Bububai ဝတ္ထု ချစ်ခြင်းတစ်စ နေကမ္ဘာလွှမ်း & လရိပ်မြူ အခန်းစာရင်း

အခန်း -၃၀

|||အရေးပေါ်သတင်းတစ်ရပ်ကို အခု တင်ဆက်ပေးသွားပါမယ် ကျွန်‌တော်တို့သတင်းဌာနရဲ့ နောက်ဆုံးရသတင်းအရ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကို ပျံသန်းသွားတဲ့ MH790 အပြည်ပြည်ဆိုင်ရာလေယာဉ်ဟာ ပျံတက်ပြီး သုံးနာရီအကြာမှာ မြေပြင်ထိန်းချုပ်ရေးစခန်းနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်.....

အဆိုပါလေယာဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း စုစုပေါင်း ၂၈၃ ဦး လိုက်ပါသွားပါတယ်။ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း ပင်လယ်ရေနက်ပိုင်းအပေါ်မှာ လေယာဉ်နဲ့အဆက်အသွယ်ပြတ်တောက်ခဲ့တာဖြစ်ပြီး ကနဦးသတင်းတွေအရ လေယာဉ်ဟာ ရုတ်တရက် လေထဲမှာ ပျက်စီးသွားပြီး ပင်လယ်ရေနက်ထဲ ကျသွားဖြစ်နိုင်ချေရှိတယ်လို့ သိရပါတယ်..လက်ရှိမှာတော့သက်ဆိုင်ရာနိုင်ငံတွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပြီဖြစ်ပေမယ့် အဆက်အသွယ်ပြတ်တောက်ခဲ့တဲ့နေရာရဲ့ ပင်လယ်ရေအခြေအနေရှုပ်ထွေးမှုနဲ့ ရာသီဥတုဆိုးရွားမှုတွေကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဟာ အလွန်ခက်ခဲနေပါတယ်....||||

မင်းနိုင် အရေးပေါ်သတင်း ကြေညာချက်အဆုံးသူ့ရဲ့လက်ချောင်းတွေက ဖုန်းမျက်နှာပြင်ပေါ်မှာ တောင့်တင်းသွားပြီး ခဲသွားသလိုပင် လုံးဝမလှုပ်ရှားနိုင်တော့ပေ။

အနီရောင်နဲ့ ထင်ထင်ရှားရှားပေါ်နေတဲ့ ခေါင်းစဉ်တစ်ကြောင်းက သူ့မျက်လုံးထဲမှာ စွဲကျန်နေသည်။

*MH790 လေယာဉ် အဆက်အသွယ်ပြတ်တောက်*

လရိပ် စီးနင်းသွားတဲ့လေယာဉ်ကလည်း MH790 ပင်...ဦးတည်ရာကလည်း ပါရီ..

တွေးရင်းအေးစက်တဲ့ခံစားချက်တစ်ခုက သူ့တစ်ကိုယ်လုံးကို ပျံ့နှံ့လာသည်။သူ ခန်းမထဲကြည့်လိုက်တော့ မင်္ဂလာဧည့်ခံပွဲခန်းမထဲမှာတော့ဝိုင်ခွက်တွေ တိုက်တဲ့အသံ၊ ရယ်မောသံတွေနဲ့ ပြည့်နှက်နေဆဲပင်။

မီးပန်းဆွဲကြီးတွေက တောက်ပတဲ့အလင်းရောင်တွေ ဖြာကျနေပြီး ဧည့်သည်တွေရဲ့ လှပတဲ့မိတ်ကပ်နဲ့ ဇိမ်ခံအဝတ်အစားတွေကို ပိုမိုတောက်ပစေသည်။

လေထုထဲမှာ ရှန်ပိန်နံ့နဲ့ အချိုပွဲတွေရဲ့ မွှေးပျံ့တဲ့အနံ့တွေ ရောနှောနေသလိုတေးဂီတကလည်း နူးညံ့သာယာစွာ ဆက်လက်ထွက်ပေါ်နေသည်။

အကိုလေးနဲ့ နန်းသစ္စာတို့ကလည်း ရှန်ပိန်ခွက်တွေစီထားတဲ့ စားပွဲရှေ့မှာ ရပ်နေပြီး လာတဲ့သူတွေကို ဧည့်ခံနှုတ်ဆက်နေကြသည်။

လွှမ်းရဲ့မျက်နှာမှာ ယဉ်ကျေးတဲ့အပြုံးတစ်ခု ရှိနေပြီး သူ့ရဲ့လှုပ်ရှားမှုတိုင်းက အရာအားလုံးကို ထိန်းချုပ်ထားနိုင်တဲ့ အထက်လူကြီးတစ်ယောက်ရဲ့ အရှိန်အဝါကို ထင်ရှားစေသည်။

မင်းနိုင် အကိုလေးရဲ့ကျောပြင်ကို ငေးကြည့်နေမိသည်။

အကိုလေးက လရိပ်မြူနဲ့ပတ်သက်တဲ့ သတင်းမှန်သမျှကို ချက်ချင်းသတင်းပို့ဖို့ အမိန့်ပေးထားခဲ့ပေမယ့် အခုချိန်က မင်္ဂလာဧည့်ခံပွဲမလာဘဝမှာ အရေးကြီးဆုံးနဲ့ ဂုဏ်ယူစရာအကောင်းဆုံးအချိန်မို့ဒီလိုဆိုးရွားတဲ့သတင်းကို သူချက်ချင်း သွားပြောသင့်ရဲ့လား။

မင်းနိုင်စိတ်တွေ ရှုပ်ထွေးလာရသည်။

အခုချိန်အရေးကြီးဆုံးက သတင်းမှန်ကန်ကြောင်း အတည်ပြုဖို့နဲ့ တရားဝင်သတင်းထပ်မံထွက်လာတာကို စောင့်ဖို့ဆုံးဖြတ်လိုက်သည်။

ဖြစ်နိုင်တာက ဒီသတင်းဟာ အထင်မှားမှုတစ်ခုလည်း ဖြစ်နိုင်တယ်မလားလေယာဉ်က ခဏတာအဆက်အသွယ်ပြတ်သွားတာဖြစ်ပြီး မကြာခင် ပြန်လည်ဆက်သွယ်နိုင်တာလည်း ဖြစ်နိုင်သည်။

လရိပ်မြူ ဒီလိုအဖြစ်ဆိုးမျိုး ကြုံခဲ့ရတယ်ဆိုတာကို သူ မယုံချင်သလို..မဖြစ်ပါစေနဲ့လို့သာ ဆုတောင်းနေမိသည်။

လရိပ်မြူသာ တကယ်ဖြစ်သွားခဲ့ရင် မင်းနိုင် ဆက်မတွေးရဲတော့ပေ။

သူ အကိုလေးကိုသာ ထပ်ကြည့်လိုက်မိသည်။

ခဏလောက် တွန့်ဆုတ်နေပြီးနောက်ဆုံးတော့ သူ ချက်ချင်းမသွားပြောဘဲ စောင့်ဖို့သာ ဆုံးဖြတ်လိုက်သည်။

ဧည့်ခံပွဲပြီးပြီး ဧည့်သည်တွေ ပြန်သွားတဲ့အချိန်မှ သင့်တော်တဲ့အခါမှပြောမယ်လို့ တွေးထားလိုက်သည်။

ဒီသတင်းထဲက အကြောင်းအရာတွေဟာ ခန့်မှန်းချက်သာ ဖြစ်ပါစေလို့ သူဆုတောင်းနေမိသည်။

အကိုလေးကို ပြောတဲ့အချိန်မှာလည်း အခြေအနေတစ်ခုခုပြောင်းလဲသွားစေနိုင်မယ့် သတင်းကောင်းတစ်ခု ပါလာပါစေလို့ မျှော်လင့်နေမိသည်။

မင်းနိုင် သူ့ရဲ့အဆုံးစွန်သောမျှော်လင့်ချက်လေး မပျောက်ဆုံးဖို့သာဆုတောင်းနေမိသည်။

ဧည့်ခံပွဲခန်းမထဲမှာ တေးဂီတက ဆက်လက်တီးခတ်နေသလိုရယ်မောသံ၊ ဝိုင်ခွက်တိုက်သံတွေက ပျော်ရွှင်စရာမြင်ကွင်းတစ်ခုအဖြစ် ရောယှက်နေသည်။

အချိန်က အလွန်နှေးကွေးသွားသလိုပင်။

မင်းနိုင်အတွက်တော့စက္ကန့်တိုင်းက ညှဉ်းပန်းမှုတစ်ခုလို ခံစားနေရသည်။

သူ သတင်းစာမျက်နှာကို ထပ်ခါထပ်ခါ Refresh လုပ်နေပြီး သူ့လက်ချောင်း တွေက ဖုန်းမျက်နှာပြင်ကို ဖောက်ထွက်မတတ် နှိပ်နေချိန်

သတိပေးချက်တွေ တစ်ခုပြီးတစ်ခုထပ် ပေါ်လာသည်။

တစ်ခုချင်းစီက အရင်သတင်းထက် ပိုပြီးကြောက်စရာကောင်းလှသည်။

[MH790 အဆက်အသွယ်ပြတ်တောက်ခဲ့တဲ့ ပင်လယ်ပြင်မှာ လေယာဉ်အပိုင်းအစဟု ယူဆရသော အရာများ တွေ့ရှိ]

[ကျွမ်းကျင်သူများ၏ ခန့်မှန်းချက် — MH790 သည် အမြင့်ပျံသန်းနေစဉ် ပေါက်ကွဲခဲ့တာဖြစ်နိုင်ခြေ အလွန်မြင့်မား]

[MH790 ခရီးသည်မိသားစုများ ဝမ်းနည်းပူဆွေးနေ၊ လေဆိပ်အတွင်း အခြေအနေရှုပ်ထွေး]

သတင်းကောင်းတစ်ခုမှ မရှိ‌ပေ..

မင်းနိုင် သတင်းတွေကိုကြည့်ရင်း တဖြည်းဖြည်းနဲ့ နဖူးမှာ ချွေးအေးတွေ

စိုလာသည်။

သူလှမ်းကြည့်လိုက်တော့အကိုလေးက ဝိုင်ခွက်ကိုင်ပြီး အရေးကြီးဧည့်သည်တစ်ယောက်နဲ့ စကားပြောနေသည်။

သူ့နှုတ်ခမ်းမှာ ပြီးပြည့်စုံတဲ့အပြုံးတစ်ခု ရှိနေပြီး ပုံမှန်အတိုင်းပင် အေးဆေးတည်ငြိမ်နေသည်။

ဒါပေမယ့် မင်းနိုင်သိသည် အခုချိန်မှာ သူပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့်ဒီမတုန်မလှုပ်နဲ့ အေးစက်စက်တည်ငြိမ် နေတဲ့လူတစ်ယောက်ရဲ့ကမ္ဘာကြီး တစ်စစီပြိုကျသွားနိုင်တယ်ဆိုတာကို..

နောက်ဆုံးမင်းနိုင် အချိန်ထပ်မစောင့်တော့ဘဲ အကိုလေးကို ဒီသတင်း ပြောပြဖို့ဆုံးဖြတ်လိုက်သည်။

ပြောလိုက်ချိန် ပွဲထဲမှာ ဘာဖြစ်လာမလဲဆိုတာ မသိပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ရင်ဆိုင်ဖို့ဆုံးဖြတ်ကာသူ အသက်ပြင်းပြင်းရှူပြီး လူအုပ်ကြားထဲကနေ ဖြတ်လျှောက်ပြီး အကိုလေးဆီ သွားလိုက်သည်။

"အကိုလေး..."

မင်းနိုင် နောက်ကနေ အသံတိုးတိုးနဲ့ ခေါ်လိုက်တာနဲ့ အကိုလေးကချက်ချင်း လှည့်ကြည့်လာကာ....

"အင်း..ဘာကိစ္စရှိလို့လဲ"

မင်းနိုင်ပြောဖို့ ပါးစပ်ဖွင့်လိုက်ပေမယ့် စကားလုံး‌ တွေကထွက်မလာသလို ဘယ်ကစပြောရမှန်းလဲမသိတော့ပေ။

နောက်ဆုံးသူ မပြောနိုင်တော့ဘဲ လက်ထဲက ဖုန်းကိုသာ မြှောက်ပြပြီး မျက်နှာပြင်ကို အကိုလေးဘက် လှည့်ပေးလိုက်သည်။

အကိုလေးရဲ့ အကြည့်က ဖုန်းမျက်နှာပြင်ပေါ်ကို ကျရောက်သွားပြီး အစက နူးညံ့နေတဲ့ သူ့မျက်လုံးတွေက ဖြည်းဖြည်းချင်း အေးစက်

တောင့်တင်းလာကာနောက်ဆုံးမှာတော့ ဗလာကျင်းသွားသည်။

မင်းနိုင် အကိုလေးရဲ့ မျက်နှာအမူအရာ မထိန်းနိုင်တော့ဘဲ ပြောင်းလဲသွားပုံတွေကို သေချာမြင်လိုက်ရသည်။

ဧည့်ခံပွဲခန်းမကတော့ တောက်ပနေဆဲသာယာတဲ့တေးဂီတကလည်း ကြားနေရဆဲပင်

ဒါပေမယ့် နေကမ္ဘာလွှမ်းရဲ့ကမ္ဘာထဲမှာတော့ အလင်းရောင်တွေနဲ့ အသံတွေအားလုံး ဒီအချိန်မှာလုံးဝပျောက်ကွယ်သွားခဲ့ပြီ။

သူ့အခုချိန်မှာ မြင်နေရတာက တိတ်ဆိတ်ခြင်းနဲ့ အမှောင်ထုသာပြီးတော့ အနီရောင်နဲ့ ထင်ရှားရှား ရေးသားထားတဲ့ သတင်းခေါင်းစဉ်ကိုသာ သူ့မျက်လုံးရှေ့မှာ မြင်နေရသည်။

MH790..ပါရီသို့ ပျံသန်းသည့်လေယာဉ်.......

မင်းနိုင် သူ့သူဌေးဆီက ထွက်ပေါ်လာတဲ့ အေးစက်မှုကို သိသိသာသာ ခံစားလိုက်ရသည်။

နေကမ္ဘာလွှမ်း ဖြည်းဖြည်းချင်း မျက်လုံးပင်လိုက်ပြီး မင်းနိုင်ကို ကြည့်လိုက်သည်။

သူ့မျက်လုံးထဲမှာ ထိတ်လန့်မှု၊ ဝမ်းနည်းမှု ဘာတစ်ခုမှ မရှိပဲသေဆုံးသွားသလို အေးစက်ပြီး ကြောက်စရာကောင်းတဲ့ ဗလာကျင်းမှုတစ်ခုသာ ရှိနေသည်။

အဲ့ဒီနောက်မှာတော့ သူ့မျက်လုံး အမှောင်ထုထဲက မီးစတစ်စ ပေါ်လာပြီးအဲဒီမီးစက ခဏအတွင်းမှာပဲ တောမီးကြီးတစ်ခုလို ပြင်းထန်လာကာ....

"မင်းကို ဘယ်သူက သတ္တိပေးလိုက်တာလဲ"

ပြောရင်း လွှမ်းက ရုတ်တရက် လက်ဆန့်ပြီး မင်းနိုင် လက်ထဲကဖုန်းကို ဆွဲယူလိုက်ကာ...

"ဒီလိုဟာမျိုးနဲ့ ငါ့ကိုနောက်ပြောင်ဖို့ မင်းကို ဘယ်သူက ခွင့်ပြုထားလို့လဲ"

"ငါ့ကို ဒီလိုကိစ္စမျိုးနဲ့ စမ်းသပ်ဖို့ ဘယ်သူက ခိုင်းလိုက်တာလဲဟမ်.."

"အခု..ရှင်းပြ"

သူ့အသံက ကျယ်တာမို့ ပတ်ဝန်းကျင်က ဧည့်သည်တွေဟာ အခြေအနေကို သတိထားမိပြီး လှမ်းကြည့်လာကြပေမယ့် ဘယ်သူမှ အနားမလာရဲကြပေ။

"အကိုလေး… ဒါဟာ နောက်ပြောင်တာ မဟုတ်ပါဘူး…"

မင်းနိုင် ပြောရင်း မျက်ရည်ဝဲနေပြီး သူ့အသံကကြောက်ရွံ့မှုအပြည့်နဲ့ တုန်ယင်နေသည်။

"ဒါ… အခုလက်ရှိ တကယ်ဖြစ်နေတဲ့သတင်းပါ…"

မင်းနိုင် စကားအဆုံး နေကမ္ဘာလွှမ်းမျက်လုံးထဲက ရူးသွပ်မှုက ပိုပြီးပြင်းထန်လာကာသူ မင်းနိုင်ကို အားနဲ့တွန်းထုတ်လိုက်တာကြောင့် မင်းနိုင် နောက်ကစားပွဲနဲ့ တိုက်မိပြီး တိုက်မိတဲ့ အသံပင်ထွက်သွားသည်။

"လရိပ်အကြောင်းကို နောက်ပြောင်ဖို့ မင်းကို ငါဘယ်တုန်းက ခွင့်ပြုခဲ့လို့လဲ"

"မင်းအခု ထွက်သွား"

သူ မင်းနိုင်ကို ထွက်သွားခိုင်းပေမဲ့ တကယ်လက်တွေ့မှာတော့ လွှမ်း မင်းနိုင်ကိုပင် ပြန်မကြည့်နိုင်တော့ဘဲ ဧည့်ခံပွဲခန်းမထဲကနေ

အပြေးထွက်လာခဲ့သည်။

သူဘယ်သူ့ကိုမှဂရုမစိုက်နိုင်တော့ပေ။

သူမကို ရှာရမယ်..ဟုတ်တယ်သူမ တကယ်ဘာဖြစ်သွားလဲဆိုတာ ကိုယ်တိုင်အတည်ပြုရမယ်..

ပြီးတော့ဒီသတင်းက အတုဖြစ်ရမယ်။

တစ်ယောက်ယောက်က သူ့ကို မနာလိုလို့ တမင်ဖြန့်တဲ့ ကောလာဟလပဲ ဖြစ်ရမယ်...သူ့ဘဝကို ဖျက်ဆီးချင်တဲ့သူတွေရဲ့ လုပ်ကြံမှုဖြစ်ရမယ်..

ဟုတ်တယ်..အဲဒါပဲ ဖြစ်ရမယ်အမှန်မဟုတ်ဘူး။

"လွှမ်း!!!"

နန်းသစ္စာက မင်္ဂလာဝတ်စုံအနားစကို လက်နဲ့မပြီး သူ့နောက်ကို အလျင်အမြန်လိုက်လာကာ

သူ့ရှေ့မှာ ရပ်လိုက်ပြီး..

"ရှင်ဘယ်သွားမလို့လဲမင်္ဂလာပွဲက မပြီးသေးဘူးလေ..ဧည့်သည်တွေကလည်း.."

လွှမ်း ခဏရပ်လိုက်ပြီးနန်းသစ္စာကို ဖြည်းဖြည်းချင်း စိုက်ကြည့်လိုက်သည်။

နန်းသစ္စာ လွှမ်းနဲ့ မျက်လုံးချင်းဆုံသွားတဲ့အချိန်မှာ သူမရဲ့နှလုံးက တုန်လှုပ်ကာ ထိတ်လန့်သွားခဲ့သည်။

အဲဒီမျက်လုံး တွေထဲမှာ အဆုံးမရှိနက်ရှိုင်းပြီး အရာအားလုံးကို ဖျက်ဆီးပစ်ဖို့ အသင့်ဖြစ်နေတဲ့ ရူးသွပ်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ အတိုင်းသားပေါ်လွင်နေသည်။

လူသားဆန်တဲ့ နွေးထွေးမှုတစ်စက်တောင် မရှိတော့ပေအေးစက်ပြီး လူသားမဆန်တဲ့ အလင်းရောင်တစ်မျိုးသာ ရှိနေသည်။

အနက်ရှိုင်းဆုံး အမှောင်ထုနေရာကနေ ထွက်လာတဲ့အကြည့်မျိုးပင်...

နန်းသစ္စာကြည့်ရင်း ကြောက်လန့်ပြီး နောက်ကိုတစ်လှမ်းဆုတ်လိုက်မိသည်။

ဒါဟာ သူမသိတဲ့ နေကမ္ဘာလွှမ်း မဟုတ်တော့ပေ..

သူက သူမကို စကားတစ်ခွန်းတောင် ပြန်မပြောပဲအဲဒီကြောက်စရာအကြည့်နဲ့ တစ်ချက်သာကြည့်ပြီး သူမဘေးကနေ အလျင်အမြန်ဖြတ်သွားကာ ခန်းမထဲကနေ ပျောက်ကွယ်သွားခဲ့သည်။

သူမလည်း ထပ်ပြီး တားဖို့သတ္တိမရှိတော့တာကြောင့် ထိုနေရာမှာပင် ရပ်ကျန်နေခဲ့သည်။

••••••

လေဆိပ်ထဲမှာတော့MH790 အဆက်အသွယ်ပြတ်တောက်သွားတဲ့သတင်းကိုဖန်သားပြင်ပေါ်မှာ ထပ်ခါထပ်ခါ ထုတ်လွှင့်နေသည်။

ခရီးသည်တွေရဲ့ မိသားစုတွေကတော့ စောင့်ဆိုင်းနေတဲ့နေရာကနေ ဝမ်းနည်းပူဆွေး‌ နေကြပြီး ငိုသံတွေ ထွက်ပေါ်နေသည်။

လေဆိပ်ရဲ့ လေထုတစ်ခုလုံးက စိုးရိမ်ထိတ်လန့်မှုနဲ့ မျှော်လင့်ချက်ပျောက်ဆုံးမှုတွေနဲ့ ပြည့်နှက်နေသည်။

နေကမ္ဘာလွှမ်း လူအုပ်ကြားကို အားနဲ့တိုးဝင်ပြီး လေကြောင်းလိုင်းရဲ့ ယာယီကောင်တာဆီ အပြေးသွားကာ....

"MH790! အဲဒီလေယာဉ်က အခု ဘယ်မှာလဲ!ပြောစမ်း!"

သူ ဝန်ထမ်းတစ်ယောက်ရဲ့ အင်္ကျီကော်လာကို ဆွဲကိုင်လိုက်ပြီး မေးလိုက်သည်။

"အစ်ကို… ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ ကျွန်တော်တို့က.."

"လရိပ်မြူ ခရီးသည်စာရင်းထဲမှာလရိပ်မြူ

ပါလား"

သူဖြတ်‌မေးလိုက်တဲ့ စကားကြောင့် ဝန်ထမ်းက ကြောက်လန့်သွားပြီး ကွန်ပျူတာထဲကိုကြည့်ကာ ချက်ချင်းရှာကြည့်ပေးလာသည်။

အဲ့အချိန် ထိုသူ ရှာနေတဲ့ အချိန်ဟာ လွှမ်းအတွက် ကမ္ဘာကြီး ရပ်တန့်နေသလိုပင်။

စက္ကန့်တိုင်းကို ထိတ်လန့်မှုတွေနဲ့ ရေတွက်နေမိသည်။

နောက်ဆုံး..

"လ....လရိပ်မြူ"

ဝန်ထမ်းရဲ့အသံက တုန်ယင်နေသည်။

"ဒီလေယာဉ်ရဲ့ ခရီးသည်စာရင်းထဲမှာ… ပါပါတယ်..အတည်ပြုပြီးပါပြီ‌ဗျ..ပါ..ပါဝင်ပါတယ်"

"ခရီးသည်စာရင်းထဲမှာ ရှိပါတယ်"

လွှမ်းရှေ့က ကမ္ဘာကြီးက ရုတ်တရက် ရပ်တန့်သွားသလို ခံစားလိုက်ရသည်။

သူ့နားထဲမှာတော့ အသံတစ်မျိုးပဲ ကြားနေရသည်..ဘာသံလဲတော့ သူကိုယ်တိုင်ပင် မသိတော့ပေ။

အဲ့အချိန် သူ့ပါးစပ်ကနေ သွေးတွေ ရုတ်တရက် အန်ထွက်လာပြီးကြမ်းပြင်ပေါ်မှာ သွေးတွေ စင်သွားကာသူ့ခန္ဓာကိုယ်က ယိုင်သွားပြီး ဒူးနှစ်ဖက်က အားလျော့သွားကာ မြေပြင်ပေါ်ကို ထောက်ကျသွားသည်။

ပတ်ဝန်းကျင်က အော်ဟစ်ငိုကြွေးသံတွေက တဖြည်းဖြည်းဝေးကွာသွားသလို မှုန်ဝါးလာပြီး...သူက မြေပြင်ပေါ်မှာ ဒူးထောက်လျက်ရှိသည်။

တစ်ချိန်က မတ်မတ်ရပ်နေတတ်တဲ့ သူ့ခန္ဓာကိုယ်ကြီးက အခုတော့ ဘယ်လိုမှမမတ်

နိုင်‌ အောင်ကွေးကျနေသည်။

သူ့ မျက်လုံးရှေ့မှာလည်း အမှောင်ထုသာ ကျန်ရှိတော့သည်။

သူ သတိလုံးဝမလစ်ခင် သူ့စိတ်ထဲမှာ နောက်ဆုံးပေါ်လာတဲ့ပုံရိပ်က...

လရိပ်ရဲ့ ကြယ်လေးတွေလို တောက်ပနေတဲ့ မျက်လုံးလေးတွေသာ..သူမက သူ့ကိုကြည့်နေခဲ့တဲ့ အဲဒီအကြည့်။

အဲ့နောက်မှာတော့သူ့ ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်အမှောင်ကျသွာခဲ့သည်။

« ရှေ့အခန်း - အခန်း -၂၉ နောက်အခန်း - အခန်း-၃၁ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ