Bububai ဝတ္ထု သခင့်စံအိမ် အခန်းစာရင်း

အပိုင်း (၃)

အခန်းတွင်းရှိ လေထုသည် လေးလံထိုင်းမှိုင်းနေကာ နာရီလက်တံများ၏ 'တစ်ချက်ချက်' မြည်သံမှလွဲ၍ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

ကုတင်ထက်တွင်တော့ စံအိမ်တစ်ယောက် မောပန်းနွမ်းနယ်စွာဖြင့် အိပ်ပျော်နေရှာသည်။ မျက်နှာလေးမှာ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး

ပါးပြင်ပေါ်တွင် ခြောက်သွေ့စပြုနေသော မျက်ရည်စီးကြောင်းရာများက ထင်ကျန်နေဆဲ။

နေမင်းသခင်ကတော့ ကုတင်စောင်းတွင် ထိုင်လျက်သား။

သူ့ခန္ဓာကိုယ်အထက်ပိုင်းတွင် အဝတ်အစားကင်းမဲ့နေပြီး သန်မာတောင့်တင်းသော ရင်အုပ်ကြွက်သားများပေါ်တွင် ချွေးစတို့ ခိုကပ်နေကာ လက်ချောင်းကြားတွင် ညှပ်ထားသော စီးကရက်မီးခိုးငွေ့များက လေကြောင်းသင့်ရာ လွင့်ပါးနေ၏။

သခင် စီးကရက်ကို ရှိုက်ဖွာကာ မီးခိုးငွေ့များကို ခပ်ပြင်းပြင်း မှုတ်ထုတ်လိုက်ပြီး မျက်ဝန်းများက အိပ်ပျော်နေသော စံအိမ့် မျက်နှာကို စိုက်ကြည့်နေသော်လည်း အတွေးတို့ကတော့ အတိတ်ဆီသို့ လွင့်မျောရောက်ရှိသွားခဲ့သည်။

ပြတင်းပေါက်မှတဆင့် မြင်နေရသော စင်ကာပူမြို့ ၏ မီးရောင်စုံတို့သည် မှိတ်တုတ်မှိတ်တုတ်ဖြင့် နေမင်းသခင်တစ်ယောက် တစ်နေ့တာ အလုပ်ပင်ပန်းထားသမျှကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေချိန်ဖြစ်သည်။

"တီ... တီ... တီ..."

ခေါင်းရင်းမှ ဆက်တိုက်မြည်လာသော ဖုန်းသံကြောင့် နေမင်းသခင် မျက်မှောင်ကြုတ်လိုက်မိသည်။ အိပ်ရေးပျက်သွားတာကြောင့် စိတ်ကသိကအောက်ဖြစ်သွားကာ စောင်ကို ခေါင်းမြီးခြုံလိုက်သော်လည်း ဖုန်းသံက တိတ်မသွား။

ဇွဲကောင်းကောင်းဖြင့် အဆက်မပြတ် အော်မြည်နေပြန်သည်။

သခင် စိတ်မရှည်စွာဖြင့် စောင်ကို ဖယ်လိုက်ပြီး မျက်လုံးကို အားယူဖွင့်ကာ ဖုန်းကို လှမ်းယူလိုက်သည်။

Screen ပေါ်တွင် ပေါ်နေသော နာမည်က "Mom"။

ဒီအချိန်ကြီး အမေ ဘာကိစ္စရှိလို့ ဆက်တာပါလိမ့်။

ရန်ကုန်မှာဆို ဘယ်အချိန်လောက်ရှိနေမလဲ။

စိုးရိမ်စိတ်အနည်းငယ် ဝင်လာသဖြင့် ဖုန်းကို ကိုင်လိုက်သည်။

"ဟဲလို... မာမီ... ဘာဖြစ်လို့လဲ ဒီအချိန်ကြီး"

အိပ်ချင်မူးတူးဖြင့် ပြောလိုက်ရင်း တဖက်မှ ပြန်ဖြေလိုက်သော အသံကြောင့် ရင်ထဲထိတ်ခနဲဖြစ်သွားရသည်။ စကားလုံးတွေအစား ရှိုက်ကြီးတငင် ငိုကြွေးသံကိုသာ ဦးစွာကြားလိုက်ရကာ အိပ်ချင်စိတ်များ ချက်ချင်း ပျောက်ပြယ်သွားကာ ထထိုင်လိုက်၏။

"မာမီ... မာမီ ဘာဖြစ်တာလဲ... ဘာလို့ငိုနေတာလဲ "

"သား... သားရေ... သားအစ်မ... ဟင့်... သားအစ်မ..."

ဒေါ်မြတ်သွင်၏ အသံများက တုန်ခါကာ အက်ကွဲနေကာ

စကားလုံးများကို ဆက်မပြောနိုင်ဘဲ လည်ချောင်းဝတွင် တစ်ဆို့နေလေသည်။

ထိုအခါ သခင့် ရင်ထဲတွင် မီးစတစ်ခု လောင်ကျွမ်းလာသလို ပူလောင်လာကာ ...

"မနွေ... မနွေ ဘာဖြစ်လို့လဲ မေမေ... ရှင်းရှင်းလင်းလင်း ပြောပါ မနွေ ဘာဖြစ်လို့လဲလို့"

"နွေရိပ်... မရှိတော့ဘူး သားရေ... သားအစ်မ ဆုံးပြီ... အဟင့်... ဟင့်..."

"ဗျာ..."

သခင့် လက်ထဲမှ ဖုန်းလေး လွတ်ကျလုမတတ် ဖြစ်သွားကာ

ကမ္ဘာကြီး ဇောက်ထိုးမှောက်သွားသလို ခံစားလိုက်ရသည်။

နားထဲတွင် အူထွက် ဆူညံသွားပြီး ဦးနှောက်က ထိုသတင်းစကားကို လက်ခံနိုင်စွမ်း မရှိ။

"မာမီ... နောက်မနေပါနဲ့ဗျာ... မနွေက ကျန်းမာရေးကောင်းပါတယ်... ဘာရောဂါမှ မရှိဘဲနဲ့ ဘယ်လိုလုပ်..."

"ရောဂါကြောင့် မဟုတ်ဘူး သားရဲ့... ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာ... အိပ်ဆေးတွေ အများကြီးသောက်ပြီး... ဟင့်... မနက်ကျမှ အမေတို့ တွေ့တာ... အမေတို့ အချိန်မမီလိုက်ဘူး သားရေ..."

"ဘယ်လို ...ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်..."

ထိုစကားလုံးက သခင့် ရင်ဘတ်ကို တူကြီးနှင့် ထုလိုက်သလို ဆောင့်တက်သွားရသည်။ မနွေလို အေးအေးဆေးဆေးနှင့် ပျော်ပျော်နေတတ်ပြီး ဘာသာတရားကိုင်းရှိုင်းတဲ့ အမျိုးသမီးတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်တဲ့လား ... မဖြစ်နိုင်တာ။

"ဘာ... ဘာလို့လဲ မေမေ... ဘာပြဿနာရှိလို့လဲ..."

"ဟင့်အင်း ... မေမေလည်းမသိဘူး။

ဘာအခက်အခဲတွေများ ရှိနေခဲ့တာလဲမသိဘူး။

ဟင့်... လုပ်ရက်လိုက်တာ သမီးရယ်..."

မာမီ့ငိုသံတွေက ဝေးကွာသွားသလို ခံစားလိုက်ရကာ သခင် ဖုန်းကို နားကခွာလိုက်ပြီး ခုတင်ပေါ်သို့ အရုပ်ကြိုးပြတ် ပြုတ်ကျသွား‌တော့သည်။

ရင်ဘတ်ထဲတွင် စူးအောင့်လာသော နာကျင်မှုက အသက်ရှူရခက်လာကာ ဆောက်တည်ရာမရတော့။

မနွေ သေပြီ ...သူ့အစ်မ သေသွားပြီ။

မျက်ရည်ပူများက သခင့် ပါးပြင်ပေါ်သို့ အထိန်းအကွပ်မဲ့ စီးကျလာခဲ့သည်။

ထိုညက စင်ကာပူကောင်းကင်ယံသည် ကြယ်တွေစုံလင်နေသော်လည်း နေမင်းသခင်အတွက်တော့ ကမ္ဘာကြီးတစ်ခုလုံး

အမှောင်ကျသွားခဲ့ပြီဖြစ်သည်။

________________

"ဟူး..."

သခင် စီးကရက်အငွေ့များကို မှုတ်ထုတ်လိုက်ရင်း အတိတ်က အတွေးစများကို ဖြတ်တောက်လိုက်သည်။ သူ့မျက်ဝန်းများက ခုတင်ပေါ်တွင် အိပ်ပျော်နေသော စံအိမ်ဆီသို့ ပြန်လည်ရောက်ရှိသွား၏။

"မင်းတို့နှစ်ယောက် ပျော်ပါးနေတဲ့အချိန်မှာ ငါ့အစ်မက ပူလောင်သောက ရောက်နေခဲ့ရတာ... အခု မင်း ငါ့ဆီရောက်လာပြီ...

မင်းလည်း ပျော်ရွှင်မှုဆိုတာ ဘာလဲမသိရအောင် ငါလုပ်ပြမယ်"

လက်ထဲမှ စီးကရက်တိုကို ပြာခွက်ထဲသို့ ဖိချေလိုက်ပြီး

ခြောက်ကပ်ကပ်ပြုံးလိုက်သည်။စီးကရက်မှ မီးစလေး ငြိမ်းသွားသော်လည်း သူ့ရင်ထဲက အမုန်းမီးစကတော့ ပိုမိုတောက်လောင်နေဆဲ။

________________

နံနက်ခင်း၏ နေရောင်ခြည်နုနုက ပြတင်းပေါက် လိုက်ကာကြားမှတဆင့် အခန်းတွင်းသို့ တိုးဝင်လာသည်။ သို့သော် ထိုအလင်းရောင်သည် စံအိမ်အတွက်တော့ နွေးထွေးမှုကို မပေးနိုင်။ သူမ ဘဝတစ်ခုလုံး အေးစက်မှောင်မိုက်သွားခဲ့ပြီ ဖြစ်သည်။

စံအိမ် မျက်လုံးများကို အားယူဖွင့်လိုက်လျှင် ခေါင်းတစ်ဝိုက် ကိုက်ခဲနေမှုနှင့်အတူ တစ်ကိုယ်လုံးက နာကျင်ကိုက်ခဲနေသည်။

မနေ့ညက အဖြစ်အပျက်များသည် အိပ်မက်ဆိုးတစ်ခု ဖြစ်ပါစေဟု ဆုတောင်းမိသော်လည်း ကုတင်ဘေးတွင် ပြန့်ကျဲနေသော သူမ မင်္ဂလာဝတ်စုံအပြဲကြီးက အမှန်တရားကို သက်သေပြနေသည်။

သူမ ကုတင်ပေါ်မှ လူးလဲထလိုက်ပြီး စောင်ကို ရင်ဘတ်အထိ ဆွဲတင်ရင်း ကိုယ့်ကိုယ်ကိုယ် ပြန်ငုံ့ကြည့်မိတော့ ရွံရှာစိတ်တို့က လှိုက်တက်လာသည်။

"နိုးပြီလား... ညက ပင်ပန်းသွားတယ် ထင်တယ် ... အဟက် "

အခန်းထောင့်ရှိ ဆိုဖာပေါ်မှ ထွက်ပေါ်လာသော အသံကြောင့် စံအိမ် ဆတ်ခနဲ တုန်သွားကာ ကြည့်လိုက်မ‌ေတာ့ နေမင်းသခင်...။

သူက ရေမိုးချိုးပြီး အဝတ်အစားသပ်ရပ်စွာ လဲလှယ်ထားပြီးဖြစ်ကာ လက်ထဲတွင် ကော်ဖီခွက်ကို ကိုင်ကာ သူမကို လှောင်ပြုံးတစ်ခုဖြင့် ကြည့်နေ၏။

စံအိမ် သူ့ကို စကားပြန်မပြောပဲ အကြည့်လွှဲပစ်လိုက်သည်။

အရင်က သူမ ရင်ခုန်ခဲ့ရသော ထိုမျက်နှာကို အခုအချိန်တွင်

ကြည့်ရသည်မှာ အော့အန်ချင်စိတ် ပေါက်လောက်အောင် ရွံရှာမိလာသည်။

"ဘာလဲ... ကိုယ့်လင်ကိုယ် နှုတ်ဆက်ဖို့ မေ့နေတာလား"

သခင်က ဆိုဖာမှ ထကာ ကုတင်နားသို့ လျှောက်လာလျှင် စံအိမ်က အလိုအလျောက် နောက်သို့ ဆုတ်လိုက်သည်။

"ကျွန်မနား မလာနဲ့"

" မင်းက အမိန့်ပေးရဲသေးတယ်ပေါ့"

"ကျွန်မကို လွှတ်ပေး... အခုချက်ချင်း ကွာရှင်းပေးပါ နေမင်းသခင် "

သခင် မျက်ခုံးပင့်သွားရသည်။

သူထင်ထားသည်က စံအိမ် ငိုယိုပြီး တောင်းပန်လိမ့်မည်၊ ရှင်းပြလိမ့်မည် ဟူ၍။ သို့သော် အခုပုံစံက သူထင်ထားသည်နှင့် တခြားစီ။

"ကွာရှင်းပေးရမယ်... ဟုတ်လား။ ငါ မနေ့က ပြောထားပြီးသားထင်တယ် ... မင်း ဒီအိမ်က ထွက်သွားချင်ရင် အသက်မဲ့တဲ့ ခန္ဓာကိုယ်ပဲ ထွက်ခွင့်ရမယ်လို့"

"ရှင်က လူယုတ်မာပဲ... မဟုတ်ဘူး... လူယုတ်မာထက် ဆိုးတဲ့ တိရစ္ဆာန်ပဲ ... ရှင့်လိုလူနဲ့ ကျွန်မ တစ်အိမ်တည်း အတူမနေနိုင်ဘူး။"

စံအိမ်က စောင်ကို ပတ်လျက်သားဖြင့် ကုတင်ပေါ်မှ ဆင်းကာ မျက်နှာချင်းဆိုင် ရပ်လိုက်ကာ မျက်နှာလေးမှာ သွေးဆုတ်ဖြူလျော့နေသော်လည်း အံကိုတင်းတင်းကြိတ်ကာ သူ့ကိုစူးစိုက်ကြည့်လိုက်၏။

"ဘာလဲ ... ငါနဲ့ကွာရှင်းပြီး ထက်အာကာဆီ ပြန်သွားချင်နေတာလား။

မင်းက တော်တော်ရွံစရာကောင်းတဲ့ မိန်းမပဲ "

သခင်က စံအိမ့် ပခုံးနှစ်ဖက်ကို ဖျစ်ညှစ်ဆုပ်ကိုင်လိုက်ပြီး ...

"မင်း ငါ့လက်ထဲက ဘယ်မှ မလွတ်စေရဘူး ... မင်းက ငါ့ရဲ့ သားကောင်ပဲ။

ငါ့အစ်မ ခံစားခဲ့ရသလို မင်းရဲ့နေ့တိုင်းကလည်း ငရဲကျနေစေရမယ်"

"ရှင်..."

"ဘာလဲ... မကျေနပ်ဘူးလား... အခုမင်းက ငါ့လက်ခုပ်ထဲကရေပဲ "

သခင်က စံအိမ်၏ မျက်နှာနားသို့ ကပ်ကာ စိန်ခေါ်သလို ပြောလိုက်လျှင် စံအိမ် သည်းခံစွမ်းကုန်သွားကာ ...

"ဖြောင်း "

တိတ်ဆိတ်နေတဲ့ အခန်းထဲမှ ရိုက်ချက်ပြင်းပြင်းနှင့်အတူ သခင့် မျက်နှာ လည်ထွက်သွားကာ စံအိမ့် လက်ဖဝါးလေးမှာ နီရဲကာ ထူပူသွားတော့သည်။

စံအိမ် ရင်ဘတ်များ နိမ့်ချည်မြင့်ချည်ဖြစ်နေကာ ပြန်လှည့်ကြည့်လိုက်သောအခါ သူ့ပါးပြင်ပေါ်တွင် လက်ဝါးရာ အထင်းသား။ သို့သော် သူ့မျက်လုံးများက ကြောက်မက်ဖွယ်ကောင်းအောင် တည်ငြိမ်နေသည်။

"မင်း... ငါ့ကို ရိုက်လိုက်တာလား စံအိမ်"

"ဟုတ်တယ် ရိုက်တယ် ... ဒါ ရှင် ကျွန်မအပေါ် စော်ကားခဲ့တာတွေအတွက် ... ရှင် မှတ်ထား နေမင်းသခင်... ကျွန်မ ရှင့်ကို ချစ်ခဲ့တာ မှန်တယ်။ ဒါပေမယ့် ဒီနေ့ ဒီအချိန်ကစပြီး ရှင့်ကို ကျွန်မ ရွံတယ်... မုန်းတယ် "

စံအိမ်က အားကုန်အော်ဟစ်ပြီးနောက် ရေချိုးခန်းဆီသို့ ပြေးဝင်သွားတော့သည်။

"ဒုန်း..."

တံခါးပိတ်သံနှင့်အတူ သခင် တစ်ယောက်တည်း ကျန်ရစ်ခဲ့ကာ

သူ ပါးပြင်ကို လက်မဖြင့် ပွတ်သပ်လိုက်သည်။

ပါးပြင်ပေါ်က နာကျင်မှုထက် စံအိမ့် မျက်ဝန်းထဲမှ သူ့ကို ရွံစရာသတ္တဝါတစ်ကောင်လို ကြည့်သွားတဲ့ အကြည့်တွေက သူ့ရင်ဘတ်ထဲသို့ တစ်စုံတစ်ခု လာစူးဝင်သွားသလို ခံစားလိုက်ရသည်။

"မုန်းလိုက်စမ်းပါ... ငါကလည်း မင်းအချစ်ကို လိုချင်နေတဲ့ကောင်မှ မဟုတ်တာ"

သူ့ဟာသူ မကြားတကြား ရေရွတ်လိုက်သော်လည်း ထိုစကားလုံးများက ဟာတာတာ နိုင်လွန်းလှသည်။

အပိုင်း (၄) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၂) နောက်အခန်း - အပိုင်း (၄) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ