Bububai ဝတ္ထု အချစ်ဦး ပုံပြင် အခန်းစာရင်း

အပိုင်း(၈)

ဒေါက်တာ့ရုံးခန်းက ယမုံအရင်ပြန်ထွက်လာခဲ့လိုက်သည်၊ဒေါက်တာ့ စကားအရ ညီမလေးက မွေးရာပါ နှလုံးရောဂါကြောင့် ကလေးယူဖို့ မသင့်တော်ဘူးတဲ့၊

ဘာ့ကြောင့်များ ဒီလောက်မိုက်ရူးရဲခဲ့တာလဲ စနိုးရယ်၊ယမုံအတွေးထဲ လိုက်မမှီတော့သည့် အကြောင်းတရားတွေကိုလည်း ဆက်မတွေးချင်တော့တာမို့ ယမုံ ခပ်မြန်မြန်လျှောက်ဖို့ ပြင်လိုက်သည်

"ယမုံ"

နောက်က နီးကပ်စွာကပ်ပါလာသည့်ခေါ်သံကြောင့်ယမုံ့ခြေလှမ်းတွေ ရပ်တန့်မလို ဖြစ်သွားရပြီးမှ သတိကချက်ချင်း ပြန်ဝင်လာကာ ဆက်လျှောက်ဖို့ ခြေလှမ်း လှမ်းလိုက်သည်၊

"ခဏ ..ခဏလေးပါ ယမုံ မောင့်ကိုစကားခဏလောက်ပြောခွင့်ပြုပါ"

ယမုံနှုတ်ခမ်းတွေ မဲ့ကျသွားပြီးခြေလှမ်းတွေရပ်တန့်သွားရကာ သူ့ကိုလှည့်မကြည့်ဘဲ

"စကားအပြောအဆို ဆင်ခြင်ပေးပါ ခမ်းနားသွင်ပြင် ပြီးတော့ ကျွန်မဘက်က ရှင်နဲ့ ပက်သက်ပြီး ပြောစရာ ဘာစကားမှ မရှိတဲ့ အတွက် ရှင်ပြောမယ့် စကားကိုလည်း နားထောင်ပေးဖို့ မလိုဘူးထင်တယ် နောက်ဆိုရင် လူချင်းမျက်နှာချင်းဆိုင် တွေ့တဲ့အခါ နှုတ်ဆက်ကြဖို့ မပြောနဲ့ ကျွန်မကို တစ်ဒီဂရီတောင် စောင်းပြီး မကြည့်ပါနဲ့ "

ခမ်းနားခေါင်းငိုက်စိုက် ချသွားပြီး သက်ပြင်းချလျက်ဖြင့်

"အဲ့ဒီလောက်အထိ မစိမ်းကားပါနဲ့လား ယမုံ မောင်..

ကိုယ်တို့ အသိမိတ်ဆွေ အဖြစ်လောက်တော့.."

"မလိုဘူး ကျွန်မ အတွက် ရှင့်လို အသိမိတ်ဆွေ လုံးဝ မလိုဘူး"

ပြတ်သားစွာ ပြောပြီး စနိုးကို ရွှေ့ထားတဲ့ အခန်းရှိရာသို့ လျှောက်လာခဲ့လိုက်သည်၊

လေးဖင့်သောခြေလှမ်းများဖြင့် ခမ်းနား နောက်ကလိုက်လာခဲ့ရင်း ယမုံစကားတွေပြန်ကြားယောင်ပြီး

ရင်ဘက်တစ်ခုလုံး တင်းကြပ်လာခဲ့သည်၊

အခန်းထဲရောက်တော့ စနိူးက သတိရနေပြီဖြစ်ကာယမုံက ကုတင်ဘေးက ခုံမှာ ထိုင်နေကာ မေမေနဲ့ ဦးစိုးထွဋ်က တော့ ဆိုဖာမှာ ထိုင်နေကြလေသည်၊သူဝင်လာတော့ စနိူးမျက်နှာလေး ပြုံးပျော်သွားပြီး

"ကိုကို "

"အင်း"

သူ စနိုးရှိတဲ့ ကုတင်နား လျှောက်သွားရင်း..သူ့ကို မမြင်ချင်ယောင် ဆောင်နေတဲ့ ယမုံ့မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး

"သက်သာပြီလား စနိုး "

"အင်း သက်သာပြီး စနိုး အိမ်ပြန်ချင်တယ် ကိုကို အခုသက်သာ နေပြီလေ နော် ကိုကို အိမ်ပြန်ကြရအောင်"

ပကတိညိမ်သက်နေတဲ့ ယမုံက လုံးဝ သူစိမ်းဆန်ဆန်နေထိုင်တတ်ခဲ့ပြီး သူ့မှာက မဖြစ်နိုင်မှန်း သိနေပါလျက် မီးခဲဖင်ခု ထိုင်နေရသလို ဖြစ်နေခဲ့လေပြီ..

"မဖြစ်ဘူး စနိုးမင်းကိုယ်ဝန်က လရင့်လာတာနဲ့ အမျှ အခုလို ခဏ ခဏဖြစ်နေရင် မင်းအတွက်ရောဗိုက်ထဲ က ကလေး အတွက်ပါ မကောင်းတာမို့ ဆေးရုံမှာ ဒီနေ့ တစ်ရက်တော့ နေရလိမ့်မယ်တဲ့ ဆရာဝန် ပြောလိုက်တယ် "

ကိုကို့ စကားအဆုံး စနိူးနှုတ်ခမ်းလေး ဆူသွားရပြီး

"ဒါဆိုရင် ဒီည မမ စနိုးနဲ့ နေပေးနော်"

ဟင်

ယမုံ မျက်လုံးတွေ စနိုးထံ ကျရောက်သွားပြီး

ခေါင်းထဲ ဝင်လာသည်က သူမ ဒီည နေပေးဖို့ မဖြစ်နိုင်၊ သူမ ‌စနိုးကို ဆေးရုံ စောင့်ပေးရင် သေချာတာကတော့ ခမ်းနားသွင်ပြင်နဲ့ ရင်ဆိုင် နေရဦးမှာမို့ ဘယ်လိုမှ သူမ အတွက် အဆင်မပြေ နိုင်ပေ!

"သမီးငယ် မမက နေ့ခင်းဘက်လည်း အလုပ်တွေလုပ်ထားရသေးတယ် ညဘက် သမီးကို လူနာ စောင့် ပေးရရင် မမ ပင်ပန်းမှာပေါ့"

ဦးစိုးထွဋ်က ထော့နင်း ထော့နင်း ဖြင့် သူမတို့ အနားလျှောက်လာပြီး ပြောတော့မှ စနိုး သက်ပြင်းချလိုက်ပြီး

"ဒါဆိုလည်း ပြီးရော ကိုကိုက တော့ ဒီည စနိူးအနားမှာပဲ နေရမယ်နော်"

ခမ်းနား ခေါင်းညိတ်ပြလိုက်ရင်း

"အင်း က်ုယ် စနိူးကို စောင့်ပေးပါမယ် စနိုး အစ်မကိုတော့ အိမ်ပြန် နားခိုင်းလိုက်ကြရအောင် နော်"

သူ့နှုတ်ဖျားက သူမ နာမည်ကို ထည့်ပြီး စကားပြောသံက်ု ကြားနေရတာ သူမ ရဲ့ စိတ်ကို အဆင်မပြေဖြစ်စေသည်၊သို့သော် ယမုံက ယမုံပဲလေ ဘယ်တော့မှ ခံစားချက်ကို အပြင်လူသိအောင် ထုတ်ဖော်ပြမှာ မဟူတ်ပေ.!

🍂🍂🍂🍂🍂🍂

"Green Leaf" ဟိုတယ်၏ ဥက္ကဋ္ဌရုံးခန်းအတွင်း ဝယ် အေးမြလှသော လေအေးပေးစက်လှိုင်းများနှင့်အတူ သင်းပျံ့လှသော ကော်ဖီနံ့က လွင့်ပျံနေသည်။ ရုံးခန်း၏ နံရံတစ်ဖက်တွင် တစ်ပြင်လုံး တပ်ဆင်ထားသည့် မှန်သားပြင်ကြီးမှတစ်ဆင့် ရန်ကုန်မြို့ပြ၏ မြင်ကွင်းကို အတိုင်းသား မြင်တွေ့နေရသော်လည်း အခန်းပိုင်ရှင်၏ အာရုံကမူ ပြင်ပမြင်ကွင်းဆီသို့ ရောက်မနေခဲ့ချေ။

"ဥက္ကဋ္ဌ... ပန်းအလှဆင်လုပ်ငန်းဘက်က တာဝန်ခံ မြတ်‌ေလးယမုံ ရောက်နေပါတယ်"

အတွင်းရေးမှူးမလေး၏ အကြောင်းကြားသံအဆုံး လွင်ပြင်မုန်း ဆိုဖာခုံအနက်ရောင်ကြီးပေါ်မှ ထရပ်လိုက်သည်။ အနက်ရောင် ရှပ်အင်္ကျီလက်ကို တံတောင်ဆစ်နားအထိ ခေါက်တင်ထားပြီး သေသပ်လှသည့် နက္ခတိုင်ကို လျှော့ချထားသည့် လွင်ပြင်မုန်း၏ ပုံစံက လုံးဝကို တရုတ်မင်းသားပုံစံအလားထင်ရသည်။ ထင်ရှားပြတ်သားသော မေးရိုး၊ စူးရှထက်မြက်သည့် မျက်ဝန်းတစ်စုံနှင့် စမတ်ကျကျ ပခုံးကျယ်ကြီးများကြောင့် သူပုံစံက မြင်ရသူအပေါင်းကို ငေးမောသွားစေလောက်အောင်ပင် ချောမောလွန်းလှသည်။

တံခါးပွင့်လာပြီး အခန်းထဲသို့ လှမ်းဝင်လာသည့် ယမုံ့ကို မြင်လိုက်ရသည့် ခဏတွင်မူ လွင်ပြင်မုန်း၏ ခြေလှမ်းများ ခဏမျှ တုံ့ဆိုင်းသွားရသည်။

ယမုံက ခန္ဓာကိုယ်အချိုးအစားကို ပေါ်လွင်စေသည့် အနက်ရောင် Bodycon ဂါဝန် ဒူးဖုံးလေးကို ဝတ်ဆင်ထားပြီး၊ အပေါ်မှ ခါးတို ကုတ်အင်္ကျီအဖျော့လေးကို ထပ်ဆင့်ဝတ်ဆင်ထားလေသည်

ပခုံးထက်သို့ ဝဲကျနေသော လှိုင်းတွန့်ဆံနွယ်ရှည်များကြားမှ ဖြူဝင်းဥနေသည့် လည်တိုင်ကျော့ကျော့လေးနှင့် စူးရှသော်လည်း မာနရိပ်သန်းနေသည့် မျက်ဝန်းဝိုင်းများက ပို၍ပင် ရင်သပ်ရှုမောဖွယ် ကောင်းနေတော့သည်။

"မင်္ဂလာပါရှင့်.. ကျွန်မက မြတ်လေးယမုံ ပါ၊ Green Leaf ဟိုတယ် ဖွင့်ပွဲအတွက် ပန်းအလှဆင်မယ့် ကိစ္စ ဆွေးနွေးဖို့ပါရှင်"

ယမုံက မရယ်မပြုံးမျက်နှာဖြင့်စတင် နှုတ်ဆက်လိုက်သော်လည်း လွင်ပြင်မုန်းကမူ သူမ၏ မျက်နှာထက်မှ မျက်ဝန်းတို့ကို မခွာတမ်း ကြည့်နေဆဲ။ ဘဝတွင် အမျိုးသမီးပေါင်းများစွာကို ဆုံတွေ့ဖူးခဲ့သော်လည်း ယမုံ့ထံမှ ရရှိသည့် ဆွဲငင်အားတစ်မျိုးက သူ့ရဲ့ ဝဲဘက်ရင်အုံကို တိုက်ရိုက် လာဆက်သွယ်လေသည်၊

" မြတ်‌ေလးယမုံ... ထိုင်ပါ"

လွင်ပြင်မုန်းက ဆိုဖာတွင် နေရာပေးရင်း နှုတ်ခမ်းထောင့်က အဓိပ္ပာယ်ပါပါ ကွေးညွတ်သွားသည်။ ယမုံက စားပွဲပေါ်တွင် ပန်းအလှဆင်မည့် ပုံစံဒီဇိုင်းစာအုပ်ကို သေသပ်စွာ ချပြလိုက်ရင်း ရှင်းပြတော့သည်။

"ဒါက ဟိုတယ်ရဲ့ အဓိက VIP ခန်းမအတွက် ပြင်ဆင်ထားတဲ့ ပန်းဒီဇိုင်းပါ၊ ဟိုတယ်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ သဘာဝဆန်ဆန် စိမ်းလန်းစိုပြေမှုကို ပေါ်လွင်စေချင်တာမို့ အဖြူရောင်နဲ့ အစိမ်းရောင်ကို အခြေခံပြီး ပြင်ဆင်ထားပါတယ်၊ သူဌေး ဘာများ ဖြည့်စွက်ချင်တာ ရှိပါသေးလဲရှင်"

ယမုံက စာရွက်စာတမ်းများကို လက်ညှိုးလေးဖြင့် ညွှန်ပြရင်း မေးလိုက်သော်လည်း လွင်ပြင်မုန်း၏ မျက်ဝန်းများကမူ စာရွက်ပေါ်တွင် ရှိမနေခဲ့။ သူမ စကားပြောနေရင်း လှုပ်ရှားသွားသည့် နှုတ်ခမ်းဖူးဖူးလေးနှင့် စိတ်အားထက်သန်နေသည့် မျက်ဝန်းဝိုင်းကြီးများဆီမှာသာ အကြည့်တို့က စွဲထင်နေခဲ့သည်။

"အဆင်ပြေရုံတင်မကဘူး... အရမ်းထူးခြားပြီး စိတ်ဝင်စားဖို့ကောင်းတယ်၊ မင်းလိုပဲ"

လွင်ပြင်မုန်း၏ တိုက်ရိုက်ဆန်လှသည့် စကားကြောင့် ယမုံ့လက်ကလေးများ ခဏမျှ တုံ့ဆိုင်းသွားရသည်။ ပြီးနောက်..

"ဘာများညွှန်ကြားချင်သေးလဲ ပြောပါနော် သူဌေး"

သူမစကားအ‌ဆုံး သူမျက်ခုံးကို လက်မဖြင့် ပြန်ခြစ်လိုက်ကာ

"ကျွန်တော့်ကို သူဌေးလို့ မခေါ်ပါနဲ့... လွင်ပြင်မုန်း လို့ပဲ ခေါ်ပါ"

လွင်ပြင်မုန်းက ကိုယ်ကို အနည်းငယ် ရှေ့သို့ ကိုင်းလိုက်ပြီး ယမုံ့မျက်ဝန်းတွေကို စူးစူးစိုက်စိုက် ကြည့်ကာ နူးညံ့သော်လည်း လေးနက်သည့် လေသံဖြင့် ပြောလိုက်သည်။

"ကျွန်တော်တို့က အလုပ်သဘောတင်မကဘဲ... ရှေ့ဆက်ပြီး ရေရှည်လက်တွဲသွားရဦးမှာမို့လို့ အခေါ်အဝေါ်တွေကအစ ရင်းနှီးမှုရှိနေတာ ပိုကောင်းမယ်ထင်တယ်"

သူ့မျက်ဝန်းထဲက ပုန်းကွယ်မထားသည့် စိတ်ဝင်စားမှု အရိပ်အယောင်များကို ယမုံ ကောင်းကောင်း ရိပ်မိလိုက်သည်။ သို့သော် လောလောဆယ်တွင် စနိုး၏ အခြေအနေနှင့် ခမ်းနားသွင်ပြင်ကြောင့် စိတ်ရှုပ်ထွေးနေရသည့် သူမ၏ နှလုံးသားက နောက်ထပ် လူတစ်ယောက်ကို နေရာပေးဖို့ နေနေသာသာ အလုပ်ကလွဲပြီး ဘာကိုမှ အာရုံမသွင်းချင်သေးချေ။ ယမုံက အကြည့်တို့ကို အနည်းငယ်လွှဲလိုက်ပြီး...

"အလုပ်ကိစ္စ အဆင်ပြေတယ်ဆိုရင်တော့ ကျွန်မတို့ဘက်က အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပေးပါ့မယ် သူဌေး"

..

ယမုံ့ရဲ့ ခပ်တန်းတန်း တည်ငြိမ်လွန်းသည့် တုံ့ပြန်မှုက လွင်ပြင်မုန်းအတွက် အံ့ဩစရာ ဖြစ်သွားရသလို တစ်ဖက်တွင်လည်း ပို၍ပင် စိန်ခေါ်မှုဖြစ်ကာ စွဲမက်သွားစေသည်။ အခြားအမျိုးသမီးများဆိုလျှင် သူ့အပြုံးတစ်ခုအောက်၌ပင် အရည်ပျော်သွားကြသော်လည်း ယမုံကမူ ကျောက်စိမ်းတုံးလေးတစ်ခုလို အေးစက်တည်ငြိမ်လွန်းနေသည်။

"စိတ်ချပါတယ် မြတ်‌ေလးယမုံ... ဒီပွဲတင်မကဘူး၊ နောက်ထပ် ပရောဂျက်တွေမှာလည်း မြတ်‌ေလးယမုံ့ကိုပဲ ကျွန်တော် ရွေးချယ်မှာပါ"

လွင်ပြင်မုန်း၏ အနှောက်အသွားမလွတ်သည့် စကားတွေကြောင့် ယမုံ ပိုလို့ စိတ်ရှုပ်လာရသည်၊

« ရှေ့အခန်း - အပိုင်း(၇) နောက်အခန်း - အပိုင်း(၉) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ