Bububai ဝတ္ထု ချစ်ခြင်းတစ်စ နေကမ္ဘာလွှမ်း & လရိပ်မြူ အခန်းစာရင်း

အခန်း-၂၁

လရိပ် ညဉ့်နက်ပိုင်းမှအိမ်ပြန်ရောက်လာပြီး

တစ်နေကုန်စိတ်ရောလူပါပင်ပန်းထားတာကြောင့် တံခါးဖွင့်ပြီး ဖိနပ်တောင် ချွတ်ဖို့

အားမရှိတော့သလိုတောင်ခံစားနေရသည်။

သူမ အိမ်ထဲဝင်ဝင်ခြင်း အဝင်ဝတွင် ရင်းနှီးနေသော အနက်ရောင်သားရေဖိနပ်တစ်ရံက ဖိနပ်စင်ရှေမှာ သပ်သပ်ရပ်ရပ်ချွတ်ထားတာကိုတွေ့လိုက်ရသလို...

"ဘယ်တွေသွားနေတာလဲ"

လွှမ်းရဲ့ အသံက ဧည့်ခန်းဘက်ကနေ ထွက်လာပြီး သူ့ခြေလှမ်းသံကလည်း သူမအနားကိုတဖြည်းဖြည်း နီးကပ်လာသည်။

"ဆေးရုံပါ...."

လရိပ် သူ့ကိုကြည့်မနေတော့ဘဲ ကိုယ်ကိုငုံ့ပြီး ဖိနပ်ကြိုးဖြည်ရင်း သာ ဝတ်ကျေတန်းကျေပြန်ပြောလိုက်သည်။

သူမ အောက်ငုံနေရင်းမျက်လုံးထောင့်က‌

နေကမ္ဘာလွှမ်း သူမနဲ့နှစ်လှမ်းအကွာမှာ

ရပ်သွားတာကိုတွေ့လိုက်ရသည်။

"ဒါနဲ့..အိမ်မှာ ပစ္စည်းတွေ ဘာလို့ ဒီလောက်တောင် နည်းသွားရတာလဲ"

သူ့မေးခွန်းကြောင့်သူမလက်ချောင်းများက ဖိနပ်ကြိုးဖြည် နေရင်းရုတ်တရက် ရပ်သွားပြီးမှ ခဏလောက်စဉ်းစားလိုက်ကာ....

"ကျွန်မကို အနောက်ဘက်မြို့စွန်ကို ပြောင်းလာဖို့ ပြောထားတာ မဟုတ်ဘူးလား..အဲ့တာကြောင့်ဒီရက်ပိုင်းပစ္စည်းတွေကြိုသိမ်းနေတာပါ"

သူမ အသံကို ပုံမှန်အတိုင်းဖြစ်အောင်ထိန်းရင်း အသံတိုးတိုးဖြင့် ပြောလိုက်သည်။

ပြောပြီးတာနဲ့ သူမ ဘာမှမဖြစ်သလို ဖိနပ်ကို ဖိနပ်စင်ပေါ်တင်လိုက်ပြီး အိမ်စီးဖိနပ်လဲကာ

ဧည့်ခန်းဘက်ကိုလျှောက်သွားလိုက်သည်။

သူမရဲ့ အဖြေကို ကြားလိုက်မှ နေကမ္ဘာလွှမ်းက စိတ်အေးသွားသလို ပခုံးပေါ်ကတင်းမာမှုများတွေ သိသိသာသာ လျော့ကျသွားတဲ့ပုံနဲ့...

"အရင် ရေတစ်ခွက် သောက်ပြီး ရေချိုးလိုက်မလား...ပင်ပန်းလာတာမလား"

လရိပ်သူ့ကို ခေါင်းသာခါပြလိုက်ပြီး ဆိုဖာပေါ်တွင် ခန္ဓာကိုယ်ကို ခွေကာ ထိုင်ချလိုက်ပြီး ပါးကို အေးစက်စက်လက်ရန်းပေါ် မှီထားလိုက်သည်။

သူမ ထိုင်လိုက်ပြီးတာနဲ့ သူမနားက ဆိုဖာနေရာလည်း အနည်းငယ် နစ်ဝင်သွားပြီး နေကမ္ဘာလွှမ်းရဲ့ နရင်ခွင်က သူမကျောကို ဖိကပ်လာကာရင်းနှီးနေတဲ့ ရနံ့က သူမနှာခေါင်းဝမှာ ပျံ့လွင့်လာသည်။

လရိပ် ရုန်းလည်းမရုန်းသလို ပြန်လည်းမတုံ့ပြန်ဘဲ မလှုပ်မရှားနဲ့ သူ့ရင်ခွင်ထဲမှာအဲ့အတိုင်း နေ‌ နေလိုက်သည်။

"လရိပ် ဒီအချိန်အတွင်း မင်းအများကြီး နစ်နာခံစားခဲ့ရတာ ကိုယ်သိတယ်"

ပြောရင်းသူ့အသက်ရှူသံက သူမဆံပင်များကို ဖြတ်သန်းသွားပြီး သူမ နှာခေါင်းထဲဝိုင်နီအနံ့

ပါ ရလိုက်သည်။

လရိပ် ဘာမှမပြောဘဲ ခန္ဓာကိုယ်တင်းတင်းဖြင့် သာငြိမ်နေလိုက်သည်။

သူ လက်များကတော့ သူမပျောက်ကွယ်သွားမှာကို စိုးရိမ်နေသကဲ့သို့ ပိုတင်းကျပ်လာပြီး

သူမလည်ပင်းတွင်သူ့ မျက်နှာမြှုပ်ကာ

အသံတိုးတိုးဖြင့် ထပ်ပြောလာသည်။

"ကိုယ့်ကို နည်းနည်းလောက် အချိန်ပေးပါနော် ကိုယ် မင်းခံစား နေရတာတွေထက် နှစ်ဆပြန်ပေးပါမယ်"

"ကျွန်မ အရမ်းပင်ပန်းနေပြီ...ဖယ်‌ပေးပါတော့အိပ်ချင်နေပြီ"

သူမအသံ တိုးတိုးလေးနဲ့ငြင်းလိုက်ပေမဲ့ အသံထဲမှာ အေးစက်ပြီး အကွာအဝေးတစ်ခုက သူမကိုယ်တိုင်တောင်သတိမထားမိဘဲ ပါဝင်လာသည်။

လရိပ်ပြောပြီးတာနဲ့ သူ့ဆီကနေချက်ချင်းရုန်းထွက်လိုက်သည်။

လွှမ်းက သူမမျက်နှာကို သူ့မျက်နှာ ရှေ့ကိုညင်သာစွာလှည့်ကာ စူးစိုက်ကြည့်လာပြီး

သူ့မျက်လုံးထဲမှာတော့ တစ်ချိန်က သူမအရင်းနှီးဆုံးဖြစ်ခဲ့သော နူးညံ့မှုရှိသလို...

သူမအရင်က မမြင်ဖူးခဲ့တဲ့ ထိတ်လန့်မှုနဲ့

မတည်ငြိမ်မှုတို့ပါရောပါနေသည်။

"လရိပ်...."

သူ ခေါ်နေပေမဲ့ သူမ ပြန်မထူးဘဲ ဘာမှပြန်မပြောတာမို့ သူ့က သက်ပြင်းချလိုက်ကာ သူမမျက်နှာကို ကိုင်ပြီး နဖူးပေါ်ကို ဖွဖွလေးနမ်းလာသည်

လရိပ် မျက်လုံးသာမှိတ်ထားလိုက်ပြီး သူ့အနမ်းက နဖူးပေါ်ကျရောက်လာတာကို ခံလိုက်ပေမဲ့ သူမရင်ထဲတွင်တော့ ခါးသီးအေးစက်တဲ့အပြုံးတစ်ခု ပေါ်လာခဲ့သည်။

သူမ ဘာမှဆက်မပြောနေတော့ဘဲ ဆိုဖာကနေထကာ အခန်းထဲဝင်ခဲ့လိုက်သည်။သူဒီည ဒီမှာအိပ်မှာလား ပြန်မှာလားကိုလည်း သူမအရင်လို ဂရုမစိုက်တော့ပေ။

လရိပ် အခန်းထဲရောက်တာနဲ့ အဝတ်အစားပင် မလှဲနိုင်တော့ဘဲ အိပ်ရာပေါ်တန်းအိပ်ချကာ ချက်ချင်းအိပ်ပျော်သွားခဲ့သည်။

•••••

လရိပ် အိပ်ရာနိုးတာနဲ့ မျက်လုံးဖွင့်ပြီး ခဏလောက် ပတ်ဝန်းကျင်ကိုကြည့်ကာသူမဘေးကိုကြည့်လိုက်တော့ ဘေးက ခေါင်းအုံးပေါ်က

ချိုင့်ဝင်နေတာကိုတွေ့လိုက်ရတာမို့...

လွှမ်း မကြာသေးခင်ကမှ ထသွားမှန်းသိလိုက်သည်။

သူမက မျက်လုံးပွတ်ပြီး အိပ်ခန်းထဲကနေထွက်လာတော့မီးဖိုချောင်ထဲ က‌‌အသံကြားတာမို့ သူမ သွားကြည့်လိုက်တော့ နေကမ္ဘာလွှမ်းက မီးဖိုရှေ့တွင် ရပ်ကာ ချက်ပြုတ်နေသည်။

သူမ ကိုမြင်တာနဲ့ သူက...

"နိုးပြီလား..."

"အင်း.."

သူမအသံ တိုးတိုးနဲ့လိုရင်းတိုရှင်းသာ ဖြေလိုက်ပြီး သူ့အနားကို မသွားပဲ ဒီအတိုင်းသာကြည့်နေလိုက်သည်။

"အရင် သွားမျက်နှာသစ်လိုက်နော် ခဏနေရင် စားလို့ရပြီ..."

လရိပ်ခေါင်းညိတ်ပြပြီး လှည့်ထွက်ခဲ့လိုက်သည်။သူမ ရေချိုးခန်းထဲဝင်ပြီး မှန်ထဲက သူမရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ပုံစံကို ကြည့်လိုက်မိသည်။

မနေ့ညက ငိုထားသောကြောင့် မျက်လုံးများက အနည်းငယ်ဖောင်းနေသည်။အေးစက်စက်ရေနဲ့ မျက်နှာကို ထိတွေ့လိုက်မှသာ သူမ ‌အနည်းငယ်လန်းဆန်းသွားသည်။

ထမင်းစားပွဲပေါ်တွင် နွေးနေသောနွား နို့နှစ်

ခွက် ရွှေရောင်သန်းနေသော ကြက်ဥကြော်

တစ်ပန်းကန်၊ထမင်းကြော်ပန်းကန်နဲ့သေသေသပ်သပ် လှီးထားသော သစ်သီးများ

ရှိနေသည်။

"ဒီနေ့ကိုယ် မင်းကို ဆေးရုံလိုက်ပို့မယ်"

လွှမ်းက စားနေရင်း ဇွန်းကို ချလိုက်ကာ နူးညံ့တဲ့အသံနဲ့ပြောလာသည်။

"မလိုပါဘူး..ကျွန်မဘာသာ သွားလို့ရတယ်..ရှင်လိုက်မပို့နဲ့.."

လွှမ်းက သူမလက်ကို ကိုင်လိုက်ပြီး....

"လရိပ် ကိုယ် မင်းနဲ့အတူ လိုက်ပါရစေ.."

သူ့အသံကနူ့ညံနေပေမဲ့ ခိုင်မာပြီး ငြင်းခွင့်မရှိသည့်ပုံစံ ဖြစ်နေသည်။

လရိပ် အရမ်းငြင်းလို့လဲမကောင်းတာမို့သဘောတူလိုက်ရသည်။ အခုလို ဆေးကုနိုင်ဖို့ သူလုပ်ပေးထားတာမို့ သူမ အရမ်းငြင်းလို့

မကောင်းပေ။

အနက်ရောင်ကားလေးက ဆေးရုံရှေ့တွင် ရပ်လိုက်တာနဲ့ လရိပ်ချင်ချင်း ဆင်းလိုက်သလို လွှမ်း ကလည်းသူမ နောက်ကလိုက်လာသည်

လရိပ် လည်း သူ့ကို စောင့်မနေဘဲ ကိုယ့်ဘာသာရှေ့ကနေ တစ်ယောက်ထဲ အမြန်လျှောက်ခဲ့လိုက်သည်။သူနဲ့အတူတွဲပြီး မလျှောက်ချင်တာကြောင့်ပင်။

သူမ ဆေးရုံ လျှောက်လာရင်းဒီနေ့ ပိုးသတ်ဆေးနံ့က ပုံမှန်ထက်ပင် ပိုမိုပြင်းထန်နေသလိုခံစားနေရသည်။

ဆရာမကြီး အခန်းထဲရောက်တော့သူမ

မရင်းနှီးသောလူများကိုလည်းတွေ့လိုက်ရပြီး

အရင်က လူနာစောင့်နှစ်ယောက်သာရှိရာမှ

အခုကလေးယောက်ဖြစ်နေသည်။

"ဘာတွေဖြစ်နေတာလဲ..ဘယ်သူတွေလဲ.."

ဒါဟာ နေကမ္ဘာလွှမ်းရဲ့ အစီအစဉ်မှန်းသိတာမို့သူမ သူ့ကို ကြည့်ပြီးမေးလိုက်တော့...

"အော် ဆရာမကြီးရဲ့ လက်ရှိအခြေအနေက ပိုပြီးဂရုစိုက်စောင့်ရှောက်ဖို့ လိုအပ်တယ်မလားအဲ့တာကြောင့်ပါ"

ဆရာမကြီကတော့ အိပ်ရာပေါ်မှာ ထိုင်နေပြီး မနေ့ကထက် ပိုပြီး လန်းလန်းဆန်းဆန်းဖြစ်နေသည်။

သူမ ပိုက်ဆံအိတ်နဲ့ အထုတ်အပိုးအချို့ကို စားပွဲပေါ်တင်လိုက်ပြီး ဆရာမကြီးအိပ်ရာဘေးကို သွားလိုက်ကာ လက်ကို ညင်သာစွာ ကိုင်လိုက်ပြီး....

"ဆရာမကြီးဒီနေ့ နေလို့ကောင်းရဲ့လား...ဘယ်နားက အဆင်မပြေတာရှိလဲ"

"အဆင်မပြေတာမရှိပါဘူး သမီးရဲ့ ဆရာမကြီးပိုကောင်းလာပါပြီ"

ဆရာမကြီးက သူမကို အားနည်းစွာပြုံးပြီး ပြန်ဖြေပြီး နောက်သူမနောက်က လွှမ်းကို လှမ်းကြည့်လိုက်ကာ....

"CEO လွှမ်း ကျွန်မလို အဘွားကြီးတစ်ယောက်အတွက် ဒီလောက်လူများများနဲ့ စောင့်ရှောက်ပေးဖို့ မလိုပါဘူး"

လွှမ်းက ရှေ့တစ်လှမ်းတိုးလာပြီး အနည်းငယ် ဦးညွှတ်လိုက်ကာ ယဉ်ကျေးစွာနဲ့...

"ဆရာမကြီး ကျွန်တော့်ကို သားလို့ပဲ ခေါ်လို့ရပါတယ်"

"ပြီးတော့ ဆရာမကြီးရဲ့ကျန်းမာရေးက လရိပ်အတွက်လည်း အရေးကြီးဆုံးဖြစ်သလို...လရိပ်ရဲ့ ဆွေမျိုးတွေကလည်း ကျွန်တော့်ဆွေမျိုးတွေလိုပါပဲ"

သူ့အပြောကြောင့် ဆရာမကြီး မျက်လုံးများတွင် အရိပ်လေးတစ်ချက် ဖြတ်ပြေးသွားပြီး...

"ကျေးဇူးတင်ပါတယ်..."

လရိပ်ကတော့ ဘေးမှာရပ်ကာ ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်ထဲမှာ ခံစားချက်တွေ ရောထွေးနေသည်။

°°ဘာလဲ...ဒီကောင် နေကမ္ဘာလွှမ်းက ရူးနေတာလား..အခုကြသူမဟုတ်တဲ့အတိုင်း အရမ်းကောင်းနေပြန်ပြီ°°

သူမစိတ်ထဲမှာတွေးရင်း သူ့ကိုမျက်မှောင်ကြုတ်ပြီး နှာခေါင်းရှုံ့ကာ ကြည့်လိုက်မိသည်။

အဲ့အချိန်သူက သူမဘက်ကို လှည့်လာပြီး...

"လရိပ်ကိုယ် မနက်ပိုင်း အစည်းအဝေးရှိလို့ သွားတော့မယ်နော် အရေးကြီးတာရှိရင် မင်းနိုင်ကို ပြောလိုက်.. စိတ်မပူနဲ့၊ အားလုံးကို ကိုယ် စီစဉ်ပေးမယ်"

လရိပ် ပြန်မပြောဘဲ ခေါင်းညိတ်ပြလိုက်ပြီး အိပ်ရာပေါ်က ဆရာမကြီးကိုသာ ကြည့်နေ

လိုက်သည်။

လွှမ်းက ချက်ချင်းမသွားသေးဘဲ သူမအနားကို ရောက်လာပြီး သူမဆံပင်ကို လက်ချောင်းထိပ်တွေနဲ့ ညင်သာစွာ သပ်ပေးလာကာတစ်စုံတစ်ခု ကိုပြောချင်နေသည့်ပုံရသော်လည်း နောက်ဆုံးတွင် သက်ပြင်းတစ်ချက်သာချလိုက်ပြီး...

ဘာမှမပြောဘဲ နဖူးကို အသာအယာ နမ်းကာ အခန်းထဲမှ ထွက်သွားသည်။

လရိပ်လည်း ဒီဘာဖြစ်ချင်‌နေမှန်းမသိတဲ့ လူကို ထွက်သွားတာကို ကြည့်ပြီအတွေးနယ်လွန်သွားရသည်။

°°°သူက တကယ် ဘာဖြစ်ချင်‌နေတာလဲ..အခု

တလော ဆေးမှားသောက်လာတာလား°°°

လရိပ်လည်း သူတံခါးပိတ်သွားမှ အတွေးထဲနေ ပြန်ထွက်လာပြီး အိပ်ရာပေါ်က ဆရာမကြီးဘက်ကိုပြန် လှည့်ကြည့်လိုက်တော့ ဆရာမကြီးက သူမကို ကြည့်နေကာပြုံးလိုက်ပြီး...

"အခု သမီးလည်းကိုယ်ပိုင်လမ်းကို ရှာတွေ့ပြီ သမီးကို ဂရုစိုက်မဲ့သူလည်း ရှာတွေ့ပြီဆိုတော့ ဆရာမကြီး စိတ်ချလက်ချ ထွက်သွားလို့ရပြီ"

ဆရာမကြီးက သူမနဲ့ လွှမ်းကြားက ဆက်ဆံရေးကို မသိရှာဘဲပြောပြီး ပြုံးလိုက်တာက မျက်လုံးထောင့်ကအရေးအကြောင်းများပင် ပြေသွားသလို ဖြစ်သွားသည်။

"မဟုတ်ဘူး...ဘယ်မှသွားလို့မရဘူး..သမီးအနားမှာပဲရှိနေပေးပါ"

လရိပ် ပြောရင်းအသံက တုန်ယင်နေသည်။

"သက်သာလာမှာပါ...နော် သက်သာသွားမှာပါ"

သူမစကားကို ဆရာမကြီးက ခေါင်းခါလိုက်ပြီး...

"လ လေးသမီး လူ့ဘဝဆိုတာ တိုတောင်းတယ် လာလိုက်.. သွားလိုက်နဲ့ အလျင်အမြန် ကုန်ဆုံးသွားတာပဲ..အချို့အရာတွေက ကြိုတင်ပြင်ဆင်ထားရမယ်လေ လက်မခံလို့မရဘူးသမီးရဲ့"

"ဆရာမကြီး မသွားခင် သမီးဘဝလေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာကို မြင်ချင်တာက ဒီဘဝမှာ ဆရာမကြီးရဲ့ အကြီးမားဆုံးဆန္ဒပါ"

"ဆရာမကြီး.. အဲ့လိုစကားမျိုး မပြောပါနဲ့…"

လရိပ် ပြောရင်းမျက်လုံးထဲတွင် မျက်ရည်များ ချက်ချင်းပြည့်လာပြီး မြင်ကွင်းများ မှုန်ဝါးလာတာမို့ သူမ မျက်တောင်ခတ်လိုက်ပြီး မျက်ရည်များကို အတတ်နိုင်ဆုံး ထိန်းထားလိုက်သည်။

~~~~~~~~~~

နှစ်ကုန်ခါနီးပြီမို့ရာသီဥတုက တစ်နေ့ထက်တစ်နေ့ ပိုအေးလာသည်။

ဆရာမကြီးရဲ့ ဆေးရုံးအခန်းကို သူမပြီးလျှင် အများဆုံးလာတဲ့သူက မင်းနိုင် ဖြစ်သည်။

သူက နှစ်ရက်တစ်ခါလောက် ရောက်အောင်လာတတ်သလို လာတိုင်းလည်းတစ်ခါမှ လက်ဗလာနဲ့ မလာခဲ့ပေ။

"အကိုလေးက တကယ် အချိန်မရလို့ ကျွန်တော့်ကို မကြာခဏ လာကြည့်ပေးဖို့ အထူးမှာထားတာပါ"

လရိပ် အစပိုင်းတွင်တော့ သတိထားပြီး ထိုလာရောက်ကိုလည်း ဝတ်ကျေတန်းကျေသာ အသိအမှတ်ပြုလက်ခံခဲ့သည်။

ဒါပေမဲ့ မင်းနိုင်က ခဏခဏ လာရောက်လာပြီး သူ့အပြုအမူတွေကြောင့် သူမသဘောထားကလည်းသူ့အပေါ် တဖြည်းဖြည်း နူးညံ့လာခဲ့သည်။

အဓိကကြောင်း အရင်းက သူ့ကြောင့် ဆရာမကြီးရဲ့ ပြောင်းလဲလာမှုကို မြင်နေရသောကြောင့် ဖြစ်သည်။

မင်းနိုင်လာ တိုင်း ဆရာမကြီးက အမြဲလိုလိုတက်ကြွလာပြီး ပို၍ပြုံးလာတတ်သည်။

မင်းနိုင်က တခြားလူများလိုဆရာမကြီးကို

လူနာလို သနားကြောင်း ပြသပြီး ဆက်ဆံကာ တိတ်ဆိတ်နေသူမျိုး မဟုတ်ပေ။

သူကလာတိုင်း အပြင်က အသစ်အဆန်းပစ္စည်းတွေ ယူလာပေးတတ်သလို..သူလမ်းမှာ ကြုံခဲ့ရသည့် စိတ်ဝင်စားစရာအကြောင်းများကိုလည်း ပြောပြတတ်သည်။

တစ်ခါတစ်ရံ သူ့ကိုယ်သူ ဟာသလုပ်ပြောပြီး ဆရာမကြီးကို မျက်ရည်ထွက်အောင်ပင်ရယ်မော ပျော်ရွှင်စေသည်။

မင်းနိုင်က ဆရာမကြီးရဲ့အကြိုက်များကို အလွန်ကောင်းစွာ သိထားသလိုပင်...

မင်းနိုင် ပြန်သွားတိုင်း ဆရာမကြီးက မင်းနိုင်နဲ့ လွှမ်း နှစ်ယောက်လုံးကို ချီးကျူးတတ်သည်။

လွှမ်းကိုလည်း အလွန်ဂရုစိုက်တတ်သူဟု ပြောလေ့ရှိသည်။သူမကတော့ အဲ့အချိန်ဆိုကောင်းသည်ဆိုးသည် ဘာမှပြန်မပြောဘဲ အပြုံးလေးနဲ့သာတုံ့ပြန်လိုက်သည်။

"နေကမ္ဘာလွှမ်း ဒီကလေးပေးလိုက်တဲ့… မနေ့က မင်းနိုင် လေးယူလာတဲ့ ပျားရည်အိုးလေ..ဆရာမကြီး ငယ်ငယ်တုန်းက သောက်ခဲ့ရတဲ့ အရမ်းကြိုက်တဲ့ တောင်ပေါ်ဒေသက ပျားရည်မျိုးတဲ့"

"ဆရာမကြီးကတော့ နှစ်တွေကြာလာတော့ အရသာတောင် သေချာမမှတ်မိတော့ပါဘူး

ဒါပေမဲ့ အခုယူလာပေးတဲ့ ပျားရည်ကတော့ တော်တော်ကောင်းတယ်.."

လရိပ် ဆေးဘူးများကို စီနေရင်း ဆရာမကြီး ပြောတာကို နားထောင်နေလိုက်သည်။

ဆရာမကြီးကပြောနေတာကို ခဏလောက်နားလိုက်ပြီးမှ..

"လ လေးသမီးကို ဒီလိုဂရုတစိုက်ရှိပြီး သမီးအတွက် အကုန်လုပ်ပေးတဲ့သူ တစ်ယောက် ရှိတာက ကံကောင်းခြင်းတစ်ခုပဲ"

ထိုစကား က လရိပ် နှလုံးသားပေါ်သို့ လေးလံစွာ ကျရောက်သွားခဲ့သည်။

သူမနဲ့ နေကမ္ဘာလွှမ်းကြား ဘာတွေဖြစ်ခဲ့သည်ဖြစ်စေ..အနည်းဆုံးတော့ သူက ဆရာမကြီးကို စောင့်ရှောက်ပေးမည်ဟူသော ကတိကို မဖျက်ခဲ့ပေ။

သူမ သူ့ကို အဲ့တာကိုတော့ ကျေးဇူးတင်မိပါသည်။ဒါပေမဲ့•••••••

« ရှေ့အခန်း - အခန်း-၂၀ နောက်အခန်း - အခန်း-၂၂ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ