Bububai ဝတ္ထု ဂျိန်းဖောမြေမှ ချစ်တေးတစ်ပုဒ် အခန်းစာရင်း

အပိုင်း (၄၇)

သစ်ပင်ရိပ်အောက်က လေပြည်နုနုကြားမှာ မှုံ့အသံလေးက ကြည်လင်စွာ ထွက်ပေါ်လာတော့သည်။

"အရင်က ဒီအင်းတော်ကြီးနေရာက အခုလို ရေပြင်ကျယ်အင်းကြီးမဖြစ်ခင်က လူတွေနေထိုင်တဲ့ စည်ကားလွန်းတဲ့ မြို့တော်ကြီး ဖြစ်ခဲ့တာတဲ့။

ဥတ္တရစောဖြူဆိုတဲ့ မင်းကြီးက အုပ်ချုပ်တဲ့ စည်ခမ်းလို့အမည်ရတဲ့ မြို့တော်ကြီးပေါ့။

အဲ့ဒီမြို့တော်ကြီးကို ရွှေတောင်မင်းကြီးရဲ့ ခွင့်ပြုမိန့်အရ နဂါးမင်းသားက အင်းဖွဲ့ရာကနေ စည်ခမ်းမြို့ကြီးက ရေလွှမ်းပျောက်ကွယ်သွားပြီး အခုလို ရေပြင်ကျယ်အင်းကြီး ဖြစ်လာတော့တာပဲ။

အသေအချာပြောရမယ်ဆို ...

ဟိုးတုန်းက ဘောဂဝတီနဂါးပြည်မှာ နဂါးဦးရေ ထူထပ်လာတာကြောင့် နဂါးမင်းသားညီနောင်နှစ်ပါးက သူတို့ ခမည်းတော်(အဖေ)နှင့် မယ်တော်(အမေ)တို့ကို နဂါးပြည်မှာ နဂါးတွေ ပြည့်ကြပ်နေတဲ့အတွက်ကြောင့် သူတို့အနေနှင့် နတိုင်းပြည်သစ်တည်ထောင်လိုကြောင်း လျှောက်ထားလိုက်တယ်တဲ့။

အဲ့ဒီအခါမှာ သူတို့ခမည်းတော်နှင့် မယ်တော်တို့ကလည်း သူတို့သားတွေအရွယ်ရောက်လာပြီဖြစ်တာကြောင့် နောက်ဆံတင်းခြင်းမရှိပဲ ရဲမကိဗိုလ်ပါ၊ နောက်လိုက်၊ အခြွေအရံအစုံ ထည့်ပေးလိုက်ကာ

ခွင့်ပြုလိုက်တော့သတဲ့။

အဲ့တာနဲ့ နဂါးညီနောင်နှစ်ပါးကလည်း ဘောဂဝတီပြည်က ထွက်ခွာလာပြီး ဧရာဝတီမြစ်ကို ဆန်၍ တက်လာကြ‌ေတာ့တယ်။

အဲ့ဒီလိုနဲ့ တစ်နေရာအရောက်မှာ ညီညာပြန့်ပြူးနေတဲ့ မြေပြင်ကိုတွေ့ကြပြီး နဂါးညီနောင်ကလည်း သဘောကျသွားကာ ထိုနယ်က နယ်ရှင်တွေဆီမှာ ခွင့်တောင်းပြီး ခွင့်ပြုတာနှင့် နဂါးတို့တန်ခိုးနဲ့ မြေပြင်ကနေ အင်းဖွဲ့လိုက်ကြတော့တယ်တဲ့။

နဂါးညီနောင်ကလည်း အဲ့ဒီနေရာမှာ အခြွေအရံအသင်းအပင်းတွေနဲ့ ပျော်ပါးနေထိုင်ခဲ့ကြတာပေါ့။

ဒါပေမယ့် အင်းက သေးငယ်နေတဲ့တာကြောင့် အချိန်နည်းနည်းကြာလာတော့ ညီဖြစ်သူက သဘောမကျဖြစ်လာတော့တာပေါ့။

အဲ့လိုနဲ့ အစ်ကိုဖြစ်သူကို လက်ရှိအင်းကြီးထက်ပိုကြီးတဲ့နေရာကို

ရှာချင်တဲ့အကြောင်းပြောတော့ အကိုဖြစ်သူကလည်း ညီအစ်ကိုနှစ်ယောက် အတူတကွ စည်းစည်းလုံးလုံးနေသင့်ကြောင်း ဖြောင်းဖြတယ်တဲ့။

ဒါပေမယ့် ညီဖြစ်သူကတေယ့ နယ်မြေသစ်ထူထောင်ဖို့ပဲ စိတ်အားထက်သန်နေတော့ အစ်ကိုဖြစ်သူကလည်း ခွင့်ပြုလိုက်ရတော့တာပေါ့။

အစ်ကိုဖြူကလည်း ညီဖြစ်သူထွက်သွားခါနီးမှာ ...

ညီဖြစ်သူက သူ့ထက်ပိုကြီးတဲ့ နေရာကို ရှာတွေ့နိုင်ပါက တစ်သက်လုံး ခေါင်းမြီးခြုံထဲက မထွက်တော့ဘူးဆိုပြီး ခနဲ့လိုက်သေးတယ်တဲ့။

ညီဖြစ်သူကလည်း သူ့ရဲ့ အခြွေအရံတွေနဲ့ ထွက်လာရာ

မင်းညာဘက်ကို ရောက်လာပြီး ညီညာပြန့်ပြူးသာယာတဲ့ နေရာမှာ စည်ခမ်းဆိုတဲ့ မြို့ကြီးကို တွေ့သွားတော့တယ်။

နဂါးမင်းသားကလည်း အဲ့နေရာကို အလွန်အမင်းသဘောကျသွားပြီး အဲ့နေရာရဲ့ နယ်ရှင်ကြီးတွေထံမှာ သွားပြီးခွင့်တောင်းပြန်တာပေါ့။ နယ်ရှင်ကြီးတွေကလည်း အင်းဖွဲ့ခွင့်ပေးလိုက်ပေးလိုက်တယ်တဲ့။

ဒါပေမယ့် နဂါးမင်းသားက သူ အဲ့နေရာမှာ အင်းဖွဲ့လိုက်ရင် မြို့နေလူတွေ သေကြေကုန်ကြတော့မှာ သိတာကြောင့် နဂါးမင်းသားက

နတ်မြင်းပျံကြီးစီးပြီး ကောင်းကင်ကနေ ...

"နောက်၇ရက်နေရင် ဒီမြို့ကြီးကို အင်းဖွဲ့မယ်

ဝေးရာရှောင်ရှားကြတော့" ဆိုပြီး သုံးကြိမ်သုံးခါ ခုနှစ်ရက်တိုင်တိုင် ကြွေးကြော်ခဲ့တယ်တဲ့။

ဒါပေမယ့် အဲ့ဒီအချိန် စည်ခမ်းပြည်မှာရှိတဲ့လူတွေက ကုသိုလ်ကောင်းမှု ပြုလုပ်ကညခြင်းမရှိပဲ မကောင်းတဲ့ အကုသိုလ်အလုပ်တွေကိုပဲ ပြုလုပ်နေတဲ့ လူတွေဖြစ်တော့ အကုသိုလ် အမှောင်တ္ဖေုံးပြီး နဂါးမင်းသားရဲ့ ကြွေးကြော်သံကို ဘယ်သူမှမကြားကြဘူးတဲ့။

အဲ့ဒီထဲကမှ ဘုရား၊တရားမြဲပြီး စိတ်ကောင်းရှိတဲ့ မုဆိုးမကြီး ဒေါ်မှုံ

တစ်ယောက်ကတော့ ကြားတယ်တဲ့။

သူအဲ့လိုကြားတော့ မုဆိုးမကြီး ဒေါ်မှုံကလည်း သူကြားတဲ့အကြောင်းကို တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်ပြောတာပေါ့။

ဒါပေမယ့် မုဆိုးမကြီးရဲ့ စကားကို ဘယ်သူမှ မယုံကြပါဘူး။

အဲ့ဒီတော့ မုဆိုးမကြီးလည်း ၇ရက်မြောက်နေ့မှာ သူ့သမီးနဲ့ သူ့မြေးလေးကိုခေါ်၊သူပိုင်တဲ့ သူ့ရဲ့ကျွဲလေးတစ်ကောင်ကိုဆွဲပြီး အဝတ်အစားအထုတ်လေးခေါင်းပေါ်ရွက်ကာ ဘေးလွတ်ရာကိုထွက်လာကြတော့တာပေါ့။

ဒါပေမယ့် သူတို့ အခု လွဲမွန်(မုဆိုးမတောင်)ပေါ်ရောက်ရုံရှိသေး နဂါးမင်းသားက သူ့တန်ခိုးနဲ့ လေကြီးမိုးကြီးတွေဖန်ဆင်းလိုက်ကာ

သူတို့လည့်ကြည့်လိုက်တော့ စည်ခမ်းမြို့ကြီးတစ်ခုလုံးက ရေတွေဖုံးလွှမ်းသွားပြီး မုဆိုးမကြီးဒေါ်မှုံနဲ့ သူဆွဲလာတဲ့ ကျွဲခြေထောက်တွေတောင် မလွတ်ပဲ ရေထိကာ ခြေရာအဖြစ် ကျန်ခဲ့တာတဲ့။

ခုနက ခြေရာတွေက အဲ့တာတွေပဲလေ။ "

"ဪ ..."

တစ်လျှောက်လုံး စိတ်ဝင်တစားနားထောင်လာတဲ့ အကိုက အခြမှ ခေါင်းဆတ်ပြကာ မှုံ့ကို ဆက်ပြောဆိုတဲ့ အမူအယာနှင့် ဆက်ကြည့်နေလေ၏။

"မုဆိုးမကြီးဒေါ်မှုံက မြို့ထဲက လူတွေကို သတိရသောအနေနဲ့

အင်းနံဘေးက တောင်ပေါ်မှာ ဘုရားတစ်ဆူတည်ထားခဲ့ကာ

အခု မုဆိုးမဘုရားလို့ အမည်တွင်သွားတော့တာပေါ့။ "

အကိုက ဇာတ်လမ်းဆုံးတော့ ခေါင်းလေးတညိတ်ညိတ်ဖြင့် နားထောင်နေရာမှ ဝင်ပြောလေသည်။

"အဲ့လို ရာဇဝင်တွေရှိခဲ့တာပေါ့။ "

"အွန်း ... ဟုတ်တယ်။

အင်းတော်ကြီးကို ရှမ်းဘာသာနဲ့ လောင်းလုံ၊ စည်ခမ်း လင်းလုံ လို့ခေါ်ပြီး စည်ခမ်းအင်းကြီးလို့ အဓိပ္ပါယ်ရတယ်။ "

"ဪ ... တော်တော်စိတ်ဝင်စားစရာကောင်းတာပဲ။ "

"အဟွန်း ... မှုံပြောပြနေတာနဲ့ အချိန်တွေလင့်ကုန်ပြီ ...

လာ နှီးဘုရားကိုသွားကြမယ်။ "

"အင်း "

မြေကြီးပေါ်မှာ ထိုင်ထားကြတာမို့ အကိုရော မှုံပါ ပုဆိုးနှင့် လုံချည်မှာ ပေနေတဲ့ ဖုန်တွေကို ပုတ်ခါရင်း ထိုင်ရာမှ ထခဲ့လိုက်ကြသည်။

အကိုမလာခင်က မှုံ တစ်ခေါက်ရောက်ထားပြီဖြစ်ပေမယ့် အကို့ကို နေရာအစုံလိုက်ပြလိုက်၏။

မုဆိုးမဘုရားမှ ဆက်လက်ထွက်ခွာပြီးနောက် နှီးဘုရားဘက်သို့ ရောက်လာကြကာ ဝါးနှီးတို့ဖြင့် ရက်လုပ်ပူဇော်ထားသော

နှီးဘုရားကြီး၏ သပ္ပါယ်ဖွယ်ရာ အဆင်းကို ဖူးမြော်လိုက်သည်။ ထို့နောက် အလှူခံနေသော ဂေါပကလူကြီးများထံတွင် အလှူငွေထည့်လိုက်လျှင် ဂေါပကကြီးများက စေတနာအဖြစ် ဘုရားပုံတော်လေးကို လက်ဆောင်ပြန်ပေးလေ၏။ မှုံကတော့ ဘုရားပုံတော်နှင့်အတူ အင်းတော်ကြီးသမိုင်းစာအုပ်လေးပါ အမှတ်တရ ဝယ်ယူခဲ့လိုက်သည်။

ထိုမှတစ်ဆင့် မုဆိုးမတောင်ပေါ်ထိ တက်ပြီး ရွှေတောင်ဘုရားကိုလည်း သွားဖူးလိုက်သေး၏။ တောင်ပေါ်မှ စီးမိုးမြင်ရသော ရှုခင်းက အမောပြေစေကာ နေရာတော်တော်စုံအောင် လည်ပတ်ပြီးနောက် ဒေသထွက်ပစ္စည်းများ ရောင်းချရာ ဈေးတန်းတွေဘက်သို့ ခြေဦးလှည့်ခဲ့ကြလေသည်။

ဈေးတန်းလေးထဲတွင် လူတွေစည်ကားနေပြီး အဓိကရောင်းကြတာတော့ ဒေသထွက် အမှတ်တရပစ္စည်းများက စုံလင်လှသည်။ ရှမ်းအင်္ကျီ ရောင်စုံများ၊ ခမောက်အမျိုးမျိုး၊ ဆေးဖက်ဝင်သစ်မြစ်များဖြစ်သည့် နနွင်းနက်၊ ချင်း(ဂျင်း)နက် တွေက ဆိုင်တိုင်းလိုလိုမှာ တွေ့ရ၏။အမွှေးတိုင်နံ့သင်းသင်းနှင့် ဒေသအစားအစာ အနံ့တို့က ရောယှက်နေလေတော့သည်။

"အကို ... လာ ဟိုမှာ ငါးကြော်ဝယ်စားရအောင်။ "

မှုံက လက်ညှိုးထိုးကာ ပြလိုက်သည်။ ငါးအကောင် သေးသေးလေးတွေကို တုတ်နှင့်ထိုးသီပြီး ရွှေဝါရောင်သန်းအောင် ကြော်ထားတာလေးတွေက စားချင်စဖွယ်။ အင်းတော်ကြီးမှာက ရေချိုငါး ပေါများတာကြောင့် ငါးတွေက လတ်ဆတ်ပြီး အသားက ချိုအိနေသည်။ ကြွပ်ရွနေသော ငါးကြော်ပူပူလေးတွေကို ကိုက်ဝါးစားရင်း နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်လျှက် ပြုံးလိုက်မိကြသေး၏။

အကုန်လုံး နေရာအစုံ လည်ပတ်ပြီးချိန်မှာတော့ နေလုံးနီနီက အနောက်ဘက် မိုးကုပ်စက်ဝိုင်းဆီသို့ တရွေ့ရွေ့ နိမ့်ဆင်းသွားပြီဖြစ်သည်။ ညနေစောင်းဖြစ်တာမို့ လေက ပိုအေးလာ၏။

စက်လှေဖြင့် တစ်ဖက်ကမ်းကို ပြန်ကူးခဲ့ကြရာ ရေပြင်ပေါ်တွင် နေဝင်ရီတရော ရွှေရောင်အလင်းတို့က ဖြာကျနေသည်။

ကမ်းစပ်သို့ ပြန်ရောက်တော့ မှုံတို့အဖွဲ့တွေကလည်း အစုံအလင် ပြန်ရောက်နှင့်နေကြပြီဖြစ်ကယ မှုံနှင့် အကို့ကို မြင်လိုက်သည်နှင့် သူတို့အားလုံးက 'နားလည်ပါတယ်' ဆိုတဲ့ အကြည့်တွေနှင့် ကြည့်နေကြကာ ဘာမျှ ထုတ်မမေးကြပေမယ့် ပြုံးစေ့စေ့လုပ်ပြီးမျက်နှာရိပ်မျက်နှာကဲဖြင့် စနောက်နေကြ၏။

သူတို့ရဲ့ စကားမပါသော အကြည့်တွေအောက်မှာ မှုံတစ်ယောက် ရှက်သွေးဖြာရပြန်ကာ အကို့ဘေးမှာ ရပ်ရင်း မျက်လွှာလေးချကာ ဘာမှပြန်မပြောရဲဘဲ ငြိမ်နေလိုက်ရတော့သည်။ ရင်ထဲမှာတော့ ကြည်နူးမှု၊ ရှက်ရွံ့မှုတို့နှင့်အတူ ဒီနေ့တစ်နေ့တာရဲ့ အမှတ်တရတွေက အမြစ်တွယ်ကျန်ရစ်ခဲ့ပြီ ဖြစ်၏။

အပိုင်း (၄၈) ဆက်ရန် ...

Author -Anna Lynn

(ဒီ့ထက် ပိုစုံလင်တဲ့ အင်းတော်ကြီးသမိုင်းကြောင်းသိချင်ရင်တော့ အင်းတော်ကြီးသမိုင်းစာအုပ်ကိုရှာပြီး ဖတ်လို့ရပါတယ်ရှင့်။

ဒါပေမယ့် အပေါ်မှာပြောခဲ့သလိုပဲ ဖြစ်ရပ်မှန်ကလည်း အခု ပါးစပ်ရာဇဝင်တွေဖြစ်ကုန်တော့ တစ်ယောက်တစ်မျိုးရေးနေ၊ပြောနေကြပြီး ဘယ်ဟာက အမှန်လဲဆိုတာ မသိပါဘူးနော်။

တချို့ကျ ဒီနတ်နဂါးတွေနေရာမှာ၊နတ်ဒေဝါတွေလို့လဲ ကြားဖူးပါတယ်ရှင့်။

အင်းတော်ကြီးမှာတော့ အခုပြောထားတဲ့ မုဆိုးမခြေရာနဲ့ ကျွဲခြေရာလည်းရှိသလို၊မုဆိုးမမြေးအဘွား၊သားအမိတတွေ စည်ခမ်းမြို့ကြီးကနေ ထွက်ခွာလာတဲ့ရုပ်ထုတွေ ပုံတွေလည်း ရှိပါတယ်ရှင့်။

ခေတ်အခြေအနေကောင်းပြီး အေးချမ်းသာယာသွားရင်တော့ တစ်ခေါက်လောက်ပြန်သွားချင်ပါသေးတယ်။

အခုတော့ သွားလို့မရပါဘူးနော်။)

« ရှေ့အခန်း - အပိုင်း (၄၆) နောက်အခန်း - အပိုင်း (၄၈) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ