Bububai ဝတ္ထု Tenant Boy (အိမ်ငှားကောင်လေး) အခန်းစာရင်း

အပိုင်း(၁)

“အစ်မရယ် ကျွန်မတို့နဲ့အကြာကြီးအထိ

နေမှာဆို အဟင့်အဟင့် အစ်မကျွန်မတို့ကို

အခုလိုပဲထားခဲ့ဝောာ့မှာလား??.....”

ငိုသံတွေအကျယ်အပြောကြားနေရပေမဲ့

တူမအရင်းဖြစ်တဲ့ ခါးကတော့ ထောင့်လေးမှာ

ဖာသိဖာသာလေးပဲထိုင်ရင်းမှ မငိုမရီလေးနဲ့

ရှိနေလေသည်။

ဒီမြို့မှာက မသန်းဆင့်ဆိုသူကို မသိသူ

မရှိသလောက်ရှားဝာာမို့ သူမရဲ့အသုဘမှာလဲ

စည်ကားသိုက်မြိုက်နေလေ၏။

တစ်ချို့ရင်ထဲမှာ တကယ်ပဲဝမ်းနည်းနေသလား?

ဟန်ဆောင်ပဲလုပ်နေသလားတော့ ခါးမပြောတတ်!!

သေသူကို မကောင်းမပြောကောင်းပေမဲ့

အသက်ရှိစဉ်တုန်းကဆိုအဒေါ်က

အပေါက်ဆိုးဆိုး အာကကျယ်ကျယ်

အတိုးပေးစားတဲ့ လူမို့လို့ တစ်ရက်တစ်ရက်

ငြင်းခုံစကားများရတာကမနည်းမနော!!

ခါးကိုဆိုအမြဲတမ်း အတိုးသွားတောင်းခိုင်းပေမဲ့

ကိုယ်ကသနားတတ်တတ်နဲ့ဆိုတော့ အတိုးက

မရလာတာများလေသည်။

“ညည်းမှာလဲလေ သောက်လုပ်လေးခိုင်းတာက

တစ်ခု အေအဲ့အလုပ်ကိုလဲဘယ်တော့မှ

ဖြစ်ဖြစ်မြောက်မြောက်လုပ်လာတယ်မရှိဘူး

ညည်းဟာတွေကမရှိဘူးပြောတိုင်း အင်းအဲနဲ့

ပြန်လာစရာလား?? ညည်းမှာဦးနှောက်ရောရှိရဲ့လား??...."

အဒေါ်ဖြစ်သူ စိတ်တိုတိုနဲ့မျက်နှာကြီး

မဲတင်းပြီးပြောနေပေမဲ့လဲ

ခါး စိတ်ရှုပ်ရှုပ်နဲ့သာ မျက်ခုံးလေးကျုံ့ရင်းမှ

“ခါးလဲတောင်းပါတယ် ‌အဒေါ်ရဲ့

ဒါပေမဲ့ မမျိုးပမှာလဲတကယ်ကိုပေးစရာမရှိလို့လေ

သူ့ကလေးတောင်ဒီနေ့ဖျားနေတာ ဆေးဖိုး

ပေးစရာမရှိလို့ဆေးခန်းတောင်မပြရဘူးကြားတယ်

အဒေါ်ဒီနေ့တစ်ရက်ဖိုးလေးပဲဖြစ်ဖြစ်

လျော်ပေးလိုက်သင့်တယ်.....”

“အို လျော်စရာလား?? အဲ့တစ်ရက်ခကလဲ

တစ်သောင်းနီးပါးပဲကို ငါကအလကားတော့

မ‌ပေးနိုင်ပါဘူး အဲ့လိုသာဆိုရင်

အစောထဲကဒီပိုက်ဆံတွေငါကအတိုးမယူပဲ အသားလွတ်ချေးပေးလိုက်မှာပေါ့....

ညည်းဦးနှောက်မှကောင်းသေးရဲ့လား??”

ခါး ညိမ်ကျသွားရင်းမှ ဘာဆက်ပြောရမှန်းပင်မသိ!!

ခါးရဲ့အဒေါ်ကအတိုးနဲ့ပတ်သတ်ရင်

ဘယ်လောက်ထိရင်းနှီးနေပါစေ!!

မျက်နှာသာပေးတတ်တဲ့လူမျိုးမဟုတ်....။

ဆွေမျိုးသားချင်းနဲ့တောင်ရန်ဖြစ်စကားများရတဲ့အထိ အတိုးမှအတိုးဖြစ်ခဲ့သည်။

“အတိုးပေးတဲ့လူတွေကအဲ့အတိုးလိုချင်လို့

ပိုက်ဆံတွေပုံအပ်ပြီးပေးလိုက်တာလေ

မဟုတ်ရင် ငါကသူတို့ကိုဒီအတိုင်းအသားလွတ် ပေးလိုက်မှာပေါ့ ညည်းစဉ်းစားကြည့်စမ်းပါ....”

အမြဲတမ်းပြောနေကျစကားလုံးတစ်ခုဖြစ်နေတာမို့ ထိုစကားကခါးရဲ့နားထဲကမထွက်!!

တွေးနေတုန်း ခပ်ဆတ်ဆတ်ပြန်ရောက်လာတဲ့

အဒေါ်က ချိုင်းကြားကပိုက်ဆံအိတ်ကို

ဘတ်ခနဲချကာ လက်ကောက်တွေ

သီနေအောင်ဝတ်ထားတဲ့လက်နဲ့အ‌

မောတကောယပ်ခပ်ရင်းမှ နှုတ်ခမ်းထက်မှာ

ဝေ့သီနေတဲ့ချွေးစတွေကို ဒီလိုပဲမြန်မြန်

သုတ်ဖယ်ကာဖြင့်

“တွေ့လား ညည်းလိုအတိအတ မိန်းမအ,ကို

အကြွေးပေးမဲ့လူတွေကအမြဲတမ်း

နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး ပြန်လွှတ်တာ

ငါ့ကျတော့သူတို့နားလှည့်ပါးရိုက်လို့မရဘူးလေ သန်းဆင့်ဆိုတဲ့မိန်းမကိုအဲ့လိုအချိုးမျိုး

လာလုပ်ရင်တော့ ဟွန်းဟွန်း သန်းဆင့်အကြောင်းကိုကောင်းကောင်းသိသွားရ‌စေမှာပေါ့....."

မာန်ပါပါပြောရင်း တွန့်ရယ်လိုက်တဲ့

အဒေါ်ဖြစ်သူကြောင့် အတိုးရလာပြီဆိုတာ

ခါးသိလိုက်ရ၏။

ပေးစရာမရှိတဲ့လူကိုဘယ်လိုများတောင်းခဲ့ပါလိမ့်!!

ခါးကိုမျက်နှာရိပ်မှန်းမိတဲ့အဒေါ်က နှုတ်ခမ်းထူထူတွေကို မဲ့ရွဲ့ပြုံးပြကာဖြင့်

“သူ့ဈေး‌ခြင်းတောင်းအတင်းဆွဲယူပြီး

ယူခဲ့လိုက်တယ်လေ ဘယ်ရမလဲ

အဲ့ဒီ့ မျိုးပဆိုတဲ့ကောင်မက လာယူရင်သာ

ပြုံးတုံ့ပြုံးတုံ့ ပေးခါနီးဆို လင်နေမကောင်းတာရော သားနေမကောင်းတာရော

ငါ့ကိုအဲ့တာတွေလာပြောတော့ငါက

ဘာလုပ်ရမှာလဲ?? သူ့လင်နဲ့ငါပေါင်းပြီး

အဲ့ကလေးထွက်ထားတာမှမဟုတ်တာ

နေမကောင်းတာ ကောင်းတာ သူ့ဘာသာ

ကိုင်တွယ်ဖြေရှင်းပေါ့ ကုတ်ကမြင်းမက

ကလေးတော့ယူတုန်းကယူပြီး အဆင်မပြေမှ

ဟိုဟာကုရတယ်ဒီဟာကုရတယ်လာပြီး

ရှင်းပြနေသေးတယ် တကယ်ပါ

အဲ့ကောင်မအကြောင်း ပြောရတာတောင်

ပါးစပ်သနတယ်....."

ဇက်ဇက်နဲ့ထထွက်သွားတဲ့အဒေါ်ကိုကြည့်ရင်း

ခါး ပုံမှန်လိုပဲသက်ပြင်းကြီးတစ်ချက်

ချလိုက်မိတဲ့အဖြစ်!!

သူများအပူစာကိုမြိန်ရေရှက်ရေစားနေတဲ့

အဒေါ်ကြောင့် ခါးဟာ မိဘတွေဆုံးပြီးထဲက

အဒေါ်အိမ်မှာနေရပေမဲ့ ကိုယ့်ဘာသာ

ဖြစ်သလိုရပ်တည်ခဲ့တာဖြစ်သည်။

ရသမျှဆိုင်ပေါင်းစုံမှာအလုပ်ဝင်လုပ်ရင်း

ရသမျှလစာကလဲသူ့အကုန်အပ်ရ‌သေး၏။

အဲ့ကြားထဲတစ်ကိုယ်ရေသုံးလိုလို့ပြန်ပြီး

တောင်းမိရင်တောင် ကိုယ့်ပိုက်ဆံနဲ့ကိုယ်ကို

အဆူအဆဲကခံရသေးတာ!!

နောက်ပိုင်း ခါးလဲကိုယ့်ဘာသာသူမသိအောင် စုမိထားတာလေးနဲ့ကိုယ်ပိုင်အထည်ဆိုင်

သေးလေး‌ဖွင့်ပြီး အဒေါ်ရဲ့လောင်းရိပ်အောက်က တစ်ဝက်လောက်တော့

ရုန်းထွက်နိုင်ခဲ့၏။

ခါးတို့မိဘနဲ့အဒေါ်နဲ့က တစ်ခြံထဲ

အိမ်နှစ်အိမ်ဆက်ဆောက်ပြီး ဘယ်သူခွဲခွဲ

မကွဲတဲ့ဆက်ဆံရေးမျိုးနဲ့နေခဲ့ရတဲ့အဖြစ်!!

ယောင်းမဖြစ်တဲ့အမေ့ကိုလဲတစ်ခုမဟုတ်တစ်ခု ပြသနာရှာပေမဲ့ မောင်ဖြစ်တဲ့အဖေ့မျက်နှာကြောင့် သည်းခံရခဲ့သလို ဒီအိမ်ကနေ

ခွဲထွက်ဖို့ရာလဲနည်းလဲမရှိပေ!

သူအတိုးရှာပြီးအဖေ့ကိုထောက်ပံ့တာမို့

အဖေဟာလဲ သူ့အစ်မစကားကို

မလွန်ဆန်နိုင်ပေ!!

အဖေတို့သေပြီး လတောင်မခြားလိုက်

ခါးတို့ဘက်ခြမ်းကအိမ်ကိုအငှားစာချုပ်နဲ့

ငှားစားလိုက်တဲ့အဒေါ်ကြောင့် တစ်ဦးတည်း

ကျန်ခဲ့တဲ့ခါးဟာ အဒေါ့်အိမ်ပေါ်တက်နေရရင်းမှ အဒေါ်ကြိုးဆွဲရာကိုကရမည့်အကြောင်းခံဖြစ်လာခဲ့လေသည်။

အမေနဲ့အဖေနေခဲ့တဲ့အိမ်မို့ ခါးကတော့

လူမနေရင်တောင် ဒီတိုင်းပဲအေးဆေး

ထားချင်ပေမဲ့ တစ်ယောက်ဆင်းတစ်ယောက်တက်နဲ့ တန်ဖိုးမထားတဲ့လူတွေရဲ့လက်ထဲ

အဲ့ဘက်အိမ်လေးရဲ့ ကွပ်ပြစ်တွေ ခေါင်မိုးတွေ တခြားနေရာထိုင်ခင်းတွေဟာ ဆုတ်ယုတ်လာရလေ၏။

ဒါပေမဲ့လဲခါးမှာပြောပိုင်ခွင့်မရှိ!!

ခါးဟာ အဒေါ်ပေးနေလို့သာ အိုးမဲ့အိမ်မဲ့

ဖြစ်မသွားတာ!!

အဲ့အိမ်ဟာလဲသူပဲအကုန်ခံပြီးဆောက်ပေးထားတာမို့ ခါးနဲ့မဆိုင်ဆိုတာကလဲ

ခဏခဏထည့်ပြောလေသည်။

“ဟဲ့ မိခါး ညည်းအဒေါ်အသုဘမှာအေ

မသာ နားလဲနည်းနည်း ကပ်ပါဦးအေ့

ညည်းကလဲမသိရင်တစိမ်းကျနေရော.....”

တစိမ်းဆိုရင်တောင်ကောင်းမယ်လို့

ဟစ်ကြွေးလိုက်ချင်ပေမဲ့ ခါး ဒီလိုနေ့မျိုးမှာ

ဘယ်လိုမကောင်းတဲ့စကားမျိုးကိုမဆို

ပါးစပ်ကမထွက်ချင်တာမို့ တိတ်တဆိတ်

အခေါင်းနားသွားကာ အဒေါ့်ရဲ့ရုပ်ကလာဘ်ကို နောက်ဆုံးအကြိမ်ကြည့်လိုက်၏။

အသံတပြဲပြဲငိုနေကျသူတွေက အဒေါ့်ရဲ့

ဆွေမျိုးတွေဖြစ်ကာ တကယ်လား?? ဟန်‌လုပ်နေလား??

သေကာမှ အမွေလိုချင်၍လားတော့မသိ!!

မသာပိုင်ရှင်တွေမှန်းသိအောင်ကို

တမင်တကာ မဏ္ဍပ်တိုင်တပ်ပြနေကြလေသည်။

ခါး ဘယ်လိုခံစားမှုမျိုးမှမရှိအောင်ကို

ငြိမ်သက်နေ‌မိလေ၏။

ခဏအကြာ မသာကားရောက်လာတာမို့

အားလုံးတအံ့တဩဖြစ်သွားကြလေသည်။

“ဟယ် မသာကိုသုံးရက်မထားဘူးလား??...”

“မထားတော့ဘူး ထားလဲဘာထူးလို့လဲ

သုံးရက်နေလဲအသုဘချရမှာပဲကို...."

အသံတိုးလေးနဲ့ခါး ခပ်တည်တည်ပြောတော့

အကုန်လုံးကြောင်ကုန်ရင်းမှ အားလုံး

နေရာတရှဲရှဲဖြစ်သွားကာ အသုဘထမ်းစင်ကို

ကားပေါ်တင်ရင်းမှ နောက်ကနေလူတွေဟာလဲ

အလျှိုလျှိုလိုက်ပါသွားလေ၏။

“မိခါး နင်ကအသုဘရဲ့မိသားစုဝင်လေ

နင်မလိုက်ပဲဘာလုပ်နေတာလဲ??...."

“တော်ပါပြီ ခါး နားအုံးမယ်ခဏ.....”

ပြောပြီး အိမ်ပေါ်ပဲတက်ခဲ့လိုက်တဲ့ခါး

သူများတွေရဲ့အမြင်ကိုလဲဂရုမစိုက်နိုင်!!

ယခုနေ ခါးကိုပျော်လားလို့မေးရင်

ခါးမပျော်ပါ!!

သို့ပေမဲ့ ဝမ်းနည်းလားလို့မေးရင်လဲ

ဟင့်အင်းလို့ပဲဖြေမည်။

တကယ်လဲခါးဟာဝမ်းမနည်း!!

တအိမ်ထဲအတူနေခဲ့ရပေမဲ့ သဘောထားချင်း

မတိုက်ဆိုင်ခဲ့တဲ့ခါးတို့တူမရီးက

ပြဒါးတစ်လမ်းသံတစ်လမ်းလိုပင်!!

ထို့ကြောင့် ရေစက်ရှိသလောက်ဝဋ်ကြွေး

ကုန်သွားတဲ့ခါး ယခုအချိန်မှာတော့

တစ်ယောက်တည်းအေးချမ်းစွာသာ

နေရပေတော့မည်လေ.....။

🏠🏠🏠🏠

ရက်လည်စွမ်းပြီးမှပြန်ကျတဲ့အမျိုးတွေဟာ

မပြန်ခင်လိုချင်တာကို အားမနာတမ်း

ပြောသွားကျတာမို့ ခါးဟာ အဒေါ့်ရဲ့

ငွေတွေအားလုံးကို တပြားတချပ်မှ

မချန်ပဲသူတို့လက်ထဲအပ်ပေးလိုက်လေသည်။

မောင်နှမအရင်းဖြစ်တာမဖြစ်တာ

ခါးနားမလည်!!

အဓိကက ခါးဟာလဲဒီငွေတွေကိုသုံးမှာ

မဟုတ်တာမို့ တစ်ခါထဲဇယားရှင်းပေးလိုက်တော့ ဆွေမျိုးဆိုသူတွေက တစ်ညတောင်

အောင့်အီးမနေပဲနဲ့ အလျှိုလျှိုပြန်သွားကြလေ၏။

ထိုအခါမှခါးလဲ ဖင်ကိုပြားနေအောင်

ထိုင်ရလေတော့သည်။

ဘယ်လိုမဆို အဒေါ့်ရဲ့ဆွေမျိုးဟာလဲ

ခါးမိဘတွေရဲ့ဆွေမျိုးပဲမို့ ကိုယ့်မှာ

ချက်ပြုတ်ဧည့်ခံတာကို တစ်ပတ်လုံး

ပြားပြားဝပ်အောင်လုပ်လိုက်ရလေသည်။

အခုမှပဲသက်သာရာရ‌တာမို့ ခါး

ကုလားထိုင်မှာ ထိုင်ကာအနားယူတုန်း

အိမ်ထဲဝင်လာတဲ့ ‌မယုက ခါးဘေးကခုံကို

ဝင်ထိုင်ကာ လက်ကိုတို့ရင်းမှ

“ဧည့်သည်တွေမပြန်သေးလို့မလာတာ

အခုပြန်သွားပြီဆိုတော့ ညည်းနဲ့အိမ်ငှားမဲ့

ကိစ္စအကြောင်းပြောမလို့.....”

သူမကိုယ်တိုင်ကနားမကြားပေမဲ့

မကြားတာကကိုယ်လားထင်ရအောင်

အသံကျယ်ကြီးပြောတတ်တဲ့ မယုကြောင့်

ခါး နားအူသွားပေမဲ့ သူ့ကိုအဲ့လိုပုံလုပ်ရင်

မကြိုက်တတ်တာမို့ မြိုသိပ်လိုက်ကာ

ခါး ခေါင်းကိုဖြေးဖြေးယမ်းရင်းမှ

“မငှားတော့ဘူးလေ ခါးမိဘတွေရဲ့အိမ်ကို

အေးဆေးလေးပဲထားချင်တယ်

သူတို့နေခဲ့တဲ့နေရာလေး လူတကာ

ဝင်ထွက်သွားလာ ညစ်ပတ်နေတာတွေ့ရင်

ခါးမိဘတွေလဲစိတ်ညစ်မှာ..….."

အဒေါ်ရဲ့လက်စွဲတော် ပွဲစားမယုက

ခါးရဲ့ခပ်ကျယ်ကျယ်အဖြေကြောင့်

သူမရဲ့ပွဲစားခပိတ်တော့မည်ဖြစ်ကာ မျက်နှာကြီး ရှုံ့မဲ့သွားကာဖြင့်

“အလကားထားမဲ့တူတူ တစ်လ

တစ်သိန်းလောက်ရတော့လဲနည်းလား??

ညည်းတို့အိမ်ကသန့်တော့ငှားချင်သူတွေ

ဝိုင်းစီနေတာ ညည်းလဲသိတာပဲ....."

လူကပင်ပန်းရတဲ့ကြားထဲ အာကျယ်အာကျယ်နဲ့ လိုချင်တာပဲပြောနေတာမို့ ခါး

မျက်နှာလွှဲလိုက်ကာ

“ငှားချင်တဲ့သူတွေဝိုင်းလဲ ခါးကိုယ်တိုင်က

ငှားမှဖြစ်မှာ မယုပွဲစားခလိုချင်ရင်လဲ

ကိုယ့်ဘာသာကိုယ်အဆင်ပြေတဲ့တစ်ခုခု

လုပ်ပါလား??....."

ခါးပြောတော့ မျက်နှာပျက်သွားတဲ့

သူမက ထရပ်ကာဖြင့်

“ငါကနင့်ကိုစေတနာနဲ့ပြောတာ

နင့်ပွဲစားခ ၄ ၅ သောင်းလောက်ကတော့

ငါ့အတွက်မပြောပပါဘူးအေ....

ညည်းလိုမိန်းမတစ်ယောက်ထဲ ခြံကျယ်ကြီးထဲ တစ်ယောက်ထဲနေမှာထက်အဖော်ရှိတော့ ပိုစိတ်ချရတာပေါ့ ငါပြောတာအဲ့တာ.....”

ကိုယ့်အတွက် တွေးပေးနေတာသိပေမဲ့

ခါး လူတွေဝင်ထွက်နေတာကိုမကြိုက်!!

မျက်နှာကြောပြေလျော့သွားတဲ့ ခါးကြောင့်

မယု စိတ်မပြောင်းခင် ခါးလက်ကို

ဆုပ်ကိုင်ကာ အသံကျယ်ကျယ်ဖြင့်

“နော် ဟုတ်တယ်မလား? ဒါကြောင့်

အစ်မက ပြောထားပြီးသားတစ်ယောက်ကို

ရကြောင်းစာချုပ်ချုပ်လိုက်တော့မယ်....."

“ခါးသဘောမတူပါဘူး......”

မကြားဘူးထင်ပါရဲ့!!

လှည့်မကြည့်သွားတာမို့ ခါးကျစ်သာသပ်ကာ

ထလဲမလိုက်ချင်!

လူကအားသာကုန်ထားတာမို့

အခုနေ အားပြည့်အောင်ပဲ

ပြန်လုပ်ရပေမည်။

မယုတော့ ဘာတွေလုပ်လာအုံးမလဲမသိ!!

ပထမအခန်းဖြစ်ပြီး နောက်အခန်း - အပိုင်း၂ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ