Bububai ဝတ္ထု Tenant Boy (အိမ်ငှားကောင်လေး) အခန်းစာရင်း

Tenant Boy (အိမ်ငှားကောင်လေး) အပိုင်းပို(၂).....

ခါးတို့မြို့ကိုပြန်ရောက်ပြီမို့ ဆိုင်ထွက်ဖို့ပြင်ဆင်နေပေမဲ့ သူကတော့ခါးကို

သူ့နားကနေအသွားမခံပဲ အခုလဲကုတင်ပေါ်ထိုင်ရင်း ခါးကိုနောက်ကနေ

ကလေးတစ်ယောက်လိုတင်းတင်းကျပ်ကျပ်ဖက်ထားတာ ရုန်းလို့တောင်မရ!!

“မောင် ဖယ်လေ.....ခါးဆိုင်သွားရမယ်

ဝတီလဲရောက်နေလောက်ပြီ....."

ခါး စိတ်ညစ်သလိုလေးပြောတော့

သူက ခါးရဲ့ကျောပြင်မှာမျက်နှာတိုးဝှေ့ရင်း

ကလေးလိုချွဲနွှဲနေရက်ကမှ ရုတ်တရက်

ဆွဲလှဲချလိုက်တာမို့ လူကပြင်ဆင်ပြီးသားရက်နဲ့ကို ကုတင်ပေါ်ပြန်လဲကျသွားရ၏။

“မောင်နော် ခါးစိတ်တိုလာပြီ....."

မျက်နှာမသစ်ရသေးတဲ့သူ့မျက်နှာနဲ့

ခါးကိုအတင်းတိုးဝှေ့နေတာမို့ ခါး

မျက်နှာလေးလွှဲဖယ်ရင်း စိတ်တိုကြောင်းပြတော့ သူကရပ်သွားကာ ခါးကိုငုံ့မိုးကြည့်၍

“ပြောတော့ချစ်တယ်ဆို....."

“အဲ့တာနဲ့ဘာဆိုင်လို့လဲ?? ဆိုင်သွားရမယ်

ဖယ်ပါဆို....."

ခါးအတင်းရုန်းထဖို့ပြင်ပေမဲ့ သူက

အပေါ်ကနေမဖယ်ကာ ခါးကိုပြန်ဆွဲချ၍

“ချစ်ရင် အခုကဘာလဲ ရွံနေတာမလား??...."

သူ့အပြောကြောင့် ခါး ကျစ်သပ်လိုက်၍

“ရွံတာမဟုတ်ဘူးလေ သူများလှလှပပ

ပြင်ထားဆင်ထားပြီးတာကို ပြီးတော့

ဆိုင်သွားရမှာ ဗရုတ်သုတ်ခဖြစ်ပြီးသွားလို့ရမလား?? မောင်လက်ပေါက်မကပ်နဲ့ဖယ်နော်....."

ခါးကစိတ်မရှည်လေ သူကပိုစလေမို့

နှစ်ယောက်သား ထလိုက် ပြန်လှဲလိုက်နဲ့

တော်တော်တော့အလုပ်ဖြစ်နေရသည်။

“ခါးကမောင့်ကိုငြိုငြင်နေတာ.....မနေ့က

မာမီတို့ဆီကနေပြန်ရောက်ရောက်ပြီးချင်းလဲ

ကိုယ်လုပ်စရာရှိတာတွေလုပ်ပြီးပဲ

အိပ်ယာဝင်လိုက်တာ မောင့်ကိုတောင်

မဖက်မလုပ်ပဲနဲ့လေ.....အခုလဲတစ်ရက်လေး

ထပ်နားလိုက်တော့ဘာဖြစ်မှာမို့လို့လဲ??...."

ကလေးဆန်ဆန်ဂျစ်တိုက်နေတာမို့

ခါး သူ့မျက်နှာကိုသေချာကြည့်ကာ

“ကယ် အဲ့တာဆိုပြော ဒီနေ့ဆိုင်မထွက်ဘူး

ထားပါဦး ထွေထွေထူးထူးဘာလုပ်စရာရှိလို့လဲ??....ပြောပါဦးမောင်မင်းကြီးသားရဲ့....

အားနေ အဲ့ကိစ္စပဲတွေးနေတာမလား??........”

ပြောပြီး သူ့နားရွက်ကိုဆွဲလိမ်တော့

မျက်နှာရှံ့မဲ့သွားကာ ခါးလက်တွေကို ဆွဲဖြုတ်၍

“အဲ့ကိစ္စချည်းပဲရယ်လဲမဟုတ်ပါဘူး

ဒီတ်ုင်းကိုယ့်မိန်းမနဲ့တီတီတာတာ

စကားလေးပြောလိုက် ဖက်လိုက်နမ်းလိုက်နဲ့

ကြင်စဦးအခိုက်အတန့်လေးကို

သာသာယာယာဖြတ်သန်းချင်တာပေါ့...

မောင်လဲလူထဲကလူတစ်ယောက်ပဲကို...."

အကဲပိုနေတဲ့သူ့ကြောင့်ခါး မျက်စောင်း

ထိုးလိုက်မိကာဖြင့်

“ဘယ်လိုပဲမဆို အားလုံးရဲ့ဦးတည်ရာက

ဒါပဲ.....စကားပြောရင်းလဲမောင်စိတ်ပါရင်

အဲ့ကိစ္စဖြစ်သွားတာပဲ ဖက်ရင်းနမ်းရင်းလဲ

အဲ့ကိစ္စအစပျိုးသလိုဖြစ်ပြီး မောင့်စိတ်ကြိုက်ဖြစ်သွားတာပဲလေ တော်ပါတော့...."

ဟုတ်သည်လေ!!! ‌ဟိုမှာနေရတဲ့ရက်တွေ

ခါးမှာနားရတယ်လို့ကိုမရှိ!!

လူငယ်ပီပီ သန်မာဖျက်လက်တဲ့သူ့ကြောင့်

နှစ်ယောက်အတူရှိရမှာတောင် တစ်ခါတစ်ခါ

ခပ်လန့်လန့်!!

အခုလဲခါးရှက်ရှက်နဲ့ပဲပြောလိုက်တော့

သူက ခါးရဲ့နှိပ်စေ့ကို သွားနဲ့ဆွဲဖြုတ်ကာ

ခပ်ပြုံးပြုံးလုပ်၍

“အဲ့တာဆိုလဲ ခါးသိသွားလက်စနဲ့

မထူးပါဘူး အဲ့ကိစ္စဆီပဲသွားကြတာပေါ့....."

“အို မောင့်......"

ဒီတစ်ခါလဲခါးမှာငြင်းချိန်မရပဲနဲ့ကို

သူ့လက်ထဲမှာ ပြုသမျှနုရပြန်၏။

သာမညဆိုတဲ့ကောင်!

မောပန်းတယ်ဆိုတာရော သူ့ရာဇဝင်

ရှိရဲ့လားမသိ!!

အေးပေါ့လေ သက်လုံကောင်းလို့တောင်

gym trainer ဖြစ်လာတာဆိုတော့

သူ့ဘဝမှာ ဒီကိစ္စကပါမွှားပဲဖြစ်လောက်မှာပေါ့!!

🏠🏠🏠🏠

“ဟေ့ရောင်တွေ သေချာရွှေ့နော်

မကျန်ခဲ့စေနဲ့....."

ဘော်ဒါတွေကိုဆရာလုပ်ရင်းအမိန့်ပေးနေတဲ့

သာ့ရဲ့အသံက တဆာဆာ!!

“ဟေ့ရောင် မင်းပါ ဝင်လုပ်လေကွာ....

ငါတို့ကိုကူလီထမ်းတဲ့ကောင်တွေများ

အောင့်မေ့နေတာလား?? ဟိုဟာတင်

ဒီဟာချနဲ့ဆိုတော့......"

“အော် မင်းတို့ကလဲကွာ ငါကငါ့မိန်းမနဲ့တွေ့ရင် နင်းပေးနှိပ်ပေးရမှာဆိုတော့

ငါ့အင်အားတွေကိုချန်ထားရတယ်ကွ

သူက‌တစ်နေကုန်အညောင်းထိုငိပြီး

ဈေးရောင်းထားရတာ ငါကဒီလောက်တော့

ပြန်လုပ်ပေးမှလေ....."

သာ့အပြောကြောင့် ကောင်းချစ်က

ပြုံးစေ့စေ့ဖြစ်သွားတာမို့ မင်းဆက်က

ကောင်းချစ်နဲ့မျက်လုံးချင်းဆုံကြည့်ကာ

သာ့ကိုပြန်ကြည့်၍

“မင်းဟာက နင်းရုံနှိပ်ရုံပဲဟုတ်နိုင်ပါ့မလားကွ

မင်းညီလေးကငါတို့ထက်ပိုသန်မာတာ.....

ညတိုင်းတော့စားပွဲ ဆွဲဖြစ်မယ်ထင်တယ်....."

မင်းဆက်အပြောကြောင့် သာ ဂုတ်ပိုးကို

ခပ်ဆတ်ဆတ်အုပ်ပေးလိုက်ကာ

“ငါ့မိန်းမကြားရင်ဟိုကမင်းကိုရှက်လို့

တွေ့တာနဲ့ထုလိုက်လိမ့်မယ်......တိတ်ပြီး

လုပ်စရာရှိတာလုပ်တော့....."

ဒီကောင် ‌ခိုင်းစားချင်တိုင်းခိုင်းစားပြီး

အပိုးကိုမကျိုး!!

သူတို့ကလဲ ဒီကောင့်ဆိုရင်ကို

တစ်ဖွဲ့လုံးအချစ်ပိုရတာမို့ သူဘာပြောပြော

မနာနိုင်ကြသူတွေပါ....။

သူ့ရဲ့တစ်‌ကိုယ်ရေသုံးနဲ့လိုအပ်တဲ့

ပစ္စည်းတွေကို ခါးအခန်းထဲကြည့်ကောင်းသလိုရွှေ့နေကြတာဖြစ်သည်။

တစ်ခန်းထဲပဲအတူနေကြတဲ့သူတို့အဖို့

ရေချိုးခါနီးပြန်ပြန်လာပြီးအဝတ်ယူရတာ

ရှုပ်တာမို့ တစ်ခါထဲကနှစ်အိမ့်တစ်အိမ်

ပေါင်းကာ ဒီဘက်ကိုက gym ပဲဖွင့်စားဖို့

ဆုံးဖြတ်လိုက်၏။

အဲ့ကိစ္စကခါးလာမှ ဘယ်လိုလုပ်မလဲ

တိုင်ပင်ပြီးမှ ဆုံးဖြတ်ချက်ချကြမည်။

ဟုတ်တယ်လေ သူမဘက်ကအဲ့အိမ်ကို

ဆက်ပြီး ငှားခပေးရမယ်ဆိုလဲ

သူပေးမှာပါ!!

သူတို့အကုန်လုံးပြီးစီးတာနဲ့ gym

ပစ္စည်းတွေကို နေရာချဲရွှေ့ကာ

ပိုပြီးကျယ်ကျယ်ဝန်းဝန်းရှိအောင်

သူတို့ပြင်ဆင်လိုက်ကြသည်။

“အခုမှပဲပိုပြီးမိုက်သွားတယ်....."

“အွန်း နောက်ငွေအားနည်းနည်းလိုက်နိုင်ရင်

တခြားဟာလေးတွေပါထပ်ဖြည့်ပြီး

နိုင်ငံခြားကလို international fitness club ကြီးလုပ်ချလိုက်မယ်ကွာ......”

သာ့အပြောကြောင့် အားလုံးထောက်ခံရင်း

ဘော်ဒါအရင်းကြီးတွေမို့ သူတို့ပိုက်ဆံကို

မ,ဟကြသည်ဖြစ်ရာ သာနည်းနည်းတော့

စိတ်အေးရလေ၏။

“မင်းတို့ကောင်တွေကိုငါအမြန်ဆုံး

ပြန်လုပ်ပေးမှာပါကွာ....."

ဒီစကားကိုတော့သာ စိတ်ထဲကနေပဲ

ဆိုလိုက်မိကာ အားလုံးကို ကျေးဇူးတင်

အကြည့်နဲ့ပဲကြည့်လိုက်မိလေသည်။

~~~~~~~

“သိမ်းနေပြီလား??......”

“ဟင် မောင်ရောက်လာတာလား??...

ခါး ချိတ်စင်တွေအထဲထည့်နေတုန်း

သူရောက်လာတာမို့ ပျော်သွားလေ၏။

ဘာရယ်မသိ ခါးရဲ့ဆိုင်ကိုသူရောက်လာရင်ကို

စိတ်ထဲအလိုလိုပျော်မိတာပါ!!

“နေပါ ခါးသိမ်းပါ့မယ်....."

ပြောပေမဲ့ သူကခါးလက်တွေကို

ဖြုတ်ချကာ ပြုံးပြုံးနဲ့ပဲစင်တွေကို

အထဲသွင်းပေးနေသည်။

“မမတို့များနော် ယောင်္ကျားများလာရင်

ပြုံးတုံ့ပြုံးတုံ့နဲ့ သဘောတွေကျနေလိုက်တာ...."

ခါး အပြုံးမရပ်ပဲရှိနေပုံကို ဝတီက

အရွှန်းဖောက်တာမို့ ခါးမျက်နှာလေး

ရဲသွားကာဖြင့်....

“မလိုတာတွေမပြောနဲ့.....မြန်မြန်သိမ်း....."

ဆူခံလိုက်ရပေမဲ့ဝတီကတော့

မျက်နှာပိုးမသတ်ပဲနဲ့ အကြည့်နဲ့ရန်စနေတာမို့

ခါး ရှက်ရှက်နဲ့သာ လုပ်စရာရှိတာ

ဆက်လုပ်လိုက်ရ၏။

ပြီးတာနဲ့ ဝတီ့ကိုပိုက်ဆံရှင်းပြီးတော့

သူကထီးဖွင့်ကာ ခါးကိုမိုးပေးရင်းမှ

နှစ်ယောက်သား စကားတပြောပြောနဲ့

အိမ်ပြန်လာခဲ့ကြသည်။

“ခါးအိမ်ဘက်ကိုမောင်ရွှေ့ထားပြီနော်...."

“ဟင် အဝတ်တွေလား??...."

“အကုန်‌....."

ပြောပြီး သူကခါးကိုဆွဲခေါ်ကာ

ဖွင့်ထားပြီးတဲ့အိမ်ထဲဝင်ထိုင်စေ၍

လက်ထဲကထမင်းချိုင့်ကိုယူသွား၏။

ဆေးပေးနေတဲ့အသံကြားတာမို့ ခါးလဲ

နေပူပူထဲပြန်လာရတဲ့အခါ အမောဖြေရင်း

ခဏနေတော့ သူထွက်လာလေသည်။

ပြီးတော့သူ့လက်ကရေတွေကိုအင်္ကျီမှာ

သုတ်လိုက်တာက တွေဝေခြင်းမရှိ!!

“ချိုင့်ဆေးပြီးရင်ရေကိုအဝတ်မှာသုတ်တဲ့

အဲ့အကျင့်ကို မောင်ပြင်မှရမယ်နော်

ခါးလုံးဝမကြိုက်ဘူး....."

ဟုတ်တယ်လေ....သူဝတ်တာတွေက

ပေါပေါပဲ‌ပဲတွေမဟုတ်!! ဈေးကြီးကြီး

ပေးဝယ်ဝတ်ပြီး ဆီနံ့ပေ ဟင်းနံ့ပေနေတဲ့

လက်‌နဲ့ရေပြန်သုတ်တာခါးမကြိုက်....

ခါးတောင်အိမ်နေရင်းဝတ်စုံနဲ့အဲ့လိုမလုပ်....။

ပြောလိုက်တော့လဲပြုံးပြုံးနဲ့ခါးဘေး

ဝင်ထိုင်တဲ့သူက ခါးလက်လေးကို

ဆွဲကိုင်ကာဖြင့်

“ခါးမကြိုက်ရင်နောက်ဆိုမောင်ပြင်ပါ့မယ်နော်....”

“ပြောတာပဲ....."

မကျေမလည်လေးပြောတော့ သူက

မျက်လုံးတစ်ဖက်မှိတ်ပြရင်းမှ မျက်နှာတည်သွား၍

“ဒါနဲ့ခါးကို မောင်ပြောစရာရှိလို့....."

“အင်း ပြောလေ....."

သူအဲ့လိုကြီးမျက်နှာတည့်တည့်

ကြည့်နေတော့လဲ ခါးမနေတတ်ပဲ

ပြောလိုက်ရင်းမှ အိတ်ထဲကဖုန်းလေးထုတ်ကာ အရှက်ပြေနာရီကြည့်လိုက်မိသည်။

“ဟိုဘက်အိမ်ကိစ္စဘယ်လိုလုပ်မှာလဲ??...’

“မောင် gym ဖွင့်ထားတာမလား?? အဲ့လိုပဲ

ဆက်ဖွင့်ထားပေါ့....."

“ငှားခမယူဘူးလား??....."

“တော်ပါပြီ လင်မယားပဲဖြစ်နေပြီကို

ဘာကိုငှားခလဲ??...."

သူမဘက်ကဒီလိုလေးပြောလာတော့လဲ

သာပြုံးမိရင်းမှ သူမပါးကိုရွှတ်ခနဲနမ်းကာ

“မောင့်မိန်းမကအဲ့တာကြောင့်ချစ်စရာကောင်းတာ....."

“ဟွန်း တော်ပါ.....အဲ့ဘက်ကိုလဲနောက်မှ

သေချာပြုပြင်ပြီးတော့ မောင့်အတွက်

gym ခန်းအကျယ်ကြီးဖွင့်ပေးမယ်....."

“နေပါ မောင့်မိန်းမအေးဆေးနေပါ

ကျန်တာမောင်ပဲတာဝန်ယူပါ့မယ်....."

“ကိုယ့်အကြွေးကိုပဲအရင်ပူပါ ကျန်တဲ့

လိုအပ်တာက ခါးလုပ်ပေးမယ်

လင်ပစ္စည်းမယားပိုင် မယားပစ္စည်း

လင်ပိုင်ပဲမလား?? နောက်ဆိုမောင်ဘာပဲ

လိုအပ်လိုအပ်ခါးကိုပြောပြီး တိုင်ပင်ရမယ်ကြားလား??....."

“အွန်းပါ ခါးသဘော မောင့်ကိုခါးပိုင်တယ်....."

မောင်ခေါ်ဖို့လဲသူပဲသင်ပေးထားသလို

အခုထိလဲ သူ့ကိုယ်သူတမောင်ထဲမောင်နေလို့

အူယားပေမဲ့ ကြည်နူးစရာတော့ကောင်းသား!!

အပျိုကြီးဖြစ်တော့မဲ့အချိန် ကောင်လေး

ချောချောလေးနဲ့ရလိုက်သလို အခုလို

အချွဲခံနေရတော့လဲ ကိုယ်ကသူ့အတွက်

အများကြီးအရေးပါတယ်လို့ခံစားမိစေ၏။

အခုလဲ ရင်ခွင်ထဲတိုးဝင်ကာခေါင်းတိုး

ချွဲနေတဲ့သူ့ကို အမြတ်တနိုးသာ

ငုံ့ကြည့်မိလေသည်။

မြတ်နိုးလိုက်ရတာ မောင်ရယ်!!

🏠🏠🏠🏠

“မောင် အကုန်မှတ်ထားတယ်မလား??...."

“မှတ်ထားတယ် ဘာလုပ်မလို့လဲ??....."

သူမက သိန်း၆၀၀လျော်လိုက်ရတဲ့ကိစ္စကို

အစဖော်ရင်း လျော်ကြေးစုထားတဲ့

စာရင်းကိုမေးတာမို့ သာပြန်မေးလိုက်တော့

သူမကငဲ့ကြည့်လာကာ

“ဘာဖြစ်တာလဲ ပြဖို့ဝန်လေးတာလား??...."

“မဟုတ်ပါဘူးဗျာ ခါးသက်သက်

စိတ်ရှုပ်မှာဆိုးလို့ပါ အဲ့ပိုက်ဆံတွေက

မောင်ဖြေးဖြေးချင်းပြန်ဆပ်မယ်လို့

သူတို့ကိုပြောပြီးသား အဲ့တာကြောင့်

ခေါင်းအေးအေးပဲထားထားတယ်....."

“ကျစ် ယူပြဆိုရင်အကြောင်းပြချက်တွေက

များလာပြီ....."

စိတ်မရှည်သလိုသူမမျက်နှာလေးကြောင့်

အစီအငေါ်မကျသေးတဲ့ သူ့ပစ္စည်းတွေထဲက

စာရင်းမှတ်ထားတဲ့စာအုပ်လေးကို

ထုတ်ပေးလိုက်ရသည်။

“ဒါအကုန်ပေါ့....."

ခေါင်းညိမ့်ပြလိုက်တော့မေးပြီးတဲ့

သူမက စာရင်းကိုပြန်ကြည့်နေတာမို့

သာလဲ သူမဘေးပြန်ဝင်လှဲကာ

စာအုပ်ကိုကြည့်လိုက်၏။

“အောင်သူကအများဆုံးစိုက်ထုတ်ပေးထားတာနော်....."

“ဟုတ်တယ်....."

ခါးလဲကိုယ့်မှာရှိတာတွက်ချက်ရင်းနဲ့မှ

စိတ်မှန်းနဲ့တွက်ချက်ကာ

‌“လောလောဆယ် ခါးမှာရှိတဲ့ဟာတွေ

စုထားတာတွေနဲ့ဆို အတိုးနဲ့ဆွဲထားတဲ့

၂၂သိန်းရယ် မင်းဆက်စိုက်ပေးထားတာရယ်

အဲ့နှစ်ခုဖြေရှင်းလို့ရတယ်...."

“မလုပ်ပါနဲ့ မောင့်ဘာသာမောင်

ဖြေရှင်းမယ်....."

“မောင်နော် ခါးပြောသလိုလုပ်

တစ်ခုပဲ မောင်ကအဲ့ဒီ့ gymကရတဲ့

ပိုက်ဆံတစ်ချို့တစ်ဝက်ပဲခါးကို

ပြန်အပ်ရမယ် အလကားသဘောမျိုး

မဖြစ်တော့ဘူးပေါ့.....ဘယ်လိုလဲ??"

သူမဒီလိုပြောလာတော့လဲ သာ

ငြင်းမဲ့စိတ်တို့လျော့သွားကာ စဉ်းစားခြင်းအဖြစ်သို့ကူးပြောင်းသွားလေသည်။

🏠🏠🏠🏠

သူမပြောစကားအတိုင်းရှိတဲ့ပိုက်ဆံကို

အတိုးနဲ့ယူထားတဲ့ 22သိန်းပေးလိုက်တဲ့အပြင်

မင်းဆက်ထုတ်ပေးထားတဲ့ 36သိန်းကို

ပြန်ပေးနိုင်ခဲ့၏။

သူမကတစ်ယောက်ထဲရှာတယ်ဆိုပေမဲ့

စည်းစနစ်ရှိရှိနဲ့ခြစ်ကုပ်တတ်တဲ့လူစားမျိုးမို့

သူမရဲ့စုဘူးလေးကိုခွဲလိုက်တဲ့အခါ

40ရလေသည်။

ကိုယ်ကသာဘေးကနှမြောနေပေမဲ့

သူမကတော့ ကိစ္စကြီးတစ်ခုကိုဂုဏ်ယူစွာ

ဆောင်ရွက်တော့မှာလို ကျေနပ်နေတဲ့

မျက်နှာထားနဲ့သာ သူ့ကိစ္စတွေကိုဖြေရှင်းပေးလေ၏။

သာလဲ gym ကရသမျှပိုက်ဆံအကုန်အပ်ကာ

သူမကထပ်ပြီး ကောင်းချစ်ကိုပေးပေးဖို့

လုပ်နေလေသည်။

သူကိုယ်တိုင်လဲဒီအချိန်တော့အများကြီး

‌မပေးနိုင်သည်မို့ သူမစီမံပေးတာကိုသာ

ဘေးကနေအားဖြည့်ရင်း နောက်မှပဲ

တအိအိနဲ့သူမအတွက် အချစ်တွေရော

ငွေတွေရော အတိုးအရင်းပြန်ပေးမည်။

အတွေးတို့နဲ့ သာ ဘေးနားအိပ်နေတဲ့သူမကို

ငဲ့ကြည့်ကာဖြင့် ချစ်မြတ်နိုးစွာ

နှဖူးကိုအနမ်းခြွေလိုက်မိ၏။

ခါးလွန်းနွယ်ဆိုတဲ့ဒီအမျိုးသမီးကို

ကျွန်တော့ရင်ထဲမှာနေရာလွတ်မရှိအောင်ကို

ချစ်နေမိပြီဗျာ.....။

~~~~~~~

ဒီနေ့ အောင်သူနဲ့နွေသဲမာရဲ့မင်္ဂလာဆောင်!!

သာကတော့ အောင်သူ့မျက်နှာနဲ့

သွားမယ်ဆိုပြီးတောင်းဆိုနေပေမဲ့

ဒီရက်ပိုင်းတွေခါးဟာနေလို့မကောင်း!!

ကိုယ်တွေလက်တွေထိုင်းမှိုင်း‌နေသလို

ခဏခဏမူးရီနေတဲ့ခေါင်းကြောင့်

အားနည်းတယ်ဆိုကာ ကိုယ့်ဘာသာပဲ

အားဆေးတွေဝယ်သောက်နေမိ၏။

အခုလဲသူကပြင်ဆင်နေပေမဲ့ ခါးဒီနေ့

ဆိုင်လဲမထွက်ချင်ပဲ အိမ်မှာပဲနေရန်ဆုံးဖြတ်ကာ ခုံလေးမှာခွေခွေလေးထိုင်နေတာကို

သူကခါးမပါရင်မသွားဖူးချည်းပဲ

ဂျစ်တိုက်နေလေသည်။

“လာပါခါးကလဲ မောင့်ကိုမသနားဘူးလား??

ဟိုရောက်လို့ အတွဲကိုယ်စီတွေဖြစ်နေရင်

မောင်မျက်နှာငယ်ရမှာပေါ့....."

“ခါးတကယ်နေမကောင်းလို့ပါမောင်ရယ်

သက်သာရင်လိုက်ပါတယ်....."

“အဲ့တာဆိုခဏပဲမျက်နှာသွားပြမယ်လေ

ဘာမှမစားတော့ပဲနဲ့ မောင်တို့ပြန်လာကြမယ်

နော်.....ဟုတ်ပြီလား"

လက်ကိုဆွဲထူရင်းအခန်းထဲကိုပွေ့ချီပြီး

ခေါ်သွားတာမို့ နေမကောင်းပေမဲ့လဲ

ခါးမှာ သူ့မျက်နှာငယ်ကိုမငြင်းရက်နိုင်စွာ

အဝတ်အစားဝတ်ရင်း အနည်းငယ်သာ

ပြင်ဆင်နိုင်တော့၏။

“မောင့်မိန်းမက ထွေထွေထူးထူးမပြင်လဲ

လှတယ်....."

ပါးကိုရွှတ်ခနဲနမ်းရင်း စာအိတ်ကိုင်ကာ

သူနဲ့အတူ ခါးနေမကောင်းရက်သားနဲ့ပဲ

မင်္ဂလာပွဲတက်လိုက်ရလေသည်။

.......

“ဝေါ့.....အော့......"

ပွဲထဲရောက်တာနဲ့ လူတွေရဲ့အနံ့အသက်တွေနဲ့အတူ ရလိုက်တဲ့ဒံပေါက်နံ့ကြောင့်

ခါးဟန်မဆောင်နိုင်စွာပျို့လာခြင်းနဲ့အတူ

သူ့လက်ကိုဆွဲဖြုတ်ရင်း အပြင်ကိုပြေးထွက်လာမိ၏။

သာလဲ သူမကြောင့်ပြာယာခတ်သွားကာ

လက်ထဲကစာအိတ်လေးကိုပဲလက်ဖွဲ့ကမ်းတဲ့

နေရာအမြန်ပေးရင်း ပြန်ကမ်းတဲ့ပစ္စည်းတောင်မယူနိုင်ပဲ ခါးဆီကိုထွက်လာမိသည်။

ပွဲနဲ့ခပ်လှမ်းလှမ်းကနေရာမှာ ထိုင်ရင်း

အန်နေတဲ့သူမကြောင့် သာအနားသွားကာ

ကျောပြင်လေးကိုဖွဖွပွတ်ပေးတော့

သူမကမျက်ရည်တွေနဲ့‌ငဲ့ကြည့်လာ၍

“တွေ့လား အဲ့တာကြောင့်မောင့်ကိုပြောတာ

ခါးနေလို့မကောင်းပါဘူးဆို.....အခုတော့

မောင့်ကြောင့်ရှက်စရာတွေဖြစ်ကုန်ပြီ...."

စိုးရိမ်တကြီးနဲ့ပြူကြည့်ကုန်ကြ‌တဲ့

လူတွေကိုပြောတာမှန်းနားလည်တာကြောင့်

သာ သူမခေါင်းလေးကိုရင်ခွင်ထဲထွေးပွေ့ထားပေးကာ

“ဟုတ်ပါတယ် မောင့်အမှားပါ

မောင်တောင်းပန်တယ်နော်....."

သူမနေသာတာနဲ့နှစ်ယောက်သား

ကားငှားကာ အိမ်ပြန်လာခဲ့ကြ၏။

~~~~

“လူနာကကိုယ်ဝန်ရှိနေတာပါ......”

“ဗျာ ကိုယ်ဝန် ဒါဆိုခါးမှာ

ကိုယ်ဝန်ရှိနေ‌တာပေါ့......"

ခါးနေမကောင်းဘူးကြားတာနဲ့

တန်းရောက်လာကြတဲ့မိဘဖြစ်သူတွေက

သာ့ကိုချက်ချင်းဆရာဝန်သွားခေါ်ခိုင်းရင်း

စစ်ကြဆေးကြနဲ့ ကိုယ်ဝန်ဆိုတာသိခဲ့ရ၏။

သာကိုယ်တိုင်လဲပျော်နေသလို မိဘနှစ်ပါးလဲ

ချွေးမလေးအတွက် ဂုဏ်ယူပီတိတွေနဲ့

အကုန်လုံးပျော်နေကြလေသည်။

“မောင်တို့မှာကလေးလေးရတော့မယ်

ခါးပျော်လား??...."

ကလေးတစ်ယောက်သဖွယ်လွတ်လွတ်လပ်လပ်မေးလာတာမို့ ခါး သူ့လက်ကို

ဆုပ်ကိုင်လိုက်ကာ

“ပျော်တာပေါ့ မောင်နဲ့ရတဲ့ကလေးပဲ

ခါးမပျော်ပဲနေပါ့မလား??......”

ခါးတို့မင်္ဂလာဆောင်ပြီးတာ သုံးလသာ

ရှိသေးပေမဲ့ နှစ်လသားအရွယ်ကလေးက

ခါးတို့ဘဝထဲကိုဝင်လာခဲ့လေ၏။

အားလုံးပျော်နေကြတာ ကလေးသိရင်

ဘယ်လောက်ကောင်းမလဲ??

.....

“ဆိုင်မထွက်နဲ့ဦး.....ဒီတလောတော့

ခါးအိမ်မှာပဲနားရမယ်....."

“ပျင်းလို့ပါမောင်ရယ် ကောင်မလေးတစ်ယောက်ထပ်ခေါ်ထားတာပဲ ခါးဘာမှ

ထွေထွေထူးထူးမပင်ပန်းပါဘူး...."

“မောင်စိတ်မချဘူး မောင့်မျက်စိရှေ့ပဲ

နေပါခါးရယ်....."

ကိုယ်ဝန်လနုတာမို့ ဆိုင်မထွက်ပေမဲ့

အခုက ၅လထဲရောက်လာပြီမို့

နည်းနည်းစိတ်ချရပြီဖြစ်ကာ ခါးလဲ

ဆိုင်ထွက်ချင်နေသည်။

ဝတီကခဏခဏသတင်းလာမေးရင်း

သူမလဲအလုပ်မရှိဘူးပြောတာမို့ ခါးလဲ

ဆိုင်ပြန်ဖွင့်ဖို့ကိုစဉ်းစားကာ လူတစ်ယောက်

အပိုထပ်ခေါ်လိုက်သည်။

အခုတော့သူကတားနေပေမဲ့ ခါးလဲ

သူ့လိုကလေးဆန်ဆန်ပြန်ပြီးဂျစ်တိုက်တော့

လက်မခံချင်ပေမဲ့လဲ နေ့တစ်ဝက်ပဲဆိုကာ

မျက်နှာဆူပုတ်ပုတ်နဲ့ပဲလက်ခံလိုက်လေ၏။

ခါးကို ၁၁ခွဲလောက်ဆိုတာနဲ့ လာကြိုတဲ့

သူ့ကြောင့် အဲ့ကထဲကဆိုင်သိမ်းရပြီဖြစ်ကာ

၁၂ဆိုတာနဲ့သူနဲ့အတူအိမ်ပြန်ရသည်။

ပြန်ရောက်ရင်လဲ ခါးကိုအေးဆေးပဲ

နေစေကာ သူကခါးကိုဟင်းချက်နည်း

ပြောခိုင်း၍ သူကိုယ်တိုင်ချက်လေ၏။

အစပိုင်းတွေစားလို့မဖြစ်ပေမဲ့ နောက်ပိုင်း

သူ့ဟာသူနည်းနည်းအဆက်အဟပ်မိတော့

မဆိုးဘူးလို့တော့ပြောရပေမည်။

ခါးကိုအားရှိတာတွေကျွေး အားဆေးတွေ

ဝယ်တိုက်ရင်း ကိုယ်ဝန်သည်ဆော့သင့်တဲ့

အားကစားနည်းတွေကို ပေါ့ပေါ့ပါးပါး

ဆော့ခိုင်းသည်။

ကျန်တာရပေမဲ့ ထရိန်နာတစ်ယောက်မို့

အဲ့အပိုင်းမှာတော့သူကတိကျကာ

သူလိုချင်တဲ့ target မရောက်မချင်း

ခါးကိုအနားမပေး!!

“ခါးမောနေပြီ....."

“မောင်သိပါတယ် နောက်နည်းနည်းပဲ

ခါးထပ်ပြီးကစားပေးရင် ကျန်းမာရေးအတွက်ပိုကောင်းသွားပြီ....."

မျက်နှာလေးရှုံ့မဲ့နေတဲ့ခါးရဲ့ပါးကို

သူကဖွဖွနမ်းရင်း အဓိကသတ်မှတ်ချက်ကို

ရောက်ပြီဆိုမှအနားပေးခိုင်းလေ၏။

သေချာပါတယ် သူ့ရဲ့လေ့ကျင့်ပေးမှုတွေကြောင့် မွေးလာမဲ့ခါးရဲ့ကလေးလေးက

သန်မာနေမယ်ဆိုတာ!!

🏠🏠🏠🏠

ထင်တဲ့အတိုင်း မွေးလာတာနဲ့ ၇ပေါင်ကျော်တဲ့သားလေးက သူနဲ့ခါးနှစ်ယောက်ပေါင်း

ရုပ်လေးဖြစ်ကာ မျက်နှာကလဲရွှင်မှရွှင်!!

gym လာဆော့သူတွေရဲ့အသည်းကျော်မို့

ဆော့သူတွေအရင်ကလိုဆော့ပြီးတာနဲ့

တန်းမပြန်ကြတော့ကာ ဝဝကစ်ကစ်နဲ့

ချစ်မွှေးပါတဲ့သားကို ချီကြမြှူကြနဲ့

သားကတစ်နေကုန်ကို လူပေါ်ကမဆင်းရ!!

ဒါကြောင့် ဆရာသမားကလက်ကြိုက်ကာ

ညဘက်နို့သောက်ပြီး အိပ်ပျော်သွားတဲ့အထိကို မောင်နဲ့ခါးတစ်လှည့်စီအဆက်မပြတ်ကို

ချီထားရလေ၏။

နည်းနည်းလေးအောက်မချလိုက်နဲ့

ချလိုက်တာနဲ့ကိုအော်ငိုတာတစ်အိမ်လုံး

ညံလို့!!!

သူ့အဖွားတွေလဲအားရင်အားသလို

တစ်ပတ်တစ်ခါလောက်သူတို့မြေးကို

လာတွေ့ကြလေသည်။

သားကမျိုးချစ်မို့ အဖွားနဲ့အဖိုးကိုလဲ

တန်းပြီးခင်တွယ်ကာ မြေးဦး‌နေရာကို

ရအောင်ယူနေ၏။

ဒါ့ထက်သားမိသားဖ‌သုံးယောက်ဖြစ်သွားပြီမို့

ဟိုဘက်အိမ်ထဲမှာ အရင်လိုgym

ပစ္စည်းတွေပဲမဟုတ်ပဲ သားရဲ့အရုပ်တွေနဲ့

သားအတွက် ဖျာလေးတစ်ချပ်က

ဝိုင်းအလယ်မှာရှိနေရလေ၏။

သားက gym လာဆော့သူတွေပတ်ပတ်လည်ကြား သူ့အရုပ်တွေနဲ့ဆော့ရတာကို

နှစ်ခြိုက်တတ်တာမို့ အားလုံးကြားထဲ

မင်းသားလေးလို အာရုံစိုက်မှုကိုလဲ

ရယူတတ်လေသည်။

“မောင် ထမင်းစားမယ်လေ.....

သားကိုလဲနို့တိုက်ရမယ် လာခဲ့‌တော့”

သားအဖနှစ်ယောက် လူရှင်းတုန်း

စင်္ကြန်လမ်းမှာ ‌ဆော့နေကြတာမို့

ခါးသွားခေါ်တော့ မောင်ကငဲ့ကြည့်လာကာ

“သားကဆော့လို့မဝသေးဘူးတဲ့....."

“သားကမဝတာလား မောင်ကဆော့လို့

မဝတာလား??....အခုလာခဲ့....."

ခါးလက်တစ်ဖက်နဲ့သားရဲ့ဆော့စရာတွေကို

သိမ်းယူကာ တစ်ဖက်ကသူ့နားရွက်ကိုဆွဲရင်း

ခေါ်တော့ တဟဲဟဲရယ်ရင်းပါလာလေသည်။

တကယ်မနိုင်တဲ့သားအဖရယ်ပါ.......။

🏠🏠🏠🏠

13.7.26

ဆက်ရန်မရှိ ပြီးပါပြီ.....။

« ရှေ့အခန်း - Tenant Boy (အိမ်ငှားကောင်လေး) နောက်ဆုံးအခန်းဖြစ်ပြီး

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ