ကုန်တင်ကုန်ချလုပ်တဲ့အဖေက အမေ့ကို ပိုက်ဆံအကုန်မအပ်ပဲ
ဈေးဖိုးကိုသာ တိုင်းထွာပေးပြီး စစ်လား၊မြန်းလားလည်း လုပ်တတ်သေး၏။
အဲ့လို ဈေးဖိုးသာမလောက်မငှပေးပြီး ဟင်းကျ ဟင်းကောင်းစားချင်သည်။
ထိုအခါ အမေက ပေးတဲ့ဈေးဖိုး တစ်ပဲခြောက်ပြားနှင့် မလောက်ကြောင်းပြောလျှင် ရန်ထသတ်ကြ၏။
တစ်ခါတလေကျ အဖေက သူအရက်သောက်တဲ့ဆိုင်ကနေ ထမင်းတစ်ခါတည်းစားလာတတ်သည်။
သူကြိုက်တဲ့ဟင်းနဲ့ပေါ့။
အိမ်ကလူတွေကျ ဘယ်လိုနေနေ ... အဖေက အဲ့လိုတစ်ကိုယ်ကောင်းသမားဖြစ်သည်။
အမေကတော့ မှုံနံသာကို သနားတာကြောင့် သူသရက်ချဉ်စိတ်လို့ရတဲ့ ပိုက်ဆံထဲကနေ တစ်ရာပေးကာ ရွာထိပ်က အန်တီသိန်းထီရောင်းတဲ့ ဝက်အဆုတ်ကြော်ဖြစ်ဖြစ် အမဲကြော်ဖြစ်ဖြစ်ဝယ်ကာ စားခိုင်း၏။
အမဲကြော်က တစ်တုံးတစ်ရာဖြစ်ကာ၊ဝက်အဆုတ်ကြော်က တစ်တုံးငါးဆယ်သာဖြစ်တာကြောင့် မှုံနံ့သာက အတုံးပိုကြီးပြီး နှစ်တုံးရတဲ့
ဝက်အဆုတ်ကြော်ကိုသာ အမြဲဝယ်ကာ ထမင်းနဲ့စားလေသည်။
"သမီးက ဘာလို့ အမဲကြော်မစားပဲ ၊အဆုတ်ကြော်ပဲ အမြဲဝယ်စားတာလဲ"လို့ အမေကပြောတော့ မှုံနံသာက ထမင်းဆီစမ်းနှင့် အဆုတ်ကြော်ကို ပလုတ်ပလောင်းကိုက်စားနေရာကနေ သွားလေးဖြီးပြကာ ...
"အဆုတ်ကြော်က တစ်ရာဖိုးဆို အကြီးကြီးနှစ်တုံးတောင်ရတယ်လေ... အမဲကြော်ကကျ သေးသေးလေးကို တစ်တုံးတည်းပဲရတာ
မလောက်ဘူး အမေရဲ့" လို့ ပြောတော့ အမေက ခပ်ယဲ့ယဲ့ကလေးပြုံးကာ ...
"အဲ့တာဆို အမေက နှစ်ရာပေးမှာပေါ့"တဲ့။
"ဟင့်အင်း ... သမီးက အမဲသားလည်းမကြိုက်ပါဘူး။
အမဲသားက မတန်ဘူး အမေရဲ့ "
"မတန်လည်း အပြောင်းအလဲလေးဖြစ်အောင် တစ်ခါတလေ ဝယ်စားပေါ့ သမီးရယ်။ "
"တော်ပါပြီ။
သမီးက အဆုတ်ပိုကြိုက်တယ်။ "
"ဟုတ်လို့လား။ "
"ဟုတ် "
မှုံက သွားလေးစိကာ ရယ်ပြတော့ အမေက ပြုံးကာ ဆံပင်လေးတွေကို ပွတ်သပ်ပေးလေသည်။
_______________
တကယ်ဆို အဖေက အမေနှင့် တန်တောင် မတန်ပါ။
အမေ့နာမည်က မှုံရွှေရည်တဲ့။
နာမည်နှင့်လိုက်အောင် ရှမ်းကရင်၊ဗမာ ကပြား အမေက အသားတွေဖွေးဥကာ ခန္ဓာကိုယ်သေးသေးသွယ်သွယ်ကလေးနှင့် သိပ်ကိုလှလွန်း၏။
အဖေကတော့ အသားညိုညို ခန္ဓာကိုယ်ထွားထွား၊မျက်လုံးပြူးပြူးကြီးနှင့် ကြောက်စရာကောင်းသည်။
အဲ့လိုမျိုး အဖေနှင့်အမေက ဘယ်လိုညားသလဲဆို အဖေက သူ့ညီမတစ်ဝမ်းကွဲရဲ့ သူငယ်ချင်း ဖြစ်သူအမေ့ကို မြင်မြင်ချင်းချစ်ကြိုက်ခဲ့ပြီး အမေကတော့ အဖေကို ပြန်ကြိုက်ဖို့မပြောနှင့်။
အဲ့အချိန်က အချစ်တိုတာ ဘာမှန်းတောင်မသိသေးပါ။
အဲ့တုန်းက အမေ့အသက်က ၁၉နှစ်၊ အဖေ့အသက်က ၂၅နှစ်။
အဲ့အချိန်က ဖြူဖြူဖွေးဖွေး သေးသေးလေးနှင့် သိပ်ချောတဲ့ အမေ့ကို လာပိုးတဲ့ လူပျိုကာလသားတွေလည်း ဝိုင်းဝိုင်းလည်နေ၏။
ဒါပေမယ့် အမေ့မှာ ရည်းစားရယ်လို့မရှိပါ။
သူကိုယ်တိုင် စိတ်မဝင်စားတာရော အမေ့ရဲ့အမေ အဘွားကက ရည်းစားမထားခိုင်းတာရောကြောင့် အမေက သိပ်ကိုဖြူစင်ခဲ့၏။
အဲ့လိုအမေ့ကို လိုချင်နေတဲ့ အဖေ့အတွက် အခွင့်အခါကောင်းတစ်ခုရောက်လာကာ ကံကြမ္မာက အဖေ့ကို မျက်နှာသာပေးတာပဲလား၊
ဖူးစာကြောင့်ပဲလား။
တစ်နေ့ အမေ အလုပ်ပြန်တာ နောက်ကျတာကို အိမ်ဘေးက
လူတွေက ရည်စားနဲ့ချိန်းတွေ့နေတာ ဘာညာနဲ့လျှောက်ပြောတာကြောင်ြ အဘွားလည်း စိတ်တိုကာ အိမ်ရှေ့ကနေ တုတ်နှင့်စောင့်နေလေသည်။
အဲ့တာကို အမေ့သူငယ်ချင်းတွေကလည်း မြင်သွားကာ အမေ့ကို သွားပြန်ပြောတော့ သူ့အမေကိုကြောက်ရတဲ့ အမေကလည်း
အကြောက်လွန်ပြီး ကြံမိကြံရာကြံတော့သည်။
အမေက အကြောက်လွန်ကာ ထွက်ပြေးတာက အဖေ့ညီမဝမ်းကွဲ
ဖြစ်တဲ့ အမေ့အိမ်ကိုပင်။
အဲ့အချိန်မှာ အမေက ကံဆိုးချင်တော့ သူ့သူငယ်ချင်းနှင့် မတွေ့ပဲ အဖေနှင့်တွေ့လေသည်။
အခွင့်အရေးကို စောင့်နေတဲ့အဖေကလည်း အမေကို ပုန်းနေဘာညာ
ဖွတ်ထားပေးပြီး အဘွားက ရပ်ကွက်လူကြီးတွေခေါ်ပြီးလိုက်လာတော့ အဖေက အမေ့ကို လက်မှတ်မထိုးရင် အဖမ်းခံရမှာဆိုပြီး
လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးစေသည်။
ဘာမျှ မသိနားမလည်တဲ့ အမေကလည်း ကြောက်ပြီးအကုန်လိုက်လုပ်မိကာ ကလေးစိတ်မကုန်သေးတဲ့ အမေက အိမ်ထောင်သည်
ဘဝရောက်ခဲ့တော့သည်။
အဘွားကတော့ သူ့သမီးပို နှမြောလွန်းလို့ ကျူကျူပါအောင် ငို၏။
ဒါတွေက အဘွားပြောပြလို့ မှုံနားဝနေခဲ့တဲ့ ဓာတ်ပြားဟောင်းတစ်ချပ်ပင်။
____________
အဖေက သိပ်ကိုတရားလွန်သည်။
သူရှာတဲ့ ပိုက်ဆံတင် တိုင်းထွာစစ်ဆေးရုံနှင့်အားမရပဲ
အမေသရက်ချဉ်သိပ်ရောင်းတဲ့ အန်တီအားမိုင်ဆီမှာ သရက်ချဉ်
စိပ်လို့ရတဲ့ ပိုပ်ဆံကိုပါ လိုက်စစ်ဆေးချင်သည်။
ဘယ်လောက်ရတာလဲ ဘာညာအမေ့ကိုမေးလျှင် အမေက အမှန်အတိုင်းမပြောတတ်တော့ ဒေါ်အားမိုင်ဆီသွားမေးတတ်သည်။
ဒေါ်အားမိုင်ကလည်း အဖေ့ကိုကြောက်တာလိုလို ဖားတာလိုလိုနှင့် အမေအမှန်အတိုင်းမပြောဖို့ မှာထားလျှက်နှင့် အကုန်ပြောပြလေသည်။
အဲ့လိုအချိန်မျိုးမှာလည်း အဖေက သူ့ကိုလိမ်ရကောင်းလားဆိုပြီး
ရန်ဖြစ်ကြပြန်သည်။
အဲ့လိုအချိန်မျိုးဆို မှုံနံ့သာက ငိုပြီး အမေ့ကို မလုပ်ပါနဲ့လို့ တားရသူပေါ့။
နောက်တော့ အမေကလည်း အဖေ့ဒဏ်တွေကြောင့် လည်သွားကာ
ဈေးမှာ ဝယ်ရတဲ့ ၅၀တန် အသီးအရွက်တို့ကို ၁၀၀ဟု တင်ပြောသည်။
တစ်ခါတလေကျ ဒီမှာက အခင်းစိုက်တဲ့နေရာဆိုတော့
အရွက်တွေပေါကာ ရောင်းမကုန်လျှင် နည်းနည်းညှိုးနွမ်းရုံနှင့် စွန့်ပစ်တတ်ကြ၏။
ထိုအခါ အမေက အိမ်ဘေးက အန်တီဝေဝေနှင့် ထိုအသီးအရွက်တွေ သွားကောက်ကာ ချက်စားကြသည်။
အဲ့လိုနေ့မျိုးဆိုလျှင်တော့ ဈေးဖိုးအကုန် အမေရတာပေါ့။
အဲ့နေရာမှာ အဲ့လိုကောက်တာကလည်း တစ်ဦးတည်းမဟုတ်ပါ။
တချို့ရောင်းတဲ့သူတွေတောင် အဲ့လိုကောက်ပြီး ပြန်ရောင်းတတ်ကြသေး၏။
အဖေနဲ့ ပတ်သတ်ပြီး မှုံနံ့သာအတွက် အမှတ်ရစရာဆို တစ်ခါက
အဖေနှင့် နတ်ကန္နားပွဲလိုက်သွားတုန်းက နတ်ကတော်ကြီးက နတ်စင်က ကြက်သားစွန့်တော့ နတ်ကန္နားပွဲက ကလေးတွေအကုန် ကြက်သားတစ်ဖဲ့စီလိုက်ဝေရာ မှုံနံ့သာအလှည့်ရောက်တော့ လှမ်းယူလိုက်စဉ် အဖေနဲ့ မှုံ့လက်ကို ပုတ်ထုတ်ပစ်ကာ ...
"သူက မကြိုက်ဘူး။
မပေးနဲ့ဆိုပြီး "ပြောလိုက်တာကြောင့် ထိုအပြန်လမ်းတစ်လျှောက်လုံး အမေ့ဆီရောက်တဲ့အထိ ငိုရပြန်သည်။
ဘာလို့ငိုမိတာလဲ ဆိုတာကိုတော့ သေသေချာချာ ရေရေရာရာမသိတော့ပါ။
ကြက်သားမစားရ၍ပဲလား၊အဖေက အော်ပြီး လက်ကိုပုတ်ထုတ်တာ ခံလိုက်ရ၍ပဲလား။
အဲ့နေ့ကလည်း အဖေနဲ့အမေ ရန်ဖြစ်ကြတာပါပဲ။
နောက်နေ့ကျ အမေက သူသရက်ချဉ်စိပ်လို့ရတဲ့ ပိုက်ဆံစုထားတဲ့
အထဲမှ ကြက်သားငါးဆယ်သားဝယ်ကာ ကြော်ကျွေးလေသည်။
အဲ့နေ့က အပျော်ဆုံးနေ့လို့ပြောရမလား။
"စား ... သမီးစား အမေက မဝရင် ထပ်ဝယ်ကျွေးဦးမှာ။ "
"ဟုတ် "
ဒါပေမယ့် ကြက်သားအများကြီးမြင်ပြီး အပျော်လွန်သွားလို့လားတော့မသိ သိပ်မစားနိုင်ပဲ ဗိုက်ကပြည့်သွားလေသည်။
ထိုအခါ ကျန်တဲ့ကြက်သားတွေကို အမေက အဖေမသိအောင် အိမ်ဘေးက အန်တီဝေဝေတို့အိမ်မှာ သွားဖွက်ထားပြီး မကုန်မချင်းမှုံ့ကို ကျွေးလေသည်။
နောက်တစ်ခေါက်ကကျ မှုံအဘွားနဲ့ ဈေးရောင်းလိုက်သွားပြီး ပြန်လာတုန်း မှုံ့အတွက်ဆို ဘာမုန့်မျှ မဝယ်ပေးတဲ့ အဖေက
သူ့အမရဲ့သမီး သူ့တူမကိုကျ လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်နှင့် အီကြာကွေးတွေ ကျွေးနေတာမြင်တာကြောင့် မှုံက လှမ်းငေးနေလျှင် စိတ်မကောင်းတဲ့ အဘွားက သူ့ဈေးဖိုးထဲက လက်ဖက်ရည်တစ်ခွက်နှင့် အီကြာကွေးတစ်လိမ် ဝယ်ကျွေးခဲ့သေး၏။
ဟုတ်တယ် ... အဖေနှင့်ပတ်သတ်ပြီး မှုံ့အတွက် အမှတ်ရစရာတွေက အမှတ်တရကောင်းတွေရယ်လို့ သိပ်မရှိပါ။
မှုံမမှတ်တာလည်း ဖြစ်ချင်ဖြစ်နေမှာပေါ့။
အဲ့လိုပေမယ့် အဖေသေတော့ အဘွားနှင့်အမေ မသိအောင် အိမ်သာထောင့်မှာ မှုံခိုးငိုခဲ့ရသေးသည်။
မှုံနံ့သာ မူကြိုစတတ်တော့ အမေ ဝဋ်ကုန်သွားတယ်ထင်သည်။
အဖေက အရက်သောက်တာများပြီး ဆုံးသွား၏။
ဒါပေမယ့် အပိုဆုအနေနှင့် အမြဲအဖေနှင့်အမေရန်ဖြစ်တာမြင်ခဲ့ရတဲ့
မှုံနံ့သာက နှလုံးရောဂါရတော့သည်။
အပိုင်း (၃) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)