💛သီဟသက်လင်း + ဖြူရှင်းသန့်💛
"အန်ကယ် အန်တီ ကျွန်တော်ဝင်ခဲ့လို့ရမလားဗျ ""
"ဪ ... အေး သား ဝင်ခဲ့လေ။
သူစိမ်းတွေကျလို့ကွယ် ... လာ ထိုင် ""
"ဟုတ်ကဲ့ခင်ဗျ "
သီဟက ဝင်ထိုင်လိုက်ပြီး ဟိုကြည့်ဒီကြည့်လုပ်ကာ မတွေ့ရတဲ့
ရှင်းသန့်အား မေးလိုက်လေသည်။
"ဟို ... ကလေးမ မရှိဘူးလားဗျ "
"ဟင် ... သမီးလား။
ရှိတယ် သား ... သမီးက အပေါ်ထပ်မှာ "
"ဟုတ်ကဲ့ ... ဟို ... ဟို "
ကလေးမကို အောက်ကို ခေါ်ပေးဖို့ ပြောချင်ပေမယ့်
သူမ မိဘတွေဆိုတော့ ပြောရကြပ်နေကာ
တံတွေးတစ်ချက်မြိုချလိုက်သည်။
"..."
ရှင်းသန့်မိဘတွေကလည်း လူကြီးပီပီ သီဟပြောတဲ့စကားကို သဘောပေါက်စွာ ဒေါ်ဖြူဖြူကပဲ သူမသမီးကို လှမ်းခေါ်ပေးလေသည်။
"သမီးရေ ... အောက်ခဏ ဆင်းခဲ့ပါဦးကွယ် "
"ရှင် ... ဟုတ်ကဲ့ လာပြီ မေမေ "
ရှင်းသန့် အောက်ထပ်သို့ ဆင်းလာခဲ့လျှင် ဆိုဖာမှာထိုင်နေတဲ့
လူကြီးနဲ့တန်းပြီး အကြည့်ချင်းဆုံသွားရ၏။
လူကြီး ဘာလာပြောတယ်ဆိုတာကို သိနေတာကြောင့်
ဖေဖေနဲ့မေမေအား မျက်နှာပူစွာ ရှင်းသန့်ခေါင်းကို ငုံ့ထားလိုက်သည်။
"လာထိုင် သမီး "
ရှင်းသန့် မေမေ့ဘေးတွင် ဝင်ထိုင်လိုက်လျှင် လူကြီးက ချောင်းတစ်ချက်ဟန့်ကာ စကားစလာလေသည်။
"အဟမ်း ... ဟို ကျွန်တော်ပြောစရာရှိလို့ပါခင်ဗျ "
"အေး ... ပြောလေ သား "
"ဟုတ်ကဲ့။
နားနဲ့မနာ ဖဝါးနဲ့ နာပါ အန်တီ ... ကျွန်တော် ရှင်းသန့်နဲ့ ပြန်ပေါင်းချင်လို့ပါ။ "
"ဟင် ..."
"ဟေ "
လူကြီးနှစ်ယောက်လုံးထံမှ အာမေဋိတ်သံတွေ ပြိုင်တူထွက်လာသလို ရှင်းသန့် လက်ဖျားတွေလည်း အေးစက်လာရ၏။
"ဟို ... ကျွန်တော်တို့ချင်း နားလည်မှုပြန်ရပြီး
တကယ် မေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်ခင်စုံမက်နေကြပါပြီခင်ဗျ။
အဲ့တာကြောင့် ကျွန်တော်တို့ကို ပြန်ပေါင်းဖို့ ခွင့်ပြုပေးဖို့
အန်ကယ်တို့ကို လာတောင်းဆိုတာပါခင်ဗျ "
"ဟင်း ... မင်းတို့ချင်းတကယ်ချစ်ခင်စုံမက်သွားကြပြီဆိုရင်လည်း အန်ကယ်တို့ဘက်က ခွင့်မပြုစရာအကြောင်းတော့မရှိဘူး။
ဒါပေမယ့် အရင်လို ကွဲတာ ကွာတာမျိုးတော့ အန်ကယ်တို့က မဖြစ်စေချင်ဘူး။ "
"စိတ်ချပါ အန်ကယ်။
ကျွန်တော်တို့ လုံးဝမကွဲစေရဘူးလို့ အန်ကယ့်ကို ကတိပေးပါတယ်။
နောက်ပြီး ရှင်းသန့်ကိုပဲ ကျွန်တော့် ဘဝ တစ်သက်လုံးချစ်ပြီး
ကာကွယ်စောင့်ရှောက်သွားမှာပါ။ "
"သမီးရဲ့ သဘောထားကရော "
"ဟို လူကြီးအတိုင်းပါပဲ။ "
"အင်း ... ဒီတစ်ခါ ညဉ်းသဘောနဲ့ညဉ်း ပြန်ပေါင်းချင်တာနော်။
ကိုယ့်ယောင်္ကျားအပေါ် အရင်လိုလည်း မဆိုးတော့နဲ့။
အိမ်ထောင်တစ်ခုဆိုတာ ကလေးကစားစရာမဟုတ်ဘူး။
သေချာထိန်းသိမ်းရမယ် ကြားလား။ "
"ဟုတ်ကဲ့ပါ မေမေ "
"အန်ကယ်တို့ အန်တီတို့ လက်ခံတယ်ဆို ကျွန်တော် ကလေးမကို လူကြီးစုံရာနဲ့ ပြန်ပြီး တောင်းယူပါ့မယ်။
နောက်ပြီး ကျွန်တော်တို့ နောက်ထပ် မင်္ဂလာပြန်ဆောင်ချင်ပါတယ် "
"ဟေ "
ရှေ့ကစကားတွေမှာ ခေါင်းတညိတ်ညိတ်လုပ်နေကြပေမယ့်
မင်္ဂလာထပ်ဆောင်မယ်ဆိုတာကြောင့် လူကြီးနှစ်ယောက်က
မျက်ခုံးပင့်သွားကြလေသည်။
"ဒီလိုပါ ... ပထမတစ်ခါ မင်္ဂလာဆောင်တုန်းက
ကလေးမရဲ့ သဘောဆန္ဒမပါတော့ ကလေးမက ချစ်ရသူနဲ့ လက်ထပ်ရတဲ့ သတို့သမီးတစ်ယောက်ရဲ့ပျော်ရွှင်မှုမျိုးကို
မခံစားခဲ့ရပါဘူး။
အဲ့တာကြောင့် အခု အဲ့ခံစားချက်မျိုးကို ပြန်ပေးချင်လို့ပါ။ "
သီဟက ထိုစကားတွေအား သူမမျက်နှာအား ချစ်ရည်ရွှမ်းသော အကြည့်များနှင့် ကြည့်ကာ ပြောနေပြီး သူမကလည်းသူ့ကိုပြန်ကြည့်ကာ နှစ်ယောက်သားအကြည့်ချင်းဆုံနေကြ၏။
စကားအဆုံးတွင် လူကြီးရဲ့ ရှင်းသန့်အပေါ် မြတ်နိုးတန်ဖိုးထားမှုတွေကြောင့် ရှင်းသန့် မျက်ရည်များဝေ့ဝဲလာရသည်။
ထိုအခါ သီဟက သူမအား မငိုနဲ့ဆိုတဲ့အမူအယာနှင့်
ခေါင်းယမ်းပြလျှင် ရှင်းသန့်က ခေါင်းငြိမ့်ပြကာ ကျလုဆဲဆဲမျက်ရည်တွေကိုသုတ်၍ သူ့အား ပြုံးပြလေသည်။
ဖြူရှင်းသန့်မိဘတွေကလည်း ကိုယ့်သမီးကို တန်ဖိုးထားလွန်းတဲ့ သမက်ကြောင့် ကြည်နူးနေရ၏။
"အားလုံး သားသဘောအတိုင်းလုပ်ပါ။
အန်ကယ်တို့ အကူအညီလိုရင်လည်း အချိန်မရွေးပြောပါ။ "
"ဟုတ်ကဲ့ ကျေးဇူးပါ အန်ကယ်။
ကျွန်တော် မနက်ဖြန် လူကြီးတွေခေါ်ပြီး ကလေးမကို ပြန်တောင်းရမ်းပါမယ်ခင်ဗျ။
မင်္ဂလာဆောင်ကိုတော့ ကလေးမစိတ်တိုင်းကျပဲ အကုန်လုပ်ပေးမှာပါ "
"ကောင်းပါပြီကွယ် "
"ဟုတ်ကဲ့။ "
လူကြီးတွေဆီက ခွင့်ပြုချက်ရတာနှင့် နှစ်ယောက်သားပြိုင်တူ
ပြုံးလိုက်မိကြလေသည်။
အပြုံးတို့က သိပ်ကိုအသက်ဝင်လှပနေလေသည်။
________________
နောက်ရက်မှာတော့ သီဟက ရှင်းသန့်အား လူကြီးစုံရာနှင့်အတူ ပြန်လည်တောင်းရမ်းကာ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးကြလေသည်။
လက်မှတ်ထိုးပွဲလေးပြီးသွားတော့ ရှင်းသန့်မှာက ကိုယ်ဝန်နဲ့မို့ မင်္ဂလာပွဲလေးအား အမြန်စီစဉ်ရလေသည်။
မင်္ဂလာခန်းမအား သူမစိတ်ကြိုက်ပြင်ဆင်ကာ
အရင်က သူမ မလုပ်ခဲ့ရတဲ့ ဖိတ်စာရွေးချယ်တာနှင့်
မင်္ဂလာဝတ်စုံ ရွေးတာတွေကိုလည်း မင်္ဂလာဦး သတို့သမီးလို
အတူတကွ လုပ်ခဲ့ကြ၏။
ဒီနေ့တော့ ဖိတ်စာတွေ ရပြီဖြစ်ကာ နှစ်ဦးသားအတူတူ ဖိတ်စာလိုက်ဖိတ်ကြလေသည်။
အရင်ဆုံး ရောက်လာတာက သီဟရဲ့ ပွဲရုံကိုဖြစ်၏။
ပွဲရုံ အလုပ်သမားတွေက အတူတွဲလာကြတဲ့ သူတို့နှစ်ယောက်ကိုမြင်တော့ အကုန်လုံးက ပြုံးစိစိနှင့် နှုတ်ဆက်ကြလေသည်။
"ဟာ ... ဆရာနဲ့ဆရာကတော်ပါလား။ "
"အေး ... အလုပ်သမားတွေအကုန်လုံး ဂိုထောင်ဂိတ်ကိုစုလိုက်
ငါပြောစရာရှိတယ်။ "
"ဟုတ်ကဲ့ ဆရာ "
သီဟစကားဆုံးတာနှင့် အလုပ်သမားကောင်လေးက ခေါင်းညိတ်ကာ ပြေးထွက်သွား၍ လူတွေလိုက်စုလေသည်။
လူတွေစုံတော့ သီဟက ပါလာတဲ့ ဖိတ်စာအထပ်လိုက်အား အလုပ်သမားတစ်ယောက်အား လှမ်းပေးကာ ...
"ဝေပေးလိုက် "
"ဟုတ်ကဲ့ဆရာ "
တစ်ယောကါချင်းဆီ ဖိတ်စာတွေဝေပေးပြီး ဖိတ်စာတွေ ဖွင့်ဖောက်ကြည့်ကြလျှင် အကုန်လုံး တအံ့တဩဖြစ်နေကြလေသည်။
"ဆရာတို့ လင်မယားက မင်္ဂလာထပ်ဆောင်မှာပေါ့။ ၊"
"အင်း ... ဟုတ်တယ်။ "
"ဟယ် ဆရာတို့က နှစ်ဆရိုတာပဲ
ဟီ ဟီ "
"ဆရာ မင်္ဂလာထပ်ဆောင်တာဆိုတော့ ဘောနပ်စ်ရော ထပ်ရဦးမလားဟင် "
"အင်း ... ပေးမယ်"
"ဟာ ... တကယ် တကယ်လား ဆရာ။ "
"ဟုတ်တယ်
မင်းတို့ကလည်း ငါတို့လင်မယားအတွက် ဆုမွန်ကောင်းတွေ တောင်းရမယ်။ "
"ဟာ ... ရတာပေါ့ဗျာ။
ဆရာနဲ့ဆရာကတေယ် ရိုးမြေကျသက်ဆုံးတိုင် အိုအောင်မင်းအောင် ပေါင်းဖက်ရပြီး ကလေးတွေလည်း အများကြီး မွေးပါစေဗျာ။
ကြိုဆုတောင်းပေးလိုက်ပြီနော် ဆရာ ဟဲ ဟဲ "
"အေး ... မင်းဆုတောင်းကြိုက်တယ်
ရော့ ... မုန့်ဖိုး "
ကောင်တာထဲမှ တစ်သိန်းအုပ်တစ်အုပ်အား ထုတ်ကာ ပေးလိုက်လျှင် အကုန်လုံး မျက်လုံးပြူးသွားကြကာ ဝိုင်းပြီး ဆုတောင်းပေးကြတော့သည်။
"ကျွန်တော်လည်း ဆုတောင်းပေးမယ်ဆရာ
ဆရာနဲ့ဆရာကတော် တစ်သက်လုံး ချစ်မြတ်နိုးပြီး
ကျန်းမာပျော်ရွှင်တဲ့ မိသားစုလေးပိုင်ဆိုင်နိုင်ပါစေဗျာ။ "
"အိုကေ ရော့ "
ဆုတောင်းပေးတဲ့သူတိုင်း သီဟက မုန့်ဖိုးပေးလျှင်
ပွဲရုံထဲတွင် တစ်ယောက်တစ်ပေါက် ဆုတောင်းသံတွေနှင့်
ကျွတ်ကျွတ်ညံသွားတော့သည်။
_______________
ပွဲရုံက အပြန်မှာတော့ ရှင်းသန့်သူငယ်ချင်းသုံးယောက်နှင့် သီဟသူငယ်ချင်းတွေ အား ဆိုင်တစ်ဆိုင်မှာ စုချိန်းထားကာ ထိုဆိုင်သို့သွားလိုက်သည်။
ရှင်းသန့်တို့ရောက်လျှင် ကြိုရောက်နေကြတဲ့ သူငယ်ချင်းမ သုံးယောက်က ရှင်းသန့်အား လှမ်းမေးငေါ့ကာ ...
"အမယ် ဒေါ်ရှင်းသန့် တော်တော်ပျော်နေတယ်ပေါ့ ဟုတ်လား။ "
"ဒါပေါ့ "
"ဟုတ် ... မူတောင်မမူဘူးတော် "
"ဟီ ဟီ ... မူစရာလား။ "
"အေးပါ။
နင့်လူကြီး မပြန်လာခင်က ဒီမျက်နှာမဟုတ်ဘူးနော်။
ဟို ဒီက အကိုကြီးကို ပြောရဦးမယ်သိလား။
ရှင်းသန့်ကလေ အကိုကြီး နိုင်ငံခြားရောက်နေတုန်းက ... "
"ဟဲ့ ... နင်တို့နော် ဆေးမထိုးကြနဲ့။ "
"ဘာဆေးထိုးတာလဲ။
ငါတို့က အမှန်တရားတွေ ပြောပြမလို့ "
"ပြောမနေနဲ့ ... လူကြီးကို ငါအကုန်ပြောပြီးပြီ "
"အဲ့တာတွေ ပြောပြပြီး မျက်ရည်ချုပြီး
ပြန်လိုက်ခဲ့တာမလား။ "
"ဘာဖြစ်လဲ။ "
"ဟယ် ... ကြည့်ကြည့် လင်အားကိုးနဲ့
တအားချေနေတာ။ "
""ဆောရီး ... ငါတို့ နည်းနည်းနောက်ကျသွားတယ်။ "
သီဟ သူငယ်ချင်းအဖွဲ့လည်း လူစုံတက်စုံရောက်လာကြကာ
စားပွဲဝိုင်းကြီးတစ်ခုလုံးပြည့်သွားကာ တော်တော်စည်သွားတော့သည်။
"ဒီနေ့ အကုန်လုံးကို ဖိတ်ရတဲ့ကိစ္စကိုတော့ အကုန်သိပြီးကြပြီးသားပဲဖြစ်မှာပါ။"
"သိပါတယ်။
သားကြီးရာ မင်းရဲ့ နှစ်ထပ်ကွမ်းမင်္ဂလာပွဲအတွက် ဖိတ်စာလာဖိတ်တာမလား"
"ဟေ့ကောင် ... မင်းဟာမင်း မင်္ဂလာဆောင် ဘယ်နှခါလုပ်လုပ်
တစ်ဝိုင်းပဲနော်။ "
"အေးပါကွ။ "
"ဟဲ့ ... နင်တို့လည်း ငါ့မင်္ဂလာဆောင်မှာ ကူပေးရမယ်နော်။ "
"စိတ်ချ "
သီဟကလည်း သူ့သူငယ်ချင်းတွေနဲ့ အဖွဲ့ကျနေသလို ရှင်းသန့်ကလည်း သူမသူငယ်ချင်းတွေနဲ့ စကားလင်စုံကျနေပြီး စားပွဲအောက်မှာတော့ သီဟက ရှင်းသန့်လက်ကလေးအား မလွှတ်တမ်းဆုပ်ကိုင်ထားသလို ရှင်းသန့်ကလည်း ပြန်ပြီး ဆုပ်ထားထားလေသည်။
အပိုင်း (၄၀) ဆက်ရန် ...(ဇာတ်သိမ်းတော့မှာပါနော်)
Author -Anna Lynn
အခန်းမှတ်ချက်များ (0)