Bububai ဝတ္ထု ချစ်ခြင်းတစ်စ နေကမ္ဘာလွှမ်း & လရိပ်မြူ အခန်းစာရင်း

အခန်း (၃)

လရိပ် ဟိုတယ်ကနေ တစ်ယောက်ထဲမိနစ်နှစ်ဆယ်လောက် လျှောက်လာပြီး အိမ်မွေးတိရစ္ဆာန်ဆိုင်ဆိုင်လေးထဲဝင်ခဲ့လိုက်သည်။

သူမ ဆိုင် တံခါးကို တွန်းဖွင့်လိုက်တာနဲ့ တံခါးမှာချိတ်ထားတဲ့ ခေါင်းလောင်းလေးက နူးညံ့စွာ မြည်လာပြီး ဆိုင်ရှင်က အသံကြောင့် မေ့ကြည့်လာကာ သူမကို မြင်တာနဲ့ ပြုံးလိုက်ပြီး..

"လရိပ်..ရောက်လာပြီလား!"

ဝမ်းသာအားရနဲ့ သူမ နှုတ်ဆက်လာသည်။

"နှင်းလုံးလေး က ဒီနေ့ အရမ်းလိမ္မာတယ် သူ့ အိမ်ပြန်ရမယ့်အချိန်ရောက်ပြီဆိုတာတောင်

သိနေတယ်"

ပြောရင်း ဆိုင်ပိုင်ရှင်က ကြောင်သယ်တဲ့အိတ်လေးကို သူမဆီ ကမ်းပေးလာသည်။

"နှင်းလုံး ကို ဒီနှစ်ရက်အတွင်း ကျန်းမာရေးအပြည့်အစုံ စစ်ဆေးပေးထားပါတယ် အခြေအနေအားလုံး ကောင်းတာမို့ စိတ်ချလက်ချ အိမ်ခေါ်သွားလို့ရပါပြီ"

"ဟုတ် ကျေးဇူးတင်ပါတယ်နော်.."

သူမ ကျေးဇူးတင်စကားဆိုလိုက်တော့ ဆိုင်ပိုင်ရှင်က ပြုံးပြီး လက်ခါပြကာ..

"ဒါက ကျွန်တော်တို့လုပ်ရမယ့်အလုပ်ပါ..ဒါနဲ့ ကို နေကမ္ဘာက နှင်းလုံး ရဲ့ နောက်သုံးနှစ်စာ ကာကွယ်ဆေးထိုးတာ ကျန်းမာရေးစစ်ဆေးတာနဲ့ အလှပြင်ပေးတာတွေအတွက် ငွေကြိုပေးထားပြီးပါပြီ"

"အော်..ဟုတ်ကဲ့ပါရှင့်..ကျွန်မပြန်လိုက်ပါအုံးမယ်နော်.."

"ဟုတ်ကဲ့ပါဗျ..ကောင်းသောညချမ်းလေးပါ"

လရိပ် နှုတ်ဆက်ပြီးတာနဲ့ ကြောင်ထည့်ထားတဲ့အိတ်ကို ကိုင်ပြီး ဆိုင်ကနေ ထွက်လာခဲ့သည်။

အပြင်ရောက်တာနဲ့ ညလေအေးက သူမမျက်နှာကို တိုက်ခတ်လာတာကြောင့် လရိပ် ပခုံးသား လေးတွေကို မသိမသာ ကျုံ့လိုက်မိသည်။

လရိပ် ကြောင်သယ်တဲ့အိတ်ထဲကို ငုံ့ကြည့်လိုက်တော့နှင်းလုံးလေး က အထဲမှာ ခွေနေပြီး သူ့ရဲ့အပြာရောင်မျက်လုံးလေးတွေက အပြစ်ကင်းစွာနဲ့ သူမကို ပြန်ကြည့်နေသည်။

နှင်းလုံးလေး ကို လွှမ်း ကမနှစ်က မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့တာပင်။

နှင်းလုံး လေးကို လက်ဆောင်အနေနဲ့ ရခဲ့တုန်းကာ သူ့ရဲ့နူးညံ့မှုတွေကြောင့် သူမရဲ့နှလုံးသားတစ်ခုလုံး ပိုပြီး ပျော့ပျောင်းသွားခဲ့ရသည်။

သူမမှတ်မိပါသေးသည်။အဲဒီတုန်းက ဝမ်းသာပြီးကလေးတစ်ယောက်လို ခုန်ပေါက်ကာ လွှမ်းရဲ့ ရင်ခွင်ထဲကို ပြေးဝင်ပြီး သူ့ကို နမ်းခဲ့တုန်းက

သူက ပြုံးပြီး သူမကို တင်းတင်းကျပ်ကျပ် ပြန်ဖက်ထားခဲ့သည်။

နှင်းလုံး ပထမဆုံး အိမ်ရောက်လာတဲ့ညတုန်းက လည်း လွှမ်းဟာ ဧည့်ခန်းထဲက ကော်ဇောပေါ်မှာ ဒူးထောက်ပြီး နှင်းလုံး အတွက် အိပ်ရာကို သူ ကိုယ်တိုင် ပြင်ဆင်ပေးခဲ့တာပင်။

အစာထည့်မယ့်ပန်းကန်ကို နေရာချပြီး အရုပ်မှာချိတ်ထားတဲ့ ခေါင်းလောင်းလေးကိုတောင် "ကြောင်လေးက ခုန်ပြီးဖမ်းဖို့ အကောင်းဆုံးနေရာ" ဖြစ်အောင် သူကိုယ်တိုင် ချိန်ညှိပေးပြီး လုပ်ပေးခဲ့တာပင်။

လရိပ် အိမ်ထဲရောက်တာနဲ့ နှင်းလုံးလေးကို အိတ်ထဲကနေ ထုတ်ပေးလိုက်တော့ နှင်းလုံး

က ဆိုဖာပေါ် ခုန်တက်ပြီး သူ့ခြေထောက်လေးတွေကို လျှာနဲ့ လျက်နေသည်။

သူမလည်း အိတ်ကို အနားမှာ ချခဲ့လိုက်ကာ မီးဖိုချောင်ထဲ ဝင်ပြီး ရေ‌ နွေးတည်လိုက်သည်။

လရိပ် ရေနွေးဆူလာတာကို စောင့်ရင်း ဖုန်းကိုထုတ်ကြည့်လိုက်ပေမဲ့ သူမဆီ ဘာစာမှမဝင်ထားပေ။

အဲ့အချိန် နှင်းလုံး ကမီးဖိုခန်းထဲဝင်လာပြီး သူမခြေ‌ထောက်ကို သူ့ခေါင်းလေးနဲ့ လာပွတ်နေတာမို့လရိပ် ထိုင်ချလိုက်ပြီး သူ့ ခေါင်းလေးကိုပြန် ပွတ်ပေးလိုက်သည်။

သူမ ပွတ်ပေးလိုက်တာနဲ့ နှင်းလုံးက မျက်လုံးလေးတွေ မှိတ်ပြီး ဇိမ်ခံနေတာကြောင့် လရိပ် ကြည့်ပြီး ပြုံးလိုက်မိသည်။

ခဏကြာတော့ ရေနွေးရပြီမို့ကော်ဖီ တစ်ခွက်ဖျော်ပြီး ဆိုဖာပေါ်ထိုင်ကာ TV ဖွင့်ကြည့်လိုက်သည်။

နှင်းလုံးကတော့ အခန်းထဲဝင်ပြီး အိပ်နေပြီဖြစ်သည်။

လရိပ် တီဗီ ဖွင့်ထားပေမယ့် အသံကို တိုးထားလိုက်ကာ Channel တွေကို တစ်ခုပြီးတစ်ခု ပြောင်းနေပြီးမှ နောက်ဆုံး Variety Show တစ်ခုကို ခဏကြည့်ပြီး တီဗီကို ပိတ်လိုက်သည်။

ရေချိုးပြီး သူမ အိပ်ရာပေါ်ထိုင်လိုက်တော့

နှင်းလုံးက က သူမခေါင်းအုံးပေါ်မှာ အရင်ရောက်နေပြီး အမွေးအလုံးလေးတစ်လုံးလို

လိပ်ခွေနေသည်။

လရိပ် သူ့ကို အသာရွှေ့လိုက်တော့ မကျေနပ်သလို "ညောင်..." လို့ အသံပြုပေမယ့် နောက်ဆုံးတော့ လိမ္မာစွာနဲ့ နေရာဖယ်ပေးလာသည်။

မီးပိတ်ခါနီးမှာ တော့ သူမ အကျင့်ပါနေသလို ဖုန်းကို တစ်ချက်ကြည့်လိုက်ပေမဲ့ လွှမ်းက သူမကို စာပို့ထားတာမရှိပေ။

သူမ ဖုန်းချကာ မီးပိတ်လိုက် ပေမဲ့ အိပ်မပျော်နိုင်သေးဘဲ မျက်ရည်တွေက ခေါင်းအုံးပေါ် တိတ်တိတ်လေး စီးကျနေခဲ့သည်။

~~~~~~~~

ဒီနေ့တဲ့ဆို လွှမ်း သူမကို လုံးဝ အဆက်အသွယ် မလုပ်တာ သုံးရက်တိတိ ရှိပြီဖြစ်သည်။

ဖုန်းလဲမဆက်သလို စာပို့တာလဲ လုံးဝမရှိပေ။

ဒီသုံးရက်အတွင်းမှာ လရိပ် သူမရေးနေတဲ့ ဝတ္ထုအတွက် အပိုင်း အသစ်တောင် မရေးနိုင်ပေ။

သူမ အလုပ်တွေလုပ်ပြီး မေ့ပျောက်အောင်လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် မလုပ်နိုင်ခဲ့ပေ။

လရိပ် ဆိုဖာ ပေါ်မှာ ထိုင်ကာ ဖုန်းသုံးနေတုန်းနှင်းလုံးကသူမခြေထောက်ကိုပတ်လည် လှည့်ပတ်ပြီး အော်နေတာကြောင့်..

"နှင်းလုံးလေး... ဗိုက်ဆာပြီလား?"

သူမ နှင်းလုံး ရဲ့ ခေါင်းလေးကို ပွတ်ပေးပြီးအစာကျွေးဖို့ ဆိုဖာပေါ်ကနေ အားယူထလာလိုက်သည်။

ပင်ပန်းနွမ်းနယ်တဲ့ ခြေလှမ်းတွေနဲ့ မီးဖိုချောင်ဘက်ကို လျှောက်သွားတုန်းအဲဒီအချိန် ဖုန်း

က မက်ဆေ့ ဝင်တဲ့ အသံကြားလိုက်ရတာကြောင့် သူမ ဧည့်ခန်းထဲကို အလျင်အမြန် ပြန်သွားလိုက်ပြီး ဖုန်းကို ကိုင်လိုက်တဲ့အချိန်မှာတော့ စိတ်ဓာတ်ကျသွားရသည်။

လွှမ်းဆီက မဟုတ်ပေ အယ်ဒီတာဌာနက အီးမေးလ်အသိပေးချက်ပင်။

လရိပ် ဖုန်းမျက်နှာပြင်ပေါ်မှာ ရှိနေတဲ့လက်ချောင်းတွေကို အသာရပ်ထားရင်း ကိုယ့်ကိုယ်ကို ‌လှောင်ပြုံးပြုံးလိုက်မိသည်။

သူမ နှင်းလုံး လေးကို အစာကျွေးပြီးတော့ ဆိုဖာ ပေါ်မှာ ပြန်ထိုင်ကည Social Media ကို ဖွင့်ကြည့်လိုက်တာနဲ့ ထိပ်ဆုံးကနေ..

[Sun လုပ်ငန်းစုရဲ့ CEO နေကမ္ဘာလွှမ်းက သိန်း ၅၀၀၀ကျော် တန် ရှေးဟောင်းလက်ဝတ်ရတနာများ ဝယ်ယူခဲ့...]

လရိပ် ထိုသတင်းကို မြင်လိုက်တာနဲ့ သူမရဲ့လက်ချောင်းတွေက မထိန်းနိုင်ဘဲ Search Bar မှာ နာမည်သုံးလုံးကို ရိုက်ထည့်လိုက်သည်။

---နန်းသစ္စာ----

သူမ ရိုက်လိုက်တာနဲ့ လှပတဲ့ ပုံလေးနဲ့ Instagram Account တစ်ခု ပေါ်လာသည်။

လရိပ် acc ထဲဝင်ကြည့်ဖို့ ခဏလောက် တုံ့ဆိုင်းနေခဲ့ပေမယ့် နောက်ဆုံး ဝင်ကြည့်လိုက်တော့

နန်းသစ္စာ နောက်ဆုံးတင်ထားတဲ့ Post က မနေ့ညကပင်။

နန်းသစ္စာက အစိမ်းရင့်ရောင် ဂါဝန်ကို ဝတ်ထားပြီး သူမရဲ့လည်တိုင်နဲ့ နားမှာ ဝတ်ထားတဲ့ နီလာကျောက် လက်ဝတ်ရတနာတွေက မီးရောင်အောက်မှာ ကြယ်တွေလိုတလက်လက် တောက်ပနေသည်။

ဟုတ်တယ် အဲဒါကသူမ ခုနက သတင်းထဲမှာမြင်ခဲ့တဲ့ လေလံပွဲက ရှေးဟောင်းလက်ဝတ်ရတနာအစုံပင်။

ပုံထဲမှာ နန်းသစ္စာ က ဥရောပစတိုင် ဥယျာဉ်တစ်ခုထဲမှာ ပြုံးနေပြီး နောက်ဘက်မှာတော့ မီးရောင်တွေနဲ့ ထွန်းလင်းနေတဲ့ ဧည့်ခံပွဲခန်းမကို မြင်နေရသည်။

ပုံရဲ့ ခေါင်းစဉ်က ကတော့ ရိုးရိုးရှင်းရှင်းစာတစ်ကြောင်းပင်...

[အမှတ်တရတွေ ပြန်လည်ရောက်ရှိလာတဲ့ည.]

လရိပ် ဓာတ်ပုံတွေကို ကြည့်လိုက်တော့

ဓာတ်ပုံတိုင်းမှာ နန်းသစ္စာက အလွှာအသီးသီး

မှာ ထင်ရှားတဲ့လူတွေနဲ့ စကားပြောနေတာ...

ဒါမှမဟုတ် ဝိုင်ခွက်မြှောက်ပြီး ပြုံးနေတဲ့ပုံတွေကိုတွေ့ရသည်။

ဒါပေမဲ့ နောက်ဆုံးဓာတ်ပုံကို ရောက်တဲ့အခါမှာတော့ လရိပ်သူမရဲ့ နှလုံးခုန်သံ တွေ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။

ဓာတ်ပုံရဲ့ အစွန်ဘက်မှာ မှုန်ဝါးဝါးနဲ့ ရင်းနှီးလွန်းတဲ့ ပုံရိပ်တစ်ခု ..လွှမ်း...

သူက နန်းသစ္စာဘက်ကို ခေါင်းငုံ့ပြီး စကားပြောနေကာသူ့မျက်လုံးတွေက အာရုံစူးစိုက်မှုနဲ့ နူးညံ့မှုတွေ ပြည့်နေတာအတိုင်းသားပေါ်လွင်နေသည်။

လရိပ် တစ်ကိုယ်လုံးတောင့်တင်းကာ ဆက်ကြည့်နိုင်စွမ်းမရှိတော့တာမို့ Account ထဲကနေ ပြန်ထွက်လိုက်သည်။

သူမ ဖုန်းကို ပိတ်လိုက်ကာ ဆိုဖာပေါ်မှာ ရုပ်ကြိုးပျက် ဖြစ်နေချိန် အိမ်ရှေ့တံခါး လူခေါ်ဘဲလ်က ရုတ်တရက် မြည်လာတာကြောင့် စိတ်မပါ လက်မပါနဲ့ ထကာတံခါးပေါက်က ကြည့်တဲ့အပေါက်လေးကနေ ကြည့်လိုက်တော့သုံးရက်တိုင်တိုင် အဆက်အသွယ်မလုပ် သတင်းမကြားရတဲ့ သူက တံခါးအပြင်မှာ ရပ်နေသည်။

သူက ဝတ်စုံအပေါ်အင်္ကျီကို လက်မောင်းပေါ်မှာ ပေါ့ပေါ့ပါးပါး တင်ထားပြီး နက်ကတိုင်ကလည်း လည်ပင်းမှာ လျော့ရဲနေသည်။

လရိပ် တံခါးဖွင့်လိုက်တာနဲ့ သူက သူမကို ရင်ခွင်ထဲ ဆွဲသွင်းကာ ဖက်လိုက်ပြီး လက်တစ်ဖက်နဲ့ သူမခေါင်းနောက်ကို ကိုင်ထားကာ ကျန်တစ်ဖက်နဲ့ တံခါးကို ပိတ်လိုက်သည်။

"ကိုယ့်ကို လွမ်းနေပြီလား..?"

လရိပ် ပြန်ဖြေဖို့တောင် အချိန်မရလိုက် သူက သူမကို ဝင်ပေါက်နံရံနားမှာ ဖိကပ်ပြီးပြင်းပြင်းထန်ထန် နဲ့ နမ်းလာသည်။

လရိပ် အသက်ရှူမဝတော့တာမို့ သူ့ပခုံးကို လက်နဲ့ ထုလိုက်တဲ့အခါမှ သူက အနည်းငယ် နောက်ဆုတ်ပေးကာနှုတ်ခမ်းတွေကတော့ သူမမေးရိုးတစ်လျှောက် အောက်ကို ဆင်းလာပြီး လည်ပင်းဘေးနားမှာ ရပ်လိုက်ပြီးမှ...

"မင်းပုံစံက အားမရှိသလိုပဲ..."

ပြောရင်းသူက လက်မနဲ့ လရိပ်မျက်လုံးအောက်ကို အသာပွတ်လိုက်ပြီး ရုတ်တရက် ရယ်လိုက်ကာ...

"ကိုယ်မရှိရင် မင်းက အိပ်တောင်မအိပ်ဘူးလား?"

အဲဒီအချိန်မှာပဲ နှင်းလုံး က တံခါးနားကို ရောက်လာပြီး သူ့ရဲ့ ဘောင်းဘီစကို

လာပွတ်တာကြောင့်...

"ကြောင်ဆိုးလေး...."

လွှမ်းက ငုံ့ပြီး နှင်းလုံး ကို ကောက်ချီလိုက်ကာ..

"မင်းက အမြဲ ငါ့အချိန်ကောင်းတွေကို ဖျက်ဆီးတာပဲ..."

လွှမ်း ပြောရင်း ဧည့်ခန်းထဲ ဝင်ပြီး နှင်းလုံးကို ကြောင်အိပ်ရာထဲမှာ အသာချထားလိုက်

ပြီးမှ အိပ်ခန်းထဲဝင်ကာ ဝတ်နေကျ အိမ်နေရင်းအဝတ်တွေကို အဝတ်ဗီရိုထဲက ထုတ်လဲလိုက်သည်။

"အချစ်..နေ့လယ်စာ ဘာစားချင်လဲ?"

လွှမ်း မေးပြီး မီးဖိုချောင်ထဲ သွားကာ ရေခဲသေတ္တာကို ဖွင့်လိုက်တော့ ကြက်ဥအနည်းငယ်နဲ့ ခြင်းထဲမှာ နွမ်းလျနေတဲ့ ဟင်းသီးဟင်းရွက်တစ်ဝက်လောက်ပဲ

ရှိတာကို တွေ့လိုက်ရသည်။

လွှမ်း ခေါင်းလှည့်ပြီး လရိပ်ကို မကျေနပ်တဲ့အကြည့်နဲ့ ကြည့်လိုက်ပြီး..မျက်ခုံးပင့်လိုက်

ကာ...

"လရိပ် မင်း ဒီရက်ပိုင်း ဘာတွေစားနေလဲ..."

လရိပ်ကတော့ တံခါးဘောင်ကို မှီရင်း သူရဲ့ကျောပြင်ကိုသာ ငေးကြည့်နေမိသည်။

သူ့ရဲ့ကျယ်ပြန့်တဲ့ပခုံးတွေက ရေခဲသေတ္တာတံခါးကို လုံးဝနီးပါး ဖုံးလွှမ်းနေပြီး ရှပ်အင်္ကျီအောက်က ကြွက်သားအချိုးအစားတွေကိုတောင် မသိမသာ မြင်နေရသည်။

"ကျွန်မ စာရေးနေတာနဲ့ အလုပ်များနေလို့ စျေးသွားဖို့ အချိန်မရှိဘူးလေ"

လွှမ်း သူမ အဖြေကြောင့် ခေါင်းခါလိုက်ကာ ရေခဲသေတ္တာတံခါးကို ပိတ်လိုက်ပြီး ဖုန်းထုတ်ပြီးနံပါတ်တစ်ခုကို ခေါ်လိုက်သည်။

"ဟယ်လို..မင်းနိုင်..မင်းစျေးသွားလိုက်"

လွှမ်း ထမင်းစားစားပွဲကို မှီရင်း ပြောလိုက်သည်။

"ဟင်းသီးဟင်းရွက်တွေ ဝယ်ပြီး လရိပ်အိမ်ကို ပို့ပေးလိုက်"

"ဟုတ် အကိုလေး ဘာ‌ တွေဝယ်ရမလဲဗျ?"

တစ်ဖက်က ဘာတွေဝယ်ရမလဲဆိုပြီး မေးလာတာကြောင့်လွှမ်း မျက်မှောင်ကြုတ်လိုက်ကာ..

"လရိပ် ပုံမှန်စားတာတွေပဲ ဝယ်ခဲ့လိုက်.."

လွှမ်း ပြောပြီး ဖုန်းချလိုက်ကာ ဖုန်းကို စားပွဲပေါ် တင်လိုက်ပြီး တံခါးဝမှာ ရပ်နေတဲ့ လရိပ် နားကို

သွားပြီး သူမ ခါးကို လက်နဲ့ ဖက်လိုက်ကာ နှာခေါင်းချင်း အသာအယာထိလိုက်ပြီးမှ...

"အချစ် ကိုယ့်ကို နည်းနည်းလောက် စိတ်ပူစရာလျော့အောင် နေပေးလို့ မရဘူးလားကွာ..?"

လွှမ်း သူမမျက်ဝန်းတွေကို စိုက်ကြည့်ပြီး နူးညံ့စွာ ပြောလိုက်သည်။

"ကိုယ် မရှိရင် အချစ်က ထမင်းတောင်ကောင်းကောင်းမစားဘူး.."

----

« ရှေ့အခန်း - အခန်း (၂) နောက်အခန်း - အခန်း (၄) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ