ညကသူ့အပြုအမူကိုခါးအလန့်ကြီး
လန့်သွားတာမို့ အခုလဲမနက်ခင်း
သူမနိုးခင်ထဲက အစောကြီးထကာ
ခါး ထမင်းပဲထည့်ရင်းမှ ဆိုင်အမြန်သွားရန်
ပြင်ဆင်လိုက်၏။
သနပ်ခါးပါးပါးလိမ်း ဆံပင်ထုံးပြီးတာနဲ့
ခါး ခြင်းတောင်းလေးကိုင်ကာအိမ်ထဲက
အထွက် ဟိုဘက်အိမ်ထဲကနေပြင်ဆင်ပြီး
ထွက်လာတဲ့သူ့ကိုမြင်လိုက်ရတာမို့ ခါး
ပူထူသွားကာ ကျစ်တသပ်သပ်နှင့်ပင်!!
တမင်အစောကြီးထပြီးသွားမလို့ပါဆို
ဒင်းကပါအစောကြီးနိုးနေတာလား??
သော့ခတ်တာအယောင်ယောင်အမှားမှား
ဖြစ်နေတဲ့ခါးရဲ့ပုံစံကိုကြည့်ရင်းမှ
သာပြုံးလိုက်မိသည်။
ထင်တယ်!! ညကအခြေအနေကြောင့်
သူမသူ့ကိုရှောင်ပြေးတော့မယ်ဆိုတာ
သူသိနေတယ်...။
ဒါကြောင့်သာမညကလဲဘယ်ရမလဲ??
ညထဲကနှိုးစက်ပေးထားပြီးအစောကြီး
ရအောင်ထထားတာမို့ သူ့အစီအစဉ်အတိုင်း
ကွက်တိသွားကျ၏။
“ဒီလောက်အစောကြီးဆိုင်သွားမို့လား??...."
“အင်း....."
သော့တစ်ချောင်းကအခုမှဒုက္ခလှလှပေးနေတာမို့ ခါး အံကြိတ်သံလေးနဲ့မချိမဆန့်ဖြေတော့ သာမညကဟွန့်ခနဲရယ်ကာဖြင့်
“ကျွန်တော့ကြောင့်တော့မဟုတ်ပါဘူးနော်...."
“အို ဟုတ်စရာလား?? ဒီနေ့ကြာသပတေးနေ့လေ ဟိုရွာဒီရွာကလူတွေ ဒီနေ့ဆိုပိုကျတယ်
ဒါကြောင့်......"
ပါးစပ်ထဲရှိရာလျှောက်ဖြေရင်းမရတဲ့
သော့ကိုအတင်းဆွဲဖြုတ်နေပေမဲ့သူက
အိတ်ကပ်ထဲကဖုန်းကိုဆွဲထုတ်ကာ
“ Wednesday ဆိုတော့ဗုဒ္ဓဟူးနေ့ဖြစ်ပုံပဲနော် ဒါဆိုဒီနေ့ရော ရွာလူကျပါ့မလား??...."
ခါးရဲ့လက်တွေရပ်တန့်သွားရင်းသူ့ကို
မျက်နှာရဲရဲနဲ့ကြည့်လိုက်မိကာဖြင့်
“မှားပြောတာ ကြာသပတေးမဟုတ်ဘူး
ဗုဒ္ဓဟူး ဗုဒ္ဓဟူးပြောတာ....ဒီနေ့လူကျမှာ..."
ဗြောင်ငြင်းရင်း ရသွားပြီဖြစ်တဲ့သော့ကို
စိတ်အေးသလိုကြည့်ကာ ခါး အောက်နားက
ထမင်းဆွဲခြင်းလေးကိုကောက်ယူတော့
သူကဆွဲခြင်းကိုလက်ပြောင်းယူကာ ခါးရဲ့
ပုခုံးလေးက်ုဆွဲဖက်လိုက်၍
“ကျွန်ဝောာ့ချစ်သူကိုလိုက်ပို့မယ်
စိတ်မချပါဘူး....."
ပိုင်ဆိုင်ပိုင်နင်းမို့ ခါးခြံထဲမှာပဲရှိသေးပေမဲ့လဲ
သူ့လက်တွေကိုဆွဲဖြုတ်ကာ အလန့်တကြား
မျက်နှာလေးနဲ့
“ဘာကိုချစ်သူလဲ ဒို့ဘက်ကမင်းကို
ဘာမှအကြောင်းပြန်တာမှမဟုတ်တာ....."
“ဟုတ်လား ခဏခဏနမ်းပြီးပြီဆိုတော့
ကျွန်တော့စိတ်ထဲချစ်သူတွေပဲထင်တာ
ဒါဆိုရင်တော့ ခါးကိုကျွန်တော့ဘက်ပါအောင် ဆက်လိုက်ရအုံးမှာပဲ.....”
သူကသာခပ်တည်တည်ပြောနေပေမဲ့
ခါးကမျက်နှာလေးမထားတတ်တော့တာမို့
ရှက်ဒေါသလေးနဲ့ပဲ သူ့လက်ထဲက
ဆွဲခြင်းကိုပြန်လုယူကာ
“ဒို့ဘာသာဒို့သွားမယ်....”
“နေပါ ကျွန်တော်လိုက်ပို့ပါမယ်....."
ခြင်းပြန်အယူမခံပဲ ခါးဘေးမှာကပ်လျက်
လျှောက်တဲ့သူက တစ်ချက်တစ်ချက်
မထိတထိနဲ့လဲလိုက်စသေးတာမို့ ခါးမှာ
ပတ်ဝန်းကျင်ကိုလဲဝေ့ကြည့်ရသေးသည်။
သိတဲ့အတိုင်းဒီတိုင်းနေရင်းကတောင်
တစ်ယောက်ထဲဖြစ်နေတဲ့ခါးကိုစိတ်ဝင်စားနေကြတာ!!
အခုလိုသူနဲ့တပူးပူးတတွဲတွဲအပြင်
မထိတထိနဲ့မြင်ကြရင် ခါးအတွက်မကောင်း!!
ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုလက်ခံဖို့အတွက်တော့နှလုံးသားကအချိန်လိုသေးတာမို့
ခါး အရမ်းကြီးမပတ်သတ်ချင်!!
သူအဲ့လိုစည်းမရှိထိတွေ့နေတာတွေကို
သိပ်တော့သဘောမတွေ့လှ!!
ကိုယ်ကသူ့ကိုအဖြေပေးထားသေးတာမှမဟုတ်တာပဲ.....။
အတွေးတို့နဲ့အတူစိတ်ရှုပ်နေတဲ့ခါးနဲ့
သူမနဲ့အတူသွားရလို့ကြည်နူးနေတဲ့
သာမညကတော့ ဆိုင်ကိုရောက်မှန်းမသိ
ရောက်လာရလေ၏။
နည်းနည်းလဲစောသေးတာမို့ဝတီမလာသေးသည်ဖြစ်ရာ ဒီတိုင်းအပြင်မှာသူနဲ့အတူ
မစောင့်ချင်တာမို့ ခါး သူ့လက်ထဲက
ဆွဲခြင်းကိုယူလိုက်ကာ မချိပြုံးပြုံး၍
“ကျေးဇူးပဲ ဆိုင်လဲရောက်ပြီဆိုတော့
သွားတော့နော်.....”
ပြောပြီးသူမက ဆွဲခြင်းတစ်ဖက်နဲ့
ဆိုင်သော့ကိုဖွင့်ရန်ပြင်နေတာမို့ မနေနိုင်တဲ့
သာကပဲသူမလက်ထဲကသော့ကိုဆွဲယူကာ
ဖွင့်ပေးရင်းမှ တံခါးပါဖွင့်ပေးတော့သူမက
ဒီတိုင်းပဲကြည့်နေရက်ကမှ
“ရပြီ ပြန်တော့ဆို....."
“ဘာလို့ခဏခဏနှင်ထုတ်နေတာလဲ??...."
သာလဲစိတ်မရှည်သလိုမေးလိုက်တော့
သူမကအထဲဝင်သွားကာဖြင့် ဆွဲခြင်းကို
ကောင်တာပေါ်တင်ကာ လက်ထဲကသော့ကို
ဘေးနားချလိုက်၍
“နှင်ထုတ်မခံချင်ရင်အလိုက်တသိနဲ့
ကိုယ့်ဘာသာပြန်ရမှာပေါ့...."
“ပြန်မှာပါ ဒီမှာခဏနေတော့ဘာဖြစ်လို့လဲ??....ကျွန်တော့ကိုအဲ့လောက်ပဲမမြင်ချင်
မတွေ့ချင်အောင်အထိမုန်းနေတာလား??...."
သူ့မျက်နှာညှိုးငယ်သွားတာမို့ ခါး
ကျစ်သပ်လိုက်မိရင်းမှ
“အဲ့လိုသဘောမဟုတ်ပါဘူး မင်းနဲ့ဒို့က
ဘာဆက်ဆံရေးမှမဟုတ်ပဲနဲ့ အခုလို
ပူးတိပူးကပ်နေနေရင် ပတ်ဝန်းကျင်ရဲ့
အမြင်ကရှိသေးတယ်လေ...."
“အေးလေ.... ဘာဆက်ဆံရေးမှမဟုတ်လို့ တစ်ခုခုတိုးတက်အောင်ကျွန်တော်
ကြိုးစားမလို့လေ အဲ့တာဆို
ကျွန်တော်တို့တစ်ခုခုပတ်သတ်ရင်တော့
ပတ်ဝန်းကျင်ကဘာမှမပြောလောက်
တော့ဘူးမလား??....”
ကပ်တီးကပ်ဖဲ့ပြောနေတာမို့ ခါး
စိတ်ရှုပ်သလိုမျက်နှာလေးဖြစ်သွားတဲ့အခါ
သူကပြုံးပြရင်းမှ ခါးရဲ့ပါးပြင်လေးကို
ဖွဖွပွတ်သပ်၍
“သိပါတယ် ကျွန်တော်ခါးကိုစနေတာပါ....
ဆိုင်ခင်းကူပြီးရင်သွားပါ့မယ်....."
“မလိုပါဘူး ကလေးကိုစောင့်ဦးမှာ
မခင်းသေးဘူး....."
သူရှိနေရင်တစ်ကိုယ်တည်းရင်ခုန်သံတွေ
မြန်ရင်းအယောင်ယောင်အမှားမှားတွေ
ဖြစ်နေတာမို့ ခါး ဆင်ခြေပေးပြီး
တမင်ပင်ကောင်တာမှာဝင်ထိုင်နေလိုက်သည်။
သူက ခါးကိုကြည့်ရင်းမှ ကောင်းပြီဆိုပုံနဲ့
သက်ပြင်းချ၍
“ခါးအနေခက်ရင်ကျွန်တော်မနှောင့်ယှက်တော့ဘူး ဒါဆိုကျွန်တော်မနက်စာသွားဝယ်
လိုက်ဦးမယ်....."
ခါး ခေါင်းသာညိမ့်ရုံညိမ့်ပြရင်းမှ
ထွက်သွားတဲ့သူ့ကျောပြင်ကိုကြည့်ကာ
ဝေခွဲမရပုံနဲ့တွေဝေသွားရလေ၏။
သူလိုလူငယ်တစ်ယောက်ကမိသားစု
ဆွေမျိုးသားချင်းမရှိတဲ့ တစ်ကောင်ကြွက်
ခါးကိုတကယ်ရောချစ်တာဟုတ်ရဲ့လား??
မတည့်အတူနေစိတ်လှုပ်ရှားပြီးများ
အချစ်ဆိုတဲ့ခေါင်းစဉ်နဲ့ရောနေတာလား??
ဒါမှမဟုတ် သူ့ထက်ကြီးတဲ့အနေအထားမှာ
သူလုပ်ချင်သလို လုပ်လို့ရလို့များ
ခါးကိုကစားနေတာလား??
နွေသဲမာဆိုတဲ့ကောင်မလေးနဲ့စေ့စပ်ပွဲ
ဖျက်လိုက်ပေမဲ့ သူ့စိတ်ထဲမှာအဲ့ကိစ္စအတွက်
တွေဝေနေရင်ရော!!
ခါးဟာဘယ်တော့မှတစိမ်းတစ်ယောက်ကြောင့်နဲ့အတွေးမများတတ်ပေမဲ့
ယခုဝောာ့ ကိုယ့်ဘဝနဲ့လဲဆိုင်သည်ဖြစ်ရာ
လမ်းမှားကိုမရွေးမိအောင်ကိုယ့်ဘာသာ
သတိချပ်နေရလေသည်။
ခါးဟာ တစ်ကိုယ်တည်းရုန်းကန်နေရရင်းမှ
မာနနှင့်သိက္ခာဟူသောမှတ်တိုင်ကို
ပတ်ဝန်းကျင်မှာထွင်းထုထားတာမို့
ဘာမဟုတ်တဲ့အချစ်တစ်ခုအတွက်နဲ့
တစ်သက်လုံးသူများလက်ညှိုးထိုးစရာ
ဖြစ်သွားရရင်ဖြင့်!!!
တွေးလေးအချစ်ဆိုတဲ့အရာကြီးက
ရှုပ်ထွေးလေ!!
ပြီးတော့ သာမညဆိုတဲ့သူ့ကိုလက်ခံဖို့
မဝံ့မရဲဖြစ်လေနှင့် ခါးအတွေးတွေကို
ရပ်တန့်ရင်း ဝတီမလာခင် ခါးခင်းနေတဲ့
တစ်ချို့တစ်ဝက်ကိုခင်းထားဖို့
ပြင်လိုက်လေ၏။
.......
သာ အိမ်မှာသူ့ညီကိုတွေလဲမရှိတော့သည်မို့
တစ်ယောက်စာပဲစားချင်တာလေးတွေဝယ်ကာ ပြန်လာခဲ့ဝောာ့ အခုထိသူမဆိုင်က
ဟုတ်တိပတ်တိမခင်းရသေး!!
အရင်ကဆိုဝတီဆိုတဲ့ကောင်မလေးရဲ့
စက်ဘီးညစ်ညစ်ကလေးကိုမြင်ရတတ်တာမို့
ဒီနေ့မတွေ့ရသည်ဖြစ်ကာ သာ ဇဝေဇဝါတော့ဖြစ်သွားမိလေသည်။
ကောင်မလေးမလာတာများလား??
သူမကသာကိုယ်နဲ့ကင်းချင်နေပေမဲ့
သာကသူမနဲ့ပတ်သတ်ရင် သည်းသည်းလှုပ်
ဖြစ်နေသည်ဖြစ်ရာ အခုလဲဘာမှကြာကြာ
မစဉ်းစားမိပဲနဲ့ သူမဆိုင်ထဲကိုနောက်တစ်ခေါက်ဝင်လိုက်တော့ တစ်ယောက်ထဲ
ဆိုင်ခင်းနေတဲ့သူမကိုမြင်လိုက်ရလေ၏။
“ဟိုတစ်ယောက်မလာတာလား??....."
တစ်ယောက်ထဲမို့ခပ်သွက်သွက်ခင်းရန်
စိတ်ကူးနဲ့ဘေးဘီကိုအာရုံမရှိတဲ့ခါး
သူ့စကားသံကြောင့်လူကလန့်ဖျန့်သွားရသည်။
“ဟုတ်တယ် ဖျားလို့တဲ့!!...."
လက်ထဲမှာ နံပြားနဲ့အီကြာကွေးအပြင်
လက်ဖက်ရည်တစ်ထုပ်ဆွဲလာတဲ့သူက
ကောင်တာရှေ့ကခုံမှာထိုင်တာမို့
မနက်စာစားမည်ဆိုတာသိကာ ခါးဘာမှ
မပြောပဲဆိုင်ပဲဆက်ခင်းနေလိုက်၏။
သာလဲ ဗိုက်ပြည့်ရုံအဖြစ်လောက်စားရင်းမှ
တစ်ယောက်ထဲခင်းနေတဲ့သူမကိုခင်းကူရန်
ပြင်တော့သူ့ကိုငြင်းနေတာက တစိမ်းကျလို့!!
သာကလဲအဲ့လိုအဖြစ်သည်းရင်
ပိုလုပ်ချင်တာမို့ တွေ့ဖူးနေတဲ့ သူမရဲ့
ဆိုင်ခင်းပုံကိုစိတ်ထဲပြန်မှန်းကာ တတ်သလောက်ခင်းပေးလိုက်သည်။
“နေပါဆို ဆက်တိုက်အဲ့လိုလုပ်နေတာ
ဒို့အနေခက်တယ်.....”
ဆိုင်ခင်းတာရပ်သွားတဲ့သူမအပြောကြောင့်
သာ ဒီတိုင်းပဲကြည့်လိုက်ရင်းမှ
“ဒီလိုမှရင်းနှီးမှုယူလို့ရမှာပေါ့....ဒီတိုင်း
အပေါ်ယံသက်သက်မဟုတ်ပဲ ကျွန်တော့
ရင်ထဲကစေတနာနဲ့လုပ်ပေးတာမို့
ခါးခဏခဏမငြင်းပယ်ပါနဲ့....."
ပြောရင်း သူကဆက်လုပ်နေတာမို့
ခါး အားလဲနာသွားရကာဝေခွဲမရ
ဖြစ်မိလေ၏။
သူတကယ်ပဲ ခါးကိုပိုးချင်ယုံသက်သက်
လုပ်နေတာလား??
ဒါမှမဟုတ်သူပြောသလို တကယ်စေတနာနဲ့လား??
ဒါဆိုရင်တော့ ခဏခဏမာထန်မိတဲ့
ခါးအပြစ်ဖြစ်နေတာပေါ့!!
ပကတိငြိမ်သက်နေတဲ့မျက်နှာထားနဲ့
မခင်းတတ်ပေမဲ့ ခပ်တည်တည်ခင်းနေတဲ့
သူ့ကိုငဲ့ကြည့်ငဲ့ကြည့်နဲ့ပဲ ခါးတစ်ယောက်
အတွေးတွေများနေရလေသည်။
ခင်းပြီးတာနဲ့သူက သူ့မနက်စာထုပ်ယူကာ
ခါးကိုငဲ့ကြည့်ရင်းမှ
“ကျွန်တော်သွားတော့မယ်.....ကောင်မလေး
မလာတာမို့ တစ်ခုခုလိုရင်ကျွန်တော့ကို
အချိန်မရွေးဖုန်းခေါ်လိုက်ပါ....."
သူစိတ်များဆိုးသွားတာလားတွေးရင်းမှ
ခါး ဖုန်းထုတ်ကာ ဘလော့ထားမိတဲ့
သူ့နံပါတ်ကိုပြန်ဖြေပေးလိုက်၏။
ပြီးတာနဲ့ နေရာမကျဖြစ်နေတဲ့သူခင်းပေး
ထားသော အဝတ်တွေကိုနေရာတကျပြန်ထားကာ အဝေးကြီးရောက်သွားပေမဲ့
မြင်နေရသေးတဲ့ ကျောပြင်ကိုကြည့်ရင်း
သက်ပြင်းတစ်ချက်ချလိုက်မိသည်။
ဘယ်လိုဖြစ်ဖြစ် ခါးတော့သူ့
စေတနာကိုစော်ကားမိပြီထင်တယ်!!!
🏠🏠🏠🏠
ကိုယ့်ဘက်ကလွန်သွားတာမို့ ခါး
သူ့အတွက် ထမင်းတစ်နပ်လောက်နဲ့
ပြန်ကျေအေးရန်စဉ်းစားလိုက်မိ၏။
သာမန်တိုင်းဆိုခါးဟာသူများရဲ့ခံစားချက်ကို
သိပ်ပြီးအရေးထားလေ့မရှိပေမဲ့အခုက
သူမို့လို့ကို နှလုံးသားကထူးထူးဆန်းဆန်း
ပြန်တောင်းပန်ခိုင်းနေသလို!!!
ဒါပေမဲ့ သူကိုယ့်ကိုလုပ်ခဲ့တာတွေနည်းလား??
သဘောမတူရက် ငြင်းဆန်နေရက်ကြားက
ရအောင်ယူခဲ့တဲ့အနမ်းတွေ!!
ခါးအနေခက်အောင်လုပ်ခဲ့တာတွေ!!
ဒါတွေပြန်တွေးမိလိုက်ပေမဲ့လဲ သူပြောတဲ့
ချစ်လို့ဆိုတဲ့စကားတွေကိုကြားယောင်ရင်
ဘာပဲဖြစ်ဖြစ် ခါးစိတ်တွေလျော့သွားရတာချည်း!!
အခုလဲ ၁၂လောက်ထဲက တစ်ယောက်ထဲ
တအိအိနဲ့သိမ်းရတာမို့ ၁နာရီခွဲခါနီး
ပြီးသွားလေသည်။
ဟင်းချက်စရာထွက်ဝယ်မို့ဆိုင်မှာ
လူမရှိ မထွက်ရတဲ့အခါ ခါးသော့ပိတ်ပြီးမှ
ဈေးထဲပတ်ကြည့်တော့ တော်တော်များများ
ကုန်သလို တစ်ချို့ဆိုသိမ်းတောင်သိမ်းကုန်ကြ၏။
ဘာမှလဲထွေထွေထူးထူးမရှိပဲ
ဘာလုပ်ရင်ကောင်းမလဲစဉ်းစားမိတဲ့အခါ
ခါး ခေါင်းထဲအတွေးတစ်ခုဝင်လာတာမို့
ပြုံးယောင်သမ်းရင်းမှ လိုတဲ့အရွက်
နည်းနည်းသာ ဝယ်ရင်းခါးပြန်လာခဲ့သည်။
ပြန်လမ်းမှ အပျိုကြီးကုန်စုံဆိုင်ဝင်ကာ
ခါး spicy noodles စားကောင်းမဲ့ဟာလေး
ရွေးနေမိ၏။
အမြဲတမ်းထမင်းပဲတူတူစားနေကြမို့
ခေါက်ဆွဲပြောင်းစားကြည့်ရင် တစ်မျိုးတော့
ရင်ခုန်စရာကောင်းမယ်ထင်တယ်!
ဟင်းဟင်း!!
အတွေးထဲမှာပြုံးနေမိတာမို့ ခါး
ကိုယ့်ကိုကိုယ်သတိထားမိကာ မျက်နှာလေး
တည်သွားရလေသည်။
မိခါး နင်ဘာတွေတွေးနေတာလဲ??
“အော် ညီမလေး ခါးပဲ ဘာဝယ်မို့လဲ??...."
“ခေါက်ဆွဲထုပ်လေးဝယ်မလို့....."
လှလှပပပြင်ထားဆင်ထားတဲ့
အပျိုကြီးကြောင့်ခါးပြုံးရင်းပြောတော့
သူမက တွန့်နေတဲ့ဆံပင်ကောက်ကောက်
တွေကိုလက်နဲ့ဖွကာဖြင့်
“ခါးနဲ့တိုးတာအတော်ပဲ အစ်မတောင်
ခါးတို့အိမ်လာမလို့.....”
“ဟင် ခါးတို့အိမ်....."
ခါးဆီမဟုတ်တာတော့သေချာမည်။
ခန္ဓာကိုယ်ဝဝမှာ ဂျိုင်းပြတ်ဆွဲသား
အင်္ကျီဝတ်ထားတာမို့ အပျိုကြီးပေမဲ့
ဖွံ့ထားတဲ့အစိတ်အပိုင်းတွေနဲ့အတူ အောက်မှာ
ဒူးလောက်ပဲရှိတဲ့အသားကပ်ဘောင်းဘီကို
ဝတ်ထားတဲ့အတွက် ပေါင်စိုင်တွေနဲ့အတူ
သူမရဲ့
ခန္ဓာကိုယ်ကအချိုးတောင်ပေါ်နေ၏။
ဒီအနေအထားနဲ့ဒီလိုပြောလာတာမို့
ခါး မျက်နှာလေးအပျက်ပျက်နဲ့
ဖြစ်နေတဲ့အခါ အပျိုကြီးမသိမ့်က
ခစ်ခနဲရယ်ကာ ခါးရဲ့လက်မောင်းကို
ဗျန်းခနဲရိုက်ချကာဖြင့်
“ခိခိ ခါးဆီရယ်တော့မဟုတ်ပါဘူး
ဟိုဘက်အိမ်ကမှောင်ငေးဆီလာမှာ......”
“မှောင်ငေး....ဘာကြီးလဲဟင်....."
ခါးနားမလည်ပြန်မေးတော့ ရှက်ကန်းကန်းနဲ့
သွားဖြီးရယ်ပြကာ သူမရဲ့ဆံပင်တွေကို
တစ်ခါပြန်ဖွကာဖြင့်
“မောင်လေးလို့ပြောတာ ခါးတို့ဘေးက
မောင်လေးကို gymလာဆော့မယ်ပြောထားလို့ အဲ့တာဒီနေ့ တူမလေးဆိုင်လာစောင့်
ပေးတာနဲ့သွားဆော့မလို့လေ ဒါနဲ့
အစ်မလှရဲ့လားဟင်......အဟိဟိ"
အပျိုဖျန်းလေးသဖွယ်ပြုမူနေပေမဲ့
ခါးကတော့ စိတ်ညစ်သလိုရှုံ့မဲ့ချင်နေတဲ့
မျက်နှာလေးကိုထိန်းထားကာဖြင့်
“လှ လှပါတယ် အစ်မကယုံကြည်ချက်
ရှိပုံပဲနော်....."
“ရှိတယ်ရယ်တော့မဟုတ်ပါဘူး ကြိုးစားရတာပေါ့.....ဒါတောင်တူမကတော်လောက်ပြီတားလို့ တစ်ဝက်လောက်ပဲပါသေးတာ....
မဟုတ်ရင်တော့ မသိမ့်ရဲ့အလှတွေအကုန်
ဖွင့်ထုတ်မိမှာ....."
တားပေးတဲ့တူမလေးကိုသာ ရှစ်ခိုးပြီး
ကျေးဇူးတင်ရမလို!!
ခါး မချိပြုံးလေးနဲ့အတူ ခေါက်ဆွဲခြောက်
ထုပ်တွေယူရင်းမှ ကြက်ဉငါးလုံးနဲ့အတူ
ကြက်အူချောင်းတွေပါဝယ်လိုက်သည်။
“သဲတုံးလေး မမခါးကိုလျှော့ပေးလိုက်နော်..."
ဘာကြောင့်လျှော့ခိုင်းတယ်သိတာမို့
ခါး ဟန်ဆောင်တောင်မပြုံးနိုင်ပဲ
ပေးတဲ့အထုပ်ယူကာထွက်တော့ မသိမ့်က
ဘေးနားကပ်လာရင်းမှ ခါးလက်မောင်းကို
လာဖက်ဝာာမို့ သူမရဲ့ရင်ဘတ်က
ခါးလက်မောင်းကိုထိကာ အိစိအိစိ!!!
မိန်းကလေးချင်းတောင်ဒီလိုဖြစ်နေတာမို့
သာမညကိုသာ ဒီလိုတွေသွားလုပ်ရင်ဖြင့်!!
“ဟိုရောက်ရင် ခါးက အဲ့မောင်လေးဆီ
အစ်မကိုအသိအနေနဲ့သေချာအပ်ပေးနော်
သူနဲ့အစ်မသာအိုကေရင် နောက်ဆိုဆိုင်မှာ
ခါးဘာဝယ်ဝယ်အစ်မက ကျေးဇူးဆပ်တဲ့အနေနဲ့ တစ်ဝက်ကိုfree ပေးမယ်...နော်..”
ကလေးငယ်သဖွယ်တောင်းဆိုနေတဲ့
သူမရဲ့နှုတ်ခမ်းရဲရဲက လိုတာထက်ပိုပြီး
ခြယ်သထားတာမို့ ခါး ဟန်ဆောင်ပြုံး
လေးနဲ့သာမျက်နှာလွှဲရင်း ရနေတဲ့ရေမွှေးနံ့
ပြင်းပြင်းကို အသက်အောင့်ထားရလေ၏။
မသိမ့်ဒီလောက်ပွင့်လင်းတတ်မှန်း
ခါးအခုမှသိတော့တယ်!!
________
ခြံရှေ့ရောက်တာနဲ့သူ့ကိုယ်သူပြန်ပြီး
သ,နေတဲ့ မသိမ့်ကခါးကိုတစ်ခါပြန်
ငဲ့ကြည့်ကာဖြင့်
“အစ်မအိုကေရဲ့လား??...."
“အိုကေပါတယ်....."
သူ့ဟာသူတော့ဟုတ်နေတာပဲမို့
ဒီလောက်ပဲပြောတော့ သူမကရှေ့ကနေ
အိမ်ထဲဝင်သွားကာ ဟိုဘက်အိမ်ကို
ဦးတည်၍ ခပ်သွက်သွက်လှမ်းသွားသည်။
ခါးတောင်မိတ်ဆက်ပေးဖို့မလိုဘူးပဲ!!
သွက်လိုက်တာ!!
“မောင်လေး!!!!!!!!!!!!....မမလာပြီ......."
အသံကျယ်ကြီးနဲ့လှမ်းခေါ်တာမို့
ထရိန်နင်ဆင်းပေးနေတဲ့ သာတောင်
လန့်ကာလှည့်ကြည့်မိတော့ ဟိုတစ်ခါ
ကုန်စုံဆိုင်ကအပျိုကြီးဆိုတဲ့အစ်မဖြစ်ကာ
လာတာကတော့ သူ့ဆီကိုဦးတည်နေတာဖြစ်၏။
အားလုံးကိုဝေ့ကြည့်မိတော့ သူတို့ကိုကြည့်ကာ ပြုံးစေ့စေ့ဖြစ်နေတာမို့ သာ
အနည်းငယ်တောင် အို့တို့အန်းတန်း
ဖြစ်သွားတော့ သူမကအနားတိုးလာကာဖြင့်
“မောင်လေး အစ်မလှရဲ့လားဟင်...."
“ဟင် လှ လှပါတယ်....."
မကောင်းတတ်တာမို့ပြောလိုက်တော့
သူမက ဂျိုင်းပြတ်ဝတ်ထားတာကြောင့်
ပေါ်ထင်နေတဲ့သာ့ရဲ့လက်မောင်းက
ကြွက်သားတွေကို လက်သီးဆုပ်နဲ့
ခပ်နွဲ့နွဲ့ထုကာဖြင့်
“ဝွန်း မောင်လေးကလဲ ဒဲ့ကြီးပဲ....."
“ ဟောဗျာ!!!..."
သူပဲမေးလို့ဖြေတာကိုဒဲ့ကြီးဆိုပြီး
ဟန်မူနေတာမို့ သာစိတ်ညစ်သွားပေမဲ့
ဘယ်လိုလူမျိုးပဲလာလာ အကောင်းဆုံး
ထရိန်နင်ပေးရမှာက သူ့တာဝန်ပဲမို့
စိတ်ညစ်တာတွေဘေးဖယ်ထားကာဖြင့်
“အစ်မ ရောဂါအခံတွေဘာတွေ
မရှိဘူးမလား??....."
“အို ရောဂါဆိုပြောမနေနဲ့ အစ်မက
ဝမ်းချုပ်တာတောင်မရှိဘူး...ခန္ဓာကိုယ်က
ဒေါင်ဒေါင်မြည် အမောလဲခံနိုင်တယ်
အစ်မကအပြေးပြိုင်ရင်တောင်
မြင်း၁ကောင်အားနဲ့ညီမျှတယ်....”
“အော် ထင်တာထက်ပိုသန်မာတာပဲ....."
မချိုပြုံးနဲ့ပြောလိုက်ရတဲ့သာ တံခါးဝမှာ
ပြုံးစေ့စေ့ကြည့်နေတဲ့သူမကိုမြင်တာမို့
ပိုပြီးစိတ်ညစ်သွားရလေသည်။
“မောင်လေး မမကိုပြောထားသလို
ကိုယ်ဖိရင်ဖိအကုန်ဖိပြီးသင်ပေးရမယ်နော်
မမက အရင်ကမဆော့ဖူးပေမဲ့
မောင်လေးကိုအားကိုးပြီးလာခဲ့တာ...."
ရင်ခွင်ထဲပဲထွေးပွေ့ပေးထားရမလို
ဖြစ်နေတဲ့အနေအထားကြောင့် သာ
စိတ်ရှုပ်ရှုပ်နဲ့သာ ဆံပင်တွေဆွဲဖွရင်းမှ
ကောင်းကြီးကိုဆွဲခေါ်လာ၍
“သူ့ဆီကသွေးပူအရင်သင်လိုက်နော်...."
“ဝွန်း မောင်လေးသင်ပေးစေချင်လို့
တကူးတကလာပါတယ်ဆို....."
“သင်ပေးမှာပါ အခုကကျွန်တော်
လုပ်လက်စတွေရှိနေသေးလို့ လောလောဆယ်
သူနဲ့အတူ သွေးပူစမ်းလုပ်နှင့်နော်.....”
ချော့ပြောမှပဲ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ခေါင်းညိမ့်သွားလေ၏။
ထိုအခါမှ သာသက်ပြင်းချရင်း
သူမကိုငဲ့ကြည့်တော့ ခပ်ပြုံးပြုံးနဲ့
ခေါင်းယမ်းပြရင်းထွက်သွားလေသည်။
ဟင်း!! ငါ့နှယ်နော်!! ရုပ်ချောရတာလဲ
တစ်ခါတစ်လေတော့မလွယ်သား!!
အခန်းမှတ်ချက်များ (0)