မနက်ခင်း ပထမဆုံးအချိန် အတန်းပိုင်ဆရာမက ခွင့်ယူထားပြီး တခြားဆရာမလည်း မဝင်တာကြောင့် ရှင်ငြိမ်းတို့ အခန်းထဲတွင် ဆူညံပွက်လောရိုက်နေသည်။ ဆရာမ မဝင်တော့ ယောက်ျားလေးတွေအကြိုက်ပေါ့။
ရှင်ငြိမ်းကတော့ ဖြူစင်နှင့် ချိုသဲဖြူတို့ရဲ့ မကုန်နိုင်တဲ့ အကြောင်းအရာတွေ ပြောသမျှကို နားထောင်ကာ ခပ်ဟဟလေး ပြုံးနေမိသည်။
ထိုစဉ်... ရှင်ငြိမ်းတို့ ခုံဝိုင်းနားသို့ လူရိပ်တစ်ခု ရောက်လာတာကြောင့် မော့ကြည့်လိုက်ကြသည်။
"ရှင်ငြိမ်း... ငါ နင့်ကို ပြောစရာရှိလို့။"
ခေါင်ကြီး စကားကြောင့် ဖြူစင်နှင့် ချိုသဲဖြူတို့ပင် စကားပြောရပ်သွားကြပြီး သူ့ကို စိတ်ဝင်တစား ဝိုင်းကြည့်လာကြသည်။
"အွန်း... ဘာပြောမလို့လဲ "
"ငါ... ငါ နင့်ကို သဘောကျနေတာ ကြာပြီ ရှင်ငြိမ်း။"
"ဟင်..."
ခေါင်ကြီးဆီမှ ထွက်လာသော စကားလုံးများကြောင့် ရှင်ငြိမ်း မျက်လုံးများ ပြူးကျယ်သွားရသည်။
"ဟယ်..."
ဘေးမှ ချိုသဲဖြူနှင့် ဖြူစင်တို့လည်း တအံ့တဩဖြစ်သွားကြကာ အခန်းထဲက သူတွေအားလုံးလည်း ခေါင်ကြီး စကားကို ကြားသွားကြတာကြောင့် ရှင်ငြိမ်းတို့ဝိုင်းဆီသို့ အာရုံစိုက်လာကြလေသည်။
"ငါနင့်ကို တကယ်ချစ်တာပါ။
ငါ့ကို ပြန်ချစ်ပေးလို့ရမလားဟင်။ "
"..."
ရှင်ငြိမ်း မျက်နှာတစ်ခုလုံး ပူထူလာရကာ ဘာပြန်ပြောလို့ ပြောရမှန်းလည်း မသိတော့ပေ။
ခေါင်ကြီးကို သူငယ်ချင်း တစ်ယောက်လိုသာ ခင်လို့ရပြီး သူမ ရင်ထဲတွင် နေရာယူထားသူက အခြားတစ်ယောက် ဖြစ်နေသည်လေ။
"ဟို... ခေါင်ကြီး... ငါ..."
ရှင်ငြိမ်း နှုတ်ခမ်းကို သွားဖြင့် တင်းတင်းဖိကိုက်ကာ
ငြင်းဖို့ပြင်လိုက်ပေမယ့် ...
"ဝိုး... ခေါင်ကြီး အားပေးတယ်ကွာ..."
အနောက်ဘက်ခုံမှ ကိုကိုနိုင်က လက်ခုပ်တီးကာ အော်ပြောလိုက်တာကြောင့် အခန်းထဲရှိ ကျန်တဲ့သူများပါ ဝိုင်းပြီး အော်ဟစ် အားပေးကြလေတော့သည်။
"သဘောတူလိုက်... သဘောတူလိုက် ရှင်ငြိမ်း။
ခေါင်ကြီးက လူကောင်းလေးပါ။"
အကုန်လုံး ဝိုင်းအော်ကာ အားပေးနေကြချိန်
သက်ပိုင်ကျော်ကတော့ ထိုင်ရာမှထကာ ခုံကိုတစ်ချက်ဆောင့်ကန်ကာ အခန်းအပြင်သို့ ထွက်သွားတော့သည်။
"ဟဲ့ ... ရှင်ငြိမ်း ခေါင်ကြီးကို စဉ်းစားပေးလိုက်ပါဟယ်။ "
ချိုသဲဖြူကပါ ဘေးမှနေ ဝင်ပြီး မြှောက်ပင့်ပေးနေလေသည်။ ဖြူစင်ကလည်း ရှင်ငြိမ်း လက်မောင်းလေးကို အသာလှုပ်ကာ...
"စဉ်းစားကြည့်လေ ရှင်ငြိမ်းရယ်... "
"..."
ခေါင်ကြီးအရှေ့မှာတင် အကုန်လုံးက ဝိုင်းပြောနေကြတာကြောင့် ရှင်ငြိမ်း အတော်လေး အကျပ်ရိုက်ရသွားတော့သည်။
အခန်းထဲက လူတွေအကုန်လုံးအရှေ့မှာ ရှင်ငြိမ်းငြင်းလိုက်ရင်လည်း သူရှက်သွားမှာပဲ။
ရှင်ငြိမ်း လက်နှစ်ဖက်ကို ယှက်ထားမိရင်း ရင်ထဲတွင် မွန်းကြပ်လွန်းတာကြောင့် အသက်ရှူရပင် ခက်လာ၏။
"ရှင်ငြိမ်း... ငါ့ကို ချက်ချင်း အဖြေမပေးလည်း ရပါတယ်။ ဒါပေမယ့်... ငါ့ကို ငြင်းတော့ မငြင်းလိုက်ပါနဲ့နော်။"
ခေါင်ကြီးက သူမရဲ့ နှုတ်ဆိတ်နေမှုကို ကြည့်ကာ အသံတိုးတိုးလေးဖြင့် ထပ်ပြောလာလေသည်။
ရှင်ငြိမ်း သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ ချလိုက်မိ၏။ ဒီအခြေအနေကြီးကို အမြန်ဆုံး အဆုံးသတ်ချင်နေပါပြီ။
"ငါ... ငါ စဉ်းစားပေးပါ့မယ်။"
ခပ်တိုးတိုး ခပ်ယဲ့ယဲ့လေး ထွက်ကျလာသော ရှင်ငြိမ်းရဲ့ စကားသံလေး ဆုံးသည်နှင့် တစ်ပြိုင်နက်...
"ဟေး... ဝေး..."
အခန်းထဲမှ ယောက်ျားလေးတွေက ဝိုင်းဝန်း အော်ဟစ် လက်ခုပ်တီးကြလေတော့သည်။
ခေါင်ကြီး မျက်နှာပေါ်တွင်လည်း အပြုံးကြီးတစ်ခုက ပီပြင်စွာပေါ်လာကာ ...
"ကျေးဇူးပဲ ရှင်ငြိမ်း ... ငါ စောင့်ပါ့မယ်။ "
ခေါင်ကြီး ဝမ်းသာအားရ ပြောကာ သူ့နေရာသို့ ပြန်သွားလေတော့သည်။
ချိုသဲဖြူနှင့် ဖြူစင်တို့ကတော့ ရှင်ငြိမ်းကို ဝိုင်းပြီး ကလိထိုးကာ စနောက်နေကြ၏။
ရှင်ငြိမ်းကတော့ ဟန်လုပ်၍သာ ပြုံးပြနေရသော်လည်း ရင်ထဲမှာတော့ တော်တော်ကို မွန်းကြပ်နေမိသည်။
________________
" ဟျောင့် သက်ကြီး... ဘာဖြစ်နေတာလဲ။"
ကန်တင်းရောက်ကတည်းက တစ်ယောက်တည်း မျက်နှာကြီး တည်တင်းကာ သက်ပြင်းတစ်ချချနှင့်
ဆေးလိပ်ကိုသာ ဖွာရှိုက်နေသော သက်ပိုင်ကျော်အား ပခုံးလှမ်းပုတ်ကာ ဟိန်းမင်းသူ မေးလိုက်၏။
သို့သော် သက်ပိုင်ကျော်က ဘာမှ ပြန်မဖြေပဲ ဟိန်းမင်းသူရဲ့ လက်ကိုသာ ပခုံးပေါ်မှ ခပ်ကြမ်းကြမ်း ပုတ်ချလိုက်ပြီး ဆေးလိပ်ကိုသာ ဆက်ဖွာနေလေသည်။
" ဒီကောင် မနက်ကတည်းက အဲ့လို ဖြစ်နေတာ။
ဘာဖြသ်နေမှန်းကိုမသိဘူး။ "
အောင်သူက ဘေးကနေ ဝင်ဖြေလိုက်၏။
"ဘာဖြစ်တာလဲကွ... မင်းကလည်း ဘော်ဒါအချင်းချင်းကို ပြောပြစမ်းပါကွာ။ အဲ့လိုကြီး ဘူမနေပါနဲ့။"
ဟိန်းမင်းသူက ထပ်ပြီး မေးလျှင် ကျန်တဲ့သူတွေကလည်း ဝိုင်းထောက်ခံကြလေသည်။
"အေးလေကွာ။"
"ဘာဖြစ်တာလဲ... အသည်းကွဲတာလား။"
ဟိန်းမင်းသူက စနောက်ကာ မေးလိုက်လျှင် ဘုန်းမင်းခန့်က နှုတ်ခမ်းမဲ့ကာ...
"အသည်းကွဲရအောင် ဒီကောင့်မှာ စော်မှ မရှိတာ။"
"ဟားဟား ဟား ဟား..."
ထိုအခါ ကျန်တဲ့သူတွေ အကုန်လုံး ဝိုင်းရယ်ကြလေတော့သည်။
"စော်ဆိုလို့... မနက်တုန်းက ခေါင်ကြီး ပရိုပို့စ်လုပ်တာလေ။"
အောင်သူက ရယ်နေရင်းမှ ရုတ်တရက် သတိရသွားကာ အကြောင်းအရာ ပြောင်းလိုက်လေသည်။ ထိုစကား ကြားလိုက်သည်နှင့် သက်ပိုင်ကျော် လက်သီးများ အလိုလို တင်းခနဲ ဆုပ်သွားသည်ကိုတော့ ဘေးမှာ ရှိနေတဲ့သူတွေ သတိမထားမိလိုက်ကြပေ။
"ဟ... တယ်ဟုတ်ပါလား။ ဘယ်သူ့ကိုလဲ။"
"ရှင်ငြိမ်း... အဲ့ကောင် ချိန်နေတာ ကြာပြီလေ။"
"ရှင်ငြိမ်းက ဘယ်သူလဲ။"
ကျန်တဲ့သူတွေ သိကြပေမယ့် ဘုန်းမင်းခန့်က မသိတာကြောင့် ဝင်မေးလေသည်။
"ငါတို့ အခန်းထဲကပဲလေကွာ။ စာဂျပိုးမလေ... စာကတော့ စောက်ရမ်းကျွတ်(ဂျွပ်)တာနော်။ အဲ့လောက်ကျွတ်(ဂျွပ်)တာ အရင်နှစ်က ဘာလို့ ကျတာလဲ မသိဘူး။"
"အဲ့တော့ ..."
သန့်ဇင်လင်း ဖုန်းပွတ်နေရင်းကနေ ဝင်မေးလိုက်၏။
"What?"
"တွဲသွားကြပြီလားလို့ ... ခေါင်ကြီး စော်ရသွားပြီလား။"
"မတွဲသေးဘူး။ စဉ်းစားမယ်တဲ့။"
အောင်သူ သန့်ဇင်လင်းအမေးကို ပြန်ဖြေလိုက်ပြီး ရုတ်တရက် တစ်ခုခုကို ဆက်စပ် စဉ်းစားမိသွားကာ မျက်လုံးများ ပြူးကျယ်သွားပြီး ဘေးတွင် ထိုင်နေသော သက်ပိုင်ကျော်ကို ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။
"ဒါနဲ့... မဟုတ်မှ ဟျောင့်သက်ကြီး... မင်း ရှင်ငြိမ်းကို ကြိုက်နေတာလား။"
"ဟင် ..."
အကုန်လုံးဆီမှ အာမေဋိတ်သံများ ပြိုင်တူ ထွက်လာကာ သက်ပိုင်ကျော်ကို အံ့သြတကြီး ဝိုင်းကြည့်လာကြတော့သည်။
"ဟျောင့်... ဟုတ်လား။"
ဟိန်းမင်းသူက မယုံနိုင်သလို မေးလိုက်လျှင်
သက်ပိုင်ကျော် ဘာမှ ပြန်မပြောပဲ သက်ပြင်းကိုသာ ထပ်ချလိုက်၏။
"ဝိုး ... တကယ်ကြီးလား။ အဲ့ဒါကြောင့် ဒီကောင် ခေါင်ကြီး ရှင်ငြိမ်းကို ပရိုပို့စ်လုပ်တုန်းက စိတ်တိုပြီး အခန်းထဲက ထွက်သွားတာကိုး။"
"ဆောရီး သားကြီးရာ... ငါက မသိဘဲ ဝိုင်းလှော်ပေးလိုက်မိတယ်။"
__________________
ဒီနေ့ ရှင်ငြိမ်းတို့ အသင်းသန့်ရှင်းရေးနေ့ဖြစ်တာကြောင့် လွယ်အိတ်ကြိုးကို တင်းတင်းဆုပ်ကိုင်ရင်း လှေကားဆီသို့ ခပ်သုတ်သုတ် လျှောက်လာခဲ့ကာ
လှေကားပေါ်သို့ တက်ဖို့ ခြေလှမ်းပြင်ရုံးရှိသေး
ရုတ်တရက် အနောက်ဘက်မှ ရှင်ငြိမ်း လက်ကောက်ဝတ်ကို ဆတ်ခနဲ လှမ်းဆွဲကိုင်ခံလိုက်ရ၏။
"ဟင်..."
ရှင်ငြိမ်း လန့်သွားပြီး အော်ရန် ပြင်လိုက်သော်လည်း
သူမ ကိုယ်လုံးလေးကို လှေကားအောက်ခြေ အကွယ် ဆီသို့ အတင်းအကြပ် ဆွဲခေါ်သွားလေသည်။
"အို... လွှတ်... လွှတ်..."
ရှင်ငြိမ်း ကျောပြင်လေးက နံရံနှင့် ကပ်သွားပြီး
သူမရှေ့တွင် အရိပ် တစ်ခုက အုပ်မိုးကျလာကာ ရင်းနှီးနေသော ဆေးလိပ်နံ့ ခပ်ဖျော့ဖျော့နှင့် ရောယှက်နေသည့် ကိုယ်သင်းနံ့လေး...။
"သန့်... သန့်ဇင်လင်း... နင်..."
ရှင်ငြိမ်း စကားပင် ဆုံးအောင် မပြောလိုက်ရ။
သန့်ဇင်လင်း မျက်နှာက သူမဆီသို့ ရုတ်တရက် ငုံ့ကျလာကာ သူမ နှုတ်ခမ်းများကို သူ့ နှုတ်ခမ်းများဖြင့် အတင်းအကြပ် ဖိကပ်ပိတ်ဆို့လိုက်လေသည်။
"အွန့်..."
ရှင်ငြိမ်း မျက်လုံးအစုံ ပြူးကျယ်သွားရပြီး ရင်တွေ တဒိန်းဒိန်း စောင့်ခုန်သွားရတော့သည်။
"ပြွတ်..."
တိတ်ဆိတ်နေသော လှေကားအောက်ခြေတွင် ထွက်ပေါ်လာသော အနမ်းသံလေး တစ်ချက်နှင့်အတူ ရှင်ငြိမ်း နှုတ်ခမ်းဖျားလေးများပင် နာကျင်သွားရ၏။
ရှင်ငြိမ်း သတိဝင်လာပြီး ရုန်းဖို့လုပ်လိုက်ပေမယ့်
သူမ လက်နှစ်ဖက်စလုံးကို သန့်ဇင်လင်းက သူ့ လက်တစ်ဖက်တည်းဖြင့် ချုပ်ကိုင်ကာ နံရံတွင် ဖိကပ်ထားလေသည်။ ကျန်လက်တစ်ဖက်က သူမခါးသိမ်သိမ်လေးကို တင်းကျပ်စွာ ဆွဲဖက်ထားတာကြောင့် သူမ တစ်ကိုယ်လုံး သူ့ရင်ခွင်ထဲ နစ်ဝင်နေတော့သည်။
အတန်ကြာသည်အထိ အတင်းအကြပ် နမ်းရှိုက်ပြီးမှ သန့်ဇင်လင်း သူမ နှုတ်ခမ်းလေးကို ဖြည်းညင်းစွာ လွှတ်ပေးလိုက်၏။
ရှင်ငြိမ်း အသက်ရှူပင် မှားသွားရကာ ရင်ဘတ်လေး နိမ့်ချည်မြင့်ချည်ဖြင့် မောဟိုက်နေပြီး ပါးပြင်နှစ်ဖက်က ရှက်သွေးနှင့် ဒေါသသွေးတို့ကြောင့် ရဲရဲနီနေပြီး မျက်ဝန်းအိမ်ထဲတွင်လည်း မျက်ရည်ကြည်လေးများ ဝဲတက်လာခဲ့သည်။
အခုလေးတင် အနမ်းခံထားရတာကြောင့် နှုတ်ခမ်းလေးများကလည်း အနည်းငယ် တုန်ရီနေ၏။
"ဆောရီး... လူမှားသွားလို့။"
သူမ ခါးကို ဖက်ထားသော လက်ကို ရုတ်တရက် ဖယ်လိုက်ပြီး ကိုယ်ကို အနည်းငယ် နောက်ဆုတ်လိုက်ကာ ထိုစကားတစ်ခွန်းသားပြော၍ ထွက်သွားလေတော့သည်။
ရှင်ငြိမ်းမှာတော့ မှောင်ရိပ်ထဲတွင်ရပ်ကျန်နေခဲ့ရကာ ရှက်ရွံ့မှုနှင့်အတူ မျက်ရည်များသာ စီးကျလာတော့သည်။
အပိုင်း (၁၅) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)