဆန်ထုပ်လေးကို ရင်ခွင်ထဲမှာ ကျစ်ကျစ်ပါအောင် ပိုက်ထားရင်း မှုံနံ့သာတစ်ယောက် ပခုံးလေးတွေ တသိမ့်သိမ့်လှုပ်ခါသည်အထိ ရှိုက်ငိုကာ ပြန်ထွက်သွားတော့သည်။
ထိုဖြစ်စဉ်အစအဆုံးအား ခြင်းခတ်အပြန် မြင်လိုက်ရတဲ့
ဆွတ်ရိန်နော်ကတော့ ဘာရယ်မသိ အကြာကြီးရပ်ကြည့်နေမိကာ မြင်ကွင်းထဲမှ ထိုကလေးမလေး ပျောက်ကွယ်သွားသည်အထိပင်။
ဆစ်ခနဲဖြစ်သွားတဲ့ ဘယ်ဘက်ရင်အုံကိုလည်း စမ်းကြည့်ရင်း။
အပိုင်း (၄) ဆက်ရန် ...
Author -Anna Lynn
(အရစ်ရှည်တယ်လို့တော့ မထင်ပါနဲ့ တစ်ခုပြောပါဦးမယ်နော်။
ဒီထဲက ကုန်ဈေးနှုန်းတွေက အခုလက်ရှိနဲ့ တော်တော်ကွာနေတာကလေ ... အခုရေးထားတာက မဖွံ့ဖြိုးသေးတဲ့ ဟိုအရင်ချိန်ကို ရေးထားတာကြောင့်ပါနော်။ )
အခန်းမှတ်ချက်များ (0)