Bububai ဝတ္ထု ဂျိန်းဖောမြေမှ ချစ်တေးတစ်ပုဒ် အခန်းစာရင်း

အပိုင်း (၂၀)

"အဟင်းဟင်း ... အဘွား ပြန်လာမှ မေးပေးပါမယ်ကွယ်။

ဟော ... ပြောပြောဆိုဆိုနဲ့ ပြန်တောင်လာပြီ။ "

အဘွားစကားမဆုံးခင်မှာပဲ ခြံကို ကျောပေးလျက်‌ဖြစ်နေတဲ့

ဆွတ်ရိန်နော်က ကိုယ်ကို လှည့်ကာ လှမ်းကြည့်လိုက်လျှင်

အိမ်ထဲဝင်လာတဲ့ မှုံနံ့သာနှင့် အကြည့်ချင်းဆုံတော့သည်။

ဒါပေမယ့် သိပ်မကြာလိုက် သူမက ချက်ချင်းပဲ အကြည့်လွှဲသွားကာ

သူ့ကိုမြင်တာနှင့် ချက်ချင်းပျက်ကျသွားတဲ့ မျက်နှာလေးကြောင့် ခုနက ဝုန်းဒိုင်းကြဲ ခုန်လှုပ်နေတဲ့ နှလုံးသားလေးက စူးရှနာကျင်သွားရသည်။

"သမီး ပြန်လာပြီလား။ "

လေသံက တိုးဖျော့ဖျော့နှင့် မျက်လွှာကို အောက်သို့ချထားဆဲ။

"ဟုတ် "

"လာ ... သမီး

ဒီမှာ မောင်ဆွတ်ရိန်နော် ပြန်ရောက်နေတာ "

"သမီး သွားစရာရှိသေးလို့ ဂျီး ... "

"ဘယ်သွားမလို့လဲ သမီးရဲ့ "

"ဒီနား ခဏပဲ ဂျီး "

"အေး အေး "

သူ့ကို မြင်သည်နှင့် အိမ်ထဲသို့ပင် ဝင်မလာတော့ဘဲ လက်ထဲမှ ဈေးခြင်းတောင်း တွေကို အိမ်ရှေ့ကွပ်ပျစ်ပေါ်သို့ ချကာ ပြန်လှည့်ထွက်သွားသော အသေးလေး။ ကျောခိုင်းထွက်သွားသော သူမ ပုံရိပ်ကိုကြည့်ရင်း ဆွတ်ရိန်နော် မချင့်မရဲ ဖြစ်ကျန်ခဲ့ရသည်။

တမင် ရှောင်နေတာများလား။

"အဘွား ... အဘွားမြေးက ကျွန်တော်ရှိနေလို့များ ပြန်ထွက်သွားတာလားဟင်။ "

"မဟုတ်ပါဘူးကွယ် ... သားကိုလည်း မမှတ်မိတာတော့ မဟုတ်လောက်ပါဘူး။ မတွေ့တာကြာတော့ စိမ်းသွားတာနေမှာပါကွယ်။ "

"ဟုတ် ... "

သူ ခေါင်းညိတ်လိုက်မိသော်လည်း ရင်ထဲတွင်တော့ ဟာတာတာကြီး ဖြစ်ကျန်ရစ်ခဲ့သည်။

________________

နေရောင်က တဖြည်းဖြည်း ပြင်းလာသော်လည်း မှုံ့စိတ်ထဲက အပူလောက်တော့ မပြင်းနိုင်ပါ။ မှုံ ဦးတည်ချက်မရှိလျှောက်လာမိပြီးမှ ဘယ်သွားလို့ သွားရမှန်းလည်းမသိတော့။

ခြေဦးတည့်ရာသာ လျှောက်လာခဲ့ခြင်းဖြစ်သည်။

အဓိကက အကို့ကိုမြင်တာနှင့် ရင်ထဲက အကောင်ငယ်လေးက အငြိမ်မနေ၊ သတိပေးနေတဲ့ကြားက ဝုန်းဒိုင်းကြဲ ခုန်လှုပ်လာသည့် ရင်ခုန်သံတွေကို မုန်းလွန်းလို့ ရှောင်ပြေးလာမိခြင်း ဖြစ်သည်။

အခုလိုမျိုး ခဏခဏလုပ်နေရင် အကိုလည်း နောက်တော့ လာမှာမဟုတ်တော့ပါဘူး။

ငယ်ငယ်ကတည်းက ကိုယ့်အပေါ် အစ်ကိုတစ်ယောက်လို ဆက်ဆံခဲ့တဲ့သူကိုမှ ချစ်မိရလေခြင်းဆိုပြီး ကိုယ့်ကိုယ်ကိုလည်း စိတ်ပျက်မိသည်။ သူက ဂရုတစိုက် ကြင်နာပြခဲ့လို့ပဲ ကိုယ်က အထင်မှားပြီး ချစ်မိခဲ့တာများလား။ အတွေးတို့က ရှုပ်ထွေးကာ ခြေလှမ်းတို့က လေးလံနေသည်။

"ဟဲ့ ... မှုံနံ့သာ ဘယ်သွားမလို့ပဲ။ "

ရွာလမ်းမပေါ်မှ အသံတစ်ခုကြောင့် မှုံ ယောင်ယမ်းပြီး ရောက်တတ်ရာရာ လမ်းတစ်ဖက်ကို လက်ညှိုးထိုးပြလိုက်မိသည်။

"ဒီဘက် "

တဖြည်းဖြည်းနှင့် ရွာထိပ်က အန်တီအားမိုင်ဆိုင်ရောက်လာတော့တာမို့ မှုံလည်း ဆိုင်ထဲဝင်သွားကာ အိမ်အတွက် လိုမယ်ထင်တာတွေ တစ်ခါတည်းဝယ်လိုက်သည်။

ဆိုင်ထဲတွင် အချိန်တော်တော်ကြာအောင် ဟိုရွေးဒီရွေး လုပ်နေမိသည်။ 'ဒီလောက်ကြာရင်တော့ အစ်ကိုလည်း ပြန်လောက်ပါပြီ' ဟု တွေးကာ စိတ်ကို ဒုံးဒုံးချပြီး အိမ်ပြန်လမ်းသို့ ခြေဦးလှည့်ခဲ့သည်။

သို့သော်... ခြံဝင်းထဲသို့ ခြေချလိုက်သည်နှင့် မှုံ့ထင်ကြေးတို့ လွဲချော်သွားကြောင်း သိလိုက်ရသည်။ အိမ်ရှေ့ ကွပ်ပျစ်ပေါ်တွင် ထိုင်နေဆဲဖြစ်သော အစ်ကိုက သူမကို လှမ်းကြည့်ကာ ပြုံးပြနေသည်လေ။ ညနေခင်း နေဝင်ရီတရော အလင်းရောင်အောက်တွင် သူ့အပြုံးက ပိုပြီးတောက်ပနေသယောင်။ ဒီတစ်ခါတော့ ရှောင်ပြေးလို့မရတော့။ မထူးဇာတ်ခင်းကာ ခေါင်းငုံ့ပြီး ခြံထဲဝင်ခဲ့ရတော့သည်။

"သမီး ဘာတွေဝယ်လာတာလဲ။ "

"ဆားနဲ့ အချိုမှုန့်ပါ ဂျီး ... "

"ဪ ... အေးအေး လာဦးလေ သမီး။

ဒီမှာ မောင်ဆွတ်ရိန်နော် ရောက်နေတယ်... မှတ်မိတယ်မလား။ "

အဘွားရဲ့ စကားကြောင့် မှုံ့ရင်တွေ တလှပ်လှပ်တုန်သွားသည်။ သို့သော် ဟန်မပျက်အောင် ထိန်းရင်း...

"ဟို ... သမီး မမှတ်မိဘူး အဘွား။ "

မျက်နှာသေလေးနှင့် လိမ်လိုက်တော့ ဆွတ်ရိန်နော်ရဲ့ မျက်နှာ ချက်ချင်းပျက်သွား၏။

"ဟော ... ကြည့် ကျွန်တော်ပြောသားပဲ အဘွားမြေးက ..."

"သမီး တကယ်မမှတ်မိတာလား ... မောင်ဆွတ်ရိန်နော်လေ

အရင်က အဘွားတို့အိမ် ခဏခဏလာတဲ့ ကောင်လေးလေ။

ဘေးအိမ်က ‌လုဂျာတို့ ‌တူလေးလေ။ "

"သမီး တကယ် မမှတ်မိတာ ဂျီးရဲ့... သမီးက ဂျီးကို လိမ်ပါ့မလား။

သမီးထမင်းချက်တော့မယ်နော်။ "

ပြောပြောဆိုဆိုနှင့် မီးဖိုချောင်ဘက်သို့ လှည့်ပြေးဖို့ ပြင်လိုက်သည်။

"အေး အေး "

"ဟေ့ ... အသေးလေး ငါ့ဖို့ရော ပိုချက်နော်။

မင်းက စိမ်းကားသွားလည်း ငါက ထမင်းတော့စားမှာပဲ ...

ကျွန်တော် ထမင်းစားသွားလို့ ရတယ်မလား အဘွား။ "

နောက်ကျောဘက်ဆီမှ လှမ်းအော်လိုက်သော အသံကြောင့် မှုံ့ခြေလှမ်းတွေ တုံ့ခနဲရပ်သွားသည်။

"ရတာပေါ့ကွယ် ... စားသွား "

"ဟုတ် ... ဟင်းချက်လက်ရာက အရင်လိုတော့ မဆိုးတော့ဘူး

မလား။ "

သူ့စကားကြောင့် မှုံ ဒေါသထွက်သွားရသည်။ လူကိုများ အထင်သေးလိုက်တာ။

"သမီးလေးက ဟင်းချက်တအားကောင်းလာပြီကွယ့် "

"ဟုတ်လား ... တော်သေးတာပေါ့ဗျာ။

ဟိုးတစ်ခါစားတာတော့ ကောင်းလွန်းလို့ ကျွန်တော် ဆွေမျိုးပါမေ့သွားလို့ ... ဟား ဟား"

ရယ်သံလွင်လွင်နှင့်အတူ ရွှတ်နောက်နောက် လှမ်းစလိုက်သော သူ့ကို မှုံ လှည့်ကြည့်ကာ မျက်စောင်းလှလှလေး တစ်ချက် ထိုးပေးလိုက်၏။

တော်ပါသေးရဲ့ ... ဒီအကျင့်လေးတွေတော့ မပျောက်သေးလို့။

_______________

"ကိုဆွတ် လာဗျာ။ "

"အေး "

ဘုရားကျောင်းဝင်းထဲ ခြင်းဝိုင်းကိုရောက်သည်နှင့် ငချွတ်လေးတစ်ယောက်က လက်လှမ်းပြခေါ်သဖြင့် ဆွတ်ရိန်နော် ထိုဘက်သို့ လျှောက်သွားလိုက်ကာ သူလည်း လက်လှမ်းပြလိုက်၏။

မျိုးမင်းထက်က ကျောက်ရှာထွက်သွားသဖြင့် သူတစ်ယောက်တည်း အဖော်မဲ့ကာ လေလွင့်နေရသည်။

အရင်က သူတို့ခြင်းခတ်ကြတုန်းက ခြင်းဝိုင်းဘေးမှာ ရေသန့်ဘူး၊အချိုရည်ဘူးတွေသာ ရှိပေမယ့် အခုတော့ ဒီကောင်တွေက အရက်ဗူး၊ဆေးလိပ်ဗူးတွေနဲ့ အပီဟဲနေကြ၏။

ဒီကောင်တွေက ခြင်းဝိုင်းဗန်းပြကာ အရက်ဝိုင်းလာထောင်နေကြတာပင်။

ထိုအထဲမှ မျက်လုံးတွေ ရီဝေကာ တော်တော်ကွဲနေပြီဖြစ်တဲ့ စိုင်းမင်းနောင်ကိုမြင်လျှင်

သူဘေးမှာ ဝင်ထိုင်လိုက်၏။

"ဟျောင့် ... ချလာချည်လာကွ "

"သွားမလုပ်နဲ့ ကိုဆွတ် ... အဲ့ကောင် အသည်းကွဲနေတာ။ "

"အသည်းကွဲတာလည်း သူ့ဘက်က တစ်ဖက်သတ်ကြီး ကွဲနေတာဗျာ။ "

"ဟ ... ဘာဖြစ်တာလဲကွ။

ဘာလဲ စော်နဲ့ပြတ်သွားလို့လား။"

"စော်နဲ့က ပြတ်ဖို့မပြောနဲ့ ဟိုက ပြန်ကိုမကြိုက်တာ။

ဟိုက ခဏခဏငြင်းလွှတ်လည်း စောက်မှတ်မရှိ ရည်းစားစကားသွားသွားပြောတာလေ။ အခုလည်း အငြင်းခံခဲ့ရပြန်ပြီ။

အဲ့တာကြောင့် ဒီကောင်ကြီးက တစ်ဖက်သတ်ကြေကွဲနေတာလေ။ "

"ဟားဟား ... အေးပါကွာ။

ဒီကောင်က ဘယ်သူ့ကို သွားကြိုက်တာမို့လို့လဲ။

ဒီရွာကပဲလား။ "

"ဟုတ်တယ် ... ကိုဆွတ်သိသလားတော့ မသိဘူး။

မှုံနံ့သာတဲ့။ "

ထိုအမည်ကို ကြားလိုက်ရသည့်ခဏ ဆွတ်ရိန်နော် ခန္ဓာကိုယ်တစ်ခုလုံး ခဲသွားကာ သွေးတွေ ဆူပွက်လာတော့သည်။

"ဘာကွ ..."

အသံက မာထန်သွားသဖြင့် ဘေးနားက ကောင်လေးတွေပင် လန့်သွားကြ၏။

"ဟာ ... လန့်တာဗျာ။

ဘာဖြစ်တာလဲဗျ "

"မင်းတို့ ခုနက ဘယ်သူလို့ ပြောလိုက်တာလဲ။ "

"မှုံနံ့သာလေ ... ကိုဆွတ် သိလား။ "

"တောက် ... ငါပြန်တော့မယ်။ "

တောက်ခေါက်သံ ပြင်းပြင်းနှင့်အတူ ဆွတ်ရိန်နော် ထိုင်ရာမှ ဝုန်းခနဲ ထရပ်လိုက်သည်။ ခြေလှမ်းကျဲကြီးများဖြင့် ဆောင့်အောင့်ကာ ထွက်သွားသော သူ့ကျောပြင်ကိုကြည့်ပြီး မူးနေတဲ့ စိုင်းမင်းနောင်နှင့် ကျန်တဲ့လူတွေ ကြောင်အ ကြည့်ကျန်ခဲ့ကြသည်။

"ဘာဖြစ်သွားတာလဲကွ "

"မသိဘူးလေ။ "

________________

ဘုရားကျောင်းဝင်းထဲမှ ထွက်လာသော ဆွတ်ရိန်နော်တစ်ယောက် ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး တုန်နေမိသည်။ ညနေခင်း လေအေးက မျက်နှာကို လာရောက်ထိတွေ့သော်လည်း ရင်ထဲက အပူမီးကိုတော့ မငြှိမ်းသတ်နိုင်။

'ငါ့ အသေးလေးကို မကြိုက်နဲ့' ဆိုပြီး ဟိုကောင့်မျက်နှာကို ဆွဲထိုးပစ်လိုက်ချင်စိတ်တို့ တဖွားဖွားပေါ်လာပေမယ့် လက်ရှိအခြေအနေမှာ ဘာမှမဆိုင်သေးတဲ့ သူစိမ်းတစ်ယောက် အနေအထားမို့ စိတ်ကို အတင်းလျှော့ချလိုက်ရသည်။

သူလက်နှေးနေလို့တော့ မဖြစ်‌တော့ဘူးဆိုတဲ့ အတွေးတို့လည်း ကြီးစိုးလာ၏။

ဒါပေမယ့် ခက်တာက အသေးလေးက သူ့ကို စိမ်းစိမ်းကားကားကြီး ဆက်ဆံနေတာပင်။

သူလည်း ဟိုကောင်စိုင်းမင်းနောင်လိုဖွင့်ပြောလိုက်လျှင် သေချာပေါက် အငြင်းခံရလိမ့်မည်။

လမ်းလျှောက်ရင်း ဆံပင်တွေကို သူ ထိုးဖွလိုက်မိသည်။

ကိုယ်ရင်တွေပူလို့ သေတော့မယ် အသေးလေးရာ။

ကိုယ်မင်းကို အရမ်းချစ်တယ်...'

နှုတ်ဖျားမှ ထွက်မလာရဲသော စကားလုံးများကို စိတ်ထဲတွင်သာ အကြိမ်ကြိမ် ရေရွတ်ရင်း အိမ်ပြန်လမ်းသည် လေးလံလျက် ရှိတော့သည်။

_______________

"အသေးလေး ရော့ "

ဆွတ်ရိန်နော်က ဝက်သားထုပ်အား လှမ်းပေးလိုက်လျှင် မှုံက ဘာလဲဆိုတဲ့ ပုံစံနှင့် မျက်လုံးလေးလှန်ကြည့်၏။

သူ့မှာ အဲ့အကြည့်လေးနှင့်တင် ရူးရပြန်ပါပြီ။

ဝိုင်းစက်ကာ လဲ့နေတဲ့ မျက်လုံးလှလှလး၊ ကော့နေကာ တဖြတ်ဖြတ်ခတ်နေတဲ့ မျက်တောင်လေး။

ဒီမျက်လုံးလှလှလေးတွေနှင့် မျက်စောင်းလှလှကလေးတွေလည်း ဖန်တီးတတ်သေး၏။

သူမကို ငေးကြည့်နေမိသည်မှာ ကြာသွားသည်ထင်။ သူမက ဘာမှပြန်မပြောဘဲ မျက်နှာလွှဲကာ ထွက်သွားရန် ပြင်လိုက်သဖြင့် ဆွတ်ရိန်နော် အလန့်တကြား သူမ၏ လက်မောင်းနုနုလေးကို လှမ်းဆွဲလိုက်ရသည်။

"ဟာ ဟေ့ ... နေဦးလေ။

ရော့ ... ဒီမှာ ဝက်သားထုပ်ယူသွားဦးလေ။ "

"ဟင့် အင်း ... မယူချင်ဘူး။"

"မင်းကိုလည်း ဘယ်သူမှ အလကားမပေးပါဘူးကွ။

ငါ့ကို ချက်ပေး ... ဒီနေ့လည်း ငါဒီမှာ ထမင်းစားမှာ။

အဘွားကိုလည်း ပြောပြီးသွားပြီ "

"ကျစ် ... ကိုယ့်အိမ်မှာကိုယ် သွားစားပါလား။ "

မျက်ခုံးလေးနှစ်ဖက်ကို ထိလုမတတ် ရှုံ့မဲ့ကာ မကျေမနပ် ပြောလာသည့် ပုံစံလေးက အသည်းယားစရာ ကောင်းလွန်းနေတာ‌ေကြာင့် သူ တစ်ချက်ပြုံးလိုက်ပြီး...

"အိမ်က အမေ့လက်ရာက စားမကောင်းလို့ပေါ့ကွ။

လုပ်စမ်းပါကွာ ... မင်းလက်ရာ လျှာလည်သွားလို့ပါ။

ဘာလဲ ဈေးကိုင်တာလား ... ထမင်းလေးတောင် မသထာတာလား။ "

"ဟုတ်တယ် "

"ဟာ ... ဒဲ့ကြီးနော်။

မသထာလည်း စားမှာပဲကွာ။

အဘွားက ကျွေးတယ်။

ရော့ ... ကောင်းကောင်းလေးချက်နော် "

ပြောပြောဆိုဆိုနှင့် ဝက်သားထုပ်ကို သူမလက်ထဲသို့ အတင်းထိုးထည့်ပေးလိုက်ပြီး သူမပြန်မပြောနိုင်ခင် ချက်ချင်းလှည့်ထွက်လာခဲ့လိုက်သည်။

ကျောခိုင်းထွက်ခွာလာရင်းမှ နောက်ကို လှမ်းခိုးကြည့်လိုက်တော့ ဆူပွပွလေးနှင့် ကျန်ရစ်ခဲ့သည့် သူမ မျက်နှာလေးကို မြင်လိုက်ရ၏။ လုပ်နေတဲ့ရုပ်ကလေးက ဘယ်လိုဟာလေးမှန်းမသိ။

အပိုင်း (၂၁) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၁၉) နောက်အခန်း - အပိုင်း (၂၁) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ