Bububai ဝတ္ထု ဂျိန်းဖောမြေမှ ချစ်တေးတစ်ပုဒ် အခန်းစာရင်း

အပိုင်း (၅၁)

ညနေခင်း၏ နေရောင်ခြည်ပျော့ပျော့က မှုံတို့အိမ်ကလေးပေါ်သို့ ဖြာကျနေသော်လည်း အိမ်ပြန်လမ်းတစ်လျှောက် ပါလာသည့် အကို့မျက်နှာထက်မှ တိမ်မဲကြီးကတော့ လွင့်စင်သွားခြင်း မရှိသေးပေ။ ပတ်ဝန်းကျင်တွင် လေပြည်အေးများ တိုက်ခတ်နေသော်လည်း

အကို့ထံမှ အပူဟပ်မတတ် ဒေါသအငွေ့အသက်များက မှုံ့အနားတွင် ဝဲပျံနေဆဲ။ မှုံ့အတွက် စိတ်ဆိုးဒေါသထွက်ပေးနေသော အကို့ကိုကြည့်ပြီး ကျေးဇူးတင်သလို၊ အားလည်းနာမိသည်။

သို့သော် ဒီအခြေအနေကို အမြန်ဆုံး အေးချမ်းသွားစေချင်ပြီမို့ မှုံ

အကို့လက်မောင်းကို ဖွဖွလေးဆုပ်ကိုင်ကာ လေသံအေးအေးလေးဖြင့် ချော့မော့လိုက်သည်။

"စိတ်လျှော့ပါတော့ အကိုရယ်။ "

ဆွတ်ရိန်နော်က သက်ပြင်းကို မှုတ်ထုတ်လိုက်ရင်း မျက်ခုံးနှစ်ခုကို ထိလုမတတ် တွန့်ချိုးထားဆဲပင်။ ဒေါသက မပြေနိုင်သေး။

"မှုံလေးက ဘာလို့ ငြိမ်ခံနေရတာလဲကွာ။"

အကို့အသံမှာ မကျေနပ်ချက်တို့ ပြည့်နှက်နေကာ မှုံ အသာပြုံးလိုက်ရင်း အကို့မျက်နှာကို မော့ကြည့်ကာ ...

"မခံပါဘူး အကိုရဲ့ ... မှုံရိုက်တာလေ။

နည်းနည်းတော့ လွန်သွားလားမသိဘူး။

အဲ့တုန်းက စိတ်တအားတိုနေတဲ့အချိန်ဆိုတော့။ "

"ဘာက လွန်ရမှာလဲကွ ... မိန်းကလေးတွေမို့သာ ‌ယောက်ျားလေးသာဆို ကိုယ်ထိုးပစ်ခဲ့ပြီ။ "

လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ပြောလာသည့် အကို့ပုံစံက တကယ်လုပ်မည့် ရုပ်မျိုး။ ထိုအမူအရာကို မြင်တော့ မှုံ့စိတ်ထဲ ရယ်ချင်စိတ်လေး ထိန်းမရဖြစ်သွားကာ အသံထွက်သွားတော့သည်။

"အဟွန်း ..."

ထိုအခါ အကိုက မျက်လုံးဝိုင်းကြီးဖြင့် မှုံ့ကို ချက်ချင်းလှည့်ကြည့်လာ၏။

"မင်းက ဘာရယ်တာလဲ။ "

"အဟင်း ... အကို စိတ်ဆိုးနေတဲ့ပုံက ချစ်ဖို့ကောင်းနေလို့လေ။ "

မှုံ့စကားကြောင့် အကို့မျက်နှာပေါ်ရှိ ဒေါသအရိပ်အယောင်များ ချက်ချင်းပျောက်ကွယ်သွားပြီး အစားထိုး ဝင်ရောက်လာသည်က မြင်သူရင်ကို လှုပ်ရှားစေသည့် အကြည့်စူးစူးများ။ သူက မျက်လုံးကို ထောင့်ကပ်ကာ လူကို အကဲခတ်သလို ကြည့်လာပြီး ...

"‌မင်းနော် ကိုယ့်ကိုလှောင်ချင်နေတာမလား။ "

အကို့အကြည့်တွေက စူးရှလွန်းတာကြောင့် မှုံ့မှာ ရယ်ချင်စိတ်ကို အတင်းမျိုသိပ်လိုက်ရင်း ခေါင်းကို အမြန်ခါပြလိုက်ရသည်။

"မဟုတ်ပါဘူး အကိုရဲ့။ "

အကိုက မှုံ့အနားသို့ ခြေတစ်လှမ်း တိုးကပ်လာကာ သူ့မျက်ဝန်းထဲတွင် အချစ်ရိပ်များနှင့်အတူ ပိုင်စိုးပိုင်နင်းဆန်သော အရိပ်အယောင်တို့ ယှက်သန်းနေလေသည်။

"ပြီးတာပဲ ... ကိုယ့်ကိုလှောင်လို့ကတော့ အဲ့ဒီလှောင်တဲ့ နှုတ်ခမ်းလေးကို ပူထူသွားအောင် နမ်းပစ်မယ်။ "

"အို ... အကိုနော် "

လေသံမာမာနှင့် ခြိမ်းခြောက်လိုက်သော်လည်း ထိုစကားလုံးများက မှုံ့ရင်ကို ဗလောင်ဆူသွားစေသည်။ အကိုက စကားပြောရုံမက မှုံ့နှုတ်ခမ်းပါးလေးကို အသေအချာ စိုက်ကြည့်နေပြန်ရာ မှုံ့မျက်နှာတစ်ပြင်လုံး မီးရှိန်ဟပ်သလို ပူနွေးလာပြီး နီရဲသွားတေ့ာကာ ယောင်ယမ်းပြီး ကလေးဖြင့် နှုတ်ခမ်းကို အလောတကြီး အုပ်လိုက်မိ၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့် အကိုက သဘောကျစွာဖြင့်

ခပ်ဟဟ ရယ်လိုက်သေးသည်။

"လူယုတ်မာ ရယ်ပုံကြီး" ဟု မှုံ စိတ်ထဲက ကြိတ်မေတ္တာပို့မိသော်လည်း အကို့ရယ်သံနှင့်အတူ ပေါ်လာသည့် ဖြူဖွေးညီညာသော သွားတန်းများနှင့် အစွယ်ချွန်လေးများက ဆွဲဆောင်မှုရှိလွန်းနေသည်ကိုတော့ ငြင်းမရပေ။

"ဪ ... ဒါနဲ့ ဟို အကို့အစ်မနဲ့ မျိုးသန္တာခင် အကိုတို့ရော ဘယ်လိုဖြစ်သွားပြီလဲ။ "

မှုံ့အမေးကြောင့် ခုနက ရယ်မောနေသော အကို့မျက်နှာက ချက်ချင်း မဲ့ကျသွားကာ သက်ပြင်းကို လေးလေးပင်ပင် ချလိုက်ရင်း...

"မနက်ဖြန် ဟိုကောင်‌ လာတောင်းတော့မှာတဲ့။ "

"ဪ ... ပြေလည်သွားကြပြီလား။ "

"အင်း ... ဦးဘရန်နန်ကြီးကောင်းမှာလေ ...အဝါး(အဖေ)က

သိပ်ကျေနပ်တာမဟုတ်ဘူး။"

"အဟင်း ... အကိုရောပဲမလား။ "

"အင်း ... အဲ့ခွေးသူခိုးက သူခိုးကျင့် သူခိုးကြံ ကြံသွားတာ။

ဒါပေမယ့် အဲ့အကြံကလည်း ကိုယ်ပေးခဲ့တာ။ "

အကို့စကားကြောင့် မှုံ မျက်လုံးများ ပြူးသွားရသည်။

"ဟယ် ..."

" ကိုယ်လည်း ကိုယ့်အစ်မလို့တော့ ဘယ်ထင်ပါ့မလဲ။ "

"အဲ့တာဆို အကို့အကြံနဲ့ အကို့အစ်မ ပါသွားတာပေါ့။ "

"အဲ့တာကြောင့် ကိုယ် ပိုပြီးခံပြင်းနေတာလေ။

ဒီကိစ္စသာ အဝါး(အဖေ) သိလို့ကတော့ ကိုယ်အသတ်ခံရမှာ။ "

ဆွတ်ရိန်နော်၏ မျက်နှာတွင် စိုးရိမ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွား‌ေလသည်။ ထိုအခါ မှုံက အကို့ကို စချင်စိတ် ပေါ်လာတာကြောင့် မျက်နှာကို တည်ထားပြီး...

"မှုံ သွားပြောလိုက်ရမလား။ "

"ဟာ ... မှုံလေးနော်။ "

အကိုက ပျာပျာသလဲ တားတော့မှ မှုံ သဘောကျစွာ ရယ်မောလိုက်ကာ ...

"ဟီး ... စတာပါ အကိုရဲ့။

အယ် အခုမှ သတိရတယ် ... အန်တီအားမိုင်ဆီ နနွင်းမှုန့်သွားဝယ်တာ ... မဝယ်ခဲ့လိုက်ရဘူး။ "

"ကိုယ် သွားဝယ်ပေးမယ်လေ။ "

"တော်ပြီ ... တော်ပြီ ရတယ် မဝယ်တော့ဘူး။

တော်ကြာ အန်တီ အားမိုင်က မေးမြန်းနေပြန်ဦးမယ်။ "

"အင်း ... ဘာချက်မှာလဲ ကိုယ်ဗိုက်ဆာတယ်။

အိမ်မှာ အမေနဲ့ ကွိုင်လာလို့ ဘာမှမစားခဲ့ရဘူး။ "

အကိုက ဗိုက်ကလေးကို ပွတ်ရင်း ကလေးတစ်ယောက်လို ညည်းတွားပြောဆိုလာကာ သူ့ပုံစံက သနားစရာကောင်းနေသော်လည်း "အမေနဲ့ ကွိုင်လာတယ်" ဆိုသည့် စကားကြောင့် မှုံ စိတ်မကောင်းဖြစ်သွားရသည်။

"ဟင် ... ဘယ်လိုဖြစ်လို့လဲအကိုရဲ့ ... တည့်အောင်နေပါ အကိုရယ် ... မိဘကျေးဇူးက အကြီးဆုံးပဲ ... ရှိတုန်းလေး တန်ဖိုးထားပါ "

မှုံ့လေသံက လေးနက်ပြီး စေတနာအပြည့်ပါနေ၏။

သို့သော် အကိုကတော့ ပေါ့ပေါ့ပါးပါးပင်။

"ဟုတ်ကဲ့ပါဗျာ "

"အကို ... မှုံက အတည်ပြောနေတာ။ "

"အင်းလေ ... ကိုယ်လည်း အတည်ပြောတာပဲ "

"အကိုက ရွှတ်နောက်နောက်နဲ့ "

မှုံက မျက်မှောင်လေး ကုတ်ကာ ဆူလိုက်တော့ ဆွတ်ရိန်နော်က ပြုံးစစ မျက်နှာပေးဖြင့် မှုံ့ကို စိုက်ကြည့်နေလေသည်။ ပြီးမှ ခေါင်းကို တွင်တွင်ခါပြကာ ...

"မဟုတ်ပါဘူး။ "

ဒီကောင်မလေးက သူ ဘာကိစ္စနဲ့ ကွိုင်လာသလဲဆိုတာတော့ မသိပဲနဲ့။မင်းလေးကို ကာကွယ်ဖို့အတွက် ကိုယ်အိမ်နဲ့တောင် ရန်ဖြစ်ခဲ့ရတာပါကွာ...

"အကို ဗိုက်ဆာနေပြီမလား။

မှုံဟင်းသွားချက်လိုက်ဦးမယ် ခဏစောင့်နော်။

ထမင်းကတော့ ကျက်ပြီ "

မှုံ မီးဖိုချောင်ဘက်သို့ ထွက်လာတော့ အကိုကပါ နောက်က တကောက်ကောက် လိုက်လာလေသည်။

"အင်း ... ကိုယ်ကူပေးမယ်နော်။ "

"တော်ပါပြီ ... အကိုက ဘာလုပ်တတ်လို့လဲ။ "

"အံမယ် ... လူကို အထင်သေးလို့ "

"အဲ့တာဆို ဘာလုပ်တတ်လဲ ပြော "

"ဘာမှ မလုပ်တတ်ဘူး ... ဟဲ ဟဲ။ "

"ဟွန့် ... အဲ့တာကိုများ။ "

မှုံက နှာခေါင်းလေးရှုံ့ကာ နှုတ်ခမ်းလေးကို ဆူပြလိုက်၏။

ထိုခဏတွင် အကို့လက်တွေက လျင်မြန်စွာ ရောက်ရှိလာပြီး ဆူထားသော မှုံ့နှုတ်ခမ်းလေးကို ညှစ်ဆွဲလိုက်လေသည်။

"အ ... အကို ဘာလုပ်တာလဲ။ "

"အူယားလို့ ... မရှိတဲ့ နှုတ်ခမ်းလေးကို ထော်ထားတာ။ "

နှုတ်ခမ်းလေး နာသွားသဖြင့် မှုံ မျက်စောင်းထိုးကာ အော်လိုက်လေသည်။

"အကိုနော် "

ဒါပေမယ့် မှုံ့မျက်စောင်းကို ဂရုမစိုက်ဘဲ ဆွတ်ရိန်နော်တစ်ယောက် တဟားဟားနှင့် သဘောကျစွာ ရယ်မောနေပြန်သည်။

မီးဖို ချောင်လေးထဲတွင် ထင်းမီးခိုးနံ့သင်းသင်းလေးနှင့်အတူ ချစ်ခြင်းမေတ္တာတို့က နွေးထွေးစွာ လွှမ်းခြုံထားလျက်။

မီးဖိုချောင်လေးထဲတွင် ဆီသတ်နံ့ သင်းသင်းလေးက ပျံ့လွင့်စပြုလာ၏။မှုံက မီးဖိုရှေ့တွင် ခါးလေးထောက်ကာ ဟင်းအိုးမွှေနေသော်လည်း ကျောနောက်ဘက်မှ စူးစိုက်ကြည့်နေသည့် မျက်လုံးတစ်စုံကြောင့် ကျောပြင်တစ်ခုလုံး ယားကျိကျိ ဖြစ်နေသလို ခံစား

လာရသည်။

"အကို... ဟိုဘက်သွားထိုင်ပါဆို... ဒီမှာ မီးခိုးတွေမွှန်နေတာကို..."

မှုံက လှည့်မကြည့်ဘဲ ပြောလိုက်သော်လည်း အကို့ခြေသံက ဝေးသွားမည့်အစား ပိုနီးကပ်လာပြီး ခဏအကြာတွင် ပုခုံးသားနုနုပေါ်သို့ မေးတင်လာသည့် အထိအတွေ့တစ်ခုနှင့်အတူ နွေးထွေးသော ရင်ခွင်ကျယ်ကြီးက မှုံ့ကျောပြင်ဆီသို့ ကပ်ညှိလာလေသည်။

"မွှန်ပါစေ... မှုံလေးနားမှာ နေချင်တာကို..."

"အို ..."

နားရွက်ဖျားလေးနား ကပ်ပြောလိုက်သည့် အကို့လေသံ တိုးတိုးကြောင့် ဟင်းအိုးထဲက ဆီသံ တဖျစ်ဖျစ်မြည်နေသည့်ကြားမှ

မှုံ့ရင်ခုန်သံက ပိုကျယ်လောင်လာသလိုပင်။ ခါးသိမ်သိမ်လေးကို ရစ်ပတ်လာသည့် လက်မောင်းသန်သန်ကြီးများကို ဖယ်ရှားဖို့ အားမရှိတော့သလို၊ ဒီအတိုင်းလေးပဲ အချိန်တွေ ရပ်တန့်သွားစေချင်မိသည်။

ညနေခင်း၏ နေရောင်ခြည်က မီးဖိုချောင်ပြတင်းပေါက်မှတဆင့် သူတို့နှစ်ဦးပေါ်သို့ ဖြာကျနေပြီး အချစ်ဆိုသည့် ဟင်းခတ်အမွှေးအကြိုင်ကတော့ ဒီမီးဖိုဆောင်လေးထဲတွင် အပြည့်အဝ သင်းပျံ့နေလေတော့သည်။

အပိုင်း (၅၂) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၅၀) နောက်အခန်း - အပိုင်း (၅၂) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ