Bububai ဝတ္ထု ချစ်ခြင်းတစ်စ နေကမ္ဘာလွှမ်း & လရိပ်မြူ အခန်းစာရင်း

အခန်း (၁)

အပြင်ဘက်က လေထုနဲ့ ဆန့်ကျင်စွာRolls-Royce ကားထဲမှာတော့

လေထုက တင်းကျပ်လေးလံနေသည်။

လရိပ်ဟာ လွှမ်းရဲ့ ရင်ခွင်ထဲမှာ ရှိနေပြီး သူတို့နှစ်ယောက်ရဲ့ အနမ်းတွေကတော့ အသက်ရှူမဝအောင် နက်ရှိုင်းနေသည်။

လွှမ်းက သူ့ရဲ့လက်တွေနဲ့ လရိပ်ရဲ့ သွယ်လျတဲ့ခါးကို ဖက်ထားပြီး သူ့အနားကို ပိုမိုဆွဲကပ်လိုက်ကာ..

သူ့ရဲ့နှုတ်ခမ်းတွေကို သူမနားအနားကပ်ပြီး နားရွက်ဖျားကို အသာကိုက်ကာ ရယ်လိုက်သည်။

လရိပ်ရဲ့မျက်လုံးထဲမှာတော့ အချစ်တွေနဲ့ပြည့်နေပြီး သူမကလည်း သူ့လည်ပင်းကို လက်နှစ်ဖက်နဲ့ တင်းတင်းကျပ်ကျပ် ပြန် ဖက်ထားလိုက်သည်။

အဲဒီအချိန်မှာပဲ ဖုန်းသံမြည်လာတာကြောင့်

လွှမ်း အနမ်းတွေကိုရပ်တန့်လိုက်ရတာမို့ မကျေနပ်တဲ့အမူအရာနဲ့ မျက်မှောင်ကြုတ်လိုက်ကာ...

သူ့ ဖုန်း မျက်နှာပြင်ပေါ်က နာမည်ကိုကြည့်လိုက်တော့ လင်းမြတ်ပိုင်...

လွှမ်း ဖုန်းကို ကောက်ကိုင်ပြီး နားနားကပ်လိုက်တာနဲ့ တစ်ဖက်က လင်းမြတ်ပိုင်ရဲ့အသံက ချက်ချင်း ထွက်လာသည်။

"လွှမ်း... မင်းရူးသွားပြီလား..."

လင်းမြတ်ပိုင် စကားကို ကြားတာနဲ့ လွှမ်းခုနကထက်မျက်မှောင်ပိုကြုတ်လိုက်ပြီး ချက်ချင်း ဘာသာစကားပြောင်းကာ ပြင်သစ်စကားနဲ့ပြန် ပြောလိုက်သည်။

"ပြင်သစ်လိုပြော..."

သူ့ စကားကြောင့် လင်းမြတ်က ခဏတိတ်သွားပြီးမှ ပြင်သစ်လိုပြောင်းပြီး ဆက် ပြောလာသည်။

"မင်း နန်းသစ္စာ နဲ့ တကယ်ပြန်တွဲနေပြီလား? အဲ့ကိစ္စက နောက်စရာမဟုတ်ဘူးနော်..?"

"မင်းစဉ်းစားပုံကို ငါတကယ် နားမလည်ဘူး"

"မင်း မျက်စိကွယ်သွားပြီး ဘဝရဲ့အနိမ့်ဆုံးအချိန်ကို ရောက်နေတုန်း အဲ့မိန်းမက မင်းကို ထားခဲ့တာလေ"

"အခု တော့မင်းက အဲဒီမိန်းမနဲ့ ပြန်တွဲနေပြီ

နေကမ္ဘာလွှမ်း မင်းရူးသွားတာလား?"

ဖုန်းထဲကနေ ကြားနေရတဲ့ပြင်သစ် စကားလုံးတွေနဲ့ စကားစုတွေက ဘေးနားကလရိပ် ရဲ့နားထဲကို တစ်ခုပြီးတစ်ခု ဝင်ရောက်လာသည်။

သူမရဲ့ဦးနှောက်ကလည်း အဲဒီပြင်သစ်စကားတွေကို မြန်မာလို ဘာသာပြန်ပေးနေကာ..

စကားလုံးတစ်လုံးချင်းစီရဲ့ အဓိပ္ပာယ်ကို သူမက ပြန်စဉ်လိုက်တဲ့အခါ အေးစက်တဲ့ခံစားချက်တစ်ခုခြေဖဝါးကနေ ခေါင်းထိ ပြေးတက်လာခဲ့သည်။

သူမ ခန္ဓာကိုယ်ထဲကသွေးတွေတောင် ခဲသွားသလို ခြေလက်တွေပါ တောင့်တင်းအေးစက်သွားရသည်။

လွှမ်း ကတော့ သူမ နားမလည်လောက်ဘူးအထင်နဲ့ ဖုန်းသံကိုလဲ မတိုးသလို သူမရဲ့ ထူးခြားနေတဲ့အခြေအနေကို လုံးဝမသတိထားမိပဲပြင်သစ်လို ဆက်ပြောနေသည်။

"ငါ မဟာမြိုင် မိသားစုထဲကို လက်ထပ်ဝင်မယ်..."

သူ့စကားအဆုံး လင်းမြတ်ကဖုန်းထဲကနေ ချက်ချင်း ပြန်မေးလာသည်။

"ဒါဆို မင်း လရိပ်မြူကိုကော ဘယ်လိုလုပ်မှာလဲ?"

" မင်း သုံးနှစ်လုံး မျက်စိမမြင်ခဲ့တဲ့အချိန်မှာ နေ့ရောညပါ မင်းအနားမှာ စောင့်ရှောက်ပေးခဲ့တာ ဘယ်သူလဲ?"

"မင်းရဲ့ပြန်လည်ထူထောင်ရေးအတွက် အတူရှိပေးဖို့ ကိုယ့်ရဲ့အလုပ်အကိုင်တောင် စွန့်လွှတ်ခဲ့တာ ဘယ်သူလဲ?"

"သူမက သုံးနှစ်လုံး မင်းကို စောင့်ရှောက်လာခဲ့တာ!"

"နေ့တိုင်း မင်းကျန်းမာလာဖို့ပဲ မျှော်လင့်နေခဲ့တာ!"

"သူမက မင်းကို အရမ်းချစ်လွန်းလို့ ကိုယ့်ကိုယ်ကိုတောင် ပျောက်ဆုံးသွားပြီ!ဆိုတာ မင်းမမြင်ဘူးလား?"

လင်းမြတ်က‌ ‌တရစပ်‌ ပြောနေပေမဲ့ လွှမ်းရဲ့အသံကတော့ ဂရုမစိုက်သလို အေးစက်နေဆဲပင်။

"ကိစ္စမရှိဘူး သူမသိမှာမဟုတ်ဘူး"

"တစ်နေ့နေ့မှာ အမှန်တရားကို သိသွားခဲ့ရင်တောင် ဘာဖြစ်မှာလဲ? အဲဒီမိန်းမက ငါ့ကို ချစ်တာ ငါ့အတွက် သူမရဲ့နှလုံးသားတစ်ခုလုံးကို ပုံအပ်ထားတာမို့ သူမ ငါ့ကို ထားသွားမှာမဟုတ်ဘူးဘာပဲဖြစ်ဖြစ် ဒီကိစ္စကို ဘယ်လိုလုပ်ရမလဲဆိုတာ ငါသိတယ်"

လွှမ်း စကားအကုန်ပြောလိုက်ပေမဲ့ လင်းမြတ်ကတော့ အလျှော့မပေးသေးဘဲ အသံမြှင့်ပြီး ပြန်ပြောလာသည်။

"လွှမ်း မင်းတကယ်ပြောနေတာလား? သူမကို ဘယ်လောက်ကြာကြာ လိမ်ထားဦးမှာလဲ? ဒီလိုမျိုး တစ်သက်လုံး လိမ်ထားမလို့လား?"

လွှမ်းကတော့ လင်းမြတ်ပြောနေတာတွေကို နားမဝင်ဘဲ စိတ်တိုလာကာ....

"မင်းအခု ပါးစပ်ပိတ်ထားပြီး သစွာနဲ့ ငါလက်ထပ်မယ့်သတင်းကို ဖုံးထား ဘယ်သူမှမသိစေနဲ့ စကားတစ်ခွန်းတောင် အပြင်မထွက်စေနဲ့"

သူပြောပြီးတာနဲ့ လင်းမြတ် ဘာမှဆက်မပြောနိုင်ခင်တန်းပြီး ဖုန်းချလိုက်ကာ..

ဖုန်းကို အနားမှာရှိတဲ့နေရာကို ပစ်ချလိုက်

ပြီးတော့ လရိပ် ကို ပြန်ကြည့်လိုက်သည်။

~~~~

လရိပ် သူမရဲ့ နားထဲမှာ ခုနက အဲဒီပြင်သစ်စကားတွေကို သာ ထပ်ခါထပ်ခါ ပြန်လည်ကြားနေရသည်။

နန်းသစ္စာ ပြန်လာပြီ....

တွေးရင်းသူမ ရုတ်တရက် မူးဝေတဲ့ခံစားချက် ပြင်းပြင်းထန်ထန် ဖြစ်လာရသည်။

သူမ အောက်နှုတ်ခမ်းကို သွေးထွက်တဲ့အထိ ကိုက်ထားပြီး ကျလာတော့မယ့် မျက်ရည်တွေကို ထိန်းထားလိုက်သည်။

သူမ တက္ကသိုလ်တက်တုန်းက ပြင်သစ်ဘာသာကို ရွေးချယ်သင်ယူခဲ့မိတဲ့အတွက် သူမဘဝမှာ ဒီလောက်ကျေးဇူးတင်မိတာ တစ်ခါမှမရှိခဲ့ဖူးပေ။

သူကတော့ ဖုန်းကို ဘေးနားပစ်ချလိုက်ပြီးတာနဲ့ နက်ကတိုင် ကို ပြင်လိုက်ပြီး သူမကို ငုံ့ကြည့်လာကာ...

ခုနက မီးတောက်နေတဲ့ သူ့မျက်လုံးတွေက အခုတော့ ပြန်ပြီးအေးဆေးတည်ငြိမ်သွားပြီဖြစ်သည်။

အမြဲတမ်း နက်ရှိုင်းတဲ့ အဲဒီမျက်လုံးတွေဟာ ဒီနေ့မှာတော့ သူမအတွက် အလွန်စိမ်းကားနေသလို ခံစားနေရသည်။

"ဘာဖြစ်လို့လဲ?"

သူကလက်ချောင်းတွေနဲ့ သူမရဲ့ဆံပင်ကို အသာအယာ ပွတ်ပေးကာမေးလာသည်။

"မျက်နှာ ဘာလို့မကောင်းတာလဲ?"

"ဘာမှမဖြစ်ပါဘူး နည်းနည်းပင်ပန်းနေတာပါ"

လရိပ် အပြုံးတစ်ခုကို အတင်းဖန်တီးယူပြီး ဘာမှမဖြစ်သလို ဟန်ဆောင်ကာပြောလိုက်သည်။

"မနေ့ညက စာဖတ်ရင်း အိပ်ချိန်နောက်ကျသွားလို့ ထင်တယ် အခုရုတ်တရက်နည်းနည်း မူးလာလို့ပါ"

သူမ အဖြေကြောင့် သူက မျက်မှောင်ကြုတ်လိုက်ပြီး...

"အရူးမလေး... ကျန်းမာရေးက အရေးကြီးတယ် အိပ်ချိန်တွေနောက်မကျစေနဲ့ကြားလား .. "

လရိပ် သူ့စကားကို ခေါင်းညိမ့်ပြလိုက်ကာ ကားထိုင်ခုံ ခါးပတ်ကို ပြန်ပတ်လိုက်ပြီးမှ...

"ပြန်ရအောင်လေ.."

သူမ ပြောလိုက်တော့ သူက သူမ တကယ်နေမကောင်းဘူး ထင်သွားလို့ထင်သည် ဘာမှထပ်မပြောလာတော့ဘဲ ခေါင်းညိမ့်ပြီး ကားကို စက်နှိုးကာ သူမ တိုက်ခန်းဆီ လိုက်ပို့ပေးသည်။

ကားက သူမနေတဲ့တိုက်အောက်မှာရပ်လိုက်တာနဲ့လရိပ် ကားပေါ်က ဆင်းဖို့ပြင်နေချိန် သူက

သူမကို အပေါ်ထပ်ထိ လိုက်ပို့ပေးမယ်လို့

ပြောတာကြောင့် သူမ ငြင်းလိုက်သည်။

"တကယ်မလိုပါဘူး ခဏလောက် အနားယူလိုက်ရင် ရပါတယ် ဒီနေ့လည်း နောက်ကျနေပြီ လွှမ်းလည်း အိမ်ပြန်ပြီး စောစော နားတော့လေ.."

သူမက ဘာမှမဖြစ်သလို အေးဆေး ဖြစ်အောင် ကြိုးစားပြောလိုက်သည်။

လွှမ်း က သူမကို ခဏကြာ စိုက်ကြည့်ပြီး မှနောက်ဆုံး ခေါင်းညိတ်လိုက်သည်။

သူမ အပြင်မထွက်ခင် သူက ကိုယ်ကိုကိုင်းပြီး နှုတ်ခမ်းထောင့်ကို အနမ်းတစ်ချက် ပေးလာသည်။

အဲဒီအနမ်းက အရင်က အကြိမ်ပေါင်းများစွာ

ပေးခဲ့ဖူးသလိုပဲ နူးညံ့ပြီး ချစ်ခင်မှုအပြည့်နဲ့ပင်။

"မနက်ဖြန်တွေ့မယ်နော်..အချစ်"

"ဟုတ်..မနက်ဖြန်တွေ့မယ်.."

လရိပ် ပြုံးပြီး ပြန်ဖြေလိုက်ပေမယ့် သူမရဲ့အပြုံးကတော့ အတင်းဟန်ဆောင်ထားရတဲ့ အပြုံးသာဖြစ်နေခဲ့သည်။

လရိပ် အိမ်ထဲရောက်တာနဲ့ မီးကို အလျင်အမြန် ဖွင့်လိုက်ပြီး..အိတ်ကို ပစ်ချကာ ဆိုဖာပေါ်ကို အားအင်ကုန်ခမ်းသလို လဲကျသွားရသည်။

ဒါဟာတကယ်ကို ရယ်စရာကြီးပဲ...

လွန်ခဲ့တဲ့ ခုနစ်နှစ်က လွှမ်း ပထမဆုံးတွေ့ခဲ့တဲ့အချိန်ကို သူမပြန်စဉ်းစားမိသည်။

ဓာတ်လှေကားထဲမှာ မတော်တဆ တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းဆုံမိတဲ့အချိန်ထဲက သူမရဲ့နှလုံးသားက အဲဒီအချိန်ကတည်းက သူ့အပေါ် လုံးဝ တိမ်းညွှန့်သွားခဲရသည်။

ခုနစ်နှစ်ရှိပြီ...

သူမက ဒီလူကို ခုနစ်နှစ်လုံးလုံး ချစ်လာခဲ့တာ...

အစပိုင်းမှာ သူ့ကို အထင်ကြီးအားကျခဲ့ရာကနေ လွန်ခဲ့တဲ့ ငါးနှစ်က ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုကြောင့် သူ့ဘဝထဲ ဝင်ရောက်နိုင်မယ့် အခွင့်အရေးရခဲ့သည်။

အဲဒါကို ကံကြမ္မာက စီစဉ်ပေးထားတာလို့ သူမထင်ခဲ့မိသည်။

သူမတို့နှစ်ယောက်ဟာ တစ်ဘဝလုံး အတူရှိဖို့ ကံပါလာကြတယ်လို့ ထင်ခဲ့ပေမဲ့...

အခုတော့ ပြန်စဥ်းကြည့်လိုက်ရင်...ဒါဟာ သူမတစ်ယောက်တည်း စိတ်ကူးယဉ်ထားတာသာ ဖြစ်နေခဲ့သည်။

အဲဒီဖုန်းခေါ်ဆိုမှုတစ်ခုတည်းနဲ့ သူ့ရဲ့ ဟန်ဆောင်မျက်နှာဖုံးအားလုံးကို သူမ သိခဲ့ရသည်။

~~~~~~~

နောက်တစ်နေ့မနက် မှာတော့ လွှမ်းကပုံမှန်အတိုင်းပင် သူမတိုက်အောက်ကို အချိန်မှန်ရောက်လာခဲ့သည်။

အနက်ရောင် Rolls-Royce ကားက လမ်းဘေးမှာ တိတ်တိတ်ဆိတ်ဆိတ် ရပ်ထားပြီး ကားပိုင်ရှင်ကတော့ ကားကိုမှီရင်း အေးအေးဆေးဆေး ရပ်နေသည်။

ညာဘက်လက်ကို အိတ်ကပ်ထဲ ထည့်ထားပြီး ဘယ်ဘက်လက်နဲ့ ကားပြတင်းပေါက်ကို စည်းချက်ကျကျ တီးနေနေတဲ့သူ့အနေအထားက ပေါ့ပါးအေးဆေးပေမဲ့....

သူ့ရဲ့ မွေးရာပါ အထက်တန်းလွှာဆန်တဲ့ အရှိန်အဝါကိုတော့ ဖုံးကွယ်မထားနိုင်ပေ။

နေရောင်ခြည်က သူ့မျက်နှာအနေအထားကို ပေါ်လွင်စေပြီး ထင်ရှားတဲ့မေးရိုးနဲ့ မြင့်မားတဲ့နှာတံက ပိုပြီး ခန့်ညားနေစေသည်။

ဒါဟာ သူမ ခုနစ်နှစ်လုံးလုံး ချစ်ခဲ့ရတဲ့မျက်နှာပင်။

ဒါပေမယ့် ဒီနေ့မှာတော့ သူမအတွက် ပထမဆုံးအကြိမ် မြင်ဖူးသလို ခံစားနေရသည်။

သူမ အတွက်ရင်းနှီးနေသလိုလည်း ခံစားရပြီး တစ်ချိန်တည်းမှာပဲ စိမ်းကားနေသလိုလည်း

ခံစားချက်မျိုးလဲရစေသည်။

"Morning..လွှမ်း"

သူမ သူ့အနားရောက်တာနဲ့ တည်ငြိမ်နေသလို ဟန်ဆောင်ပြီး နှုတ်ဆက်လိုက်သည်။

"Morningပါ..အချစ် မနေ့ညကကော ကောင်းကောင်းအိပ်‌ပျော်ရဲ့လား?"

"ဟုတ် ကောင်းကောင်းအိပ်ပျော်ပါတယ်"

သူမ အတင်းလုပ်ယူထားတဲ့အပြုံးနဲ့ ပြန်ဖြေလိုက်ပေမဲ့သူကတော့ သတိထားမိပုံ မပေါ်ပေ။

သူက ပုံမှန်အတိုင်းပင် လူကြီးလူကောင်းတစ်ယောက်လို ကားတံခါးကို ဖွင့်ပေးလာပြီး...

"တက်ပါ ဒီနေ့ ကိုယ်မင်းကို တစ်နေရာခေါ်သွား‌မယ်"

လရိပ်လည်း ပြုံးကာ ခေါင်းညိမ့်ပြလိုက်ပြီး ကားပေါ်တက်လိုက်သည်။

အရှိန်နဲ့ မောင်းနှင်နေတဲ့ Rolls-Royce ကားလေးဟာ မြို့ပြရဲ့ စည်ကားမှုတွေကနေတဖြည်းဖြည်းဝေးကွာလာခဲ့သည်။

ကွေ့ကောက်နေတဲ့ မြို့ပြင်လမ်းတွေပေါ်မှာတော့ သစ်ပင်ရိပ်တွေက လေထဲမှာ ယိမ်းနွဲ့နေပြီး နေရောင်က သစ်ရွက်တွေကြားကနေ ကျ ရောက်နေသည်။

နာရီဝက်ခန့်ကြာအောင်‌မောင်းနောက် မှာတော့ကားဟာ နှစ်ဖက်စလုံးမှာ အလှသစ်ပင်ကြီးတွေကို တန်းစီစိုက်ထားတဲ့ သီးသန့်လမ်းတစ်လမ်းထဲ ဝင်သွားခဲ့ပြီး...

တဖြည်းဖြည် အဆောက်အအုံတစ်ခုရဲ့ ပုံရိပ်က မြင်ကွင်းထဲမှာ ပေါ်လာခဲ့သည်။လွှမ်းက ခြံအကျယ်ကြီးထဲကို မောင်းဝင်လိုက်ပြီး ခြံထဲမှာ ကားရပ်လိုက်ကာ..

"ရောက်ပြီ..."

ထို အဆောက်အဦး ရှေ့ရောက်တာနဲ့ ကားက ရပ်သွားသလို..

လရိပ် သူမရှေ့က အဆောက်အအုံကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

နှစ်ဧကလောက် ကျယ်ဝန်းတဲ့ ဥရောပစတိုင်

ဗီလာကြီးတစ်လုံးပင်။

တစ်အိမ်လုံးက အဝါနုရောင်သန်းနေတဲ့ သုံးထပ်အဆောက်အအုံကြီးပင်။

သူမ ထိုအိမ်ကြီးကို စိတ်ဝင်တစားကြည့်နေတုန်း သူ့ဆီကနေ စကားသံထွက်ပေါ်လာခဲ့သည်။

"လရိပ် ဒီဗီလာက မင်းအတွက် ကိုယ်ပေးတဲ့လက်ဆောင်"

"ဘယ်လိုလဲ ကြိုက်လား? ဒါက မင်းရဲ့အိမ်အသစ်ပဲ"

"လာ ကိုယ်တို့ အထဲဝင်ပြီး ကြည့်ရအောင်"

သူမ အံဩပြီး ပြန်ပြောချိန်ပင် မရလိုက် သူကပြောပြီးတာနဲ့ သူမလက်ကို ဆုပ်ကိုင်လိုက်ကာ ခြံထဲကို ခေါ်လာခဲ့သည်။

ဝင်ပေါက်တစ်ဝိုက်မှာ တော့သူမအကြိုက်ဆုံး နှင်းဆီပန်းတွေကို နွယ်ပင်လို ရစ်ပတ်အလှဆင်ထားကာ..

ခြံဝင်းထဲမှာလည်း သူမမဂ္ဂဇင်းထဲမှာတွေ့တုန်းကအမှတ်မထင် သဘောကျခဲ့ဖူးတဲ့ ပန်းပုရုပ်တွေကို ထည့်ထားသည်။

အသေးစိတ်အချက်တိုင်းက သူမအတွက် သီးသန့်ပြင်ဆင်ထားသလိုပင်။

စာကြည့်ခန်းထဲက စာအုပ်တွေ မီးဖိုချောင်ရဲ့ အပြင်အဆင်..အိပ်ခန်းရဲ့အရောင်အဆင်းအားလုံးက သူမအပေါ် ဂရုတစိုက် ပြင်ဆင်ထားတာကို ပြသနေသည်။

ဒုတိယထပ်က အဓိကအိပ်ခန်းဟာ ကျယ်ဝန်းပြီး အလင်းရောင်ကောင်းကောင်းရသလိုအိပ်ရာကြီးပေါ်က အိပ်ရာခင်းတွေကလည်း သူမအကြိုက်ဆုံး အပြာနုရောင်ပင်။

အဝတ်အစား တွေထားတဲ့ခန်းထဲ ဝင်ကြည့်လိုက်တော့လည်း သူမကြိုက်တဲ့ပုံစံတွေနဲ့ အဝတ်အစားတွေ အပြည့်ရှိနေသည်။

ဆိုဒ်တွေကလဲ သူမခန္ဓာကိုယ်နဲ့ အတိအကျပင်။

လွှမ်း သူမ အကြောင်းကို အရမ်းကောင်းကောင်းသိသလို...

သူမရဲ့ အကြိုက်တွေ၊ အလေ့အကျင့်တွေ၊ အရေးမကြီးတဲ့ အကျင့်စရိုက်အသေးအဖွဲလေးတွေအထိ မှတ်ထားခဲ့သည်။

သူက အိပ်ခန်းအလယ်မှာ ရပ်ပြီး အခန်းထဲမှာ ပတ်ကြည့်နေတဲ့ သူမကို မျက်လုံးမခွာ ဘဲ စိုက်ကြည့်နေပြီးမှ.....

"အချစ်..ကိုယ်မင်းကိုပေးစရာ တစ်ခုရှိတယ်"

သူစကားကြောင့် လရိပ် ခြေလှမ်းတွေက်ို ရပ်လိုက်လိုက်ပြီး သူ့ကို လှည့်ကြည့်လိုက်တော့

သူက အိတ်ကပ်ထဲက အစိမ်းရင့်ရောင် ကတ္တီပါသေတ္တာလေးတစ်လုံးကို ထုတ်ကာ သူမရပ်

နေတဲ့နေရာဆီ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။

သူ့မျက်လုံးတွေက နူးညံ့ပြီး အာရုံစိုက်မှုအပြည့်ရှိနေတာကာ သူမကတော့ သူ့ကို ကြည့်ရင်းအသက်ရှူတာတောင် ရပ်ထားမိသလို ဖြစ်သွားရသည်။

ဟုတ်တယ် ဒီအခိုက်အတန့်ကို သူမအိပ်မက်ထဲမှာ မရေမတွက်နိုင်အောင် အကြိမ်ကြိမ် မြင်ဖူးခဲ့သည်။

စေ့စပ်လက်စွပ်.. ဒီနေ့ကစပြီး တစ်ဘဝလုံးအတူရှိနေခြင်း...

သူမ အတွေးနဲ့ ရင်ခုန်နေတုန်းသူက အနားမှာရပ်လိုက်ပြီး ကတ္တီပါသေတ္တာကို ဖွင့်လိုက်ချိန်အထဲမှာ တောက်ပနေတဲ့ လက်ဝတ်ရတနာတစ်ခု ပေါ်လာခဲ့သည်။

ဒါပေမယ့်...သူမ ထင်ထားခဲ့သလို သူမအိမ်မက်တွေထဲကလိုလက်စွပ်မဟုတ်ခဲ့ပေ။

အလင်းရောင်ဖျော့ဖျော့နဲ့ တောက်ပနေတဲ့ မြကျောက်နားကပ်တစ်စုံ ဖြစ်နေခဲ့သည်။

"ကြိုက်လား? ဒါကို ဟိုတစ်လောကမှ ပါရီကနေ ဝယ်လာတာ"

သူက နူးညံ့တဲ့အသံနဲ့ မေးလာသည်။

သူမကတော့ ထို နေရာမှာပဲ ရပ်နေရင်း ခုနက စိတ်ကူးယဉ်မှုတွေ လုံးဝပျောက်ကွယ်သွားကာ အတွေးတွေရပ်တန့်သွားရသည်..လက်စွပ်မဟုတ်ဘူး။

လက်ထပ်ခွင့်တောင်းတာလည်း မဟုတ်ဘူး...

"အင်း...အရမ်းလှပါတယ်"

သူမ အတင်းပြုံးပြီး ပြန်ပြောလိုက်သည်။

သူကတော့ ဘာမှရိပ်မိပုံမရ ကတ္တီပါဗူးထဲက နားကပ်တွေကို ထုတ်ကာ သူမ နားမှာ အသာအယာ တပ်ပေးလာပြီး...

"မင်းနဲ့ အရမ်းလိုက်တယ်.."

ပြောကာ ခြေတစ်လှမ်းနောက်ဆုတ်ပြီး သူမကို ကြည့်ရင်း သဘောကျနေသည်။

လရိပ် မှန်ရှေ့မှာ ကိုယ့်ကိုယ်ကို လှည့်ကြည့်လိုက်တော့..

မှန်ထဲက သူမရဲ့မျက်နှာက ဖြူဖျော့နေပြီး

သူမ နားက မြစိမ်းရောင်နားကပ်တွေကသာ

တောက်ပနေသည်။

"တကယ်လှပါတယ် ကျေးဇူးတင်ပါတယ်.."

"ကျေးဇူးတင်စရာမလိုပါဘူး မင်းက အကောင်းဆုံးအရာတွေနဲ့ ထိုက်တန်တယ်"

လွှမ်းက သူမကို အနောက်ကနေ ဖက်လာပြီး မေးစေ့ကို သူမပခုံးပေါ် တင်ထားကာမှန်ထဲကနေ သူမရဲ့မျက်လုံးတွေကို ကြည့်ရင်း ပြောလာသည်။

"လွှမ်း..."

လရိပ် နူးညံ့တဲ့အသံနဲ့ ခေါ်လိုက်‌ပေမဲ့ သူမမျက်လုံးတွေကတော့ မှန်ထဲက သူမကိုယ်

သူမကိုပဲ စိုက်ကြည့်နေခဲ့သည်။

"ကျွန်မတို့... အတူရှိလာတာလည်း ကြာပြီ လွှမ်း လရိပ်တို့ရဲ့အနာဂတ်ကို စဉ်းစားဖူးလားဟင်?"

လွှမ်းက သူမစကားအဆုံးပြုံးလိုက်ပြီးမှ...

"ဒါပေါ့ အခု ကိုယ်တို့က မိသားစုလိုဖြစ်နေပြီပဲ အချစ်လိုချင်တာ ဘာမဆို ကိုယ်ပေးမယ်.."

လရိပ် သူ့ဘက်ကို လှည့်ကြည့်လိုက်ပြီးမှ...

"ကျွန်မလိုချင်တာက လက်ထပ်တာလို့ ပြောရင်ရော?"

အဲ့အချိန် သူ့ရဲ့မျက်လုံးထဲမှာ မသိမသာ အပြောင်းအလဲလေးတစ်ခု ပေါ်လာပေမယ့် ချက်ချင်းပဲ ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာ..

သူက သူမမျက်နှာကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး နဖူးကို နမ်းလိုက်ပြီးမှ...

"အခု ချိန်ကဒီအကြောင်းပြောဖို့ စောသေးတယ်မဟုတ်ဘူးလား?"

"ကိုယ်တို့လည်း ငယ်သေးတယ်လေ အချိန်တွေအများကြီး ရှိပါသေးတယ်"

သူမ ဘာမှဆက်မပြော‌ တော့ပဲ ပြုံးရုံသာပြုံးလိုက်‌ တော့သည်။သူ့ စကားကြောင့် လရိပ် နားလည်လိုက်တာကသူမမျှော်လင့်နေခဲ့တဲ့ "မနက်ဖြန်" ဆိုတာဟာ...ဘယ်တော့မှ ရောက်လာမှာမဟုတ်တော့ဘူးဆိုတာပင်။

----

ပထမအခန်းဖြစ်ပြီး နောက်အခန်း - အခန်း (၂) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ