မှုံတို့ကားပေါ်ရောက်ပြီး ရွာထဲကနေတောင်မထွက်ရသေးပဲ အကိုပေးထားတဲ့ဖုန်းက သီချင်းသံနှင့်အတူ တုန်ခါလာ၏။
မှုံလည်း ရုတ်တရတ်ဆိုတော့ တုန်သွားကာ ပေါင်ပေါ် တင်ထားတဲ့
အိတ်ကိုဖွင့်လိုက်လျှင် ဖုန်းကပွင့်နေကာ 'ကိုကို❤️' ဆိုပြီး
ဖုန်းစခရင်မှာပေါ်နေတဲ့ နာမည်လေးကြောင့် မှုံ့မျက်နှာလေးဖျင်းခနဲဖြစ်ကာ ပူနွေးသွားရသည်။
မလုံမလဲနှင့် ဘေးဘီဝဲယာလျှောက်ကြည့်ပြီးမှ ဖုန်းစခရင် ဖွဖွတို့ကာ
နားမှာကပ်လိုက်တော့ တစ်ဖက်မှ "ဟယ်လို"ဆိုတဲ့ အကို့အသံလေးနှင့်တင် မှုံ့အသည်းလေးအေးခနဲဖြစ်သွားကာ ရင်တွေဖိုးသိုးဖက်သပ်ဖြစ်လာပြန်၏။
မနက်က အနမ်းကြောင့်လား၊ဘေးမှာ လူတွေရှိနေတယ်ဆိုတဲ့ အသိကြောင့်လားတော့မသိ ပုံဖော်မရတဲ့ခံစားချက်တွေက ခံစားချက်တွေစိုးမိုးလာကာ လူက ကတုန်ကယင်နှင့်ပင်။
"ဟယ်လို "
အကိုအသံဩရှရှက ဖုန်းထဲမှ နောက်တစ်ကြိမ်ထွက်ပေါ်လာပြန်တော့ မှုံဒီဘက်ကနေ ခပ်တိုးတိုးလေးနှင့် အသံပြန်ပြုလိုက်၏။
တိုးတိုးဆိုမှ တကယ့်ကို တိုးတိုးလေးပါ။
"ဟယ်လို "
"ဘယ်ရောက်ပြီလဲ။ "
"ရွာအထွက်မှာပဲရှိသေးတယ်လေ။ "
"ဟုတ်လား ... ရောက်ရင် ကိုယ့်ကိုဖုန်းဆက်ဦးနော်။"
"ဟုတ် ... အဲ့တာဆို ဒါပဲနော်။ "
"အွန်း ... ချစ်တယ်နော် "
"..."
ဘေးမှာ လူတွေနဲ့ဆိုတာသိလျက်နှင့် ကဲကဲသည်းသည်းအကို့စကားကြောင့် မှုံ့ရင်တွေအဆမတန်ခုန်လာရ၏။
ဘာမျှပြန်မပြောတော့ပဲ ဖုန်းကိုချက်ချင်းချပစ်ကာ မဝံ့မရဲလေး ဘေးကအန်တီတွေကို လှမ်းကြည့်လိုက်တော့ ခုနက သူတို့ဟာနှင့်
သူတို့ စကားတွေဖောင်ဖွဲ့ကာပြောနေကြတဲ့သူတွေက အခုတော့ မှုံ့ကို ပြုံးစိစိနှင့်ကြည့်နေကြလေသည်။
"ရည်းစား ဆက်တာလား။ "
"ရှင် "
အတပ်သိနေသလို မေးလာကြတဲ့ စကားကြောင့် မှုံရုတ်တရတ်
ဘာဖြေရမှန်းမသိပဲ ကြောင်အသွားမိ၏။
မှုံ့လိုတစ်ကောင်ကြွက်ကို အထူးအထွေ ဖုန်းဆက်မည့်သူလည်းမရှိတော့ သိနေကြတာလည်းမဆန်းပါဘူး။
ဆန်းတာက ...
"ညဉ်းနဲ့ ဘောက်နူးသားလေးနဲ့ ရည်းစားတွေဖြစ်နေကြတာမလား။ "
"ဟင် ... ဟို မဟုတ် "
"အမယ်လေး ... ငါတို့သိပါတယ်အေ။
ကောင်လေးကတော့ မဆိုးပါဘူး ... သူ့အမေ ဘောက်နူးကတော့
မာနက ခပ်ကြီးကြီးနော်။
ညဉ်းကို သူ့သားနဲ့ သဘောတူပါ့မလားအေ့ "
"..."
မှုံတို့ကို စိုးရိမ်သလိုပြောလာတဲ့ အန်တီအေးသီ စကားကြောင့်
အကိုနဲ့မှုံတို့ရဲ့အနာဂတ်အကြောင်းကို တွေးမိသွားကာ ရင်မောသွားရပြန်သည်။
ခုနက အပျော်လေးတွေတောင် ဘယ်ပျောက်သွားမှန်းမသိ။
သေချာတာပေါ့ ... အကို့အမေက မှုံနဲ့ ဘယ်သဘောတူပါ့မလဲ။
အကိုနှင့် ဘာမျှ မပတ်သတ်ခင်ကတောင် အိမ်တိုင်ရာရောက်လာပြောသွားတဲ့ သူက အခုလိုချစ်သူတွေဖြစ်နေတာသာသိသွားရင်
အတွေးနှင့်တင် အကို့အမေမျက်နှာကြီးမြင်ယောင်လာကာ
ရင်တွေတုန်လာပြီး ရင်ဆိုင်ကျော်ဖြတ်ရမယ့် တံတိုင်းကြီးကို
ကြောက်ရွံ့လာမိသည်။
ဒါတွေကို အစကတည်းက တွေးမိပြီးသားပဲ။
တစ်ခါလောက်ေလး နှလုံးသားကိုအလိုလိုက်မိခဲ့တာ။
ဘာစကားသံမှ ထွက်မလာတဲ့ မှုံ့အဖြေကို စောင့်ဆိုင်းမနေတော့ပဲ
ဘေးက လူတွေကတော့ စကားသံတွေပြန်ညံသွားကာ
မှုံတစ်ယောက်တည်း ရှေ့ရေးကို ကြိုတင်ပူပန်နေမိသည်။
______________
"Ring 📳 Ring ..."
ရောက်ရင်ဖုန်းဆက်ဦးဆိုတဲ့အကိုက တစ်နာရီခြားတစ်ခါလောက်ကို ဖုန်းတွေဆက်တိုက်ခေါ်နေကာ ဒါနဲ့ဆို ဘယ်နှခါရှိပြီမှန်းမသိ။
ဘေးနားကလူတွေလည်း မှုံ့ဆီက ဖုန်းတစ်ခါဝင်လာတိုင်း သူတို့ပြောလက်စ စကားစတွေအားရပ်ကာ စိတ်ဝင်တစားလှမ်းကြည့်ကြလေသည်။
"ဟယ်လို "
"ရောက်ပြီလား မှုံလေး။ "
"ဟုတ် ... ရောက်တော့မှာ အင်းတော်ကြီးထဲဝင်နေပြီ။ "
ကချင်ပြည်နယ်အတွင်းမှာပဲရှိတာကြောင့် သိပ်မဝေးတဲ့ခရီးဖြစ်ကာ နေ့ချင်းပေါက်ရောက်၏။
ဒါပေမယ့် အင်းတော်ကြီးအဝင်ရောက်တာနှင့် ကားများက ပြည့်ညပ်နေကာ အခုလည်း ကားရပ်ကာ စောင့်နေရလေသည်။
"ဘုရားကို ရောက်ရင် ဖုန်းထပ်ဆက်ဦးနော် ။ "
"ဟုတ် ... အခုတော့ ကားတွေကြပ်နေလို့ရပ်နေရတာ "
"အင်း ... ဂရုစိုက်နော်။ "
"ဟုတ် "
ဖုန်းကို အိတ်ထဲထည့်လိုက်ပြီး အကိုဝယ်ပေးလိုက်တဲ့ အချဉ်ထုပ်ကလေးအား ထုပ်ကာစားလိုက်ပြီး နောက်ထပ်နှစ်ထုပ် ထုတ်ကာ ဘေးကာ လူတွေကို ပေးလိုက်၏။
"စားကြပါဦး "
"အေးအေး ... ကျေးဇူးပဲ။ "
""ညဉ်းရည်းစားကလည်း တစ်လမ်းလုံး ဖုန်းခေါ်နေတာပါအေ သူမို့ မပျင်းမရိနဲ့။ "
"ဟုတ်ပ "
"ဟုတ်ပါ့အေ ... ချစ်စ ကြင်နာစဆိုတော့ မခွဲနိုင်ရှာဘူးနေမှာပေါ့အေ။ "
ဘယ်ကတည်းက ပြောချင်ကြသလဲမသိ။
တစ်ယောက် စလိုက်တာနှင့် တညီတညွတ်တည်း တစ်ယောက်တစ်ခွန်းပြောလိုက်ကြတာ မှုံ့မှာ မျက်နှာတွေပူလာကာ
မျက်လွှာလေးချထားလိုက်သည်။
"အမယ်လေးအေ ... ညဉ်းတို့ကလည်း ဟိုမှာ ရှက်နေပြီ။
ညဉ်းတို့လည်း ငယ်ရာက ကြီးလာတာကို ကလေးတွေကို ဘာတွေပြောနေတာလဲ။ "
"အိုအေ ... သူတို့က ကဲကိုကဲတာပါ။ "
"ဒါကတော့ချစ်တာကိုဟဲ့ ... ဘာတွေမနာလို တိုရှည်ဖြစ်နေကြတာလဲ။ ဘုရားလာပြီးတော့ "
"ဟုတ်ပါပြီတော် ... မပြောတော့ပါဘူးတော့။ "
"လမ်းကလည်းပိတ်တာအေ ... ငါတို့ ဒီနေ့ ဘုရားဖူးရဦးမှာလား။
လမ်းမှာ ညအိပ်ရတော့မယ့်အဖြစ်ရောက်နေပြီ။ "
"ဟုတ်ပ ... ဗိုက်တွေတောင်ဆာလာပြီ။ "
တစ်ယောက်က အစပျိုးလိုက်တာနှင့် စကားဝိုင်းက မှုံတို့အကြောင်းကနေ လမ်းပိတ်တဲ့ဆီရောက်သွားတော့၏။
လမ်းကလည်း တော်တော်ပိတ်ကာ၃နာရီကျော် ကားရပ်ပြီးစောင့်လိုက်ရပြီးမှ မှုံတို့ကားက ရှေ့ဆက်လို့ရသွားတော့သည်။
နောက်ကိုလှည့်ကြည့်မိတော့ မှုံတို့နောက်က တမျှော်တခေါ် ဘုရားဖူးကားတွေကလည်း ပြည့်ညပ်နေလေသည်။
သူတို့ကတော့ သေချာပေါက် ကားပေါ်မှာ အိပ်ရတော့မည့်အဖြစ်ပါ။
တစ်နှစ်မှတစ်ခါ အနီးကပ်ဖူးခွင့်ရတဲ့ တန်ခိုးကြီးဘုရားဖြစ်တာကြောင့် လူတွေကလည်း ရပ်နီးရပ်ဝေးအကုန်ရောက်လာကြလေသည်။
အင်းတော်ကြီးဘုရားက ပုံမှန်အချိန်ဆို ရေတွေပတ်လည်ဝန်းရံနေကာ ဘုရားဖူးချင်သူများအနေနှင့် အဝေးကသော်လည်းကောင်း၊အနီးကပ်ဆိုလျှင်လည်း စက်လှေပေါ်ကနေသာ ဖူးမြှော်ခွင့်ရလေသည်။
အခုလို ဘုရားပွဲတော်ရက်(အကြမ်းဖျင်းအနေနှင့် တပေါင်းလဆန်း၇ရက်မှ လပြည့်နေ့အထိ) ရောက်ချိန်မှသာ လေကြီးမိုးကြီးကျကာ ရေတွေသန့်စင်သွားပြီး ရွှေမဥ္ဇူ ရေလယ်ဘုရားကိုဖူးမြှော်နိုင်ရန်
လူလမ်း၊နတ်လမ်းဆိုပြီး သဲသောင်ပြင်လမ်းမြောင်လေးပေါ်လာတာဖြစ်၏။
မှုံတို့အဖွဲ့က ရောက်ရောက်ချင်း ရွှေမဉ္ဇူရေလယ် ဘုရားကို အရင်သွားဖူးကြလေသည်။
ဘုရားပေါ်တွင် အမျိုးသမီးများမတက်ရဆိုတဲ့ ဆိုင်းဘုတ်ရှိကာ တက်မိပါက ဘယ်လောက်ပဲ မိုးလေကင်းစင်ပြီးသာယာနေတဲ့ ရာသီဥတုဖြစ်ပါစေ လေကြီးမိုးကြီးတွေသည်းထန်စွာကျကာ
မိုးကြိုးေတွပစ်ပြီး ရုတ်ချည်းပြောင်းလဲသွားတတ်လေသည်။
ကားပိတ်နေတာနှင့် ညနေစောင်းသွားပြီဖြစ်တာကြောင့် အင်းတစ်ဖက်တွင် လှမ်းမြင်နေရသည့် မုဆိုးမတောင်ဘက် မကူးတော့ပဲအိပ်ဖို့အခန်းသွားရှာကြရသည်။
"၅ယောက်ခန်းတွေ ယူလိုက်မယ်နော်။ "
အန်တီမာလွင်က အရှေ့ဆုံးကနေ လှမ်းပြောတော့ မှုံတို့တတွေလည်း ခေါင်းညိတ်ကာ ထောက်ခံလိုက်ကြ၏။
"အဆင်ပြေသလိုသာလုပ်ပါအေ ... တို့က ဘုရားဖူးခွင့်ရတာနဲ့ကို ကျေးဇူးတင်နေပါပြီ။ "
အခန်းလေးတွေဆိုတာက ပွဲတော်ရက်အတွင်း ဧည့်သည်များအတွက်သာ ထရံကာဝါးအိမ်တဲသေးလေးတွေကို ဒေသခံတွေက ဆောက်ထားကြပြီး ငှားရမ်းကြတာဖြစ်လေသည်။
မှုံတို့အဖွဲ့က အန်တီမာလွင်တို့လင်မယားအပါ ၁၂ယောက်ဖြစ်ကာ
ထိုအထဲတွင် မှုံက အငယ်ဆုံးဖြစ်၏။
"ဟဲ့ ... အခန်းတွေက အကုန်ပြည့်နေပြီတဲ့။ "
"ဟင် "
"ဟယ် ... အဲ့တာဆို ကျုပ်တို့က ဘယ်မှာအိပ်ကြမလဲ "
"ဟိုက ဇရပ်ပေါ်ပဲ သွားအိပ်ရမှာပေါ့။ "
အန်တီမာလွင် လက်ညှိုးထိုးပြတဲ့ ဇရပ်ပေါ်ကို လှမ်းကြည့်မိတော့ မှုံတိူ့လို အခန်းမရတဲ့သူတွေဖြစ်မည်။
စောင်တွေခင်းကာ နေရာဦးနေကြ၏။
ယောင်္ကျားလေးတစ်ဖက်၊မိန်းကလေးတစ်ဖက်လုပ်ထားပုံရကာ
တစ်ကန့်စီဖြစ်နေကာ လူကတော့ မများသေးပေ။
ဒီလောက်လူတွေ ကြိတ်ကြိတ်တိုးစည်ကားနေတာ အခန်းမလောက်တာလည်း မထူးဆန်းပါ။
အခု ကျိုးတို့ကျဲတဲဖြစ်နေတဲ့ ဇရပ်ကလည်း ခဏနေ ပိတ်နေတဲ့ကားတွေဝင်လာရင် အပြည့်အလျှံဖြစ်သွားမှာ မြင်ယောင်ပါသေးသည်။
"ကဲ ... အဲ့တော့လည်း ဘယ်တတ်နိုင်မှာလည်းအေ
လာ ... နေရာကောင်းလေးစွားဦးရအောင်။ "
အန်တီအေးသီက စပြီး ဆော်ဩလိုက်တော့ မှုံတို့တစ်ဖွဲ့လုံး ကားပေါ်မှာ ထားခဲ့တဲ့ ကိုယ့်ပစ္စည်းထုပ်ကိုယ် သွားယူကာ ဇရပ်ပေါ်တက်၍ နေရာဦးလိုက်ကြ၏။
သိပ်မကြာလိုက်ပါ ... မှုံတွေးထားသလို ဇရပ်ပေါ်လည်း နောက်မှရောက်လာတဲ့ လူတွေတိုးလာကာ လူတွေအပြည့်အလျှံဖြစ်သွားတော့သည်။
ဒေသခံတွေတော့ လူတွေများပြီး အခန်းမလောက်တာကြောင့် နောက်ထပ်အခန်းရမ်းဖို့ တဲလေးတွေ ထပ်ဆောက်နေကြ၏။
အင်းတော်ကြီးမှာက ရှမ်းနီလူမျိုးအများစုနေထိုင်ရာဖြစ်ပြီး
ဒေသခံများကလည်း ရှမ်းနီလူမျိုးများသာဖြစ်လေသည်။
လူတွေများလာသည်နှင့်သာ ဇရပ်ပေါ်မှာလည်း ကလေးသံ၊လူကြီးသံတွေ ဆူညံသွားတော့၏။
ဒါထက် လူတွေက တစ်စတစ်စတိုးလာရာ ရထားတဲ့နေရာလေးပင်
မပျောက်အောင် ကျောက်ချထားသလို ထိုနေရာမှာသာ ထိုင်နေရသည်။
နောက်ဆုံး နေရာလုံးဝမရတော့တဲ့ သူတွေကျ ညလုံးပေါက်ပွဲခင်းကြီးရှိရာ လျှောက်လည်နေကြလေ၏။
တချို့ကျလည်း ကိုယ်စီးလာတဲ့ကားပေါ်သွားအိပ်ကြလေသည်။
ဇရပ်ပေါ်က မှုံတို့လည်း နေရာရပေမယ့် အိပ်လို့တော့မရပါ။
အကုန်ထိုင်နေကာ အခုမှတွေ့တဲ့လူတွေနှင့်မိတ်ဖွဲ့ကာ စကားလက်ဆုံပြောနရ၏။
အပိုင်း (၄၁) ဆက်ရန် ...
Author -Anna Lynn
(အင်းတော်ကြီးကိုတော့ ကိုယ်တိုင် ရောက်ဖူးတဲ့နေရာဖြစ်တာကြောင့် အဲ့တုန်းက ပုံစံလေးကိုရေးထားတာပါ။
ဒါပေမယ့် ရောက်ဖူးတာက ကြာပြီဖြစ်တာကြောင့်
အခုအသစ်ပြောင်းနေတာတွေကိုတော့ သိပ်မသိတော့ပါဘူးရှင့်။
အခုရေးထားတာတွေက ကျွန်မတို့သွားတုန်းက ရှေးမူမပျက်
ပုံစံလေးကိုရေးထားတာပါ။
ကျန်တာတွေတော့မသိပေမယ့် အခုတော့ အင်းတော်ကြီးဘုရားဖူးတဲ့လမ်းလေးက အရင် ကျွန်မတို့သွားတုန်းကလို သဲသောင်ပြင်လမ်းလေးမဟုတ်ပဲ လူလုပ်ထားတဲ့ ကွန်ကရစ်လမ်းကြီးဖြစ်သွားပါပြီတဲ့။
ကျွန်မတို့သွားတုန်းကလည်း ပွဲတော်ရက်မတိုင်ခင်ကတည်းက
သွားဖို့ဆိုပြီး ကားလက်မှတ်လိုက်ဖြတ်တာ ကားက လုံးဝမရဘူး။
အဲ့တာနဲ့ မသွားတော့ဘူးဆိုပြီး ပြင်ထားတဲ့ ခရီးဆောင်အိတ်တွေလည်းဖြည်လိုက်ပြီးတော့မှ မနက်အစောကြီးက အဒေါ်ကရောက်လာကာ ကားရပြီ အခုသွားရမှာ ပြင်တော့ဆိုပြီး လာပြောတာ
ဘာမှစီစဉ်ထားတာလည်း မရှိတော့ပဲ ရောက်သွားရတော့တာပဲ
ကျွန်မတို့ သွားတဲ့နှစ်က ခုနက အပေါ်မှာရေးထားတဲ့ ဘုရားပေါ်တွင် အမျိုးသမီးများမတက်ရဆိုတဲ့ နေရာကို ယောင်္ကျားလျာမလေးတစ်ယောက်က ဂေါပကကြီးနှင့် တခြားသူတွေစကားကို နားထောင်ပဲ
သူ့ကိုယ်သူ ယောင်္ကျားလေးလို့ပြောပြီး တက်သွားတာတဲ့
လေကြီး၊မိုးကြီးတွေကျပြီး မိုးကြိုးတွေပစ်၊သစ်ပင်တွေကျိုးကျပြီး
လမ်းမှာ တော်တော်ဒုက္ခရောက်ခဲ့တာ။
ရောက်တော့လည်း မိုးတွေက ရွာနေတာနဲ့ မိုးထဲကနေ ဘုရားပက်ဖူးခဲ့ရတာ။
ဒါပေမယ့် ဘုရားတန်ခိုးကြီးတယ် ပြောရမယ်။
အဲ့ဒီသွားတုန်းက ကျွန်မညီမလေးက ၃လအရွယ်လေးပဲရှိသေးတယ်။
အဲ့ဒါ မိုးထဲလေထဲ အမိုးမပါဘာမပါ လေတဖြူးဖြူးနဲ့ အနှံ့သွားတာကို တစ်ယောက်မှ မဖျားမနာဘူး။
ကျွန်မတို့သွားတဲ့နှစ်က ကျွန်မတို့လည်း အခန်းမရလို့ ဇရပ်ပေါ်မှာအိပ်ခဲ့ရတာ။)
အခန်းမှတ်ချက်များ (0)