နေမင်းကြီးစတင်ထွက်ပြူလာစ နေ့လည်းခင်းအချိန်တွင် နှင်းများပျောက်ကာ ပတ်ဝန်းကျင်တစ်ခုလုံး လင်းရှင်းနေ၏။
ရွာလမ်းကျဥ်းကျဥ်းတွင် ဈေးကပြန်လာသူများ၊ သုံးဘီးများ ဖြည်းဖြည်းချင်းသွားလာနေပြီး လူအများ၏ စကားသံ၊ ရယ်သံ၊ လှုပ်ရှားသံများနှင့် စည်းကားနေသည်။
မှုံတို့စီးလာသော သုံးဘီးလေး ရပ်တန့်သွားသည်နှင့် တပြိုင်နက် မှုံက ဈေးခြင်းတောင်းနှစ်ခုကို ဟန်ချက်ထိန်းကိုင်ကာ သုံးဘီးပေါ်မှ ဆင်းရန် ခြေလှမ်းပြင်လိုက်သည်။ သို့သော် မြေကြီးပေါ်သို့ ခြေမချရသေးခင်မှာပင်...
"ပေး ... ကိုယ်သယ်ပေးမယ်။ "
ရုတ်တရက် ထွက်ပေါ်လာသော အသံနှင့်အတူ မှုံ့လက်ထဲမှ ဈေးခြင်းတောင်းတွေကို လှမ်းဆွဲယူလိုက်သော လက်တစ်စုံကြောင့် မှုံ့မျက်လုံးများ အဝိုင်းသားဖြစ်သွားရသည်။အကို... သူ ဘယ်အချိန်ကတည်းက ရောက်နေတာလဲ။
"..."
မှုံ ဘာမှပြန်မပြောနိုင်ခင်မှာပင် သူမနှင့်အတူ သုံးဘီးပေါ်မှ ဆင်းလာကြသော ဈေးသည်များနှင့် လမ်းသွားလမ်းလာများ၏ အကြည့်က သူတို့နှစ်ဦးထံသို့ ကျရောက်လာေတာ့သည်။ နှုတ်မှ ဘာမှမပြောကြသော်လည်း မှုံတို့ကို စူးစမ်းသလို သို့လော သို့လောနှင့် အဓိပ္ပာယ်ပါသော မျက်လုံးများဖြင့် ကြည့်နေကြ၏။
တချိူ့ဆို ရှေ့တင်တောင် အာမနာလျှာမကျိုး နှုတ်ခမ်းထောင့်များတွင် ခပ်ရေးရေးမဲ့ပြုံးများနှင့် ပြုံးနေကြ၏။
ထိုအကြည့်စူးစူးတွေကြောင့် မှုံ့ရင်ထဲတွင် တဒိတ်ဒိတ်ခုန်လာကာရင်ဘတ်တစ်ခုလုံး တင်းကြပ်မွန်းကျပ်လာ၏။ ရှက်ရွံ့ခြင်းနှင့်အတူ စိုးရိမ်ပူပန်မှုတို့ ရောထွေးကာ ဒေါသအဖြစ်သို့ ပြောင်းလဲလာတော့သည်။ အဲ့အကိုဟာလေ ဘယ်လိုပြောပြော အမြဲတမ်း သူလုပ်ချင်တာကိုပဲ ဇွတ်လုပ်တတ်သည်။
"ရပြီ ... ကိုယ့်ဘာသာကိုယ် သယ်မယ်။"
"ပေးပါကွ ... ကိုယ်စောင့်နေတာ ကြာပြီ။"
မှုံက ခြင်းတောင်းများကို ပြန်ဆွဲရန် ကြိုးစားလိုက်ပေမယ့် ဆွတ်ရိန်နော်က သူမစကားအား ဂရုမစိုက်စွာဖြင့်ခြင်းတောင်းနှစ်ခုကို ကိုင်ကာ ရှေ့မှ ထွက်ခွာသွားတော့သည်။
ပြောပြောဆိုဆိုနှင့် အကိုက အရှေ့ကသယ်သွားတော့ မှုံအနောက်ကနေလိုက်ရတော့သည်။
ဆက်ပြီး အငြင်းပွားနေရင်လည်း အနောက်ကလူတွေရဲ့ သို့လော သို့လောအကြည့်တွေနှင့်သာ အကုန်ရိပ်မိကုန်ကြတော့မည်။
"ဈေးရောင်းကောင်းလား။ "
ဆွတ်ရိန်နော်က နောက်ပြန်မလှည့်ဘဲ ပေါ့ပါးသွက်လက်စွာ လျှောက်ရင်း မေးလိုက်၏။
"..."
မှုံကတော့ နှုတ်ခမ်းကို တင်းတင်းစေ့ရင်း ဘာမှပြန်မဖြေ။
အနောက်မှ တုံ့ပြန်သံမကြားရသဖြင့် ဆွတ်ရိန်နော်က ခြေလှမ်းကို အနည်းငယ်တန့်ကာ နောက်သို့ လှည့်ကြည့်လိုက်သည်။
"ဟိတ် ... မေးနေတယ်လေ။ "
"..."
"ဘာဖြစ်နေတာလဲကွာ ... မျက်နှာလေးကလည်း စူပုတ်လို့ကွာ။ "
နေရောင်အောက်တွင် နီရဲနေသော သူမ။မျက်နှာလေးကို ကြည့်ရင်း သူက ရယ်ကျဲကျဲလုပ်နေသည်။ အသည်းယားသလို စိုက်ကြည့်ကာ ပြောလာသော သူ့ပုံစံကြောင့် မှုံ့မှာ ပို၍ စိတ်ဆိုးသွားရသည်။ နှုတ်ခမ်းလေး စူထော်သွားကာ မျက်မှောင်လေးများကိုပါ တွန့်ချိုးလိုက်ပြီး...
"အကို ပြောင်စပ်စပ်လုပ်မနေနဲ့ ... လာမကြိုပါနဲ့လို့ပြောထားတာကို အကိုက အမြဲတမ်း မှုံ့စကားကိုဆို အလေးမထားဘူး။ "
"မဟုတ်ပါဘူးကွာ ... ကိုယ် မှုံလေးကိုစောင့်နေတာ ကြာနေလို့ လာကြိုတာပါ။ "
ဆွတ်ရိန်နော်က ခြင်းတောင်းများကို လှုပ်ရမ်းလိုက်ရင်း ချော့မော့သောအသံဖြင့် ပြန်ပြောလေသည်။
"ပြန်ရောက်ရင် ပြန်လာမှာပေါ့ ... အခု အကိုလုပ်လိုက်တာ
သူများတွေ မြင်ကုန်ကြပြီလေ ... ပတ်ဝန်းကျင်ဆိုတာ နည်းနည်းဆို များများချဲ့ချင်နေကြတာ သိရဲ့လား။ "
"အင်းပါ ... ကိုယ်တောင်းပန်ပါတယ်။
နောက်ခါ လာမကြိုတော့ပါဘူးနော် ... မှုံလေးစကားကိုပဲ
တသွေမသိမ်းလိုက်နာပါ့မယ်။ "
"ပြောတာပဲ ... အကို့ကိုပြောလိုက်ရင် အမြဲအဲ့အတိုင်းပဲ ပြီးရင်
သူလုပ်ချင်တာလုပ်တာ။ "
"ကဲပါ ... အိမ်လည်းရောက်ပြီး ဒေါသလေးကို နည်းနည်းလေးလောက်လျှော့ပါဦးနော်။ "
ဆွတ်ရိန်နော်က ကုန်စိမ်းခြင်းနှစ်ခုကို ချရင်းပြောတော့ မှုံက မျက်စောင်းထိုးကာ တန်းလျားမှာ ဝင်ထိုင်လေသည်။
"ဘာအသံတွေကြားရဦးမလဲမသိဘူး။ "
မှုံက ညည်းတွားသလို တိုးတိုးလေး ရေရွတ်လိုက်လျှင် ဆွတ်ရိန်နော်က သက်ပြင်းရှည်ကြီးချကာ ...
"ကိုယ်လည်းလေ အဲ့ပတ်ဝန်းကျင် ပတ်ဝန်းကျင်ဆိုတဲ့ ဟာတွေမရှိတဲ့နေရာမှာ ကိုယ်နဲ့မင်းနှစ်ယောက်တည်းပဲ နေချင်တော့တယ်။
မဟုတ်ရင်လည်း ဘယ်သူ့ကိုမှ ဂရုစိူက်စရာမလိုတဲ့နည်း
လက်ထပ်လိုက်ချင်ပြီကွာ။"
"အကိုနော် ..."
"သဘောပြောတာပါကွာ။
ဒါပေမယ့် တကယ်လည်း ယူချင်ပြီသိလား။ "
"အကို့ ... ဒီမှာ မှုံစိတ်တိုနေတာနော်။ "
"အင်းပါကွာ ... ဪ ဒါနဲ့ မေ့တော့မလို့ ရော့ "
ခါးကြားမှာထိုးထားတဲ့ အိတ်လေးအား မှုံ့လက်ထဲလှမ်းထိုးပေးတော့ မှုံက ဘာလဲဆိုတဲ့ အကြည့်နှင့် လှမ်းကြည့်၏။
"ဖွင့်ကြည့်လေ "
အိတ်ကလေးအား မျက်စပစ်ကာ ပြောတော့ မှုံက နှာခေါင်းရှုံ့ကာ ဖွင့်ကြည့်လေသည်။
"ဟင် ... အင်္ကျီ "
အင်္ကျီကိုမှ ကချင်ဝမ်းဆက်ကလေးဖြစ်၏။
"အင်း ...ဟိုတလောက အိမ်မှာ လာရောင်းတဲ့ထဲက မှုံလေးအတွက်ဝယ်ထားလိုက်တာ ... ပြီးတော့ စက်ဆိုင်မှာ တစ်ခါတည်းသွားအပ်ထားလိုက်တာ အခုမှရလို့ "
ဆွတ်ရိန်နော်က အားတက်သရော ချစ်ရည်ရွှမ်းနေသော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ ဆိုလိုက်ပေမယ့် မှုံကမျက်နှာတည်လေးနှင့် အင်္ကျီအိတ်အား ဆွတ်ရိန်နော်လက်ထဲ ပြန်ထည့်ပေးလိုက်သည်။
"ပြန်ယူသွား "
မှုံက မျက်နှာတည်လေးနှင့် အင်္ကျီအိတ်အား ဆွတ်ရိန်နော်လက်ထဲပြန်ထည့်ပေးတော့ ပြုံးနေတဲ့ ဆွတ်ရိန်နေည်မျက်နှာက မှုန်ကြုတ်ကြုတ်နှင့်ဖြစ်သွားတော့သည်။
"ဘာလို့လဲကွ ... ဘာဖြစ်ရပြန်ပြီလဲကွာ။ "
"မှုံ အကို့ဆီက ဘာမှမလိုချင်ဘူးလို့ပြောတယ်လေ။ "
"ဟာကွာ... အဲ့ပတ်ဝန်းကျင်ကြောင့်ပဲမလား။
အဲ့တာနဲ့ ကိုယ်က ကိုယ့်ချစ်သူကို ချစ်သက်လက်ဆောင်လေးတောင် မပေးရတော့ဘူးလား။ "
တဖြည်းဖြည်းနှင့် အကို့အသံကကျယ်လာလျှင် မှုံ့ရင်ထဲထိတ်ခနဲဖြစ်သွားကာ ခပ်တိုးတိုးနှင့် တားရပြန်သည်။
"တိုးတိုးပြောပါ "
"ရော့ ... ပြန်ယူထား မဝတ်ချင်လည်း လွှင့်ပစ်လိုက်။ "
ဆွတ်ရိန်နော်သည် အင်္ကျီအိတ်ကို သူမ လက်ထဲသို့ ဆတ်ခနဲ
ပြန်ပစ်ထည့်လိုက်သည်။
"ကျစ် ... အကို "
"ချစ်သူရည်းစားအချင်းချင်း ဒီလောက်တော့ ပေးလို့ယူလို့ရပါတယ်ကွာ ... မင်းမယူရင် ကိုယ်က လွှင့်ပစ်မှာနော်။ "
"ကျစ် ... ဘာလို့ဖြုန်းတီးချင် နေရတာလဲ ...အကို့အမေကိုပေးလိုက်ပါလား။ "
"အဲ့ဆိုဒ်က ကိုယ့်အမေဆိုဒ်နဲ့ရမလား။ "
"အဲ့တာဆိုလည်း ... အကို့အမကိုပေးလိုက်။ "
"ကျစ် ... တော်တော့ ... ကိုယ်ကမင်းအတွက်ရည်ရွယ်ထားတာလေ။ဘယ်သူတွေကိုပေးခိုင်းနေတာလဲ။
ဝတ်ချင်လည်းဝတ် မဝတ်ချင်လည်း လွှင့်ပစ်လိုက်တော့ကွာ။
စေတနာကို စော်ကားလွန်းတယ်။ "
ဆွတ်ရိန်နော်က စိတ်ပျက်ပျက်နှင့်ပြောလိုက်လျှင် မှုံကလည်း မျက်ခုံးလေးတွေ တွန့်ကျိုးသွားကာ ...
"အကို့ ... မှုံက စေတနာစော်ကားနေတာမဟုတ်ဘူးဆိုတာ အကိုလည်းသိတယ်နော်။ "
"အဲ့တာဆိုရင်လည်း ကိုယ့်စေတနာကို လက်ခံလေကွာ။
အမြဲတမ်း ပတ်ဝန်းကျင် ပတ်ဝန်းကျင်ဆိုတာချည်းပဲ ...
အဲ့ပတ်ဝန်းကျင်ကိုပဲဂရုစိုက်ပြီး ကိုယ်နဲ့ လက်ထပ်ဖို့ရော စဉ်းစားထားရဲ့လားဟမ်။ "
"အကို ... တိုးတိုးပြောလို့ ... သူများတွေကြားကုန်မယ်။ "
"ကြားပါစေကွာ ... ကြားကုန်လည်း ဘယ်သူ့မှစောက်ဂရုစိုက်စရာမလိုတော့ဘူးနော် ... ကြာတော့ စိတ်ပျက်လာပြီကွာ။ "
"ဘယ်လို ... စိတ်ပျက်ရင် မတွဲနဲ့လေ ... မှုံပြောတာတွေ အကိုလက်မခံနိုင်ရင် မှုံတို့လမ်းခွဲကြမယ်။ "
"ဘာ ... မင်း ... မင်းကွာ။ "
မှုံ့အပြောကြောင့် ဆွတ်ရိန်နော်က မချင့်မရဲနှင့် အံကိုတင်းတင်းကြိတ်လိုက်၏။
"ဟုတ်တယ်လေ ... အကို ... "
"တော်တော့ ... တိတ် မင်းဘာမှ မပြောနဲ့တော့။
ကိုယ်အခုပြောနေတာ လမ်းခွဲဖို့မှာ မဟုတ်ဘူး။
မှတ်ထား ... မင်းနဲ့ သေတောင်မပြတ်ဘူး ... မင်းက ကိုယ့်မိန်းမဖြစ်လာရမှာ။ "
"ဟင်း ...အဲ့တာဆိုလည်း မှုံပြောတာ နားထောင်လေ။ "
"အေး ... နားထောင်မယ်လို့။
ဒါတော့ ယူထားလိုက်ပါကွာ ... ကိုယ်တောင်းပန်ပါတယ်။
ကိုယ်ကတော့ မင်းကို ဝတ်ပြခိုင်းမယ်ဆိုပြီး ကြည်ကြည်နူးနူးလေးတွေးလာခဲ့တာ။"
"မှုံမှ အကို့ဆီက ဘာမှမလိုချင်တာ။ "
"အေးပါ ...မင်းမာနကြီးတာ ကိုယ်သိပါတယ်။
ဒါပေမယ့် ကိုယ့်အပေါ်မှာတော့ အဲ့မာနလေး တစ်ထစ်လောက်လျှော့ပေးပါဦးကွာ။ "
"ဟင်း ..."
အကိုက သူထင်ရာတွေပဲ စွတ်ပြောနေတာကြောင့် မှုံသက်ပြင်းရှည်ကြီး ချမိတော့သည်။
အကိုထင်နေသလို မှုံက မာနကြီးနေတာမှ မဟုတ်ပဲ
လူတွေရဲ့ အထင်အမြင်သေးတဲ့ အကြည့်တွေ အမြင်တွေကို ပြောင်းချင်ရုံလေးပါ။
အဲ့တာက မာနဆိုလျှင်လည်း မှုံ့မှာ အဲ့မာနလေးပဲ ချမ်းသာတာပဲမလား။
ဒီလိုနဲ့ မှုံတို့ရဲ့ တွေ့ဆုံချိန်လေးက အငြင်းပွားရင်း၊ရန်များရင်းပြီးဆုံးသွားတော့သည်။
______________
အပိုင်း (၃၇) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)