Bububai ဝတ္ထု ဂျိန်းဖောမြေမှ ချစ်တေးတစ်ပုဒ် အခန်းစာရင်း

အပိုင်း (၄၉)

"ဟေ့ ဟေ့ ... တော်ကြစမ်း ... ဦးဆိုင်းအောင် ခင်ဗျားလည်းတော်တော့ ... လူသတ်မှုနဲ့ ခင်ဗျား ထောင်ထဲ သွားချင်လို့လား။"

ရွာလူကြီး၏ အသံမာမာကြောင့် ဦးဆွတ်ဆိုင်းအောင် ရပ်တန့်သွားသော်လည်း မျက်လုံးအစုံက နီရဲနေဆဲ။ သူသည် ရွာလူကြီးကို တစ်ချက်မော့ကြည့်လိုက်ပြီး အံကိုကြိတ်ကာ ...

"ဟုတ်တယ် ... သတ်မှာ

ဒီခွေးတိရစ္ဆာန်ကိုသတ်ပြီး ထောင်ထဲဝင်မှာ။ "

"ဟာ ... ခင်ဗျားဗျာ တော်တော်ခက်ပါလား။

ကဲ မင်းတို့ကလည်း ဘာကြည့်နေကြတာလဲ ဝင်ဆွဲကြလေ။ "

ရွာလူကြီးက ဟောက်လိုက်မှ ဘေးတွင် ကြောင်ငေးနေကြသော ရွာသားများ လှုပ်လှုပ်ရှားရှားဖြစ်သွားကာ အတင်းဝင်ဆွဲကြကာ

နှစ်ယောက်ကို ခွဲထားလိုက်ကြတော့သည်။

"ဦးဆိုင်းအောင် ခင်ဗျားလည်း ဒေါသကို‌လျှော့ပြီး ဖြစ်စင့်တာကို စဉ်းစားစမ်းပါဗျာ။ "

"ဘာမှစဉ်းစားစရာကိုမလိုတာ ... ဒီလိုကောင်နဲ့ ကျွန်တော့်သမီးကိုလည်း လုံးဝသဘောမတူနိုင်ဘူး။ "

"အဲ့တာကတော့မဖြစ်ဘူးလေဗျာ။

အဲ့လို တင်းခံနေလို့လည်း နစ်နာမှာက ခင်ဗျားတို့ဘက်ကပဲ။

ခင်ဗျားတို့က သမီးရှင်ဆိုတာ မမေ့နဲ့ဦး။ "

"ဟ ... အဲ့ဒီတော့ ဒီမဒိမ်းကောင်ကို သမက်တော်ရမယ်ဆိုတဲ့သဘောလား။"

"ဟင်း ... အဲ့လိုကြီးလည်း မသတ်မှတ်ပါနဲ့ဗျာ။

ကောင်လေးကလည်း ငယ်သေးတော့ ချစ်လို့မှားတဲ့အမှားပဲဖြစ်မှာပါ။ အဲ့တာကြောင့် သူကိုယ်တိုင် ခင်ဗျားတို့သမီးကို ခင်ဗျားတို့ဆီ ပြန်လာအပ်တာပေါ့။

ဒီကောင်လေးကလည်း ကိုယ့်မျက်စိအောက် ဒီရွာမှာပဲ ကြီးပြင်းလာတဲ့ အတွင်းသိ အဆင်းသိ ကလေးပဲလေဗျာ။ "

ရွာလူကြီး၏ စကားကြောင့် ဦးဆွတ်ဆိုင်းအောင်၏ မျက်နှာထားက ပို၍ မဲမှောင်သွားသည်။

"အဲ့တာကြောင့် ပိုပြီး မယုံနိုင်တာပေါ့ ... သူမို့ ခွေးကျင့်ခွေးကြံ

ကြံရဲတယ်။ "

"အဲ့တာလည်း အဲ့တာပေါ့ဗျာ ..."

"တော်တော့ ... အကုန်လုံး ကျုပ်အိမ်ထဲက ထွက်သွားကြတော့။

ကျုပ်သမီးကိုလည်း ဒီကောင်နဲ့လုံးဝသဘောမတူဘူး။ "

"အဲ့လိုမလုပ်ပါနဲ့ ဦးလေးရယ် ... ကျွန်တော် ဆရာမကို တကယ်ချစ်တာပါ။ "

မျိုးမင်းထက်က အသည်းအသန်ဝင်ပြောလျှင် ဦးဆွတ်ဆိုင်းအောင်၏ ဒေါသက မီးလောင်ရာလေပင့်သလိုဖြစ်သွားတော့သည်။ ဦးဆွတ်ဆိုင်းအောင်က မီးပွင့်မတက်လှမ်းကြည့်ကာ အံကြီးကြိတ်လျှက် ...

"ဟေ့ကောင် ... မင်းပါးစပ်က ငါ့သမီးအကြောင်းထပ်ထွက်ရဲရင် ထွက်ကြည့် ငါမင်းကိုသတ်ပစ်မှာနော် ... မလုပ်ရဲဘူး မထင်နဲ့

ငါ့အိမ်ထဲက အခုချက်ချင်းထွက်သွားတော့ "

"အဲ့လို အဲ့လိုမလုပ်ပါနဲ့ဗျာ ... ကျွန်တော်တောင်းပန်ပါတယ် "

"ဟေ့ကောင် မင်းကို ငါတကယ်သတ်မိတော့မယ်နော်။ "

ဦးဆွတ်ဆိုင်းအောင်က လူတွေ ဝိုင်းဆွဲထားသည့်ကြားမှ အတင်းရုန်းထွက်ကာ မျိုးမင်းထက်ထံ ပြေးဝင်ရန် ကြိုးစားလျှင် ရွာလူကြီးမှာ ချွေးသီးချွေးပေါက်များကျကာ ကြားမှ ဝင်တားရတော့သည်။

"ကဲကဲ ... အခုတော့ ကောင်လေး မင်းလည်း အိမ်ပြန်ဦး။

မျိုးအောင် မင်း သားကိုပြန်ခေါ်သွားတော့။ "

"ဟုတ်ကဲ့ပါဗျာ ... လာ သွားမယ် ဟေ့ကောင် "

"မသွားဘူး ... ကျွန်တော် ဆရာမကို လက်ထပ်မှာ။ "

"ဟာ ... ဒီကောင်ကတော့ကွာ။ "

"အခုက အကုန်သွေးပူနေကြတုန်း ... ‌သေချာ ခေါင်းအေးအေးထား ဆုံးဖြတ်ရဦးမှာ ... အိမ်ကို ခဏပြန်လိုက်ပါဦးကွာ။ "

ရွာလူကြီးရဲ့ စကားအား မျိုးမင်းထက်က လက်မခံချင်ပဲ သူ့အဖေနှင့်အမေအပြင် ရွာသားတချို့ပါ ဝိုင်းဆွဲခေါ်သွားကြတော့မှ

မလိုက်ချင် လိုက်ချင်နှင့် ယိုင်နဲ့နဲ့ဖြင့် ပါသွားတော့သည်။

ခြံအပြင်ရောက်တဲ့အထိ ငိုနေတဲ့ ဆွတ်ဆိုင်းပန်ကိုပဲ စူးစိုက်ကြည့်နေတုန်းပင်။

__________________

"မှုံလေးကလည်း ကိုယ်နဲ့ ပြန်ရအောင်လေကွာ။ "

ဆွတ်ရိန်နော်က ဆိုင်ကယ်ပေါ်တွင် ခွထိုင်ရင်း ကလေးဆိုးကြီးလို မျက်နှာငယ်လေးဖြင့် ပူဆာနေလေသည်။

"ဘယ်ကောင်းမလဲ အကိုရဲ့။ "

ဒီအခြေအနေကတော့ ဘုရားဖူးအပြီး အိမ်အပြန်ခရီးကို အကိုက မှုံ့ကို သူ့ဆိုင်ကယ်နှင့် အတူလိုက်ပြန်ဖို့ ကလေးဆိုးကြီးလို ပူဆာနေခြင်းပင်။

"အဲ့တာဆို ကိုယ်က တစ်ယောက်တည်းပြန်ရမှာပေါ့။ "

"အွန်းလေ ...အကို အလာတုန်းကလည်း တစ်ယောက်တည်းလာခဲ့တာပဲလေ။ "

"ဒါပေမယ့် မတူဘူးလေကွာ "

"တူပါတယ် အကိုရဲ့ ... မှုံတို့ကားဘေးကနေပဲ အကိုဆိုင်ကယ် ကပ်မောင်းခဲ့လေနော်။ "

"တကယ်မလိုက်တော့ဘူးပေါ့။ "

"မလိုက်ပါဘူးဆို "

"ရက်စက်လိုက်တာကွာ "

"ဟင် ... အကို့ဆိုင်ကယ်နောက် မလိုက်တာနဲ့ မှုံက ရက်စက်တယ်ဖြစ်သွားတာလား။ "

"ဖြစ်တယ်ကွာ ... ကိုယ်က ချစ်သူလေးနဲ့ အတူတူပြန်မယ်လို့

တေးထားတာကို အခုတော့ မှုံလေးက ရက်စက်တယ်ကွာ။ "

မှုံနံ့သာက သူ့ကိုကြည့်ပြီး သဘောကျစွာ ရယ်လိုက်သည်။

"ကဲပါအကိုရယ် ... ဟိုမှာ ကားပေါ်တက်ကုန်ကြပြီ မှုံလည်း သွားတော့မယ်နော်။ "

ပြောပြောဆိုဆိုနှင့် မှုံနံ့သာက ကျောခိုင်းထွက်ခွာသွားလျှင်

ဆွတ်ရိန်နော်မှာ ဆိုင်ကယ်လက်ကိုင်ကို ဆုပ်ကိုင်ရင်း မျက်နှာကြီးမဲ့ကာ ကျန်ရစ်ခဲ့တော့သည်။

"ဟယ် ... မှုံနံ့သာ ညဉ်းက ညဉ်းကောင်လေးဆိုင်ကယ်နဲ့လိုက်သွားမှာ မဟုတ်ဘူးလား။ "

မှုံကားပေါ်တက်တာနှင့် စီးမေးလာတဲ့ အန်တီအေးသီအား မှုံပြုံးပြရင်း ခေါင်းရမ်းကာ ...

"မလိုက်ပါဘူး ... မှုံက ကားနဲ့ပဲလိုက်မှာ။ "

"သိပါဘူးအေ ... ငါတို့က ညဉ်းက သူနဲ့လိုက်မယ်ထင်လို့

စောင့်တောင်မစောင့်တော့ဘူးလုပ်နေတာ ... ဆိုင်ကယ်နဲ့ လိုက်လိုက်တာမဟုတ်ဘူးအေ သူ့တစ်ယောက်တည်းဖြစ်နေမှာပေါ့။ "

"အဟင်း ... မှုံတို့ကားဘေးက ကပ်ပါလာမှာပဲလေ။ "

"အေးပါ ... ညဉ်းတို့သဘောပါ။ "

အကုန်လုံးတိတ်သွားတော့ မှုံလည်းပြုံးကာ ငြိမ်နေလိုက်တော့သည်။

အကို့ကို လှမ်းကြည့်တော့ အကြည့်ချင်းဆုံသွားကာ နှာခေါင်းကြီးရှုံ့ပြတော့ မှုံရယ်ပြလိုက်၏။

အပြန်မှာတော့ အလာတုန်းကလောက် ကားတွေ သိပ်မပိတ်တော့ပဲ

အကိုကလည်း တစ်လမ်းလုံး မှုံတို့ကားဘေးကနေ ကပ်ပါ‌လာတော့သည်။

________________

မျိုးမင်းထက်သည် ကုတင်ပေါ်တွင် ပက်လက်လှန် လဲလျောင်းနေလေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနေပြီး မျက်နှာပေါ်တွင် ဆေးထည့်ထားရ၏။ နှုတ်ခမ်းက ပေါက်ပြဲနေသဖြင့် ရေပင် ကောင်းကောင်းသောက်မရ။

ဘေးမှာတော့ သူ့အမေ ဒေါ်ဥမ္မာစန်းက ဆေးလိမ်းပေးရင်း တရှုံ့ရှုံ့ ငိုနေလေသည်။

"မင်းကွယ် ... ငါ့မှာတော့ ရင်ကျိုးရပါပြီ ။

သူများသမီးကို ခိုးပြေးရတယ်လို့။

အခုကြည့် ... ခံလိုက်ရတာများ မသေတာ ကံကောင်း"

"..."

မျိုးမင်းထက်က ဘာမှ ပြန်မပြော။

မျက်နှာကြက်ကိုသာ စူးစိုက်ကြည့်နေ၏။

ခန္ဓာကိုယ်က နာကျင်နေသော်လည်း သူ့စိတ်ထဲတွင် ဆွတ်ဆိုင်းပန်ရဲ့ ငိုနေသော မျက်နှာလေးကိုသာ မြင်ယောင်နေကာ ရင်ဘတ်ထဲက စူးအောင့်လာလေသည်။

"အမေ..."

အသံက အက်ကွဲကာ ထွက်လာသည်။

"ဘာလဲ ... ပြော"

"ကျွန်တော် နောင်တမရဘူး ... ကျွန်တော် သူ့ကို တကယ်ချစ်တာ"

ထိုအခါ ဒေါ်ဥမ္မာစန်းက သားဖြစ်သူ၏ ရင်ဘတ်ကို လက်ဝါးနှင့် ခပ်ဖွဖွ ရိုက်လိုက်ကာ ...

"တော်စမ်း ... အခုချိန်ထိ ဒီစကား ပြောထွက်သေးတယ်။

နားတော့ ... ဘာမှ ထပ်မပြောနဲ့တော့"

__________________

ရွာလမ်းမအတိုင်း မောင်းနှင်လာသော ဆွတ်ရိန်နော်၏ ဆိုင်ကယ်သံက ပုံမှန်ထက် ပိုမိုကြမ်းတမ်းနေသည်။ ရွာထဲရောက်သည်နှင့် ကြားလိုက်ရသော သတင်းစကားက သူ့ခေါင်းထဲရှိ သွေးကြောများကို ပေါက်ကွဲမတတ် ဖြစ်စေခဲ့ လေသည်။ မျက်ခုံးများ တွန့်ချိုးကာ အိမ်သို့ဦးတည်နေသော ဆိုင်ကယ်ကို ချက်ချင်း ကွေ့လိုက်၏။

မျိုးမင်းထက်တို့ အိမ်ရှေ့သို့ ရောက်သည်နှင့် ဆိုင်ကယ်ကို ဒေါက်ပင်မထောက်နိုင်တော့ဘဲ ပစ်ချကာ ခြံထဲသို့ ဒုန်းစိုင်း ဝင်သွားလိုက်သည်။

"ဝုန်း..."

အိမ်ထဲသို့ လေမုန်တိုင်းတစ်ခု ဝင်ရောက်လာသကဲ့သို့ ဆွတ်ရိန်နော် ဝင်လာကာ မျိုးမင်းထက်ကို တွေ့သည်နှင့် အင်္ကျီကော်လံမှ ဆောင့်ဆွဲကာ အားပါပါဖြင့် နှစ်ချက်ဆင့်ထိုးပစ်လိုက်သည်။

"ခွပ် ခွပ် "

အသားချင်း ရိုက်ခတ်သံက အိမ်ခန်းထဲတွင် ဟိန်းထွက်သွား၏။

"ခွေးမသား ... လာစမ်း မင်း ... ခွပ် ခွပ် "

ဒေါသအဟုန်ကြောင့် ဆွတ်ရိန်နော်၏ မျက်နှာမှာ နီရဲနေပြီး အသက်ရှူသံများ ပြင်းထန်နေသည်။ နောက်ထပ် နှစ်ချက်ဆင့်ထိုးလိုက်ချိန်တွင် မျိုးမင်းထက်မှာ ယိုင်နဲ့သွားသော်လည်း ပြန်မလုပ်‌ပဲ မျက်နှာသေနှင့်သာ။ထိုစဉ် အိမ်နောက်ဖေးမှ ဒေါ်ဥမ္မာစန်း ပြေးထွက်လာကာ ကြောက်လန့်တကြား ဝင်ဆွဲ တော့သည်။

"မလုပ်ပါနဲ့ ... မလုပ်ပါနဲ့ကွယ် ... မင်းအဖေကလည်း ငါ့သားလေးကို မသေရုံတမယ် လုပ်ထားပြီးပါပြီ တော်ကြပါတော့ကွယ်။ "

ဒေါ်ဥမ္မာစန်းက ငိုကြီးချက်မနှင့် ဝင်တားပြန်တော့ ဆွတ်ရိန်နော် တောက်ပြင်းပြင်းတစ်ချက်ခေါက်ကာ လက်ထဲတွင်ဆုပ်ကိုင်ထားတဲ့ မျိုးမင်းထက်ရဲ့ အင်္ကျီကော်လံစကို ဆောင့်တွန်းကာ လွှတ်ပေးလိုက်၏။

"မင်း ... မင်း ဘာစောက်ချိုး ချိုးတာလဲ။ "

ဆွတ်ရိန်နော်၏ အသံက ဒေါသကြောင့် တုန်နေကာ မျိုးမင်းထက်က သွေးစများပေနေသော နှုတ်ခမ်းကို သပ်ရင်း မော့ကြည့်လျက် ...

"ငါ မင်းအမကို ချစ်လို့ "

"ငါ *ီးမသား ... မင်း မင်း "

ဆွတ်ရိန်နော်က အင်္ကျီကော်လံကြီးအားဆွဲကာ နောက်တစ်ကြိမ်ရှေ့တိုးလာပြန်တော့ ဒေါ်ဥမ္မာစန်းမှာ သားဖြစ်သူရှေ့မှ ကာဆီးရင်း တောင်းပန်ရှာသည်။

"မလုပ်ပါနဲ့ ... မလုပ်ပါနဲ့ သားရယ် မင်းသူငယ်ချင်းမျက်နှာလည်း ရစရာမရှိတော့ပါဘူးကွယ်။ "

"မင်းငါ့ကို ထိုးချင်ထို သတ်ချင်သတ်ကွာ။

ငါမင်းအမကို ချစ်လို့ အဆုံးရှုံးမခံနိုင်လို့ မင်းပေးတဲ့အကြံအတိုင်းလုပ်ခဲ့တာပဲ။ "

မျိုးမင်းထက်က မျက်လုံးကို စုံမှိတ်ထားရင်းမှ အော်ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ ဆွတ်ရိန်နော် ဆွံ့အသွားတော့သည်။ သို့သော် ဒေါသက လျော့မသွား။

"တောက် ... ခွေးမသား လူပါးဝလို့ "

"တော် ... တော်ပါတော့ကွယ် အန်တီတောင်းပန်ပါတယ်။ "

"တောက် "

ဆွတ်ရိန်နော်က တောက်ခေါက်သံ ပြင်းပြင်းနှင့်အတူ ခပ်ပေပေလုပ်နေသော မျိုးမင်းထက်အား စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် စိတ်ပျက်မှု၊ ဒေါသနှင့် နားမလည်နိုင်မှုများ ရောပြွန်းနေကာအံကိုကြိတ်လျက် လှည့်ထွက်လာခဲ့လိုက်၏။

ခြံရှေ့တွင် လဲကျနေသော ဆိုင်ကယ်ကို ဆွဲထူလိုက်ပြီး စက်နှိုးကာ လီဗာကို ခပ်ပြင်းပြင်းဖြဲလိုက်ရာ ဆိုင်ကယ်အိတ်ဇောသံက ပတ်ဝန်းကျင်ကို လွှမ်းမိုးသွားပြီး ဖုန်လုံးများ ထအောင် မောင်းထွက်သွားတော့သည်။

ဒေါ်ဥမ္မာစန်းကတော့ ဆွတ်ရိန်နော်ထွက်သွားမှ သက်ပြင်းရှည်ကြီးချလိုက်လေ၏။

နံဘေးတွင် မလှုပ်မယှက် ရပ်နေသော သားဖြစ်သူကို ကြည့်ပြီး ခေါင်းတရမ်းရမ်းဖြင့်သာ စိတ်မောနေရတော့သည်။

အပိုင်း (၅၀) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၄၈) နောက်အခန်း - အပိုင်း (၅၀) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ